အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၂၉)
ဒီလူကြီး ဘယ်သူဆိုတာကို နှစ်မျိုး နှစ်စားပြောနေကြတယ်။တစ်ချို့က အဲဒီလူကြီးက
အရမ်းချမ်းသာတဲ့ စိန်ကုန်သည်ကြီးတဲ့။သူ့မှာ သားရင်း သမီးရင်း မရှိလို့ ဒီဂေဟာက ကလေးတွေ
ကို မကြာခဏ လာခေါ်ပြီးမွေးစားတာတဲ့။မွေးစားခံရတဲ့ ကလေးတွေကို မွမ်ဘိုင်းမှာရှိတဲ့ သူ့ရဲ့
ထည်ဝါခမ်းနားလှတဲ့ အိမ်ကြီးကို ခေါ်သွားတာတဲ့ဗျ။တစ်ချို့ကလည်း သူက စိန်ကုန်သည်ကြီး
မဟုတ်ဘူးတဲ့။မွမ်ဘိုင်းမှာ ကျောင်းတစ်ကျောင်းပိုင်တဲ့ သူဌေးကြီးတဲ့။သူခေါ်သွားတဲ့ ကလေးတွေကို
သူ့ကျောင်းမှာ သေချာလေ့ကျင့် သင်ကြားပေးတာပါတဲ့ဗျ။ဘယ်လိုပဲဖြစ်ဖြစ် သေချာကတော့ ဆတ်(သ်)ဂျီ
ကသာရွေးလို့ကတော့ ဘဝက အေးဆေးဖြစ်သွားပြီတဲ့ဗျ။
ဆလင်းကတော့ အဲဒီ ဆတ်(သ်)ဂျီ ဆိုတဲ့ လူကြီးက စိန်ကုန်သည် ဖြစ်ဖြစ် ကျောင်းပိုင်ရှင်ဖြစ်ဖြစ်
စိတ်မဝင်စားဘူး။သူ အဓိက စိတ်ဝင်စားတဲ့ အကြောင်းက အဲဒီလူကြီးက မွမ်ဘိုင်းက ဆိုတာပဲ။မွမ်ဘိုင်း
ဆိုတာသိတယ်မို့လား။အိန္ဒိယရဲ့ရုပ်ရှင် ထုတ်လုပ်ရေး ဗဟိုချက်မကြီး မဟုတ်လား။ ဘော
လီးဝုဒ် အခြေတည်ရာ မဟုတ်လား။အဲဒီတော့ ဆလင်းက ဒီလူကြီးက သူ့ကို ဒီဂေဟာကနေခေါ်ထုတ်သွားပြီး ဖျိုးဖျိုးဖျပ်ဖျပ်နဲ့ တောက်ပလှတဲ့ ဘောလီးဝုဒ်လောက ကို ခေါ်သွားလိမ့်မယ်လို့ အသေအချာကြီး ယုံကြည်နေ
ရှာတယ်။ဒါ သူ့ အနာဂတ်..သူ့ မျှော်လင့်ချက်..သူ့ကံတရား..လက္ခဏာဆရာကြီးဟောပြောထားတာ
မှန်တော့မည်တဲ့လေ။
ကျွန်တော်တို့ ချာတိတ်တွေအားလုံး ဟောခန်းကြီး ထဲမှာ ညီညီညာညာ တန်းစီရပ်နေကြတယ်။
ဆတ်(သ်)ဂျီ လာကြည့်ဖို့လေ။ဆလင်းကရေမိုး သေချာချိုးထားတာ။သုံးခါတောင် ချိုးတာဗျ။တစ်ကိုယ်လုံး
ကြေး(ဂျီး)ကြောင်း နှပ်ကြောင်း ပြောင်စင်သွားအောင် သေချာ ပွတ်တိုက် ဆေးကြောထားတာ။ဆံပင်ကိုလည်း
သေချာ ဖြီးထားတယ်။သူ့ရှိတဲ့ အကောင်းဆုံးအဝတ်အစားလေးတွေ ထုတ်ဝတ်ပြီး သူ့ကိုယ်သူ ကြည့်ကောင်းအောင်
တတ်သမျှ မှတ်သမျှ သ ထားရှာတာ။ပြောရရင်တော့ ဒီဂေဟာမယ် ဆလင်းက ရုပ်ရည်အသန့်ဆုံး ကလေးပဲဗျ။
ကျွန်တော်တော့ သူ ဒီလို စိတ်ကူးပေါက်ရာ ကြံရာမရလျှောက်လုပ်နေတာကို စိတ်ထဲမဖြောင့်ဘူး။ဘာလို့ဆို
ဆတ်(သ်)ဂျီ သာ သူ့ကိုမရွေးဘူးဆိုရင် ခမျာမှာ အတော်လေး ကြေကွဲရှာမှာ။မျှော်လင့်ချက်အရမ်းထားပြီးမှ
လွဲပြီဆိုရင် သူခံစားနိုင်မှာ မဟုတ်ဘူးလေ။
နောက်ဆုံး ဆတ်(သ်)ဂျီ ရောက်လာပြီ။ကိုယ်ရံတော်လား ဘာလားမသိဘူး၊ လူနှစ်ယောက်ခြံရံလို့။
ကျွန်တော်တော့ စိန်ကုန်သည် ဆိုတာ ဘယ်လိုမျိုးလဲ မသိပါဘူး။မမြင်ဘူးပါဘူး။ဒါပေမဲ့ သူတို့ကြည့်ရတာ
စိန်ကုန်သည်နဲ့မတူဘဲ လူဆိုးဂိုဏ်းသားတွေနဲ့ ပိုတူနေသလိုပဲ။လူပုံကကြည့်ဦး။အသားက မည်းတူးနေတာပဲ။
။နှုတ်ခမ်းမွှေးကြီးက ထူထူမဲမဲ၊ ဓားမြကြီး ဗီရာပန်း နဲ့တောင် ဆင်သေးတယ်။ဝတ်ထားတာက ဘန်ဂါလာ လို့
ခေါ်တဲ့ အိန္ဒိယအမျိုးသားတွေ ဝတ်ဆင်တတ်တဲ့ ကုတ်အင်္ကျီ အဖြူရောင်။(ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ဆို
အဲဒီကုတ်အင်္ကျီမျိုးကို ရောင်စုံ ဝတ်တာ။)ရွှေဆွဲကြီးကလည်း တချွင်ချွင်နဲ့ ရင်ဘတ်ထိရောက်အောင်တောင်
ရှည်တယ်။ဂုတ်ပတားကြီး ဆွဲကြိုးတောင် သူ့လောက်မဟုတ်ဘူး။လက်စွပ်တွေကလည်း ရောင်စုံဗျ။နီတာ၊
စိမ်းတာ၊ပြာတာ အကုန်ပါတယ်။လက်ချောင်းအပြည့်ပဲနော် ဝတ်ထားတာ။သူ့နောက်ကလိုက်တဲ့ လက်မရွံ့
နှစ်ယောက်ကလည်း တကယ့် လူဆိုးလူမိုက်ရုပ်တွေ။နောက်မှ သိတာ သူတို့နှစ်ယောက်က မူစတာဖာ
နဲ့ ပန်နူးစ် တဲ့ဗျ။ဂုတ်ပတားက သူတို့ကို ဦးဆောင်ခေါ်လာတာ။
“ဆတ်(သ်)ဂျီ..ခင်ဗျား မလာတာကြာလို့ ကျုပ်တို့ကို မေ့များမေ့နေလားတောင် ထင်မိတယ်..
ကလေးအသစ်တွေတောင်တော်တော်များများ ရောက်နေပြီဗျ။ခင်ဗျား အကြိုက် တွေ့မယ်ဆိုတာ
ကျွန်တော်သေချာပါတယ်ဗျာ..။”
ဆတ်(သ်)ဂျီ က ဂုတ်ပတားကို ဘာမှပြန်မပြောဘဲ ကလေးတွေက စပြီး စေ့စေ့စပ်စပ်ကြည့်တယ်။ကျွန်တော်
တို့လည်း အစွမ်းကုန်ပြုံးထားရတာပေါ့။ဒီလူကြီးက တစ်ယောက်ချင်းစီ ခေါင်းကနေခြေဖျား သေချာကြည့်တာနော်။
ဒီလူကြီး ဘာကို ကြည့်တယ်ဆိုတာတော့ ကျွန်တော် မတွေးတတ်ဘူး။ဘာလို့ဆိုသူက ဘာမှမမေးဘဲ ဒီတိုင်းလိုက်
ကြည့်နေတာကိုး။အကုန်လုံးကို တစ်ခေါက်သေချာကြည့်ပြီးသွားပြီ။အဲ..ကျွန်တော့်ကျတော့ သေချာတောင်မကြည့်ဘူး
ဗျ။နောက်တစ်ခေါက် အစအဆုံး ထပ်ကြည့်ပြန်တယ်။ဆလင်းရှေ့ရောက်တော့ သူရပ်သွားပြီး-
“မင်း နာမည် ဘယ်သူလဲကွ”
သူ့အသံက အိန္ဒိယတောင်ပိုင်းသားလေသံမျိုး၊ ခပ်လေးလေး။သူ မေးလိုက်တော့ ဆလင်း စိတ်လှုပ်ရှားပြီး အထစ်ထစ်
အငေါ့ငေါ့နဲ့ ဖြေလိုက်တာ။
“ဆ..ဆလင်း…ဆလင်းအီလျာဆီ ပါ..”
ဆတ်(သ်)ဂျီ က ဂုတ်ပတားဘက်လှည့်ပြီး သူဘယ်တုန်းက ရောက်လဲ လို့ မေးတော့-
“အဲ..သူလား ၁ဝလ ၁၁လ လောက်တော့ ရှိရောပေါ့..ဘီဟာနယ် ချာပရာ ဘက်ကပဲ..”
“အသက်ကရော..”
“ရှစ်နှစ်ဗျ”
“မိသားစုကရော..”
“တစ်ယောက်မှ မရှိတော့ဘူးဗျ..သေကုန်ပြီ..သူတို့ရွာမှာ အဓိကရုဏ်း ဖြစ်တုန်းကတဲ့..”
ဆတ်(သ်)ဂျီ က ဆလင်းဘက် ပြန်လှည့်ကြည့်ပြီး-
“ဪ..သနားစရာပဲ.. ဒါပေမဲ့ ဒီကလေးက ကျုပ်လိုချင်တဲ့ ကလေးမျိုးပဲဗျ..ကဲ..ခင်ဗျား
စာရွက်စာတန်းလေးတွေ လိုအပ်တာလုပ်ချေပါဦးဗျ..”
“ဟုတ်ပါပြီဗျာ..ခင်ဗျားသာ ပြောလိုက် ဘယ်ကလေးမဆို ခင်ဗျား ခေါ်သွားလို့ရပါ့ဗျာ..
ဒီကလေးအတွက်ဆို မူစတာဖာ ကို သူ့ဦးလေးဆိုပြီး ပြောလိုက်ရင် ဘုတ်အဖွဲ့ကလည်း
ဘာမှ ပြဿနာရှာမှာ မဟုတ်ပါဘူးဗျ..။တကယ်တမ်းလည်း သူတို့က ဒီက ကလေးတွေကို
ဖြစ်နိုင်ရင် အကုန်တောင် ထုတ်ပစ်ချင်တာရယ်..”
“ကောင်းပါလေ့ဗျာ..ဒီတစ်ခါတော့ ဒီကလေး တစ်ယောက်ပဲ ခေါ်သွားတော့မယ်”
ဂုတ်ပတား တစ်ချက်တွေသွားပြီး ဆလင်းကိုကြည့်တယ်။ပြီးတော့ ကျွန်တော့်ကို ကြည့်တယ်။
“ဒီကောင်လေးရောဗျ..”
ဆတ်(သ်)ဂျီ က ကျွန်တော့်မျက်လုံးကို တည့်တည့်ကြည့်ပြီး ခေါင်းခါတယ်။
“သူက အသက်ကြီးနေပြီဗျ..”
“မဟုတ်ဘူး ဆတ်(သ်)ဂျီ..သူက ဆယ်နှစ်ပဲ ရှိပါသေးတယ်ဗျ..နာမည်က သောမတ်စ်တဲ့၊ အင်္ဂလိပ်စကား
ကောင်းကောင်းပြောတတ်တယ်ဗျ..”
“ကျုပ်အတွက်တော့ မထူးပါဘူးဗျာ..သူ့ကို မခေါ်ဘူး..ဒီဘက်က ကလေးပဲ ခေါ်မယ်..”
“အာ..သူတို့က နှစ်ကိုယ့်တစ်စိတ်ပေါင်းနေတဲ့ သူငယ်ချင်းတွေဗျ..ခင်ဗျား ဆလင်းကို ခေါ်မယ်ဆို
သောမတ်စ်ကိုလည်း ခေါ်ရမယ်..”
ဆတ်(သ်)ဂျီ တင်းသွားတယ်။အဲဒါကြောင့် ခပ်မာမာပဲ-
“ဒီမယ် ဂုတ်ပတား ခင်ဗျားကို ကျုပ်ပြောပြီးပြီနော်..သောမတ်စ်တွေ ဝေါမတ်စ် တွေ မလိုချင်ဘူး..
ကလေးတစ်ယောက်ပဲခေါ်သွားမယ်လို့..အဲဒီ ကလေးကလည်း ဆလင်းပဲ..”
ဂုတ်ပတား နည်းနည်း ပြာသွားတယ်။
“အဲ..အဲ ..စိတ်မဆိုးပါနဲ့ဗျာ..ကျွန်တော်က တောင်းဆိုတာပါဗျာ..တစ်ယောက်တည်းတော့
ဖဲ့မယူပါနဲ့..ယူမယ်ဆိုလည်း နှစ်ယောက်လုံးပဲ ယူလိုက်ပါဗျာ..အတွဲလိုက်ပေါ့..။”
“အတွဲလိုက်..ဟုတ်လား..”
“ဟုတ်ပါ့ဗျာ..တစ်ခုဝယ် တစ်ခုလက်ဆောင်ပေးတဲ့ သဘောမျိုးပေါ့..သောမတ်စ် အတွက် ခင်ဗျား
ဘာမှ ထပ်မကုန်စေရပါဘူးဗျ..ဟဲဟဲ..”
ဂုတ်ပတားက သူ့ရဲ့ ကွမ်းချိုးတက်နေတဲ့ သွားဝါဝါကြီးတွေ ဖြဲပြီးပြုံးလိုက်တော့ ကျွန်တော့်စိတ်ထဲ သရိုးသရီ ဖြစ်လာတယ်။မွေးစားဖို့ခေါ်နေတာလား၊အရောင်းအဝယ်လုပ်နေတာလား ဆိုတာတောင်
မသဲကွဲတော့ဘူး။ ဆတ်(သ်)ဂျီ က သူ့နောက်လိုက် နှစ်ယောက်နဲ့ ခေါင်းချင်းရိုက်ပြီး ခဏတိုင်ပင်နေ
သေးတယ်။
“ဟုတ်ပြီလေ..ဒီကလေး နှစ်ယောက်အတွက် လိုအပ်တဲ့ စာရွက်စာတန်းတွေ
ပြင်ထားပေတော့ ..ကျုပ်သူတို့ကို တနင်္လာနေ့ လာခေါ်မယ်..”
ဟိုလူတွေလည်း လှည့်သွားရော ဆလင်းက ကျွန်တော့်လက်မောင်းတောင်ပြေးဖက်လိုက်သေးတယ်။သူ
တအားမြောက်နေပြီလေ။အဲဒီညက သူအိပ်တောင် မပျော်နိုင်ဘူး။မွမ်ဘိုင်းမှာ သူရဲ့ ရုပ်ရှင်အိပ်မက်တွေ
ရှိသမို့လားဗျ။စိတ်ကူးလား အိပ်မက်လားရယ်တော့ မသိတတ်ဘူး။ရွှေအိုရောင် ဆည်းဆာအောက်က
ကမ်းခြေပတ်လမ်းမှာ အမီတာ ဘာဂျန်း နဲ့ အတူတူ ဆိုတာမျိုးရယ်၊ နှင်းဆီသွေးရောင် အရုဏ်ဦး
အောက်က ချောင်ပတ်တီ ကမ်းခြေမှာရှာရွတ်ခန်းနဲ့ အတူတူ ဆိုတာမျိုးတွေ ပါသပေါ့လေ။အဲ..
ကျွန်တော်လည်း အဲဒီညက အိပ်မပျော်ဘူးဗျ။ဟိုလှိမ့် သည်လှိမ့် နဲ့..သူ့လိုတော့ ခမ်းနားဆန်း
ပြားတဲ့ အိပ်မက်တွေတော့ မမက်ဘူး။မက်တာက ဒီလို..။အိပ်မက်ထဲမှာ ကျွန်တော်က
ပလက်ဖောင်းဘေးမှာ ဈေးဗန်းလေးချလို့ အသီးအနှံလေးတွေရောင်းနေတာတဲ့။အသား
မဲချိတ်နေတဲ့ လူကြီးတစ်ယောက်က ကျွန်တော့်ရှေ့မယ် ကုန်းကုန်းကွကွ နဲ့ ကျွန်တော့်ဆီက
သရက်သီးမှည့်တွေ ဝယ်ပါရောဗျ။လူကြီးက ရွှေဆွဲကြိုးကြီး တချွင်ချွင် နဲ့။သူက ကျွန်တော့်ကို
အကြွေတချို့ပစ်ပေးတယ်။ဒါနဲ့ ကျွန်တော်လည်း သူ့အိတ်ထဲကို မှည့်ရွှန်းနေတဲ့ စပါယ်ရှယ်
သရက်သီးကြီးတစ်လုံး ထည့်ပေးတယ်။အဲ..နောက်ပြီး အခမဲ့အနေနဲ့ မှည့်ပျော်နေတဲ့ ငှက်ပျော
သီးတစ်လုံး သူမသိအောင် ထည့်ပေးလိုက်သေးတယ်ဗျ။
7 comments
MaMa
July 2, 2011 at 1:09 pm
အဆစ်ထည့်ပေးတာကို မသိအောင် ထည့်ပေးလိုက်တယ်။ အိမ်မက်ထဲမှာဆိုတော့ ဘာများဆက်ချင်နေတာလဲ မသိဘူး။
kai
July 2, 2011 at 11:20 pm
ရွာသားတွေ..ဒီမှာနည်းနည်း အားပေးကြပါဦး…။
အကယ်ဒမီကားကို အော်ရီဂျင်နယ်စာအုပ်ဘာသာပြန်ပြန်ရေးပြနေတာကို…
bigcat
July 3, 2011 at 2:12 am
ခါလာခါတီးယား…..
windtalker
July 3, 2011 at 6:53 am
အားပေးလျှက်ပါ ။ ကွန်မင့် ဘာရေးလို ့ရေးရမှန်း မသိလို ့သာ ကွန်မင့် မပေးဖြစ်ခဲ့တာပါ ။
ကန်မလေး ကန်မလေး ကုလားကြီး ကို ယူမှာလား ။
MaMa
July 3, 2011 at 11:03 am
အမြဲတမ်း အားပေးနေပါတယ်။ Reading count ကြည့်ရင် သိနိုင်တာပဲ။ ကွန်မန့်တွေ သိပ်မရတာကတော့ တစ်ခါတစ်လေ မန့်စရာရှိအောင်ကို ကောင်းနေလို့ ဖြစ်မှာပါ။ နောက်လာမယ့် အပိုင်းကို မျှော်ရတာ ကြာတာတော့ ထပ်မန့်လိုက်ချင်ပါသေးတယ်။ 🙂
pan pan
July 4, 2011 at 2:39 am
ကောင်းခန်းရောက်မှ….
အိပ်မက်ထဲမှာငှက်ပျောသီးကြီး ဘာဖြစ်သွားလဲ
အိတ်ထဲမှာ ပျော့ပြဲသွားရောလား…
မောင်ဘလိူင်
July 4, 2011 at 4:17 am
ဟုတ်ကဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ..။ အောက်ခြေမှတ်စုလေးတွေ အရင်ကပေါ်တာ
ခု မပေါ်ဘူးခင်ဗျ။ဘာကြောင့်မှန်းတော့မသိဘူး။ ကွန်မန့် နေရာကပဲ တင်လိုက်တော့မယ်။
“ ဓားပြကြီး ဗီရာပန်း ဆိုသူမှာ အိန္ဒိယနိုင်ငံတွင် သောင်းကျန်းဆိုးသွမ်းခဲ့သော တောပုန်းကြီးတစ်ယောက်ဖြစ်သည်။သူ့ကို လူသတ်မှုပေါင်း ၂၀ဝခန့်၊ ဆင်ပေါင်း ၂၀ဝကျော် ခိုးယူဖမ်းဆီးကာ အစွယ်
များ ဖြတ်ယူမှု၊စန္ဒကူး နံ့သာပင် ပေါင်းများစွာခိုးထုတ်မှု စသည့် အမှုပေါင်းမြောက်များစွာဖြင့် အလိုရှိသူတစ်ဦးဖြစ်ခဲ့သည်။ဥပဒေကို နှစ်ပေါင်း ၂ဝမျှ ရှောင်တိမ်းနေခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် တမီလ်နာဒူ
ပြည်နယ် အထူးတပ်ဖွဲ့မှ အသေ ဖမ်းဆီးရမိခဲ့သည်။ဆုငွေ ရူးပီး သန်း၅ဝ ထုတ်ထားသော်လည်း မည်သူမှ ဖမ်းဆီး၍မရခဲ့သော ဓားပြကြီးသည် အထူးတပ်ဖွဲ့ကိုပင် လာဘ်ပေး၍ ရှောင်တိမ်းသွားနိုင်
သည်ဟု အချို့ကယူဆကြသည်။အသေရမိသော သူမှာ ဗီရာပန်း မဖြစ်နိုင်ဟု ငြင်းဆိုကြသဖြင့် ဗီရာပန်းသေဆုံးမှုမှာ ယခုတိုင် အတည်မပြုနိုင်ဘဲ ဝေဝါးဆဲဖြစ်သော်လည်း သူနှင့်ဆက်စပ်သော
ရာဇဝတ်မှုများ ထပ်မံပေါ်ထွက်လာခြင်းမရှိသဖြင့် သေဆုံးပြီး ဟုလည်းသတ်မှတ်ကြသည်။”