A Decade-ဆယ်နှစ်စာသို့ ခဏတာ (ဒုတိယပိုင်း)
အင်း–ဒါကလည်းတစ်ခုပေါ့လေ။ တကယ်တမ်း အဲဒီတုန်းက အချိန်တွေကို ပြန်ပြင်နိုင်ခဲ့ရင် ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့ပြောရဲတဲ့သတ္တိကိုမွေးခဲ့မိမယ်။ အဲဒီသတ္တိသာရှိခဲ့ရင် ကျွန်တော် ပထမဆုံးရေးတဲ့ ရည်းစားစာဟာ သူ့ဆီမရောက်ပဲ ကျွန်တော့် အမေဆီ( အမေစာအုပ်တွေရှင်းရင်း) ရောက်သွားမှာ မဟုတ်ပါဘူး။ ခုနေစိတ်နဲ့သာဆိုရင် (ဆရာမရိုက်ရုံမကလို့ မိဘခေါ်ချင်ခေါ်ခဲ့ပါစေ) သူ့လွယ်အိတ်ထဲ ရည်းစားစာ ငါးဆောင်လောက်ကို ထည့်ပေးလိုက်မိမှာ။ ခုဆိုရင် သူလည်းကလေးတွေနဲ့ ဘယ်ရောက်လို့ရောက်နေမှန်းမသိတော့ပါဘူး။ ကျွန်တော်လည်းမလွမ်းမိပါဘူး။ ကံကုန်ရင် ကိုယ့်လမ်းကိုယ်သွားရမယ့်သူတွေပဲ။ နည်းခဲ့တဲ့သတိ္တကိုပဲ ပြင်ခဲ့ချင်တာ။
စိတ်ပျက် လက်ပျက်ဖြစ်စရာတွေ ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ တစ်ချို့ကိစ္စတွေကိုတော့ အချိန်ကြာခဲ့ပေမယ့် ခုထက်ထိကျေနပ်နေခဲ့တယ်။ ဥပမာ-ဆယ်တန်းတုန်းက ကျူရှင်ကောင်းကောင်း မယူနိုင် ( ဘာသာစုံတောင်မသင်ခဲ့နိုင် )ပေမယ့် အောင်မှတ်ရအောင် ကိုယ့်မစွမ်းအစနဲ့ ကျက်မှတ်ခဲ့တာမျိုးပေါ့။ တစ်ချို့ဘာသာတွေဆို သင်ရိုးညွှန်းတမ်းစာအုပ်ကိုတောင် အလွတ်ကျက်ခဲ့ တယ်။ မြန်မာစာ ခက်ဆစ်ဆို ဝေါဟာရ အင်း– ၈၀ဝ တောင်ကျော်အောင်အလွတ်ရခဲ့ပါတယ်။ စာမေးပွဲ အစစ်ဖြေရတဲ့ အခါရောက်တော့ ကိုယ်ကျက်ခဲ့ မှတ်ခဲ့တာတွေက မေးခွန်းပုံစံနဲ့ နည်းနည်းလွဲနေခဲ့ပေမယ့် နောင်တရတာတို့၊ အားမလိုအားမရဖြစ်တာတို့ လုံးဝမရှိနေပါဘူး။ ကိုယ်အကောင်းဆုံးလုပ်ခဲ့တာမို့လို့ ကျေနပ်ပါတယ်။
နောက်တစ်ခု က အဝေးသင် သင်ရိုး ဒုတိယနှစ်ကို ငါးခါတိတိ မဖြေခဲ့ (အောင် အောင်မဖြေခဲ့တာလို့ပြောရင် ရပါတယ်-စာတွေအကုန်ရလို့တော့မဟုတ်ပါဘူး။ မဖြေချင်စရာအကြောင်းရှိခဲ့လို့ပါ) တာကိုလုံးဝကျေနပ်ပါတယ်။ အမေဆို စာမေးပွဲဖြေ ပြီးပြန်လာရင် စာရလားလို့မမေးနိုင်ပဲ ‘သားစာမေးပွဲဖြေခဲ့လား’ လို့မေး မေးနေခဲ့တာ သတိရနေသေးတယ်။ မဖြေချင်ခဲ့တဲ့ အကြောင်းကိုလည်းပြောပြပါ့မယ်။ ကျွန်တော်နဲ့ အတူတူ မတိမ်းမယိမ်းရှိတဲ့ အဝေးသင် ကျောင်းသူ ကျောင်းသားတွေလည်းကြုံခဲ့ရမယ်ထင်တယ်။ အဝေးသင်စာမေးပွဲ တွေကို တက္ကသိုလ်ကျောင်းအပြင် အထက်တန်းကျောင်းတွေမှာလိုက်ဖြေခိုင်းတာက စတာပါပဲ။
စာမေးပွဲ လက်ခံစောင့်ပေးတဲ့ ကျောင်းတွေက ကျောင်းသားတွေဆီက ကျောင်းပြင်ဆင်ဖို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ အလှူငွေကောက်ခံပါတယ်။ သူတို့လိုချင်တဲ့ ငွေပမာဏ ရပြီဆိုရင် ကျောင်းသားတွေကိုယ်တိုင် ရှေ့မှာစာအုပ်ချပြီးကူးလို့ရပါပြီ။ စာခိုးချတာ မဟုတ်တော့ပါဘူး။ ကူးချတာပါ။ အတန်းစောင့်ဆရာ ဆရာမများကတောင် ကူးပြီးတဲ့ သူရဲ့စာအုပ်ကို မကူးရသေးတဲ့ သူတွေကိုဝေငှပေး ကြပါတယ်။ တစ်ချို့ဆို စာအုပ်ရှေ့ချပြီး ကူးခွင့်ပေးတာတောင်မှ အူလည်လည်ဖြစ်နေကြပါတယ်။ ဖြစ်မှာပေါ့ မေးခွန်းမှ မဖတ်တတ်တာ။ တစ်ချို့ဆို ဒီနေ့ကိုယ် ဘာသာဖြေရမယ်ဆိုတာတောင် မသိကြသူတွေရှိပါတယ်။ မယုံမရှိနဲ့ ကိုယ်တွေ့ပါ။
ဒီလိုပညာရေးကြီး သင်ချင်စရာကောင်းပါရဲ့လား။ ဘွဲ့နှင်းသဘင်မှာ အဆောင်အယောင်အစုံအလင်၊ မိဘနှစ်ဦး ခြံရံလို့ ဘွဲ့ယူချင်စရာကောင်းပါရဲ့လား။ ကျွန်တော် ပထမနှစ်တစ်နှစ်ပဲ အဲဒီနည်းအတိုင်း ကူးချပြီးအောင်ခဲ့ပါတယ်။ နောက်နှစ်တွေ ငါးနှစ်ဆက်တိုက် ကူးချတဲ့ ပညာရေး ပျောက်သွားတဲ့ အထိစောင့်ခဲ့ပါတယ်။ ကျောင်းကို နှစ်စဉ်သွားအပ်တယ်။ တစ်ချို့နှစ်တွေ တစ်ဘာသာလောက်ဖြေတယ်။ တစ်ချို့နှစ် ဆို ပြဌာန်းစာအုပ်ထုတ်ပေးတဲ့ စာရေးမက assignment သူတင်ပေးမယ်လေ ပိုက်ဆံ ဘယ်လောက်ပေးရမယ် လို့ပြောတာနဲ့ ကြုံရပါတယ်။ အဲဒီနှစ်ဆို စာအုပ်ထုတ်ပြီး ပြီးပါပြီ။ စာမေးပွဲခန်းဖက် မလှည့်တော့ပါဘူး။
ဒီလိုနဲ့ အဝေးသင် ပညာရေးကြီးနဲ့ တကယ်ပဲ ဝေးတော့မလိုဖြစ်တော့မယ့်ဆဲဆဲမှာ အလင်းရောင်တစ်ခုပေါ်ပါတယ်။ အဝေးသင်စာမေးပွဲတွေကို အပြင်အထက်တန်းကျောင်းတွေမှာ ဖြေခွင့်မပြုတော့ပဲ တက္ကသိုလ်အတွင်းမှာပဲ ဖြေရတော့မယ်လို့ဖြစ်လာပါတယ်။ ကူးချတာတို့ ခိုးချတာတို့ မရှိတော့ပါဘူး။ အခန်းပြင်ခဏထွက်ခွင့်ပေးဖို့ဝေးစွ၊ ရှေ့နောက်တောင်လှည့်ရင် အတန်းစောင့် ကဘေးရောက်လာတတ်တဲ့ နှစ်မှာ ကျွန်တော် ကျောင်းပြီးခဲ့ပါတယ်။ တင်းကျပ်တယ်လို့ထင်ရပေမယ့် အဲဒီနည်းနဲ့ပဲ ခိုးချ(ကူးချ)ခြင်းတစ်ခန်းရပ်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအချိန်ထိ ကထိကကျူရှင်တတ်ရင် မေးခွန်းရတယ်ဆိုတာမျိုးတွေတော့ ရှိနေဆဲပါပဲ။ ပြဌာန်းစာအုပ်တွေကလည်း ပိုက်ဆံသာသွင်းထားရပြီး နှစ်သာကုန်သွားတယ် မရတဲ့နှစ်တွေ အများကြီးပါ။ ဒါတွေခုပြင်လိုက်ပြီလား အရင်တိုင်းပဲလားမသိတော့ပါဘူး။ ကျွန်တော်ကတော့ စာတကယ်မတတ်ပဲ ဘွဲ့ပုံချိတ်ရမှာ ရှက်လို့ အဲဒီဘွဲ့ကို ယူကိုမယူပါဘူး။ အောင်စာရင်းကိုတော့ အသိတစ်ယောက်က ကြည့်ပေးလို့အောင်မှန်းသိရပါတယ်။ ဒီလောက်နှစ်တွေကြာပြီး ငွေတွေကုန်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုကျေနပ်ပါတယ်။
ကဲစာဖတ်သူများကော..လွန်ခဲ့တဲ့ ၁ဝ နှစ်တာကာလကို ပြင်ဆင်ခွင့်ရခဲ့ရင် ဘယ်လိုဟာတွေကို ပြင်ချင်သေးလဲ။ ဘာတွေကို နုတ်ပစ်ပြီး၊ ဘာတွေကို ပေါင်းထည့်ချင်လဲ။
မှတ်ချက်-ကိုယ်တွေ့ အဖြစ်မှန်ဖြစ်ပါတယ်။ ( ခုနှစ်တန်းတုန်က အဖြစ်ကတော့ ၁ဝ နှစ်ဆိုတဲ့ ဘောင်ထဲမဝင်ပါဘူး။ တိုက်ဆိုင်လို့ ထည့်ရေးမိတာပါ)။
4 comments
Ko Ko Aung
June 18, 2011 at 2:04 pm
ပထမပိုင်းထဲကအကြောင်းနဲ့ပါတ်သက်ပြီး –
ဒီလိုဆရာဆရာမဆိုးမျိုးတွေ ယနေ့တိုင် (တယောက်နှစ်ယောက်စမဟုတ်ပဲ) ကျယ်ကျယ်ပြန့်ပြန့်ရှိဆဲ ဖြစ်ပါတယ်။ တဦးချင်းကို ကျောင်းနာမည် လူနာမည်တပ်ခေါ်ပြီး ဖေါ်ထုတ်ဖွင့်ချသင့်နေပါပြီ။ ဒါမှ ဆရာဆရာမ ကောင်းတွေလဲ ရောပြီးသိက္ခာကျ နာမည်ပျက်တာမျိုး မဖြစ်တော့မှာ။ လူငယ်တွေလဲ ဒါ့ထက်ပိုပြီး အဖျက်စီးမခံရတော့မှာ။ ဒီပိုစ့်ရေးသူလို စိတ်ဓါတ်ကြံ့ခိုင်ခြင်းမရှိတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။
Ko Ko Aung
June 18, 2011 at 2:11 pm
ဒီ ဒုတိယပိုင်းနဲ့ပါတ်သက်ပြီး –
ဒီပိုစ့်ပါ အဝေးသင်စာမေးပွဲတွေအကြာင်းဟာ ဒီမှာရေးထားတဲ့အတိုင်း အမှန်ဖြစ်ပါတယ်။ အဲဒီအချိန်လောက်တုန်းက ကျွန်တော့ညီမတယောက်ကို စာမေးပွဲလိုက်စောင့်ရလို့ ကိုယ်တွေ့ကြုံဘူးပါတယ်။ ကျွန်တော့ညီမကတော့ susunosuki လိုမဟုတ်ပဲ စာကူးရေးပြီး အောင်လာပါတယ်။
bigcat
June 19, 2011 at 5:09 am
ကျနော်တို့ခေတ်တုန်းကတော့ ခိုးချတာ ခေတ်စားနေပြီ၊ ဒါပေမယ့် အခန်းစောင့် ဆရာ၊ဆရာမတွေကို ပေးရကမ်းရတာတော့ ကြားပဲကြားခဲ့ရတယ်။ မကြုံခဲ့ဘူး။ ခိုးချတဲ့ကျောင်းသားတွေကို အပြစ်မမြင်ပါနဲ့ဗျာ၊ နို့မို့ရင် ကြောင်တကောင် လူတောတိုးမှာ မဟုတ်လို့။ သွားလေသူ ဥက္ကဌဗိုလ်ချုပ်ခင်ညွန့် ကောင်းသာမကောင်းတာ သူ့ပညာရေးကော်မတီဥက္ကဌဖြစ်လို့ ဘွဲ့ရပညာတတ် တဦးရယ်လို့ ခေါ်ဝေါ်သမုတ်ခြင်းခံရတာ၊ ကျေးဇူးမမေ့ပါဘူး 😀
ဆူး
June 19, 2011 at 8:21 am
ခိုးချတာ မကြုံ ဘူးဘူး ဆိုလို့ ဝင် ဖော လိုက်မယ်။
ဆူး ကြုံဖူးတယ် ပထမနှစ်မှာ ကျောင်းပြင်ပက အထက်တန်း ကျောင်းမှာ စာမေးပွဲ ဖြေရတဲ့ အတွက် တနေ့ ၅၀ဝ စက်ကြေးပေးပြီး ဖြေရတယ်။
ပထမတုန်းကတော့ စာတွေ ကျက်ပြီးသွားတာ တနေ့ ၅၀ဝ ပုံမှန် လာကောက်တယ် စိတ်တိုလိုက်တာ အရမ်းပဲ ဒီလောက် ဖြစ်တာ မကျက်ဘူးဟာ ဆိုပြီး သူများ ယူလာတဲ့ စာတို စာစ နဲ့ ကူးပြီး ဖြေပေးလိုက်တယ်။
သူများ ပေးပြီး မပေးရင် အတန်းထဲက မော်နီတာ လို့ ခေါ်တဲ့ ကျောင်းသား ကိုလည်း ကြောက်ရသေးတယ် ဒါနဲ့ နေ့တိုင်းပေးရတယ်။ စိတ်နာနာနဲ့ ပျော်ပျော်ကြီး ပထမနှစ် စာမေးပွဲ ပြီးသွားတယ်။
ဒုတိယ နှစ်မှာတော့ ကျောင်းမှာ ဖြေရတယ် စာမကျက်ပဲ ခိုးချင်တဲ့ လူတွေ စက်ကြေး မရလို့ အကုန်ကျတယ် တော်တော် များများ ကျတယ် ပြောတယ်။ တဝက်နီးပါးဆိုလား သေချာ အသေးစိတ်တော့ မသိဘူး။
တတိယ နှစ်မှာ အပြင် အထက်တန်း ကျောင်းရောက်သွားပြန်ကော.. စောစောကတည်းက သတင်းကြို ကြားထားတာ ဘယ်ရမလဲ အကုန်ဝယ်ထားလိုက်တယ် လက်ကြားညှက် စာရွက်ကလေးတွေ.. ကျက်ရတာနဲ့ ၅၀ဝ နဲ့ မတန်ဘူး ဆိုတဲ့ စိတ်နဲ့ ကူးပြီး ဘွက်ရတော့ တာပါပဲ။
ကျောင်းသား ဆိုတာ စာကျက်ရမှာ.. အခုတော့ အခုတော့.. ဟီးဟီး..