မဆုံးတဲ့…..သီချင်း–၄
နေဝန်းနီ မန္တလေးတက္ကသိုလ်မှာတက်နေတုန်း ..။ပထမနှစ်နဲ့ဒုတိယနှစ်ကို ဖားသားလဖုန်းမှာထားတာ..။ တတိတယနှစ်နဲ့နောက်ဆုံးနှစ်ပဲ မိန်းထဲမှာဆိုတော့ ရောက်ရောက်ချင်း အပြင်ဆောင်မှာနေရတာပေါ့..။ အပြင်ဘော်ဒါဆောင်မှာနေရတော့ လူစုံပါတယ်..။ကျောင်းသားချည့်မဟုတ်ဘူး..။ ဝန်ထမ်းလည်းရှိတယ်..။ အရပ်သားဈေးသည်လည်းရှိတယ်..။ သိတဲ့အတိုင်း နေဝန်းနီဆိုတဲ့ ကလေးကလည်း ဟိုစပ်စပ် ဒီစပ်စပ် ဆိုတော့…။ 16 နှစ်ပြည်ပြီးလို့ ရက်ပိုင်းနဲ့ ရောက်လာတာဆိုတော့ ကလေးပေါ့………နော့..။ ကျောင်းက မနက်7း00 နာရီကနေ 12း00 နာရီအထိပဲတက်ရတာ..။ ထမင်းကို အဆောင်မှာကျွေးတာဆိုတော့ ကျောင်းဆင်းမှပဲ အဆောင်ရောက်မှစားရတာပေါ့..။ ထမင်းကောအဆောင်ကောမှ တစ်လ 250/-လောက်ပဲရှိသေးတာ..။ အစိုးရဆောင်ကမှ 120/-ပဲရှိသေးတာ..။
အရက်သောက်တတ်သွားတာက ဒီလို………….။ တစ်ရက် ကျောင်းဆင်း လာပြီး ဆာဆာနဲ့ထမင်းဝင်စားလိုက်ပြီး ရေသောက်မယ်လုပ်တော့ သောက်ရေခွက်က ရေအိုးစင်မှာ ရှိမနေဘူး..။ ဟိုတစ်ဘက်မှာ အရက်သောက်နေတဲ့အဖွဲ့က ရေခွက်ကိုယူထားတယ်..။ ဒါနဲ့ရေခွက်ခဏလောက်ဆိုပြီး ရေခွက်က ငါးကြင်းမြီးခွက်နဲ့ အပြည့်ဆိုတော့ သွန်ပစ်ရမှာနှမြောတာနဲ့ ရေဆာနေတာနဲ့ရောပြီး ကသောကမျော သောက်ချလိုက်တာ ဟိုလူတွေက မျက်လုံးတွေပြူးပြီး ကြည့်နေတယ်လေ..။ ပထမ တစ်ငုံ ကနဲနဲနွေးနေသလိုပဲ..။ ရေခပ်ထားတာကြာလို့ ပူသွားတာပဲထင်ပြီး ရေဆာဆာနဲ့ဆက်သောက်ပစ်လိုက်တာ တစ်ဝက်ကျိုးပါလေရော…..။ အာခေါင်ထဲမှာပူနေသလိုပဲ..။ အငွေ့တွေတောင်ထွက်နေသလားမသိဘူး..။ လည်ချောင်ထဲမှာလဲပူဆင်းသွားလိုက်တာ..။ ဝမ်းထဲလောက်အရောက်မှာ “ဂေ့” ကနဲ့ လေတောင်တက်လာသေးတယ်..။ အဲဒါနဲ့ လက်ကျန်ရေကို သွန်ပစ်ပြီး ရေအသစ်ခပ်ပေးမလို့ လုပ်တုန်း…..။ အဆောင်အတူနေတဲ့ ကိုမျိုးက လာဆွဲတယ်..။
“ အရက်လည်းယူသောက်သေးတယ်..။ မကုန်တာကို သွန်ပစ်ဦးမယ်ပေါ့..။ မလုပ်ပါနဲ့ ငနေရယ်.. နှမျောစရာတွေ..။”
ဒီတော့မှ စောစောကဆွဲသောက်ပစ်လိုက်တာ ရေမဟုတ်မှန်း သေချာသိလိုကတဲ့အချိန် မှာ လူက်ထူပူနေပြီ..။
“ ဟားဟား…..ငနေက အစာပိတ်ယူတွယ်လိုက်တာကိုး…. သောက်တဲ့ပုံကတော့ တစ်ကယ့် သမ္ဘာရင့်ပဲဟေ့ မျက်နှာတစ်ချက်မပျက်ဘူး “
ကိုမျိုးက ပြောလိုက်တော့မှ စောစောက ယူပြီးသောက်လိုက်တာ ရေခွက်မဟုတ်ဘဲ အရက်ခွက်ဖြစ်နေမှန်း သိလိုက်ရတာ..။ သူ့အရက်က အငွေ့သေပြီးသားဖြစ်နေတော့ သိပ်အနံ့ မထွက်တာရယ်.. ထမင်းစားပြီး ထမင်းနင်သလိုဖြစ်ပြီး ရေသောက်ချင်ဇောနဲ့ အငမ်းမရယူမော့လိုက်တာရယ် ဆိုတော့ …။ သူတို့တွေက ဒီအရက်ကို ရေလေးရောပြီး ဇိမ်နဲ့ တစ်စုတ်ချင်းစုတ်သောက်နေချိန်မှာ နေဝန်းနီက ဘာမပြော ညာမပြောနဲ့ ရေမရောပဲ ပလိန်းချည်း ငါးကြင်းခွက်နဲ့ တစ်ဝက်လောက်ကို တစ်ချိန်ထိုးမော့ချပစ်လိုက်တာ မျက်လုံးမပြူးခံနိုင်ရိုးလား..။
“ သိပူးလေဗျာ ပြောပါ့လား ရေခွက်မှတ်ပြီးသောက်ချပစ်လိုက်တာ…”
“ပြောချိန်ကိုမရလိုက်တာငနေရဲ့ မင်းက ခြေမြန်လက်မြန်ကိုး..။ “
ကိုမျိုး ပြောလိုက်မှ ခေါင်းထဲက တစ်ရိပ်ရိပ် ဖြစ်လာသလိုပဲ..။ ထမင်းဆိပ်တက်သလို မျက်တောင်တွေလည်းစင်းလာတယ်..။
“ တစ်အားမူးနေမှာလား မသိဘူး”
မျက်နှာငယ်လေးနဲ့မေးလိုက်တော့ အဆောင်က ပိုင်ရှင်ရဲ့ သားအကြီးဆုံးက …….
“ ခုမှတော့ မထူးတော့ပါဘူး ကိုနေလေးရယ်..။ လူကြီးတွေလည်း သိကုန်ပြီ..။ အပေါ့ အပါး သွားပြီး အိပ်လိုက်တော့ ဘယ်မှ လျှောက်မသွးနေနဲ့တော့”
နေဝန်းနီလည်း အိပ်ချင်စိတ်ကို ထိန်းထားလို့မရတော့တာနဲ့ ရေအိမ်ဖက်သွားပြီး ကိုယ့်အခန်းကိုယ်ဝင်ပြီး ကုတင်ပေါ်ကိုလှဲချလိုက်တော့တယ်..။ အဲဒိတုန်းက သိလိုက်တာက လှဲချလိုက်တာ သိပ်မစိုက်လိုက်ရပါဘဲနဲ့ တစ်ကယ်ကျသွားတာက ဝုန်းကနဲ..။ ကိုယ့်ကိုကိုယ်တောင်လန့်သွားတယ်..။ ကိုမျိုးက အသံကြားလို့လိုက်လာပြီး ကြည့်တယ်..။ ခြင်ထောင်ချပေးပြီး ကြည့်မေတယ်..။ ပက်လက်လှန်အိပ်လို့မရဘူး..။ မူးရိပ်မူးရိပ်နဲ့ စက်ဝိုင်းပြားပေါ်မှာ လူကိုကပ်ထားပြီး လှည့်နေသလိုပဲ..။ ဒါနဲ့ တစ်ဘက်ကိုစောင်းလိုက်ရတယ်..။ ဒီလိုလည်း နေရတာက မသက်သာဘူး..။ ခြေဖျားနဲ့
စောင်ခေါက်ကိုဆွဲယူပြီး လှမ်းခွလိုက်တော့လည်း ဝုန်းကနဲ..။ ခြေထောက်မြှောက်လိုက်ပြီး ခွမယ်လို့စိတ်ကူးနေတုန်းပဲရှိသေးတယ်..။ ခြေထောက်က မြှောက်လို့လည်းပြီးသွားပြီ ခွလို့လည်းပြီးသွားပြီ…။ အရက်က စိတ်ထက်တောင်မြန်နေပါကရောလို့ မဆီမိုင်တွေးလိုက်မိသေးတယ်..။
“ ငနေ မူးနေပြီ အိပ်တော့တဲ့..။ “
အသံတိုးတိုးလေး နားထဲဝင်လာတယ်..။ ဟိုးးးအဝေးကြီးက လာနေသလိုမျိုး..။ အမှန်က ကိုမျိုးက အနားနားလေးကနေကပ်ပြောနေတာ..။ မျက်လုံးတွေလည်း ဖွင့်မရတော့ဘူး..။ ချွေးစေးတွေလည်း ထွက်လာတယ်နဲ့တူရဲ့..။ ပြီးတော့ ဘာမှ မမှတ်မိတော့ဘူး အိပ်ပျော်သွားတာ..။ ဒါကလည်း ပြန်နိုးလာမှသိလိုက်ရတာပါ..။ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသလဲ မသိဘူး။ လည်ချောင်းတွေ ပူနေတာနဲ့ ရေထသောက်လိုက်ရတယ်..။ ရေသောက်တာ တစ်ခွက်နဲ့လည်း မဝဘူး ။ နောက်တစ်ခွက်ထပ်သောက်..။ ပြီးတော့ လူက နုန်းနေသလိုပဲ..။ အပေါ့သွားပြီ အခန်းထဲပြန်ပြီး လှဲနေလိုက်တယ်..။ ငုတ်တုတ်မထိုင်ချင်ဘူး..။ မတ်တတ်မရပ်ချင်ဘူး..။ လှဲနေရတာက သက်သာသလိုပဲ..။ အဲဒိလိုနေရင်းနဲ့ ဆေးလိပ်တို သတိရတာနဲ့ ဆေးလိပ်သောက်ဖို့ ခေါင်းရင်းကိုလက်လှမ်းပြီး ဆေးလိပ်တိုကို စမ်းရှာတယ်..။ မရှိဘူး..။ အဲဒါနဲ့ လွယ်အိတ်ထဲလိုက်စမ်း..။ တွေ့ပြီး ။ ဆေးလိပ်က ထက်ဝက်ကျိုးနေပြီ..။ အဲဒါနဲ့ ကျိုးနေတဲ့ အပိုင်းကို ဖြတ်လိုက်ပြီး မီးညှိ လိုက်တယ်..။ တစ်ဖွာ နှစ်ဖွာ… ခေါင်းကပိုမူးလာသလိုပဲ..။ ခဏနေတော့ အခန်းထဲ ကိုမျိုးရောက်လာတယ်..။ လက်ထဲမှာ ဖန်ခွက်တစ်ခွက်ကိုင်လို့..။
“ ရော့ …. မကျီးဖျော်ရည်သောက်လိုက်ဦး…. အဆောင်ရှေ့လာတဲ့ အသည်က ဝယ်တိုက်တာ ” တဲ့ကိုမျိုးကလည်း ဒီအဆောင်မှာနေတဲ့ ကျောင်းသားတစ်ယောက်ပါပဲ..။ မြစ်ကြီးနားကလာတက်ရတာ..။ နေဝန်းနီ ထက်တော့ အသက်ကြီးမှာပေါ့..။ နေဝန်းနီက 16 နှစ်ပြည့်ပြီးရုံနဲ့ တက္ကသိုလ်ရောက်လာတာ ဆိုတော့..။ ကချင်ပြည်နယ်မှာ နေလာတာဆိုတော့..။ ငယ်ငယ်လေးထဲက ခေါင်ရည်တို့ အရက်တု့ိ ဆိုတာ ရင်းနှီးပြီးသား..။ 18 နှစ်လောက်ဆိုပေမဲ့ လူကောင်ထွားတယ်..။ အဆောင်က သူ့ကို လူကြီးလိုသဘောထားတာ…။ လူကောင်သေးတာက နေဝန်းနီရယ်လေ……။
“ မကျီးဖျော်ရည်က အက်စစ် အချဉ်..။ အရက်က ဗေ့စ် အက်စစ်နဲ့ ဗေ့စ်နဲ့တွေ့တော့ အိတ်ချ်တူးအို ပဲပြန်ဖြစ်သွားတယ်..။ အဲဒိတော့ အမူးပြေရော…။ “
သူက ဓါတုဗေဒ အခေါ် အဝေါ်တွေနဲ့ လာနောက်နေသေးတယ်..။ သူတက်နေတဲ့ဘာသာက IR-IA နိုင်ငံတစ်ကာ ဆက်ဆံရေး နဲ့ အုပ်ချုပ်ရေးပညာ ဘာမှတော့မဆိုင်ပါဘူး..။
“ မူးနေရင်လှဲမနေနဲ့ဟ ပိုမူးတယ်..။ ထရေသွားချိုးရအောင် “
ဆိုပြီး ဆွဲထူတယ်..။ အဆောင်က ရေမရပါဘူး..။ ဝင်းအပြင်ဘက်မှာ ရေချိုးတဲ့ကန်တွေရှိတယ်..။ တစ်ခါချိုးရင် ငါးမူးလားပေးရတယ်..။ ကိုမျိုးက ဘယ်လိုရေချိုးရမယ်ဆိုတာပြောပြတယ်..။ သူပြောသလို ခေါင်းကနေ
စပြီးရေမလောင်းပဲ ခြေဖျားကနေစပြီး အပေါ်ကိုရေလောင်းချိုးလိုက်တယ်.။ အရှိန်ရလို့ ခေါင်းကိုရေးလောင်းချိုးလိုက်တော့ မူးနေတာ သက်သာသွားသလိုပဲလေ….။ ရေချိုးပြီးတော့ သူငယ်ချင်းတစ်ယောက်က လ္ဘက်ရည်ဆိုင်ထိုင်ဖို့လာခေါ်လို့လိုက်သွားတယ်..။ ကိုမျိုးက
“ စောစောပြန်ခဲ့နော် စောင့်နေမှာ “ လို့နောက်လိုက်သေးတယ်..။
နေဝန်းနီ
3 comments
captainamerica
June 26, 2011 at 11:13 am
အဘနီကဘယ်လိုစသောက်တတ်မှန်းကျောင်းသားအရွယ်ကထည်းကစသောက်ဖြစ်တယ်ဆိုတာခရေစေ့
တွင်းကျကိုမှတ်မိတာပဲ။တယ်လဲမှတ်ဉာဏ်ကောင်းပ။ကျုပ်လဲတက္ကသိုလ်စတတ်တဲ့အရွယ်မှာစသောက်တတ်တာတော့မှတ်မိတယ်။ဘယ်လိုစသောက်တတ်မှန်းတော့အတိအကျမသိတော့ဝူး။
မိုက်ကယ်ဂျော်နီအောင်ပု
June 26, 2011 at 2:10 pm
ကျွန်တော့်တုန်းကတော့
ခွက်လည်းမမှားဘူး
ပုလင်းလဲမမှားဘူး
တံဆိပ်လည်းမမှားဘူး
ပိုပြီးသေးခြာအောင်ပြောရရင်တော့
အိမ်က ကြက်မတန်းတစ်ကောင်ကိုတောင် သေသေခြာခြာခိုးပြီး
မီးကင် အမြည်းလုပ်ခဲ့သေးတယ်
captainamerica
June 26, 2011 at 2:26 pm
ကောင်း၏…. 😀 😀