အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၂၅)

ဒုက္ခိတ

နေစောင်းပြီ။ငှက်ကလေးတွေရဲ့ တေးဆိုသံလည်း တိတ်စပြုလာပြီ။လေထုက ပိုပြီး ညစ်ထေးလာသလိုပဲ။

။ကောင်းကင်ကြီးလည်း ညိုရီလို့ မှောင်ရိပ်သန်းလာတယ်။အိမ်ကြီးရခိုင်ရယ် နေခြည်နွေးနွေး ထွေးထွေးလဲ့လဲ့နဲ့

ကြည်နူးစရာ ပန်းဥယျာဉ်ကြီးရယ် ရှိတဲ့ ပျော်မွေ့စရာ နေရာမျိုးကနေ ခုလို အိုမင်းဟောင်းနွမ်းပြီး အိပ်စင်လေးတွေပြည့်

သိပ်နေတဲ့၊ကျွန်တော့်လို ကလေးတွေ ဘုစုခရုဒါဇင်ပေါင်းများစွာနဲ့ အုက်အုက်ကျက်ကျက် ရုတ်ရုတ်သဲသဲ ဆူဆူညံညံ

ညစ်ညစ်ပတ်ပတ်…စတဲ့ စတဲ့ ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်ဝတဲ့ ဟောဒီလိုနေရာမျိုးမယ် အမှိုက်ပုံမှာ လာပစ်သလို

ခင်ဗျားကို အတင်းအကြပ်ထားပစ်ခဲ့မယ်ဆိုရင်..ခင်ဗျားကို ကျွန်တော် အကြံပြုချင်တာက မလိုမုန်းထားမှုတွေ

အာဃာတအမြင်တွေနဲ့ အသားကျဖို့ ကျင့်ယူရလိမ့်မယ်။ဆည်းပူးရလိမ့်မယ်။

အသားဝါရောဂါက တော်တော်လေးဆိုးတဲ့ ရောဂါပါ။ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ အသားဝါဖြစ်ရင် ကောင်းချက်လေး

တစ်ခုတော့ရှိတယ်။ဘာလို့လဲဆိုတော့ အသားဝါဖြစ်ပြီဆို ခုလိုအိပ်စင်လေးတွေနဲ့ ကြပ်ညပ်နေတဲ့နေရာကနေ ခင်ဗျား

တစ်ယောက်အတွက် အခန်းကျယ်သက်သက်တစ်ခန်းထဲကို ပို့လိုက်လိမ့်မယ်။အဲဒီအခန်းက တော်တော်လေးကျယ်သဗျ။

သံကုတင်တစ်လုံးနဲ့ လိုက်ကာ စိမ်းစိမ်းတွေရှိတယ်။အဲ..သီးသန့်ဆောင်ခေါ်တာပေါ့။

ကျွန်တော့်တော့ အဲဒီမယ် နှစ်ပတ်လောက် အိပ်ယာထဲမှာပဲနေဖို့ ပိတ်ထားတာ။ဒါပေမဲ့ ဖာသာတီမိုးသီ ဆုံးပြီး

သူတို့ကျွန်တော့်ကို ဒီခေါ်လာ ကတည်းက ကျွန်တော် တောက်လျှောက်ဖျားနေသလိုပဲ။သူတို့လာခေါ်တုန်းက

မီးနီလေးတဖျပ်ဖျပ်နဲ့ ဂျစ်ကားနဲ့တော့ မဟုတ်ဘူးဗျ။အပြာရောင် ဗင်ကားနဲ့။တံခါးပေါက်တွေမှာ သံဇကာတွေတပ်

ထားသေးတာ။ပုံစံက ခွေးလေခွေးလွင့်တွေ လိုက်ဖမ်းတဲ့ ကားမျိုး။ဒါပေမဲ့ ဒီကားကတော့ ကလေကချေလေးတွေ

အတွက်ပေါ့။ကျွန်တော်သာ ဒီထက်ငယ်မယ်ဆို မွေးစားဌာနကို ပို့ပြီး ရောင်းဖို့လုပ်ကြမလားပဲ။ဒါပေမဲ့ ကျွန်တော်က

ရှစ်နှစ်တောင်ရှိပြီဆိုတော့ တာ့ခ်မန်ဂိတ်က ဒေလီလူငယ်ထိန်းသိမ်းရေးဂေဟာကို ပို့လိုက်ကြတာပေါ့ဗျာ။

ခု ဒီဂေဟာက လွန်ရောကျွံရော ဆံ့လှမှ ၇၅ယောက်ပေါ့ဗျာ။ဒါပေမဲ့ ၁၅ဝတောင် ငါးပိသိပ် ငါးချဉ်သိပ်ထားတာ။

ဒါကြောင့် ရှေ့က ကျွန်တော်ပြောခဲ့တဲ့ ဂုဏ်ဒြပ်အပေါင်းနဲ့ အပီအပြင်ပြည့်ဝနေတာပေါ့။ရေချိုးခန်း အိမ်သာတွဲထား

တာ နှစ်လုံး။အထဲက ကန်တွေက ယိုစိမ့်နေတာချည်းပဲ။ရိုးရိုးအိမ်သာနှစ်လုံး။အဲဒါတွေကလည်း အမြဲပြည့်လျှံနေတာ။

ကြွက်တွေဆိုတာလည်း နေရာတကာမှာ သုတ်ခနဲ လှစ်ခနဲ ပြေးလွှားနေကြတာ။စာသင်ခန်း တစ်ခန်းလည်းရှိပါရဲ့။

စာသင်ခုံတွေက ကချော်ကချွတ်။သင်ပုန်းကလည်း ကွဲကွဲအက်အက်။ဆရာဆိုတာတွေလည်း နှစ်ပေါင်းများစွာ စာမ

သင်တာ ကြာလှပြီတဲ့။ကစားကွင်းလေး တစ်ခုလည်းရှိတယ်။ဘုရားစူး ကစားကွင်း။မြက်တွေ ချုံတွေမရှင်းတာ

နှစ်ပရိစ္ဆေဒ ကြာလှပြီ ထင်တာပဲ။သတိမထားဘာမထားနဲ့ အဲဒီအထဲ တူတူရေ သွားဝါးလို့ကတော့ သေချာတယ်။

ခင်ဗျား..ဘောလုံးလောက်ရှိတဲ့ ကျောက်တုံးတွေနဲ့ တိုက်မိခိုက်မိပြီး ချော်လဲ ဒူးပြဲမှာပဲ။အားကစား နည်းပြဆိုတာ

တော့ကျော့ကော့ သပ်ရပ်နေတာပဲ။ဝတ်စားထားတာများ..ရှပ်အင်္ကျီအဖြူဆို ကြွေတိုက်ထားသလိုပဲ။ဘောင်းဘီ

ရှည်ဆိုတာလည်း သေသေချာချာ မီးပူထိုးလို့ ခေါက်ရိုးမပျက်ဘူးဗျား။ သူက ခရစ်ကတ်တို့ ကြက်တောင်တို့ဆော့

ဖို့ ပစ္စည်းတွေဆို မှန်သေတ္တာထဲမှာ သေချာသိမ်းထားတာ။ဘယ်သူ့မှ မကိုင်ခိုင်းဘူး။ထမင်းစားဆောင်က

အတော်တော့ကြီးတယ်။ကြမ်းခင်းကတော့ ပေါပေါပဲပဲ လုပ်ထားတာ။သစ်သားစားပွဲရှည်ကြီးတွေလည်း

ဘာထူးလဲ။သောက်ကျင့်မကောင်းတဲ့ စာဖိုမှူးက ကျွန်တော်တို့ကျွေးဖို့ အသားတွေ ငါးတွေကို စားသောက်

ဆိုင်မှာ ပြန်ရောင်းသတဲ့။ကျွန်တော်တို့ကျွေးတာကျတော့ နေ့စဉ်လိုလို အသီးအရွက်ကို ဆီပါလေရုံနဲ့

ချက်သလား ပြုတ်သလား ခွဲမသိနိုင်တာရယ် ချာပါတီ မဲမဲကျွမ်းကျွမ်း ထူပိန်းပိန်းကြီးတွေရယ်ပေါ့ဗျာ။

အဲဒီ စာဖိုမှူးဆိုတဲ့ ငနဲကြီးကလည်း အကျင့်တင်မဟုတ်ဘူး။လူကလည်း ညစ်တီးညစ်စုတ်။နှာခေါင်းထဲ

လက်နှိုက်ပြီး အတောမသတ် ကလော်နေတယ်။နည်းနည်းပါးပါးများ ထပ်လိုချင်လို့သွားမတောင်း

လိုက်နဲ့ မိုးမွှန်အောင် အဆဲခံရလိမ့်မယ်။

အဆောင်မှူးဖြစ်တဲ့ မစ္စတာ အက်နီဟိုထရီ ကတော့ သဘောကောင်းတဲ့ လူကြီးတစ်ယောက်ပါ။

ခါဒီ ချည်နဲ့လုပ်တဲ့ ရိုးရာမပျက် ကွတ်ရ်သာ ဝတ်စုံလေးအမြဲဝတ်လို့။ဒါပေမဲ့ တကယ့်တန်ခိုးဩဇာကို

ချုပ်ကိုင်ထားတာက သူ့လက်ထောက် မစ္စတာဂုတ်ပတား ဆိုတာ ကျွန်တော်တို့အားလုံး သိတာပေါ့။

အဲဒီ ဂုတ်ပတားကြီးကို နာမည်ပြောင်ပေးထားတာက တက်ခ်မန်ဂိတ်က လူရမ်းကား တဲ့ဗျ။သူကတော့

အားလုံးထဲမှာ အဆိုးတကာ့ ထိပ်ခေါင်ပေါ့။လူပုံကတော့ အရပ်ခပ်ပြတ်ပြတ်။ပု တယ်လို့တောင်ပြော

လို့ရတယ်။အမွှေးထူလဗျစ်နဲ့။သူ့အနားသွားကပ်ရင် သားရေစိမ်းနံ့လိုလို အနံ့ကအမြဲရတယ်။ကွမ်း

ကတော့ဘာစားသလဲမမေးနဲ့။တစ်နေကုန် ပါးစပ်ထဲ ပြတ်တယ်မရှိဘူး။လည်ပင်းမှာ ရွှေဆွဲကြိုးအကြီး

ကြီး နှစ်ကုံးကို ဆွဲထားတာလမ်းလျှောက်ရင် တချွင်ချွင်နဲ့ပေါ့ဗျာ။လက်ထဲမှာလည်း ကြိမ်လုံးလေး

တစ်ချောင်း အမြဲကိုင်လို့ စိတ်မထင်ရင် မထင်သလို ကျွန်တော်တို့ကို ဆော်တာပဲ။ မထိတ်သာ

မလန့်သာ ကောလာဟလ တစ်ခုလည်းကြားမိတာရှိသေးတယ်။ဒီဂေဟာက ချာတိတ်တွေကို

တစ်ချို့ညတွေမှာ သူ့အခန်းထဲခေါ်တယ်ဆိုတဲ့အကြောင်းပဲ။ဒါပေမဲ့ ဘယ်သူမှတော့အဲဒီအကြောင်း

ကို သေချာ မဆွေးနွေးကြပါဘူး။ကျွန်တော်တို့ကတော့ ကောင်းတာလေးတွေပဲပြောချင်တယ်။

ဥပမာဆိုရင် ညနေတိုင်း ခန်းမကြီးထဲမှာ တီဗွီ နှစ်နာရီလောက်ကြည့်ခွင့်ပေးတာမျိုး။နှစ်ဆယ့်တစ်လက်မ

ဒိုင်ရာနိုရာ တီဗွီလေးရှေ့မှာ ကျွန်တော်တို့ ပြုံတိုးပြီး ကြည့်ရတာပေါ့။လိုင်းနံပါတ်ငါးဆို ဟိန္ဒူရုပ်ရှင်

သီချင်းတွေ ၊ဒေါဒါရှန်လိုင်းဆို အလယ်အလတ်အဆင့်ရှိတဲ့ လူမှုဘဝသရုပ်ဖော်ဇာတ်လမ်း တွေပြ

တာ။တနင်္ဂနွေနေ့ မှာ လာတဲ့ရုပ်ရှင်၊ဇာတ်လမ်းတွေ ကြည့်ရတာတော့ ကျွန်တော်တို့ အတော်ကြိုက်ကြတယ်။

ဇာတ်လမ်းတွေကတော့ အများအားဖြင့် စိတ်ကူးယဉ်ဆန်းကြယ် ဆိုတာမျိုးတွေပါ။အထူးသဖြင့်

ကျွန်တော်တို့လို ချာတိတ်လေးတွေအတွက်ပေါ့။အဲဒီစိတ်ကူးကမ္ဘာဇာတ်လမ်းတွေထဲမှာ ကလေးတွေဆို

အမေရော အဖေရော ရှိကြသဗျ။မွေးနေ့မင်္ဂလာတွေလည်း ဆင်ယင်ကျင်းပကြပေါ့။နေတော့လည်း အိမ်ကြီး

အိမ်ကောင်းနဲ့နေ၊သွားတော့လည်း ကားအကောင်းစားကြီးစီး၊လက်ဆောင်တွေကလည်း မျိုးစုံရ။အိုး..

ကောင်းလိုက်သမှ၊သိပ်ကောင်း၊အရမ်းကိုကောင်းတာ။အဲ..ခင်ဗျားတော့ထင်မယ် ဒီလို ဇာတ်လမ်းတွေကြည့်ပြီး

စိတ်ကူးယဉ်ကမာ္ဘထဲ ကျွန်တော်တို့ တဝဲဝဲတလည်လည် ဖြစ်နေမှာပေါ့လို့။အဲဒီလိုတော့ မဖြစ်ဘူးဗျ။သိတာပေါ့ဗျာ..

ကိုယ့်ဘဝကိုယ်တကယ်သိကြတဲ့ ကလေးတွေ။အမီတာ ဘာဂျမ်း လို ဘဝမျိုး၊ ရှရွတ်ခန်းလို ဘဝမျိုး ကျွန်တော်

တို့ ဘယ်တော့မှ၊ ဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး။ဖြစ်အောင်လည်း စွမ်းနိုင်မှာမဟုတ်ဘူးဆိုတာ။လွန်ရော

ကျွံရော ဖြစ်ချင်တဲ့ ဆန္ဒပြင်းလှမှ ကျွန်တော်တို့ အပေါ် တန်ခိုးဩဇာရှိတဲ့ လူတွေထဲက တစ်ယောက်ယောက်

ပုံမျိုး ဖြစ်ချင်တယ် ဆိုတာလောက်ပဲ။ ဒါကြောင့် ဆရာက “မင်းတို့ကြီးလာရင် ဘာဖြစ်ချင်ကြလဲ” မေးတဲ့အခါ

တိုင်း ဘယ်သူမှ လေယာဉ်မှူးဖြစ်ချင်တယ်တို့၊ ဘဏ်သူဌေးကြီးဖြစ်ချင်တယ်တို့၊ရုပ်ရှင်မင်းသားဖြစ်ချင်တယ်

တို့ ၊ဝန်ကြီးချုပ်ဖြစ်ချင်တယ်တို့ မပြောကြပါဘူး။ပြောတာတော့ စာဖိုမှူးဖြစ်ချင်တယ်တို့၊သန့်ရှင်းရေးသမားတို့၊

အားကစားနည်းပြတို့ပေါ့။အစွမ်းကုန်ဆို အဆောင်မှူးဖြစ်ချင်တယ်ပြောကြပေါ့။ဟုတ်တယ်..။ကျွန်တော်တို့မြင်

တာတော့ဒီဂေဟာက ကျွန်တော်တို့စိတ်ဓာတ်တွေကိုသိမ်ငယ်သွားအောင် ညံ့ဖျင်းသွားအောင်လုပ်လိုက်တာ

ပဲ။

One comment

  • ဒေါ်သဲ

    June 13, 2011 at 8:42 am

    ဒီအပိုင်းလေးဖတ်မိတော့ “ကျွန်မသားလေးက လိမ္မာပါတယ် ပတ်ဝန်းကျင်မကောင်းလို့သာ” ဆိုတဲ့ စကားလေးကို သွားသတိရမိတယ်

Leave a Reply