လမ်းဘေးဈေးသည်များ
မြို့ထဲရောက်ခဲ့တယ် ၊ဖရေဇာတစ်လျှောက်(အနော်ရထာလမ်းပေါ့) ကိစ္စ တခုနဲ့ ရောက်ခဲ့တယ်၊ အရေးကြီး ကိစ္စနဲ့ဆိုတော့ ပါတ်ဝန်းကျင်ကို သတိမပြုမိဘူး။
လျှောက်နေရင်းနဲ့မှ တခုခု များမှားနေလားလို့ တွေးမိလာတယ်။ ဘေးဘယ်ညာ ကြည့်ပြီး သတိပြုမိတော့မှ လူသွားစင်္ကြန်က ရှင်းလို့လင်းလို့…။
အမှန်တိုင်း ပြောရရင် အတော်ကျေနပ်သွားတယ်၊ ဒီလမ်းပေါ် မရောက်တာ အတော်ကြာပါပြီ။
ပလက်ဖေါင်းဈေးသည်တွေ ကြပ်ညှပ်နေတဲ့ ဒီ ပလက်ဖေါင်း ကို ရှောင်ပြီး တော်ရုံ ကိစ္စဆို ဒီဘက်ကို
မလာတော့ဖြစ်တော့ဘူး။လျှောက်စရာလမ်းတောင်မရှိ လို့ ကားလမ်းပေါ် တက်လျှောက်ရတဲ့အခါ
အန္တရာယ်များလွန်းလို့ ။အသက်ဉာဏ်စောင့် ဆိုသလို ဝေးဝေး ရှောင်လေ့ရှိတယ်လေ။
အခုတော့ အိုကေ ဆိုပြီး စိတ်ထဲပြုံးပြီး လျှောက်နေမိတယ်။ ကိုယ်ကသာ ကျေနပ်နေတာ ပါတ်ဝန်းကျင်
က မကျေနပ်တဲ့ ..ဒေါသထွက်နေတဲ့.. ဝမ်းနည်းနေတဲ့..မျက်လုံးပေါင်းများစွာ…ကြည့်နေမယ် ထင်ပါရဲ့။
ကျွန်တော် စဉ်းစားမိတယ်.. ဆရာကြီးတွေရဲ့ စကား ငှားသုံးပါရစေ.. “ဝမ်းနည်းရမလား ဝမ်းသာရမလား
မိသိန်းကြည်”..ဆိုသလိုဘဲ။ဘယ်ရှုထောင့် ကကြည့်ရ မှာလဲ၊ မြို့တော်ကြီး ရှင်းလင်း သန့်ရှင်း သွားတယ်ဆိုပြီး ဝမ်းသာရမလား?။ လမ်းဘေးဈေးသည် တွေ အလုပ်မရှိ ငတ်ကုန်ပြီ ဆိုတဲ့ ခေါင်းစဉ်အောက်ကလား?။
ကျွန်တော်တွေးမိသလို ရေးပါရစေ။
ရန်ကုန်မြို့တော် ကြီးကတော့ ဒီအနေအထား ကို ကျေနပ်နေမယ် ထင်ပါတယ်။
လမ်းဘေး ပလက်ဖေါင်းတလျှောက် ညစ်ပတ်ပေရေ နေခဲ့တာ ဆယ်စုနှစ် သုံးခုလောက် ရှိခဲ့ပြီ။
လမ်းဘေးဈေးသည် တချို့ဆို သူတို့ ပလက်ဖေါင်း ဈေးဆိုင်နေရာ ကို သားစဉ်မြေးဆက် ပိုင်ထားကြ
တာ ဘိုးဘွား အမွေ လို့တောင် ထင်မှတ်နေကြတယ်။တချို့များ လက်ပြောင်းတောင် ရောင်းလိုက်သေး။
ပလက်ဖေါင်းနေရာမို့ ဈေးပေါမယ် မထင်နဲ့အုံး .ဆင်ခြေဖုံးရပ်ကွက်က အိမ် တခန်းလောက်တော့ တန်တယ်။
ဒီလို တန်ဘိုးကြီးနေတော့ ဒါတွေကို စွန့်လွှတ်ဖို့ ခက်ခဲတယ်၊ရသလောက် တွယ်ကပ် ပြီးနေကြမှာ။
စဉ်းစားကြည့်ကြရအောင်..
လမ်းဘေး ပလက်ဖေါင်း ဈေးသည်တွေ ဘာတွေအကျိုးပြု လည်းလို့၊
ကျွန်တော်အသေအချာမသိဘူး။မြို့တော်စည်ပင်သာယာရေးကော်မတီကတော့ နေရာချထာပေးတာရယ် ဈေးရောင်းတဲ့ အတွက်တော့ အခွန်ကောက်ခံရရှိမှာပါ။
လမ်းဘေးမှာရောင်းတဲ့ပစ္စည်းတွေ အရည်အသွေး မမှီ ဘူးဆိုတာတော့ပြောနိုင်မှာပါ။
အရည်အသွေး မမှီသလို ဈေးနှုန်းလဲ မမှန်ပါဘူး။လစ်ရင်လစ်သလို ဈေးတင်ရောင်းတာတွေ ကြုံ ကြမှာပါ။
အများအားဖြင့်တော့ ရန်ကုန်မြို့ပေါ်ကလူတွေ မဝယ်ဖြစ်ကြဘူးထင်ပါတယ်။အချို့ လမ်းကြုံလို့ အလွယ် ဝယ်ချင်တဲ့သူ
တွေလောက်သာ ဝယ်ကြမှာပါ။ လမ်းဘေးဈေးသည်တွေရဲ့ အဓိက ပစ်မှတ်က နယ်က ရောက်လာတဲ့ ဘုရားဖူး ဧည့်
သည်တွေ သက်ကြီးရွယ်အိုတွေပါ။တခါတခါ ဈေးသည်အုပ်စုလိုက် ဝိုင်းဝန်းအော်ဟစ် ကြလို့ ကြောက်ကြောက်နဲ့ မဝယ် ချင် ဝယ်ချင် ဝယ်သွားရတဲ့သူတွေ ကလည်း လမ်းဘေးဈေးသည်ရဲ့ ပစ်မှတ်တခုပါ။သူတို့ရဲ့ အသက်မွေးမှုလမ်းကြောင်း ကဒီလိုဆိုတော့ ဘယ်မှာ သမာအာဇီဝ ဖြစ်နိုင်မှာလဲ။ဒါမျိုးကတော့ သိလျှက်နဲ့ အားမပေးသင့်ဘူး ထင်ပါတယ်။
လမ်းဘေးဈေးသည်တွေ အရင်ကလည်းရှိခဲ့ပါတယ်။ကိုလိုနီခေတ် ကတည်းက လမ်းဘေးဈေးရောင်းပြီးအသက်မွေးဝမ်း ကြောင်းပြုခဲ့တဲ့ သူတွေ ရှိခဲ့ပါတယ်။ စာတွေထဲမှာ ဖတ်ခဲ့ဖူးပါတယ်။ဒါပေမဲ့ အခုလို အုံနဲ့ ကျင်းနဲ့ လမ်းလျှောက်လို့ သွား လာလို့ မရလောက်တဲ့အထိတော့ မများပါဘူး။လမ်းသွားသူတွေအတွက် အနှောက်အယှက် မဖြစ်ခဲ့ မပေးခဲ့ပါဘူး။
ဒီလိုဘာ့ကြောင့်ဖြစ်ရလဲ။ဘယ်သူတာဝန်ယူမလဲ။ဒါတွေမေးစရာ ဖြစ်လာပါတယ်။အခုတော့ ဘယ်သူ့ကြောင့် ဖြစ်ဖြစ် ဘယ်သူတာဝန်ယူလို့ဘဲဖြစ်ဖြစ် လမ်းပေါ်မှာတော့ ရှင်းသွားပါပြီ။ ဒါကိုဆက်ပြီး ထိမ်းသိမ်းသွားနိုင်အောင် စီစဉ်ကြဖို့ လို ပါတယ်။ရေရှည် မြို့တော်ကြီး နိုင်ငံတကာအဆင့်ရောက် နိုင်ဖို့ ကြပ်မတ် ပြုပြင်သင့်တဲ့အချက်ပါ။
ဈေးသည ်တွေအတွက်ကတော့ ပလက်ဖေါင်းမဟုတ်တဲ့ အခြား ဈေးရောင်းဖို့သင့်တော်တဲ့နေရာ မှာစနစ်တကျ စည်း ကမ်းရှိရှိ မှန်မှန်ကန်ကန် ရောင်းချပြီး လုပ်ကိုင် စားသောက် သင့်ပါပြီ။
11 comments
naywoonni
June 29, 2011 at 3:06 pm
ကောင်းတာတယ်..။ ရေရှည်တည်တန့်ဖို့လိုတယ်..။ အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ ဘယ်ကိစ္စမဆို… ဖမ်းတယ်ဆီးတယ်ဆိုရင် ခဏရှောင်နေလိုက် တစ်လထက်သူတို့ ပိုပြိးစောင့်မဖမ်းနိုင်ပါဘူး သူတို့မှာ ဒီအလုပ်ပဲရှိသလားဆိုတဲ့လေသံမျိုးထွက်ထွက်လာတယ်..။ အဲဒါစည်းကမ်းလိုက်နာ တတ်တဲ့ အတန်းအစား ရဲ့ လေသံမဟုတ်ဘူး ..။ လစ်ရင်ပြန်လုပ်မယ်ဆိုတဲ့ အသိတွေ
usnczn
June 30, 2011 at 3:29 am
အေးဗျာ… အခုတောင် လမ်းဘေးမှာ ကြိုကြားကြိုကြား
လစ်ရင်လစ်သလို ပြန်ထွက်နေကြတယ်။ မနိုင်ဘူးထင်တယ်နော်။
ဆူး
June 29, 2011 at 3:34 pm
ဘန်ကောက် လို နေရာမျိုးမှာတောင် လမ်းဘေး ဈေးသည်တွေ ဩတိုက် နေတာပဲ.. တွန်းလှည်းက တမျိုး အညော်နံဆိုလည်း ထောင်းထောင်း ကို ထ နေတာပဲ..
usnczn
June 30, 2011 at 3:40 am
ဘန်ကောက်လဲ လမ်းဘေးဈေးသည်ကို အရှုံးပေးထားရတဲ့မြို့ပါ။
ဒါပေမဲ့ ပလက်ဖေါင်းပေါ် လူလျှောက်လို့မရတဲ့ အထိတော့ မဆိုးပါ။
သတ်မှတ်ထားတဲ့ ဈေး နေရာမှာဘဲရောင်းပြီးလမ်းသွားလမ်းလာတွေကိုလည်း
အနှောက်အယှက်မဖြစ်စေဘူးထင်တာဘဲ။
nature
June 29, 2011 at 5:28 pm
…(လမ်းပေါ်မှာတော့ ရှင်းသွားပါပြီ။ ဒါကိုဆက်ပြီး ထိမ်းသိမ်းသွားနိုင်အောင် စီစဉ်ကြဖို့ လို ပါတယ်။ရေရှည် မြို့တော်ကြီး နိုင်ငံတကာအဆင့်ရောက် နိုင်ဖို့ ကြပ်မတ် ပြုပြင်သင့်တဲ့အချက်ပါ။……)
လမ်းဘေးဈေးသည်တွေရှင်သွားရုံနဲ့ နိုင်ငံတကာအဆင့်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ မိတ်ကပ်လိမ်းနိုင်ဘို့ထက် ဝမ်းဝဘို့ပိုအရေးကြီးပါတယ်။ ဝမရှိဘဲဝိလုပ်လို့မရပါ။ ဘာပဲဖြစ်ဖြစ် အဓိကလိုအပ်ချက်က စားဝတ်နေရေးပါပဲ။
usnczn
June 30, 2011 at 4:03 am
ဟို စန္ဓဂုတ် မင်းသား စစ်တိုက် သလိုပေါ့ဗျာ။
နယ်စွန်နယ်ဖျားလေးက စပြီး နောက်ဆုံးမှ မြို့တော်ကို သိမ်းရသလိုပေါ့။
ချက်ချင်းကြီး မြို့တော်တက်သိမ်းဘို့မဖြစ်နိုင်ဘူးလေ။
တစရ တစဆွဲ တိုက်နေဘို့ဘဲ လိုပါတယ်။ အောင်မြင်ခါနီးလေ အင်အား
တိုးလာလေဘဲ။(သာကူးတို့ အားနဲ့လဲ… ဖြစ်သွားနိုင်တာပါဘဲ)
weRone
June 30, 2011 at 2:21 am
ဘာပဲ ဖြစ်ဖြစ် ကျွန်မ က တော့ ကောင်းတယ် လို့မြင်တယ်။
photwenty
June 30, 2011 at 3:45 am
မထင်ကြနဲ.ဗျ
စီမံချက်တဲ. ဈေးသည်တွေပြောစကားကတော.
အလွန်ဆုံးခံလှ နှစ်ပါတ်ပဲတဲ.လေ … ကဲ
pan pan
June 30, 2011 at 9:34 am
သင့်တော်ရာမှာ နေရာပြန်ချပေးသင့်တယ်ထင်တယ်
အဲဒီပလက်ဖောင်းဆိုင်လေးတွေရဲ့ တန်ဖိုးကလည်း တကယ်မသေးတာဟုတ်တယ်
တချို့ဆိုင်နေရာလေးတွေဆို ၈သိန်း~၁ဝသိန်းလောက် ဈေးပေါက်သတဲ့
မြို့ထဲသွားလာနေတဲ့လူတွေကလည်း လမ်းသွားရင်း လိုချင်တာအလွယ်ဝယ်နေကျတော့
ဒီဆိုင်တွေ အလုပ်ဖြစ်တာပေ့ါ
Thanlwinoo
June 30, 2011 at 4:07 pm
ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့ မြန်မာစကားပုံရှိပါတယ်။
လမ်းဘေးဈေးသည်၊ အများပြည်သူ၊ အခွန်ယူပြီးကြီးကြပ်ဆောင်ရွက်ရမည့် အစိုးရတို့ အားလုံးအကျိုးရှိမည့်
နည်းလမ်းအား စဉ်းစားဆောင်ရွက်အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
လက်ပူတိုက်ဖြေရှင်းလို့မရပါဘူး။
အာဏာပိုင်တွေရဲ့ စေတနာရယ်၊ တွေးခေါ်ကြံဆနိုင်မှုရယ်၊ စွမ်းဆောင်မှုရယ် လိုတယ်လို့ထင်ပါတယ်။
nature
June 30, 2011 at 5:00 pm
တကယ်ကိုတိုးတက်သွားပြီဆိုရင် လမ်းဘေးဈေးသည် အလိုလို ပျောက်သွားနိုင်ပါတယ်။ နိုင်ငံဟာ အခုအချိန်မှာ တိုးတက်မှုအားနည်းနေတယ်ဆိုတာကို အမှန်အတိုင်း လက်ခံရမှာပါ။ မတိုးတက်သေးတာကို တိုးတက်တက်တယ်လို့ထင်အောင် ဟန်ရေးမပြသင့်ပါ။ စည်းကမ်းတကျဖြစ်အောင် သာကြပ်မတ်ပေးသင့်ပါတယ်။