We should know what’s happening in Myanmar and How we need to do…

kanjosanJune 24, 20111min1060
Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင် မှ ကျေးဇူးတင် စကားနှင့် ရှေ့ဆက်မည့် မူဝါဒ လမ်းစဉ်များအား ရှင်းလင်းပြောကြားစဉ်

အားလုံးမင်္ဂလာပါ။ ဒီပွဲကို လာရောက်ချီးမြှင့်တဲ့အတွက် အားလုံးကိုကျေးဇူး အထူးတင်ပါတယ်။ ဒီနှစ် ၂၀၁၁ ခုနှစ်ဟာ ၁ ဂဏန်းတွေအတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ၁-၁-၁၁၊ ၁၁-၁-၁၁၊ ၁-၁၁-၁၁၊ ၁၁-၁၁-၁၁ ၁ ဂဏန်းတွေ ကြီးစိုးတဲ့နှစ်မှာ Eleven Media Group ရဲ့ ၁၁ နှစ်ပြည့် အခမ်းအနား လုပ်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့များစွာ ဂုဏ်ယူမိပါတယ်။ ဒီပွဲကိုတက်ရောက်လာကြတဲ့သူတွေဟာ Eleven Media Group ရဲ့မိသားစုတွေ၊ ခင်မင်ရင်းနှီးသူတွေအပြင် Eleven Media Group ကိုနည်းမျိုးစုံနဲ့ အကူအညီပေးခဲ့ကြတဲ့သူတွေ၊ သက်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စာပေ၊ အနုပညာနဲ့ သတင်းမီဒီယာ နယ်ပယ်အသီးသီးမှာ မိမိတို့ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်မှုများနဲ့ပတ်သက်ပြီး လူအများအတွက် လေးစားဂုဏ်ယူလောက်တဲ့ အရည်အချင်း၊ စိတ်နေစိတ်ထား၊ လုပ်ဆောင်မှုတွေရှိသူတွေကို ကျွန်တော်တို့ ရွေးချယ် ဖိတ်ကြားခဲ့တာပဲဖြစ်ပါတယ်။ ၁၁ နှစ်ပြည့်မြောက်ပွဲလို့ ဆိုရပေမယ့် တကယ်တော့ ကြွရောက်ချီးမြှင့်သူတွေရဲ့ လုပ်ဆောင်မှုတွေ၊ သူတို့ရဲ့ စိတ်ထားသဘောထားတွေ၊ သူတို့ရဲ့အတိတ်၊ အနာဂတ်၊ ပစ္စပ္ပုန်မှာရှိနေတဲ့ သူတို့ရဲ့စွမ်းဆောင်နိုင်မှုတွေကို ဂုဏ်ယူ အသိအမှတ်ပြုတဲ့အနေနဲ့ ကျွန်တော်ဖိတ်ကြားပြီး ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။ အခုတက်ရောက်လာကြတဲ့သူတွေဟာ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာ အမှန်တကယ်အောင်မြင်ပြီးတော့ အချိန်ရှားပါးတဲ့ကြားက ဒီပွဲကိုတက်ရောက်ခဲ့တဲ့အတွက် အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ Eleven Media Group ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ဟာ သတင်းစာထုတ်ဖို့အဆင်သင့် ဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၊ (သို့မဟုတ်) ဒီမိုကရေစီမရတဲ့ ဗီယက်နမ်လိုနိုင်ငံမျိုးမှာတောင် ပုဂ္ဂလိကသတင်းစာရှိပါတယ်။ ကျွန်တော်တို့ သတင်းစာထုတ်လို့မရတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံရဲ့လက်ရှိအခြေအနေ၊ ဖြတ်သန်းလာတဲ့ အကြောင်းအရာ၊ လက်ရှိစာဖတ်ပရိသတ်တွေရဲ့ endurance နဲ့ ကျွန်တော်တို့အနေနဲ့ အနောက်နိုင်ငံလိုပဲ၊ ထိုင်းနိုင်ငံလိုပဲဖြစ်ဖြစ် ဒီလိုလွတ်လပ်မှုမျိုးကိုတော့ ကျွန်တော်တို့ ချက်ခြင်းတောင်းဆိုနေတာတော့ မဟုတ်ပါဘူး။ သီးခြားဆန်တဲ့ ထိန်းချုပ်မှုအနည်းငယ်ရှိတဲ့ ထိန်းချုပ်မှုရှိတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်မျိုးကို ကျွန်တော်တို့ တောင်းဆိုနေတာပဲဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိရေမြေသဘာဝ၊ လောလောဆယ်ဖြစ်ပျက်နေတဲ့ လိုက်လျောညီထွေရှိမှာပဲဖြစ်ပါတယ်။ နောက်သတင်းစာအပြင် ဒုတိယအလုပ်က ကျွန်တော်တို့အနေနဲ့ News Channel တစ်ခုပြုလုပ်နိုင်တဲ့ အရည်အသွေး နှစ်နှစ်အတွင်းမှာရှိနေပါတယ်။ လွတ်လပ်ပြီး တာဝန်ယူတတ်တဲ့ သတင်းမီဒီယာတစ်ခုဟာ နိုင်ငံအတွက်ရော၊ ပြည်သူလူထုအတွက်ရော တိုင်းပြည်ရဲ့ အနာဂတ်အတွက်ပါ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ သက်သေပြပြီးဖြစ်သလို ထပ်မံသက်သေပြဖို့အတွက်လဲ ကျွန်တော်တို့ News Media ကိုချဲ့ထွင်လိုပါတယ်။ အရေးအကြီးဆုံး ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်ကိုပြောရမယ်ဆိုရင် နောက် ၃ နှစ် ၄ နှစ်အကြာမှာ ကျွန်တော်တို့ တစ်ဦးတည်း ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်း ပိုင်ဆိုင်ထားတဲ့ နေရာကနေ အများပြည်သူပိုင်ဆိုင်တဲ့ လုပ်ငန်းအဖြစ် publicize လုပ်ပစ်မယ်လို့ဆိုတာကို ဒီနေရာကနေ ကတိပြုပြောကြားလိုပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက ဒီအောင်မြင်မှုတွေ၊ ဒီငွေကြေးတွေမရခင်က ကျွန်တော်တို့ လူသုံးယောက်နဲ့ပဲစခဲ့တာပါ။ ဒီအောင်မြင်မှုတွေ၊ ဒီငွေကြေးတွေ ရရှိခဲ့မယ်လို့လဲ မထင်ခဲ့ပါဘူး။ ကျွန်တော်စီးပွားရေးလုပ်ခဲ့တယ်။ ကျွန်တော်စီးပွားရေးနဲ့ ငွေရှာခဲ့တယ်။ ဒါပေမယ့် ဒီလုပ်ငန်းနဲ့ငွေအများကြီးရလာမယ်လို့လဲ မမျှော်လင့်ပါဘူး။ ဒါကြောင့် ဒီလုပ်ငန်းနဲ့ပတ်သက်ရင် ကျွန်တော်တို့ပိုင်ဆိုင်တာဟာ ကျွန်တော်တစ်ယောက်တည်း ပိုင်ဆိုင်တယ်လို့ ဒါမှမဟုတ် ကျွန်တော်တို့အဖွဲ့ပဲ ပိုင်ဆိုင်တယ်လို့ မသတ်မှတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ဆီမှာရှိနေတဲ့ ပြည်သူလူထု ဒါမှမဟုတ် ကျွန်တော်တို့ကိုအားပေးတဲ့ ပရိသတ်၊ ကျွန်တော်တို့ နိုင်ငံက ပိုင်ဆိုင်သင့်တဲ့ News Media တစ်ခုဖြစ်သင့်တယ်လို့ ယူဆတဲ့အတွက် publicize အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲသွားဖို့ အစီအစဉ် ရှိတယ်လို့ဆိုတာကို ဒီနေရာက အာမခံပြောကြားလိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြောင်းလဲမှုဟာ မဏ္ဍိုင်ကြီး သုံးရပ်အရေးပါသလို စတုတ္ထမဏ္ဍိုင်အနနဲ့ အရေးပါတယ်ဆိုတာကို Eleven Media Group အနေနဲ့ အခိုင်အမာသက်သေပြနိုင်ပါတယ်။ အခု ကြွရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံးဟာ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာ မိမိတို့အရည်အချင်းနဲ့ မိမိတို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေ၊ မိမိတို့ရဲ့စိတ်နေသဘောထားတွေ၊ မိမိတို့ရဲ့ စွန့်လွှတ်အနစ်နာခံ ကိုယ်ကျိုးစွန့်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး မှတ်ကျောက်တင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။ ဒီမှတ်ကျောက် တင်နိုင်တဲ့သူတွေဟာ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးပြီး အများပြည်သူ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်နိုင်မယ့်သူတွေလို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့်လဲ ဖိတ်စာမှာကို ဂုဏ်ယူလေးစားစွာနဲ့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ အဓိကတင်ပြချင်တာကတော့ ကျွန်တော်တို့နိုင်ငံမှာ နောက်လာမယ့် အနှစ် ၂၀၊ ၃ဝ အတွင်း အဓိကရင်ဆိုင်နိုင်ရမယ့် ပြဿနာနှစ်ခုနဲ့ ပတ်သက်ပြီးတင်ပြချင်ပါတယ်။ နံပါတ် ၁ ပြဿနာကတော့ Human Resources ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာနိမ့်ကျခဲ့ တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ Human Resource ပြဿနာဖြစ်နေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာအကြီးအကဲ တွေသိမှာပါ။ ကိုယ်အင်တာဗျူးလုပ်ရင် အင်တာဗျူးလုပ်ရမယ့် အရည်အသွေးမီတဲ့ ပုဂ္ဂိုလ်ဘယ်နှယောက်များရပါသလဲ။ ကျွန်တော်တို့ သတင်းမီဒီယာမှာကို အိမ်နီးနားချင်းနိုင်ငံ ငါးနိုင်ငံကိုတောင်မသိတဲ့သူတွေ အများကြီးဖြစ်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအသက် ဘယ်လောက်မှာ ကျဆုံးသွားလဲ ဆိုတာမပြောနိုင်တဲ့သူတွေ အများကြီးဖြစ်နေပါတယ်။ ဒါလက်တွေ့ကြုံနေရတဲ့ သတင်းထောက်လောကမှာကို ဒီလောက်ဖြစ်နေပါတယ်။ ဒီလုပ်ငန်းဆိုင်ရာ မကျွမ်းကျင်မှုတွေက နယ်ပယ်အသီးသီးမှာပြန့်နေပါတယ်။ တကယ်ကျွမ်းကျင်တဲ့သူ၊ တကယ်ထူးချွန်တဲ့သူ ဘယ်ရောက်ကုန်လဲ။ တကယ် အလုပ်လုပ်နိုင်တဲ့သူ တကယ်အလုပ်လုပ်နိုင်တဲ့ Working Force တွေဘယ်ရောက်ကုန်လဲ။ အခုလယ်တွေထဲမှာ လုပ်သားရှားပါးတဲ့ပြဿနာတွေ့နေပြီ။ အလုပ်ကြမ်းသမားရှားပါးတဲ့ ပြဿနာတွေ့နေပြီး တောရွာတွေမှာ တကယ်အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေမရှိတော့ဘူး။ နှစ်ပေါင်း ၂ဝ ကျော် ၃ဝ အတွင်းမှာ ကျွန်တော်တို့နိုင်ငံဟာ လူဦးရေလေးသန်းရဲ့ခြောက်သန်းကြား နိုင်ငံခြားကို ရောက်နေပြီး တချို့က နိုင်ငံရေးကြောင့်ဖြစ်ဖြစ်၊ ပညာရေးကြောင့် ဖြစ်ဖြစ်၊ စီးပွားရေးကြောင့် ဖြစ်ဖြစ် နိုင်ငံကို စွန့်ခွာသွားကြတယ်။ ဒီပြဿနာဟာ သေးတယ်လို့ဆိုရပေမယ့် တကယ်နိုင်ငံကို ကြီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာဟာ အရမ်းကြီးပါတယ်။ နိုင်ငံခြားကို ရောက်နေတဲ့သူတွေ မပြန်လာဘဲနဲ့ ကျွန်တော်တို့နိုင်ငံ ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ထူထောင်နိုင်ဖို့ မလွယ်ပါဘူး။ ဥပမာ- နမူနာအားဖြင့် ဗီယက်နမ်နိုင်ငံဟာ သူတို့နိုင်ငံက ထွက်သွားတဲ့သူတွေ ပြန်လာနိုင်အောင် အခြေအနေကောင်းတွေ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေကောင်းတွေ ဖန်တီးပေးတဲ့အတွက် ဗီယက်နမ်နိုင်ငံက လျှင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ ပညာရေးစနစ်ကို မြှင့်တင်ရုံတင်မကဘဲ နိုင်ငံခြားမှာရှိနေတဲ့ အကြောင်းကြောင်းကြောင့် ထွက်သွားတဲ့သူတွေ ပြန်လာနိုင်အောင် ကျွန်တော်တို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေကောင်းတွေ ဖန်တီးပေး ဖို့လိုအပ်ပါတယ်။ ဒီနိုင်ငံကို မလွှဲမရှောင်သာဘဲ ထွက်ခွာသွားရပေမယ့် ပြန်လာချင်တဲ့သူတွေဟာ သူတို့ဆီမှာ ၉၅ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ Human Resources ပြဿနာကို နှစ်ပေါင်း ၂၀၊ ၃ဝ အတွင်းမှာ တက်လာမယ့် ပြဿနာကို ဖြေရှင်းဖို့အတွက် ဝိုင်းဝန်း အဖြေရှာစဉ်းစားရပါမယ်။ ဒုတိယအချက်ကတော့ ကမ္ဘာ့သမိုင်းကိုကြည့်ရင် သမိုင်းအစဉ်အလာ အားဖြင့် နိုင်ငံကြီးတွေ အင်အားကြီးလာရင်Super Power ဖြစ်လာရင် သမိုင်းမှာ နိုင်ငံငယ်တွေ စတေးခံရပါတယ်။ ၁၉ ရာစုနှစ်မှာ ဥရောပမှာ စက်မှုတော်လှန်ရေး ဖြစ်တယ်။ စက်မှုတော်လှန်ရေး အကျိုးဆက်ကြောင့် အင်္ဂလန်တို့ ပြင်သစ်တို့ အရမ်းချမ်းသာလာကြတယ်။ ကိုလိုနီချဲ့တယ်။ အာဖရိကနဲ့ ကျွန်တော်တို့ အာရှနိုင်ငံတွေ စတေးခံရတယ်။ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့တယ်။ ၂ဝ ရာစုနှစ်ကျတော့ Super Powerအဖြစ် ဆိုဗီယက်နဲ့ အမေရိကန်တို့ ဖြစ်လာတယ်။ သူတို့ကြားမှာ တောင်ဗီယက်နမ်၊ မြောက် ဗီယက်နမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အရှေ့ ဂျာမနီ၊ အနောက် ဂျာမနီ၊ ကျွန်တော်တို့နိုင်ငံတောင် အဖျားခတ်ခံရတယ်လို့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ အကွဲအပြဲရဲ့ ပြည်တွင်းစစ်က နှစ်သက်ကြာရှည်ခဲ့တယ်။ ၂၁ ရာစုမှာ Super Power ဖြစ်မှာဘယ်သူလဲဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားဖြစ်မှာပါ။ Super Power ဖြစ်လာမယ့် နိုင်ငံတစ်နိုင်ငံရဲ့အနီးနားမှာ ကျွန်တော်တို့ ကိုယ်ခံအားမရှိဘဲနဲ့ ရပ်တည်လို့ မရနိုင်ပါဘူး။ ငွေကြေး အရမ်းချမ်းသာလာပြီးတော့ အင်အားကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့အနားမှာ ကျွန်တော်တို့ရဲ့ဆင်းရဲတဲ့ ပြည်သူတွေက ဘယ်လိုမှခုခံနိုင်စွမ်းမရှိပါဘူး။ လူကုန်ကူးခံရတယ်။ ရောင်းစားခံရတယ်။ ဒါတွေအားလုံးဟာ စီမံချက်နဲ့လည်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ကိုယ်ခံအား တကယ်ရှိမှပဲ လုပ်ဆောင်လို့ရမှာပါ။ ဒီလိုကိုယ်ခံအား လုပ်ဆောင်မှုမရှိဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်း ၂၀၊ ၃ဝ တောင် မကြာပါဘူး။ ကျွန်တော်တို့ အခြေအနေတွေ ဆိုးရွားသွားနိုင်ပါတယ်။ ငွေကြေးတစ်ခုတည်းတင် မဟုတ်ဘဲနဲ့ ယောက်ျား၊ မိန်းမ အချိုးအစားကွာဟမှုကြောင့် တစ်နှစ်ကို သတို့သမီး သန်း ၂ဝ လိုအပ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ဘေးမှာ ရပ်တည်နေထိုင်ရတာ ကျွန်တော်တို့အတွက် အန္တရာယ်အများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ Energy အားလုံးကို ရောင်းစားပြီးတော့ ကျွန်တော်တို့ ဘယ်လိုစက်မှု ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှာလဲ။ ဒီလိုပြောရခြင်း အကြောင်းရင်းက နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေလိုတဲ့ ဆန္ဒမရှိပါဘူး။ လူမျိုးရေးမုန်းတီးမှုလည်းမရှိပါဘူး။ ကိုယ့်နိုင်ငံကိုကာကွယ်လိုတဲ့ဆန္ဒ၊ ကိုယ့်နိုင်ငံကို အဓွန့်ရှည် တည်တံ့လိုတဲ့ဆန္ဒ၊ ကိုယ်နိုင်ငံရဲ့ လွတ်လပ်ရေး တည်တံ့ခိုင်မြဲလိုတဲ့ ဆန္ဒပဲရှိပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက် တစ်ခုတည်းသော လုပ်ဆောင်နိုင်တဲ့အရာဟာ ဒီနိုင်ငံရဲ့ ဆက်ဆံရေး ပျက်ပြားသွားတဲ့ မုန်းတီးစိတ်ဖြစ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဖြစ်တဲ့ အာဆီယံ၊ အနောက်အုပ်စုနိုင်ငံတွေရဲ့ မဆက်ဆံဘဲနဲ့ နေထိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ အခြေအနေ ဆိုးရွားသွားနိုင်ပါတယ်။ ဥပမာ တခြားမကြည့်ပါနဲ့ ဧရာဝတီမြစ်ကိစ္စ၊ ဧရာဝတီမြစ်ရဲ့ ပတ်သတ်လို့ရှိရင် ကျွန်တော်တို့ဟာ ပညာရှင်တွေ မဟုတ်တဲ့အတွက် ပညာရှင်တွ ထပ်မံတွက်ချက်ဖို့ လိုတာကတော့ ဒီလိုဆက်လက်ပြီး လုပ်ဆောင်မယ်ဆိုရင် နောင်အနှစ် ၂၀၊ ၃ဝ မှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ပပျောက်သွားမယ်။ ပင်လယ်ရေမျက်နာပြင်ဟာ နောင်အနှစ် ၂၀၊ ၃ဝ မှာ တစ်ပေတက်မယ်။ မြစ်ချောင်းတွေကော လာမယ်။ စပါးစိုက်ဧကတွေ လျော့လာမယ်။ ရေချိုရရှိမှုတွေ လျော့လာမယ်။ စပါးတွေဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ မထွက်နိုင်တော့ဘူး။ ဒီပြဿနာကို ဘယ်လိုရှင်းမလဲ၊ မြစ်ဝါမြစ်ရဲ့ အဓိကမြစ်ကြီးတွေမှာ ဆည်ကြီးတွေ တည်ဆောက်တဲ့အတွက် ဒါတောင်မှ ဥရောပက ပညာရှင်တွေ ခေါ်ဆောက်တာတောင် သူတို့ Problem ဖြစ်တဲ့အတွက် မြို့ကြီးတွေ ရေလွှမ်းတယ်။ မန္တလေးမြို့ရေလွှမ်းရင် ဘယ်လိုလုပ်မလဲ။ မန္တလေးမြို့ဟာ ဧရာဝတီမြစ်ရေပြင်အထက် စိုးရိမ်ရေအမှတ်က နှစ်ပေပဲရှိတယ်။ ဒီလိုပြဿနာမျိုးတွေကို Transparency ရှိရှိ ကျွန်တော်တို့ ရေကာတာဆောက်တယ်။ ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လောက် အကျိုးအမြတ်ရှိမလဲ။ ကျွန်တော်တို့ရေရှည် ဘယ်လောက်ဆုံးရှုံးသွားမလဲ။ ကျွန်တော်တို့ ဒါတွေ တွက်ချက်ဖို့ လိုပါတယ်။ ဒါတွေဟာ ကြည့်လိုက်ရင် ကျွန်တော်တို့နိုင်ငံဟာ အင်အားကြီးနိုင်ငံနဲ့ ပူးတွဲယှဉ်နေထိုင်တဲ့အခါ ကျွန်တော်တို့ ဘယ်လိုလုပ်ဆောင်ရမယ်၊ ဘယ်လိုကာကွယ်ရမယ်၊ ကျွန်တော်တို့ လွတ်လပ်ရေးကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ရမလဲဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ရမလဲဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဝင်ရောက်တော့မယ်ဆိုရင် နိုင်ငံတကာစံနှုန်းတွေရဲ့ ညီညွတ်အောင် ကျွန်တော်တို့ လုပ်ဆောင်ရပါမယ်။ နိုင်ငံတကာစံနှုန်းတွေနဲ့ ဝင်ရောက် လုပ်ဆောင်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ညီညွတ်မှုက သိပ်အရေးကြီးပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေးအရ ပြန်လည်တည်ဆောက်ဖို့က အမှန်တကယ်အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိနေပါပြီ။ ဒါကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို လုပ်ဆောင်နိုင်မယ့် အရာအားလုံး ကို လုပ်ဆောင်ပြီးတော့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ လာတဲ့သူတွေရော၊ အစိုးရရော၊ သက်ဆိုင်ရာ အတိုက်အခံ အဖွဲ့အစည်းတွေကိုရော ကျွန်တော်ဒီနေရာက တိုက်တွန်းပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ် ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေရဲ့ အနာဂတ်အတွက် လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ပြောရရင် တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ပြောတဲ့ စကားတစ်ခွန်းလိုပါပဲ။ ‘ပြတင်းတံခါးတွေ ကိုဖွင့်ထားလိုက်ပါ၊ သန့်ရှင်းတဲ့လေရဲ့အတူ ခြင်တွေ၊ ပိုးမွှားတွေ ဝင်လာပါလိမ့်မယ်’။ ကျွန်တော်တို့ဒီနေရာမှာ တိန့်ရှောင်ဖိန်စကားကို ထပ်ဖြည့်စွက် ပြီးပြောရရင် ပိတ်ထားတာကြာပြီ ဖြစ်တဲ့တံခါးကို ဖွင့်မယ်ဆိုရင် လေကောင်းလေသန့် နဲ့အတူ ခြင်၊ ယင်၊ ပိုးမွှားတွေဝင်မယ်။ ဒါမှမဟုတ်ဘဲ မပိတ်ဘဲနဲ့ ဖွင့်လိုက်ပိတ်လိုက် လုပ်မယ်။ ဒါမှမဟုတ် နည်းနည်းလေးပဲ ဖွင့်မယ်ဆိုရင်တော့ လေကောင်းလေသန့်မရဘဲ ခြင်၊ ယင်။ ပိုးမွှားတွေပဲ ဝင်လာပါလိမ့်မယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရကိုလည်း တိုက်တွန်းချင်တာက တံခါးကို ရဲရဲတင်းတင်း ဖွင့်လိုက်ပါ။ နိုင်ငံအတွက် ဖြစ်လာမယ့် ပြဿနာတွေ အားလုံးကို ကျွန်တော်တို့ ဒီနေရာကနေ ရဲရဲကြီး ကာကွယ်သွားမှာပါ။ ရဲရဲတင်းတင်း ဖွင့်တဲ့တံခါးတွေရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ အစိုးရကိုအားလုံး ကူညီသွားဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ နိုင်ငံတော်အစိုးရကို ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

 

မှတ်ချက်။ ။Eleven Media Group (online) ဂျာနယ်မှကူးယူဖော်ပြသည်