Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆူးထွင်းအပ်

kaiJune 7, 20114min62513

ဆူးထွင်းအပ်

တခါတရံမှာ လူတဦးတယောက်ကို အခြားလူတယောက်က တမင်တကာပဲဖြစ်ဖြစ်၊ အမှုမဲ့ အမှတ်မဲ့ပဲ ဖြစ်ဖြစ်၊ စေတနာနဲ့ပဲ ဖြစ်ဖြစ် ပြုမူဆက်ဆံပြောဆိုမှုလေးတွေဟာ တဘက်သားရဲ့ ရင်ထဲမှာ ဆူးစူးသလို ဒဏ်ရာအနာတရလေးတွေ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် လူကြီးမိဘ၊ ဆရာသမားတွေရဲ့ ပဲ့ပြင်ဆုံးမမှုတွေကို ကလေးငယ်တွေက မတရားဘူးလို့ လက်ခံ သွားမိတဲ့အခါ ဒီကလေးငယ်တွေရဲ့ နုနယ်တဲ့ နှလုံးသားတွေမှာ ဆူးလေးတွေ စိုက်ဝင်သွားတတ်ကြပါတယ်။ ပဲ့ပြင်ဆုံးမမှုဆိုတာမှာ စေတနာနှင့် အကျိုးကို မျှော်ပြီး ဆုံးမကြတာ များပေမယ့် တခါတရံမှာ ဒေါသအလျောက် လက်လွန်ခြေလွန် ဖြစ်သွားတတ်တာတွေ ရှိပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ဟာ ထိခိုက်နာကျင် ခံစားရပြီဆိုရင် မတရားမှု (injustice) ရဲ့ အရိပ်အငွေ့လေးတွေက သူ့အာရုံကို လွှမ်းမိုးလာတတ်ပါတယ်။ အဲဒါကို injustice gap လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။ အဲဒီ injustice gap က ကြီးထွားရင် ခွင့်လွှတ်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒီထက်ပိုဆိုးတာက negative emotions တွေ ထွက်ပေါ်လာတတ်ပါတယ်။ ခံပြင်းစိတ်၊ လက်စားချေလိုစိတ်၊ အရွဲ့ တိုက်လိုစိတ် စတာတွေ ဖြစ်လာတတ်ပါတယ်။ အနည်းဆုံးတော့ တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ စိုက်ဝင်နေတဲ့ ဆူးလေးကြောင့် တနုံ့နုံ့ ခံစားရတတ်ပါတယ်။

 

ပဲ့ပြင်ဆုံးမမှုမှာ ဆုံးမသူရဲ့ စေတနာကို နားလည်ခဲ့ရင် injustice gap သေးငယ်ပေမယ့်၊ စေတနာကို နားမလည်ခဲ့ရင် (သို့မဟုတ်) ဆုံးမသူ ကိုယ်တိုင်က ဒေါသအလျောက် လုပ်ခဲ့တာဆိုရင် injustice gap က ကြီးထွားတတ်ပါတယ်။ ဒါတွေဟာ အသေးအဖွဲလေးတွေလို ထင်ရတတ်ပေမယ့် လူတယောက်ရဲ့ အနာဂတ် မိသားစုဘဝ ပုံဖော်မှု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး စတာတွေပေါ်မှာ သက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။

 

ဒါကြောင့် မိဘ၊ ဆရာ၊ လူကြီးသူမတွေနဲ့ ပတ်သက်ပြီး ဆူးလေးတွေ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့အခါ ဆူးထွင်းအပ်လေးတွေနဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ injustice gap နည်းတဲ့ ဆူးလေးတွေကို ခွင့်လွှတ်ခြင်း (forgiveness) နဲ့ ဖယ်ရှားပစ်ပြီး၊ injustice gap များတဲ့ ဆူးလေးတွေကိုတော့ သက်ဆိုင်သူတွေနဲ့ ပြန်လှန်ဆွေးနွေးမှုကနေ တဆင့် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ သူ့နေရာမှ ဝင်ရောက်နေရာယူကြည့်ပြီး နားလည်ပေးရန် ကြိုးစားခြင်း (attempt to understand) နဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်သူတွေ မရှိတော့တဲ့ အချိန်မှာ ဆိုရင်တော့ ခွင့်လွှတ်ခြင်းနဲ့ မေ့ပျောက်ရန် ကြိုးစားခြင်း စတဲ့ ဆူးထွင်းအပ်လေးကို အသုံးပြုဖို့ လိုအပ်ပါတယ်။

 

ကျွန်မဘဝမှာလဲ ဆူးလေးတွေ အများအပြား စိုက်ဝင်ခဲ့ဖူးပါတယ်။ တချို့ဆူးလေးတွေကျတော့ injustice gap က နည်းပါတယ်။ စေတနာကို နားလည်ခံစားမိတာကြောင့် ခန္ဓာကိုယ်ကို ထိခိုက်နာကျင်မှု ဖြစ်စေတဲ့ ရိုက်နှက်ဆုံးမမှုတွေကိုတောင် ကျေးဇူးတရားလို့ပဲ ပြန်လှန် နားလည်ရင်း ခွင့်လွှတ်ခြင်းဆိုတဲ့ ဆူးထွင်းအပ်နဲ့ အလွယ်တကူ ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ကိုးနှစ်အရွယ်မှာ ဆူးခဲ့ဖူးတဲ့ ဆူးလေးတချောင်းကိုတော့ ကိုယ်တိုင် အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမသူ နေရာကို ရောက်နေတဲ့ အသက်နှစ်ဆယ့်တနှစ် အရွယ်အထိ မဖယ်ရှားပစ်နိုင်ခဲ့ပါဘူး။

 

အဖြစ်က ဒီလိုပါ။

ကျွန်မ လေးတန်းရောက်တဲ့နှစ်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပါတယ်။ ကျောင်းတွေ ပိတ်ထားတာကြောင့် ကျွန်မ အမေက ဆရာမတယောက်ဆီမှာ ကျူရှင် အပ်ထားပါတယ်။ ဆရာမကလဲ ကျောင်းက ဆရာမပါပဲ။ ဒါပေမယ့် ကျွန်မက ဆရာမရဲ့ အခန်းက မဟုတ်ပါဘူး။ ဒါပေမယ့် ကျောင်းပိတ်ချိန်မှာ စာလုပ်ဖြစ်အောင် ဆိုပြီး မေမေက ဆရာမဆီ ကျူရှင်ထားခဲ့တာပါ။ အဲဒီအချိန်ကာလမှာ ကျောင်းတွေ ပိတ်ထားတာဆိုတော့ အဖိုးရဲ့ စာဖတ်ခန်းကြီးကို ကျွန်မက အပိုင်စီးထားချိန်ပါ။ အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသာနာရေး၊ ဆရာသိန်းဖေမြင့်ရဲ့ အရှေ့ဘက်က နေဝန်းထွက်သည့်ပမာ၊ ဂျာနယ်ကျော် မမလေးရဲ့ သူမ၊ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး၊ ဦးကုလားရဲ့ မြန်မာရာဇဝင်ကြီး၊ ဆရာမောင်ထင်ရဲ့ ငဘ စတဲ့ စာအုပ်တွေနဲ့ အမေ့ကိုယ်ပိုင်ဆေးခန်း အနီးက သပိတ်စခန်းက ဖြန့်ဝေတဲ့ စာစောင်တွေကို ဖတ်ရင်း စာပေစည်းစိမ်ကို ခံစားနေတဲ့ အချိန်ပါ။

 

မတောက်တခေါက် လူမမယ်လေးပေမယ့် ဆရာမ သင်ပေးနေတဲ့ လေးတန်း သမိုင်းသင်ရိုးထဲက စာတွေကတော့ အလွန်ကို ပျင်းစရာကောင်းသလို ဖြစ်နေခဲ့ပါတယ်။ သုံးတန်းမှာ သီပေါမင်း ပါတော်မူတဲ့ အကြောင်းအထိ သင်ခဲ့ပြီးလေတော့ လေးတန်းသမိုင်းမှာ ကိုလိုနီ နယ်ချဲ့ ခေတ်အကြောင်းတွေ ပါလာပါတော့တယ်။ သင်ရိုးထဲမှာ ဘယ်လိုရေးထားသလဲဆိုတာတော့ ကျွန်မ မမှတ်မိတော့ပါ။ ဒါပေမယ့် ဆရာမက နယ်ချဲ့ ကိုလိုနီဆိုပြီး မှတ်စုပေးပါတယ်။ ကျွန်မကလဲ ကိုလိုနီ နယ်ချဲ့ ဖြစ်သင့်တယ်လို့ ပြောရင်း ဆရာမနဲ့ ငြင်းသလို ဖြစ်သွားခဲ့ပါတယ်။ ဘယ်က ဘယ်လို ခေါင်းထဲ ရောက်နေခဲ့မှန်း မသိတဲ့ နီရိုကိုလိုနီဝါဒ၊ စီးပွားရေးကိုလိုနီဝါဒတွေကို အကြောင်းပြပြီး နယ်ချဲ့တယ်ဆိုတာက ကိုလိုနီကျွန်ပြုခြင်းရဲ့ အမျိုးအစားတခုပဲ ဖြစ်လို့ နယ်ချဲ့ကို နောက်က ထည့်သင့်တယ်ဆိုပြီး ကပ်သီးကပ်သတ်နဲ့ကို ငြင်းခဲ့တာပါ။

 

ဒီအဖြစ်အပျက်ကိုတော့ ကျွန်မ လုံးဝ မမေ့နိုင်တော့ပါ။ ဘာကြောင့်လဲဆိုတော့ နောက်နေ့မှာ ကျွန်မ အကြီးအကျယ် အရိုက်ခံရလို့ပါပဲ။ ပထမတရက်မှာ ကျွန်မနဲ့ ဆရာမ ငြင်းကြတုန်းက ကျူရှင်ဆင်းချိန် ဖြစ်သွားလို့ ဘာမှ ဆက်မပြောဖြစ်တော့ပါ။ ဒုတိယနေ့ရောက်တော့ ပြဿနာက စပါပြီ။ ဆရာမက တနေ့စာတနေ့ ကျက်ခိုင်းပြီး အလွတ်ပြန်ရေးခိုင်းတတ်ပါတယ်။ တခါတလေကျတော့လဲ တယောက်က စာစဆိုပြီး၊ ဆရာမ ရပ်ခိုင်းတဲ့ နေရာမှာ ရပ်လိုက်ရပါတယ်။ နောက်တယောက်က ရှေ့မှာ ရပ်ထားတဲ့ နေရာကနေ ၏သည်မရွေး ဆက်ဆိုရပါတယ်။ စာကို သေချာ မကျက်လာသူတွေအတွက်ကတော့ ဆရာမရဲ့ ကြက်မွေး ကြိမ်လုံးနဲ့ တွေ့ကြတော့တာပါပဲ။

 

အဲဒီနေ့ကတော့ ဆရာမက အလွတ်ရေးခိုင်းပါတယ်။ ပြီးတော့ သချင်္ာတွက်ခိုင်းထားရင်းနဲ့ စာစစ်ပါတယ်။ စာစစ်နေရင်းနဲ့ ဆရာမက ကျွန်မကို အတန်းရှေ့ခေါ်ထုတ်ပါတော့တယ်။ ကိုလိုနီ နယ်ချဲ့လို့ ရေးထားတဲ့ ပြဿနာပါပဲ။ မင်နီတွေနဲ့ ဝိုင်းလိုက်တော့ အမှားက အများကြီးလို ဖြစ်သွားပါတယ်။ တချို့အမှားတွေကျတော့လဲ ၏နဲ့သည် လွဲတဲ့ အမှားတွေပါ။ မြန်မာပြည်က ဆရာမတွေဟာ ဘာကြောင့် ၏ နဲ့သည် လွဲတာကို အပြစ်ရှာတတ်ကြသလဲ ဆိုတာ ကျွန်မ သေချာမသိပါ။ ဒါပေမယ့် ၏ နဲ့သည် ပြဿနာကြောင့် ကျွန်မ လက်ဝါးပေါ်မှာ ကျခဲ့တဲ့ ကြိမ်ချက်တွေကတော့ တော်တော်များခဲ့ပါတယ်။

 

ဆရာမက အတန်းရှေ့ခေါ်ထုတ်တော့ ကျွန်မ အေးအေးဆေးဆေးပဲ ထွက်သွားလိုက်ပါတယ်။ မင်နီတွေ အများကြီးတွေ့ပေမယ့် ကျွန်မစိတ်ထဲမှာ လုံးဝ ကြောက်လန့်စိတ် မရှိခဲ့ပါဘူး။ ဆရာမက အမှားတွေကို ရေတွက်ပြီး ကျွန်မ လက်ကို သားရေကွင်း စွတ်ပါတယ်။ ပြီးတော့မှ သားရေကွင်းကို အမှားအရေအတွက်အလိုက် ဆွဲဆန့်လိုက် ပြန်လွှတ်လိုက် လုပ်တာပါ။ တော်တော်ကြံကြံဖန်ဖန်နိုင်တဲ့ အပြစ်ပေးနည်းပါ။ အရမ်း ကြီးနာတာ မဟုတ်ပေမယ့် ခပ်စပ်စပ်လေးတော့ ထိပါတယ်။ အပြစ်ရှိလားလို့ မေးပြီး ပြစ်ဒဏ်ပေးတာ မဟုတ်တဲ့အတွက် ကျွန်မကလဲ အေးအေးဆေးဆေးပဲ အပြစ်ခံလိုက်ပါတယ်။ စိတ်ထဲမှာတော့ ကိုယ့်အပြစ် မဟုတ်ဘူးလို့ တွေးထားလိုက်ပါတယ်။

 

ဒါပေမယ့် ဆရာမက ဒီလောက်နဲ့ မရပ်ပါဘူး။ နောက်ကို မမှားစေနဲ့လို့ ပြောပြီး သချင်္ာတွက်ပြီးရင် နယ်ချဲ့ကိုလိုနီ ဆိုတဲ့ စာလုံးကို အခေါက် ငါးဆယ် ရေးပြီးမှ စာအုပ်ထပ်ရမယ်လို့ ဆိုပါတယ်။ အဲဒီမှာတင် ကျွန်မရဲ့ မဟုတ်မခံ၊ စနေ ဇာတိက ပြလာပါတော့တယ်။ သချင်္ာတွက်ခိုင်းထားပြီး ဆရာမက စာဆက်စစ်နေပါတယ်။ ကျွန်မကလဲ သချင်္ာမတွက်ပဲ ငုတ်တုပ် ထိုင်နေလိုက်ပါတယ်။ တတိယခုံတန်းမှာ ထိုင်နေတာမို့ ဆရာမကပဲ မတွေ့တာလား၊ တွေ့ရက်နဲ့ မသိချင်ယောင် ဆောင်နေလိုက်တာလား ဆိုတာကိုတော့ ကျွန်မ မသိပါ။ စာအုပ်တွေ လာထပ်လို့ ဆိုလိုက်ချိန်မှာ ကျွန်မ ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတာတော့ အမှန်ပါပဲ။

 

စာအုပ်လာမထပ်ပဲ ခေါင်းငုံ့ထိုင်နေတာကြောင့် ဆရာမက ကျွန်မ နာမည်ကို ခေါ်ပါတယ်။ ကျွန်မလဲ တွက်လက်စ အပိုင်းကိန်း ပုစာ္ဆလေးတွေကို ကြည့်ရင်း ဆက်ထိုင်နေလိုက်ပါတယ်။ နောက်တော့ ဆရာမက မပြီးသေးဘူးလား၊ ဘယ်နားရောက်ပြီလဲ ဆိုပြီး ကျွန်မ အနီးကို ရောက်လာပါတယ်။ စာအုပ်ကို မြင်တဲ့ အချိန်မှာတော့ သချင်္ာတွက်ရင် အရမ်းမြန်တဲ့ ကျွန်မအကြောင်းကို သိနေတဲ့ ဆရာမတယောက်အနေနဲ့ ကျွန်မ ဘာလုပ်နေတယ်ဆိုတာ ရိပ်မိသွားလောက်ပါပြီ။ လာစမ်း၊ ရှေ့ထွက်ခဲ့စမ်းလို့ ဆိုတာနဲ့ အခြေအနေကို ကျွန်မလဲ ရိပ်မိသွားခဲ့ပါပြီ။ ဆရာမရဲ့ ကြိမ်ချက်တွေက အတော်ပဲ ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ ရင်ထဲကိုလဲ ဆူးတချောင်းက အရှိန်နဲ့ စူးဝင်သွားခဲ့ပါတယ်။

 

ဒီလို ဆူးလေးတွေဟာ ဘဝအနာဂတ်ကို သက်ရောက်စေတယ်ဆိုတာ သိလာတဲ့ အချိန်တွေမှာ ဆူးလေးတွေကို နှုတ်ဖို့ ကျွန်မ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အသက်နှစ်ဆယ်ကျော် အချိန်အထိ နှုတ်လို့ မရခဲ့ပါဘူး။ ဒီလိုနဲ့ နိုင်ငံခြား မထွက်ခင် တနေ့မှာတော့ မွေးဖွားရာ ဇာတိမြို့လေးဆီ ခေတ္တပြန်ရင်း ဆရာမကိုလဲ သွားနှုတ်ဆက်ဖြစ်ခဲ့ပါတယ်။ ဆရာမနဲ့ စကားပြောရင်း ဒီအဖြစ်အပျက်လေးကို အစဖော်ပြီး ပြန်ပြောပြဖြစ်ခဲ့ပါတယ်။ ထူးခြားစွာပဲ ဆရာမကလဲ ဒီအဖြစ်အပျက်ကို မှတ်မိနေခဲ့ပါတယ်။ သမီးငါးတန်းတုန်းက လက်ကိုင်ပုဝါ အဖြူလေး တထည် တီချာလက်ဆောင်ပေးဖူးတာ မှတ်မိလားလို့ ပြန်မေးပါတယ်။ ဒီတုန်းက ကျောင်းအဝင်ဂိတ်မှာ အလည့်ကျ ဂိတ်စောင့်နေတဲ့ ဆရာမနဲ့ ဆုံခဲ့တာပါ။ ဘာအတွက်မှန်း မသိပေမယ့် လေးတန်းမှာ ဆုရလို့ ဆုထပ်ချတာလို့ပဲ ထင်ခဲ့မိပါတယ်။

 

ဆရာမကတော့ တီချာ့ဘက်က လွန်သွားတယ် ဆိုတာ ရိုက်မိပြီးကတည်းက သိတယ်လို့ ဆိုလာခဲ့ပါတယ်။ ကိုလိုနီ နယ်ချဲ့၊ နယ်ချဲ့ကိုလိုနီ စကားလုံး ဝေါဟာရတွေရဲ့ အမှန်တရား ဆိုတာတွေထက် ကျွန်မဘက်က ကလန်ကဆန် လုပ်လာချိန်မှာ ဘာကြောင့် လုပ်သလဲ ဆိုတာကို မစူးစမ်းပဲ အလျင်စလို ရိုက်လိုက်မိတာက ဆရာ့အာဏာစက် ပြသလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။ လက်ကိုင်ပုဝါဖြူလေး ပေးဖို့ကို လေးတန်းဆုရတဲ့ သူတွေ ကြေငြာတဲ့ အထိ စောင့်နေခဲ့တာလို့ ဆိုပါတယ်။ ကျွန်မကတော့ အဓိပ္ပာယ် မဖော်တတ်ပဲ ရင်ထဲမှာ ဆူးသွားတဲ့ ဆူးတချောင်းကို ဆယ်နှစ်ကျော် သိမ်းထားဖြစ်ခဲ့တာပါ။

 

ဆရာမက အဲဒီလို ပြောလိုက်တဲ့ အချိန်မှာ ဝေါဟာရပြဿနာတွေနဲ့ အငြင်းပွားမှုတွေက ကျွန်မအတွက် အဓိက မဟုတ်တော့ပါဘူး။ ကျွန်မကို ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ ထိခိုက်နာကျင်စေမှု ဖြစ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူက ဒီလိုဖြစ်စေခဲ့မှုကို သူ့အမှားလို့ သိမြင်ခဲ့တယ်။ အမှားအတွက် တောင်းပန်မှုကို သင်္ကေတ တစုံတရာနဲ့ ပြသခဲ့တယ်။ တဘက်နဲ့ တဘက် ရန်သူလို့ မသတ်မှတ်ကြတဲ့ အခြေအနေ တခုမှာ၊ အထူးသဖြင့် တဘက်နဲ့တဘက် ရန်လိုမှုတွေ၊ လက်စားချေမှုတွေ၊ အာဃာတ တရားတွေ မပါတဲ့ မိဘနဲ့သားသမီး၊ ညီရင်းအစ်ကို မောင်နှမ၊ ဆရာနဲ့ တပည့်တို့အကြားမှာ ဒီလို အခြေအနေမျိုးဟာ ဆူးလေးတွေကို ဆူးထွင်းအပ်နဲ့ ဖယ်ရှားပစ်နိုင်ချိန်လေးတွေပါပဲ။

 

ဆရာမနဲ့ မဆုံတွေ့ခင်တုန်းက ဒီအဖြစ်အပျက်လေးကို ပြန်သတိရမိရင် စိတ်ထဲမှာ တနုံ့နုံ့နဲ့ sense of injustice က ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် သချင်္ာ အပိုင်းဂဏန်းလေးတွေကို မြင်ရတဲ့ အချိန်လေးတွေမှာပါ။ ဆရာမနဲ့ ဆုံပြီး နောက်ပိုင်းမှာကျတော့ တိုက်ဆိုင်မှု ရှိလာတဲ့အခါ ဆရာမနဲ့အတူ ငယ်စဉ်တုန်းက အဖြစ်အပျက်လေးကို ပြန်သတိရမိတတ်ပေမယ့် ဒီလို မခံစားရတော့ပါဘူး။ ကျွန်မတို့ကြားမှာ ရှိခဲ့တဲ့ injustice gap က ပျောက်ကွယ်သွားခဲ့ပါတယ်။

 

တကယ်တမ်းကျတော့ လူ့ဘဝ ခရီးဟာ တိုတိုလေးပါ။ မိဘဆရာဆိုတာကလဲ လူတယောက်ရဲ့ ဘဝမှာ ဘဝခရီးသွားရင်း ခေတ္တခဏ အရိပ်ဝင်ခိုခဲ့ရတဲ့ ရင်ခွင်တွေပါ။ မိသားစုဆက်ဆံရေး၊ ဆရာတပည့် ဆက်ဆံရေးတွေမှာ အမုန်းတရားတွေ၊ နာကျည်းချက်တွေ၊ အာဃာတ တရားတွေ ရေရှည်မရှိသင့် ပါဘူး။ မတော်တဆ ဆူးလေးတွေ စိုက်ဝင်သွားခဲ့ရင်လဲ ဆူးထွင်းအပ်လေးတွေ အသုံးပြုပြီး ဆူးလေးတွေကို ဖယ်ပစ်လိုက်နိုင်ရင် ဘဝရဲ့ စိတ်အေးချမ်းမှု တစုံတရာကိုလဲ ရရှိလာမှာ မလွဲဧကန်ပါပဲ။

 

ခင်မမမျိုး (၂၊ ၁၁၊ ၂၀၁၀)

13 comments

  • bigcat

    June 8, 2011 at 2:10 am

    ရွာထဲက ဆူးကတော့ နှုတ်ဖို့မလွယ်ပါဘူး၊ အလိုက်ကမ်းဆိုးလည်းမသိ၊ စွာလည်းစွာပါတယ်…

    • etone

      June 8, 2011 at 3:51 am

      ဆူးရွာထဲမဝင်သေးဘူး … ဖုန်းဆက်ပြီး လှမ်းခေါ်လိုက်ဦးမယ်… ကိုကြောင်ကြီး အတင်းတုပ်နေတယ်လို့လဲ ပိုပိုသာသာလေးပြောလိုက်ဦးမယ် … 😛 😛 😛

  • zippo

    June 8, 2011 at 3:25 am

    မဟုတ်ရင် မခံ စိတ်ဓါတ် မျိုး လို့ထင်ပါတယ် ကိုကြောက်ရေ ဂျ……၊
    တော်လှန်ရေးစိတ်ဓါတ်မျိုးပါဂျ…..။

  • Shwe Tike Soe

    June 8, 2011 at 3:42 am

    အင်း ကောင်းလိုက်တဲ့စာလေး ပါ..
    လူတိုင်းဆူးနေကြပါတယ်.. ဒါပေမယ့် နှုတ်တဲ့နည်းမသိကြတော့ ထပ်ထပ်ဆူးရင်း အနာတွေ ထပ်နေကြတာပေါ့..
    ဘယ်လိုပဲဖြစ်ဖြစ် ဆူးထွင်းအပ်ကလေးကတော့ အသုံးဝင်ပါတယ်ဗျာ..
    ကျေးဇူးတင်ပါတယ်..

  • weiwei

    June 8, 2011 at 4:32 am

    ကျွန်မက ငယ်ငယ်လေးကထဲက အရိုက်ခံရမှာ အလွန်ကြောက်ပါတယ် … မိဘတွေကလည်း လက်နဲ့တောင် မရွယ်ခဲ့ဘူးပါ … ၄ တန်းနှစ်မှာ အလွန်အရိုက်ကြမ်းတဲ့ဆရာနဲ့တွေ့တော့ စာမမှားအောင် ကြိုးစားပြီး အရိုက်လွတ်အောင် ရှောင်နိုင်ခဲ့ပေမယ့် တစ်နေ့မှာတော့ ညနေ ကျောင်းဆင်းခါနီး နာရီဝက်လောက်အလိုမှာ ကျွန်မနားထဲမှာ ကျောင်းဆင်းခေါင်းလောင်းသံကို ကြားမိပါတယ် … လွယ်အိပ်ထဲလဲ စာအုပ်တွေ ထည့်ထားပြီးသားအချိန်ဆိုတော့ ကျောင်းလွှတ်တယ်လို့ ထင်ပြီး အခန်းအပြင်ကို တစ်ယောက်ထဲ ထွက်လိုက်မိပါတယ် … ဆရာက အော်ပြီးပြန်ခေါ်လိုက်တယ် …. ကျောင်းမလွှတ်သေးပဲ ဘာလို့ပြန်ရတာလဲလို့ ဒေါသတကြီးမေးပါတယ် … ကျွန်မက သူ့ကြိမ်လုံးကိုကြောက်ပြီး ဘာမှပြန်မဖြေနိုင်ခဲ့ဘူး … လက်ဝါးဖြန့်ဆိုပြီး ကြိမ်လုံးနဲ့ တစ်ချက် အားနဲ့ရိုက်လိုက်တာ ခံလိုက်ရတယ် …. ကျွန်မမှာ ဘာအပြစ်မှမရှိပဲ အရိုက်ခံရတဲ့ အဲဒီနေ့က အဖြစ်အပျက်ကို အခုထိ မမေ့နိုင်ခဲ့သလို ဆရာ့ကိုလေးစားခဲ့တဲ့စိတ်လဲ အဲဒီနေ့ကထဲကပျောက်ခဲ့ပါတယ် … နောက်တစ်နှစ်မှာ ဆရာဆုံးပါးသွားလို့ အဲဒီဆူးတစ်ချောင်းကို အခုထိ နှုတ်လို့မရနိုင်သေးပါဘူး …

  • nozomi

    June 8, 2011 at 4:35 am

    တချို့ကလည်း မကောင်းမှန်းသိပေမဲ့ ဆူးရှိနေတာလေးကို မသိစိတ်ကကျေနပ်နေတော့ နုတ်ဘို့မကြိုးစားကျဘူး……….

  • fatty

    June 8, 2011 at 4:41 am

    ကျနော့မှာလဲတချိန်က ဆူးလေးတစ်ချောင်းစိုက်ဝင်ခဲ့ဘူးပါတယ် …………………..။
    ဒါပေမဲ့ အသဲတနေရာမှာဆိုတော့ မထွင်းနိုင်ခဲ့ပါဘူး …….။
    အခုတော့ပြည်တည်ပြီးလှိုက်တောင်စားနေပါပြီ ……………………….။

  • manawphyulay

    June 8, 2011 at 8:42 am

    ဆူး စူးမိပြီ
    နှုတ်ဖို့လည်း သင့်
    ထုတ်ဖြစ်ဖို့ ခက်
    ဆူး စူးမိတဲ့
    ငါ့ရဲ့အပြစ်….

  • ဆူး

    June 8, 2011 at 9:54 am

    ရင်ထဲမှာ ဆူး နေတဲ့ ဆူးလေး မဟုတ်ဘူး ဆူးကြီးတွေမှ အများကြီး…
    ဦးဖတ်တီး ပြောသလိုပဲ ပြည်တယ်ပြီး ရိရွဲ နေတာပဲ.. ပေဖြစ်တဲ့ အချိန် ထု ခံရတာ မဆန်းပါဘူး။
    ကျောင်းမှာလည်း ကျောင်းမှာ မိုလို့.. အိမ်မှာလည်း အိမ်မှာ မိုလို့.. နောက်ဆုံးတော့ ဗီဇ အရိုက်ချိုးခံရလို့ နလန်တောင် မထူနိုင်တော့ဘူး။
    တခါတခါ ထပြီး ဇာတိက ပြချင်ပေမဲ့.. စွဲမြဲနေတဲ့ ဆူးကြီး ဆူးလေးများ ပြည်တည်နာတွေက အရမ်းကိုက်တတ်လို့ ကျုံးထ လိုက်ပေမဲ့ အရှေ့တိုးဖို့ အားသိပ်မရှိဘူး။

  • ရွာထဲက ဆူး မဟုတ်တဲ့ဆူးတွေအကြောင်းပြောရင် အများကြီးပ
    ဒါပေမယ့်လဲ ဆူးတွေက အသားမာတက်နေတဲ့ လူကို ထပ်မစူးနိုင်တော့ဘူးထင်ပါရဲ့

  • padonmar

    June 8, 2011 at 3:31 pm

    ကောင်းလိုက်တဲ့ post လေးပါဘဲ။
    ဆရာမ ခမျာမှာလဲ သူ့ကိုယ်သူ မှားမှန်းသိပြီး နောင်တတွေနဲ့ နေရရှာမယ်ဆိုတာ သိသာစေပါတယ်။
    ကလေးကို ပါးစပ်က ဖွင့်ပြီးမတောင်းပန်ပေမယ့် လက်ကိုင်ပုဝါဖြူလေးပေးပြီးချော့ရှာတယ်ဆိုကတည်းက ဒီဆရာမ စိတ်ဓါတ် တော်တော် ချီးကျူးဘို့ကောင်းနေပါပြီ။
    ဒီလိုဆူးလေးတွေ ထွင်ပစ်တတ်ဖို့ အကြံပေးချက်လေးကိုလည်း ကျေးဇူးပါဘဲ။
    ကိုယ်မမှားဘဲ ဆူခံရိုက်ခံရလို့ ရတဲ့ ဆူးလေးတွေရှိပေမယ့် အချိန်ဆိုတာက ကုစားပေးတော့လည်း လတ်လတ်ဆတ်ဆတ် အနာလောက်မနာတော့ပါဘူး။

  • captainamerica

    June 8, 2011 at 3:47 pm

    ကံဆိုးလို.ဆူးမိတယ်ပဲသဘောထားပါတယ်………..ဆရာကြီးရွေဥဒေါင်းရဲ.တစ်သက်တာအတွေးအခေါ်များ
    ဆိုတဲ့စာအုပ်ထဲမှာသူဘဝရဲ.ဆူးတွေအကြောင်းဖတ်ရတာစိတ်မကောင်းတော်တော်ဖြစ်မိပါတယ်………….
    အဲလိုပဲလူတိုင်းရဲ.ဘဝမှာတော့ဆူးလေးတွေရော ဆူးကြီးတွေရောကိုယ်စီရှိကြမှာမလွဲပါဝူး အဲစာထဲမှာပဲသူရင်ထဲကဆူးတွေဘယ်လိုပျောက်အောင်လုပ်သလဲဆိုတာဖတ်လိုက်ရတော့သူအယူအဆကို
    လက်ခံမိပါတယ် စာကောင်းပေကောင်းတွေများများဖတ်တာပါတဲ့..မှန်ပါ၏ စာကောင်းပေကောင်းများကိုဖတ်
    ရှုခြင်းအားဖြင့်မိမိ၏ညစ်ညူးနေသောစိတ်များ ပင်ပန်းနေသောစိတ်များ လွဲမှားနေသောခဏပျောက်ကွယ်နေ
    မည်ဟုယူဆမိပါ၏

  • hmee

    June 8, 2011 at 6:25 pm

    ကောင်းလိုက်တာ။ အဆုံးသတ်လေး တော်တော်ကောင်းတယ်။

Leave a Reply