ဝေဒနာအဟောင်းလေး
လွမ်းမိတယ်မိန်းကလေးရယ်
“အနောက်တောင်မုတ်သုန်လေသည် ရခိုင်ရိုးမ၊ ဧရာဝတီတိုင်း၊ တို့ကိုဖြတ်သန်းလျက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်အားကောင်းပါမည် ရှင်…”
ကောင်မလေးရေ….
အနောက်ဘက်မှာ မိုးတွေညိုမှဖြင့် တစ်ချိန်ကချစ်ခဲ့ရတဲ့ မင်းကို လွမ်းတယ်။ အထီးကျန်ခဲ့ရတဲ့ ကတ္တရာ နက်နက် တွေနဲ့ အဓိပတိလမ်းမကြီးကို လွမ်းတယ်။
အပြေးအလွှား ခိုဝင်ခဲ့ဖူးတဲ့ မိုးရေစိုရွှဲနေတဲ့ ကံ့ကော်ပင်တွေကို လွမ်းတယ်။
ကုက္ကိုပင်တန်းတစ်ဖက်တစ်ချက်နဲ့ ထိုင်ဆွေး ခဲ့ဖူးတဲ့ ချစ်သူလမ်းကြားကလေးကိုလွမ်းတယ်။
ပထမဦးဆုံးနဲ့နောက်ဆုံးအကြိမ် မပေးဖြစ်ခဲ့တဲ့ ရည်းစားစာလေးကိုလွမ်းတယ်။
ခန္ဓာကိုယ်သွယ်လျလျ၊ နှုတ်ခမ်းပါးလေးတွေနဲ့ ပါးချိုင့်ကလေးပေါ်အောင်ပြုံးတတ်တဲ့ ကောင်မလေးတွေ ကိုမြင်ရင် မင်းကိုလွမ်းတယ်။
ငွေရောင်လှိုင်းကြက်ခွပ်၊ အင်းယားကန်ဘောင် တစ် လျှောက် “ဝါး”ကနဲအော်ရယ်လိုက်တဲ့ အသံကိုကြားရင် မင်းကိုလွမ်းတယ်။
အညှိုးကြီးတဲ့ မိုးသည်းသည်းတွေနဲ့ အလွမ်းဇာတ်ကား ကိုမှ ပိုကြိုက်မိခဲ့တဲ့ကိုယ့်လိုလူ“အူကြောင်ကြောင်လူကြီး” တဲ့။ ဂျပ်ဆင် နဲ့ သစ်ပုတ်ပင် ခြေရင်း နင်းခြေပစ်ခံခဲ့ရတဲ့ နှလုံးသားေ တွထဲမှာကိုယ်လဲပါတယ်လေ။ ၁၉၂ဝ မှ စခဲ့တဲ့ အညတရအလွမ်းဇာတ်လမ်းတွေ ဘယ်အချိန်မှာ အဆုံးသတ်နိုင်ပါ့မလဲ။
အခုတော့လည်း . . . ကံကော်ပင်တန်းအောက် ခုံတန်းပြာ တွေ ုမရှိတော့၊ လန်းဆန်းရွှင်ပြတဲ့ ဖူးပွင့်သစ်တို့ စာသင်ခန်းမှာ မရှိတော့၊ RC2, RC3, ဘူးသီးကြော်ဆိုင်တန်းနေရာများ သံတိုင်တွေ ကာရံထားခဲ့ကြပြီ။ မင်းကြိုက်တဲ့ဝက်သားတုတ်ထိုး၊ လှည်းတန်းဈေးဘက် ယွန်းယွန်းမှာတော့ ရှိကောင်းရဲ့။ မင်းသိပ်ရိုက်တဲ့ ဓါတ်ပုံဆရာ၊ သူလည်းလေလောကီသား ကံ့ကော်တောကို စွန့်သွားခဲ့ပြီ။ တစ်ချိန်က Eco နဲ့ Main အသည်းချင်းထပ်၊ အပြုံးချင်းဖလှယ်ခဲ့တဲ့နေရာများ အခုတော့ အရောက်သွားလို့ မလွယ်တော့ဘူးကွယ်။ ဖိုးချိုရဲ့သီချင်းထဲကမာလာဆောင် အဆောင်သူတွေ နေဖို့ မဟုတ်တော့ဘူး။ သီရိ၊ မာလာ၊ အင်းယား ဟာဂစ်တာ တစ်လက်နဲ့ သီချင်းသည်တွေအတွက်မဟုတ်တော့ဘူး။
အမိတက္ကသိုလ်အတွက်၂ဝ ရာစုရဲ့ အပြောင်မြောက် ဆုံးတီထွင်မှုတွေထဲမှာ “အင်းဝ၊ စိုးမြင့်ကြော်၊ လက်ဖက် ထမင်းနဲ့ ရှန်ပိန်လို့ခေါ်တဲ့ အအေးတစ်မျိုး” လည်းပါတယ်။ “micro, mirror, ခုံပေါ်ကပ်ကြည့်လို့ရတဲ့ စာခိုးချနည်း တစ်ခု” လည်းပါတယ်။ တိုးတိုးတိတ်တိတ် ” tuition ”, နာမည်ခံ ”assignment” , “Ph.D research” တွေ တောင်ပါရဲ့။
မရယ်ပါနဲ့ကောင်မလေးရေ။ ဘဝဆိုတာဒီလိုပါပဲ။ အဆင်သင့်သလိုရုန်းကန်လှုပ်ရှား၊ နိုင်ရာစားနေကြ တဲ့လောကကြီးမှာ တစ်ချိန်တုန်းက ပျော်ရွှင်ကြည်နူး၊ ရှင်းသန့်စွာ နေခဲ့ဖူးတဲ့အမိတက္ကသိုလ်ကို လွမ်းတယ်။
ကမ္ဘာကြီးဟာ လုံးဝန်းသတဲ့။ အရှေ့ကိုလျှောက်ရင်ဖြင့် အနောက်ကို ရောက်ရမည်တဲ့……. ။ အမုန်းဆိုတဲ့နောက်ကွယ်မှာ အချစ်ဆိုတာရှိလိမ့်မည်တဲ့။ အဆိုးတွေရဲ့အဆုံးမှာ အကောင်းကို ရောက်ရမည် တဲ့……….။ ….. တဲ့…………..တဲ့.
ဒီလိုနဲ့နာဂါတ် မိုးတိမ်တွေ မုန်သုန်နဲ့အတူမျောလွင့်ပါ၊ ငါလွမ်းနေတာ မင်းတစ်ယောက်တည်းကိုပါ ….ကောင်မလေး ရေ…
နည်ရဲဇော်
(အသစ်မရေးနိုင်သေးလို့အဟောင်းလေးပဲတင်မိပါတယ်။)
4 comments
manawphyulay
June 7, 2011 at 4:57 am
တကယ် တက်ခဲ့ဖူးတာလား။ တကယ်တက်ခဲ့ဖူးတဲ့သူဆိုရင် ကောင်မလေးထက် ဒီနေရာကို ပိုလွမ်းမိမှာပါ… မနေ့တစ်နေ့ကမှ ထပ်မံတက်ခဲ့မိတဲ့ စစ်ကိုင်းလမ်းက ULB ဆောင်လေးကို ပိုလွမ်းမိတယ်။
hmee
June 7, 2011 at 7:24 am
သောင်းကျန်းခဲ့ဖူးတဲ့ သိပ္ပံကင်တင်းကိုလည်း လွမ်းတယ်။
ဆူး
June 7, 2011 at 2:09 pm
တက္ကသိုလ်ကြီးထဲ မတက်ရလို့ သီးသန့် သင်တန်း သွားတက်တာ.. တိတ်ဆိတ်နေတာပဲ..
ကန်တင်းတွေကလည်း ရှိတဲ့ လူနည်းစုကိုပဲ ရောင်းနေရတာ သနားပါတယ်။ အခုလည်း အဲလိုပဲနေမှာပါပဲ။
phyoshein
June 7, 2011 at 5:32 pm
ဒါလည်း.. ဘယ်လိုပြောကြမလဲ..
တစ်ခါတုန်းက တက္ကသိုလ် လို့ပဲပြောတော့မယ်…
ပြီးတော့… လွမ်းမောမိသော တက္ကသိုလ်နွေညများ… လို့ပဲပြောမလား
ကျွန်တော်ကတော့ ကျွန်တော်မတက်ခဲ့ရပေမယ့်…
ကျွန်တော်တို့ရဲ့ ကမ္ဘာကျော်.. ရန်ကုန်တက္ကသိုလ်ကြီးကိုလွမ်းတယ်..
ဖြစ်စေချင်တာပေါ့လေ.. ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်ခမ်းနားစေချင်တယ်..
တက္ကသိုလ်တွေ အများကြီးရှိနေပေမယ့်… အခြားတိုင်းပြည်များက..
ဟားဗတ်တို့… ကင်းဗရစ်ချ်တို့.. အောက်စ်ဖို့ဒ်တို့ လိုပေါ့…
ခက်ခဲသော ဝင်ခွင့်များနဲ့… ထက်မြက်သော ပြည်ချစ်သားကောင်းများကို ပြန်လည်မွေးဖွားစေချင်ပါတယ်..
အဲဒီ နေရာမှာ မဟုတ်ရင်တောင်.. အဲဒီလို တက္ကသိုလ်ကြီးမျိုးပေါ့… ကျွန်တော်တက်ခွင့်မရတော့ပေမယ့်.
အရမ်းလိုချင်တယ်.. ရှိနေစေချင်တယ်…
ဘာပဲဖြစ်ဖြစ်… ကျွန်တော်ကတော့ အတိတ်ကို လွမ်းတာထက်…. အနာဂတ်ကို ကြိုလွမ်းမိပါတယ်..
စပါးရွှေဝါ ဝင်းပါစေ.. ပန်းတွေသင်းပါစေ..
ငှက်ကလေးတွေမိုးတိမ်ကြား ပြန်နိုင်ကြစေသား..
နေရောင်ခြည်လည်းဖွေးပါစေ.. လေပြည်အေးပါစေ..
ချစ်မိတ်ဆွေ ပေါင်းဖော်များ ကျန်းမာကြစေသား..