ပူပြင်း၍ ဓာတ်ဆားသုံးသူများလာပြီး ဈေးနှုန်းပါမြင့်လာ ဓာတ်ဆားကိုလိုအပ်သည်ထက် ပိုမသောက်သင့်

klnMay 4, 20101min651

ရာသီဥတုပူပြင်း၍ အပူချိန်မြင့်မားမှုကြောင့် ဓာတ်ဆားထုပ်ဝယ်ယူသောက်သုံးမှု ပိုမိုများပြားလာပြီး ဓာတ်ဆားဈေးနှုန်းများ အနည်းငယ်ဈေးမြင့်လာကြောင်း ဆေးအရောင်းဆိုင်မှ သိရသည်။ အဆိုပါ ဓာတ်ဆားထုပ်များတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံမှ ထုတ်လုပ်သော ဓာတ်ဆားများနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်သော ဓာတ်ဆားများအပြင် ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ တင်သွင်းသော ဓာတ်ဆားများမှာ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ ယခုအခါ ရာသီဥတုပူပြင်းလာပြီး အပူဒဏ်ကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှုတို့ကြောင့် ကိုယ်အပူချိန်တက်ပြီး သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည်သောက်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ “အာဟာရမျှတသန့်ရှင်းသောရေကိုသာ အဓိကသောက်သင့်တယ်။ ချွေးထွက်များပြီး ပင်ပန်းနွမ်းနယ်ရင် ဓာတ်ဆားထုပ်သောက်သင့်တယ်ဆိုတာထက် ဓာတ်ဆားကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သင့်တယ်။ အချို့ဓာတ်ဆားထုပ်တွေက ဆီးချို၊ သွေးချိုသမားတွေအနေနဲ့ သိပ်မသောက်သင့်ဘူး။ အဲဒါကြောင့် ဓာတ်ဆားကို လိုအပ်မှသာသောက်ပါ။ နေ့တိုင်းမသောက်သင့်ပါဘူး။ တကယ်ဝမ်းသွားနေရင်လည်း သီးစုံအားဖြည့်ဖြစ်တဲ့ Royal-Dကို မသောက်သင့်ပါဘူး။ သူကဝမ်းသွားတာရပ်သွားမှ သောက်ရတာပါ”ဟု ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးပညာဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်ကပြောကြားကြောင်း ၂၀၁ဝခုနှစ် မေလ ၆ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။