အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၃၀)
ဒေလီကနေ မွမ်ဘိုင်းကို ရထားနဲ့ သွားတာတော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ကျွန်တော်တို့နှစ်ယောက်
ရယ် ဟိုလူကြီး ဆတ်(သ်)ဂျီရဲ့လူနှစ်ယောက်ရယ်ပေါ့။ဒုတိယတန်း အိပ်စင်ပါတဲ့ တွဲနဲ့သွားတာ။ဆတ်(သ်)ဂျီ
ကတော့ လေယာဉ်နဲ့ သွားနှင့်ပြီလို့ ပြောတာပဲ။သူ့လူနှစ်ယောက်.. မူစတာဖာနဲ့ ပန်နူးစ် တို့နှစ်ယောက်က
ဒီတစ်ခါတော့ လုံချည်တွေဘာတွေဝတ်လို့ဗျ။နှစ်ယောက်လုံး ဘီဒီ ဆေးပေါ့လိပ်လေးတွေ ဖွာရင်ဖွာ၊မဖွာရင်
တစ်ချိန်လုံးအိပ်နေကြတာပဲ။သူတို့က ဆတ်(သ်)ဂျီ အကြောင်း နည်းနည်းပါးပါးတော့ ပြောပြတယ်။
ဆတ်(သ်)ဂျီ ရဲ့ နာမည်အရင်းက ဘာဘူ ပီလိုင်း တဲ့ဗျ။ဒါပေမဲ့ လူတိုင်းကတော့ သူ့ကို မာမန် လို့ခေါ်သတဲ့။
အဲဒါ မလေးရလမ်း[1] ဘာသာနဲ့ဆို ဦးလေး လို့ အဓိပ္ပါယ်ရသတဲ့။အရင်ကတော့ ကီရာလာ ပြည်နယ်
ကိုးလ်လမ်းကတဲ့။နောက်မှ မွမ်ဘိုင်းကို ပြောင်းလာပြီး အခြေချတာ။တော်တော်ကြာပြီဆိုတာပဲ။သူက
အင်မတန် သဘောကောင်း ကြင်နာတတ်တဲ့သူ။ပြီးတော့ မသန်မစွမ်းကလေးတွေအတွက်
ကိုယ်ပိုင်ကျောင်းတစ်ခုတောင် ထူထောင်ထားသေးတာတဲ့။သူက အဲ့ဒီလို ကလေးတွေက ဘုရားသခင်
နဲ့ ပိုနီးစပ်သတဲ့။ဒါကြောင့် အဲ့လိုကလေးတွေ၊လူငယ် ထိန်းသိမ်းရေးဂေဟာက ကလေးတွေကို သူက
လိုက်ပြီးကယ်တင်တာတဲ့ဗျ။အဲ..ကျွန်တော်တို့ နေခဲ့ရတဲ့ ဂေဟာဆိုတာ အလကားဟာပဲတဲ့..
နာမည်ကသာ ကြားကောင်းအောင် ဂေဟာဘာညာပြောတာတဲ့။ တကယ်က အချုပ်သာသာ ထောင်
သာသာရှိတာတဲ့။မာမန်ကသာ ကျွန်တော်တို့ကို ခုလိုကယ်တင်မလားဘူးဆိုရင် ကျွန်တော်တို့ ဘဝ
ဟာ မီးပွိုင့်တွေမှာ ကားမှန်သုတ်ရင်သုတ်၊ မသုတ်ရင် သူများတွေအိမ်မှာ သန့်ရှင်းရေး လုပ်နေရမှာတဲ့ဗျ။
ခုကျတော့ ကျွန်တော်တို့ ဒါတွေမလုပ်ရတော့ဘူး။မာမန်ရဲ ့ကျောင်းမှာ စာလည်းသင်ရမယ်။လုပ်ကိုင်စား
သောက်ဖို့ အတတ်ပညာလည်း သင်ကြားရမယ်ဆိုတော့ အေးဆေးပေါ့ကွာတဲ့။မူစတာဖာ နဲ့ ပန်နူးစ်
တို့နှစ်ယောက်ရဲ့ အပြောကတော့ ကောင်းသလားမမေးနဲ့။စံပြ အရောင်းသမားတောင် အရှုံးပေးရမယ်။
ဒီခရီးစဉ်ဆုံးတော့ သူတို့ တော်ကီမှာ ကျွန်တော်တောင် မျောပြီး မာမန်ရဲ့ ရွေးချယ်မှုကို ကျွန်တော်
ခံရတာဟာ တကယ့်ကို ကံထူးတာဖြစ်ပြီး ဒီကစလို့ ကျွန်တော့် ဘဝ လုံးဝ ပြောင်းလဲ သွားမှာပဲလို့
အခိုင်အမာကြီးကို ယုံကြည်လာမိတော့တယ်ဗျာ။
ဟော ရထားကြီးတောင် ကျူးကျော်ရပ်ကွက် တွေကို ဖြတ်နေပြီ။ကျူးကျော်ရပ်ကွက်တွေဆိုတော့
သိတဲ့အတိုင်းပဲ စုတ်ပြတ်သတ်နေတာများ၊ရထားလမ်း တစ်ဖက်တစ်ချက်မှာ အမှိုက်ပုံတွေလိုပဲ
တိုလီမုတ်စတွေနဲ့ ရှုပ်ယှက်ခတ် နေတာပဲ။မိန်းမတွေက ဘေးက ရေဆိုးမြောင်းကြီးထဲမှာ အိုး
ခွက်တွေဆေးကြောလို့။ဆော့နေတဲ့ကလေးတွေ ဗိုက်ပူနံကားနဲ့ ကိုယ်လုံးတီးလေးတွေ။အဲဒီ
ကလေးတွေက ရထားဖြတ်သွားတော့ ဟေးဟားနဲ့ လက်တွေ ဝှေ့ယမ်းပြတော့ ကျွန်တော်တို့
နှစ်ယောက်လည်း ပြန်ပြီး လက်ပြကြတယ်လေ။
*********************
မွမ်ဘိုင်းက ကျွန်တော်တို့နှစ်ယောက်စလုံးရဲ ့အာရုံငါးပါးလုံးကို ဖမ်းစား လွှမ်းမိုးထားတယ်။ချာ့ချ်ဂိတ်
ဘူတာရုံကြီးက ဘုံဘေကအချစ် ဆိုတဲ့ ရုပ်ရှင်ထဲက အတိုင်းပါလား။ဆလင်းဆို ချာ့ချ်ကျောင်းနားမှာ
သီချင်းဆိုနေမယ့် ဂေါဝိန္ဒ နဲ့ သွားတောင်တိုးမိမယ်လို့ စိတ်ကူးယဉ်နေရှာတယ်။မူစတာဖာက
ကမ်းခြေပတ်လမ်းဘက် ညွှန်ပြပြီး တွေ့လားဟိုမှာ ပင်လယ်ကမ်းခြေ ဆိုလို့ ကျွန်တော်ကြည့်လိုက်မိတယ်။
ပင်လယ်ကြီး.. ဒါပထမဆုံးအကြိမ် ကျွန်တော်မြင်ဘူးတာပဲ။မြင်မြင်ခြင်း ပဲ ပင်လယ်ကြီးကို တအား
သဘောကျသွားတယ်ဗျ။လှိုင်းလုံးကြီးတွေတက်လာပြီး ကမ်းခြေကျောက်ဆောင်ကြီးတွေကို ဝုန်း
ခနဲတိုက်၊ပြီးတော့ ပြန်လှိမ့်ဆင်းသွား..ဟား..တကယ်ပဲ သဘောကျစရာ။ဆလင်းကတော့ ဒီလောက်
ခမ်းနားကြီးကျယ်တဲ့ ပင်လယ်ကြီးကို စိတ်မဝင်စားဘူးဗျာ။သူက မုန့်တွေ အအေးတွေရောင်းတဲ့
ဈေးဆိုင်လေးတွေဘက် လှမ်းကြည့်ပြီး အလန့်တကြား လက်ညှိုးထိုးပြတယ်။
“အဲ..အဲ.. အဲဒီနေရာပေါ့..ဂေါဝိန္ဒ နဲ့ ရာဗီနာ တို့ ပူရီ ထိုင်စားကြတာလေ..”
နောက် ဟာဂျီအလီရဲ့ ဂူဗိမာန်တော်ရှေ့ ဖြတ်တော့ သူ့လက်ကို မြှောက်ပြီး အလ္လာ လို့ ထအော်တယ်။
ဘာမှမဟုတ်ဘူး.. ကူလီ ဆိုတဲ့ ရုပ်ရှင်ထဲမှာ အမီတာ ဘာဂျန်းက ဒီ ဗိမာန်ရှေ့က ဖြတ်တော့
အဲဒီလိုအော်တာကို အတုခိုးပြီး ထလုပ်တာ။ကျွန်တော်တို့လည်း ဝေါလီ တို့ ဒါဒါ တို့ မဟင် တို့ စတဲ့ အရပ်
တွေကို ဖြတ်ကျော်လာတဲ့ တောက်လျှောက်မှာ မူစတာဖာနဲ့ ပန်နူးစ် တို့နှစ်ယောက်က အထင်ကရ
နေရာတွေကို လက်ညှိုးထိုးပြီး ရှင်းပြကြတယ်။မဟင်ခံတပ်နား ရောက်တော့ ဆလင်းက တက်စီ သမားကို
ရပ်ဆိုပြီး ခြေဟန်လက်ဟန်နဲ့ပြတယ်။မူစတာဖာ က-
“ဘာတုန်းဟ ကောင်လေး..”
“ဟင်..ဘာမှမဟုတ်ပါဘူး..မာဖီးယား ဆိုတဲ့ကားမှာ လူဆိုးတွေ ပစ္စည်းအလဲအလှယ်
လုပ်ကြတဲ့ နေရာကို ကြည့်ချင်ရုံပါ..”
အဲ…နောက်တော့ နာမည်ကျော်ကြားလှတဲ့ ရုပ်ရှင်စတားတွေ နေရာ အရပ်ဖြစ်တဲ့ ဘင်ဒြာ၊ဂျူဟူး၊အင်ဒ်ဟရီ
စတဲ့ အရပ်တွေလည်း ဖြတ်ရော ဆလင်းမိန်းမောပြီး ငိုချင်သလိုလို ရီချင်သလိုလို ဖြစ်နေရှာတော့တယ်။
တက်စီ မှန်ပြတင်းနောက်ကနေ အဲဒီလိုငေးမောနေရှာတဲ့ ဆလင်းရဲ့မျက်ဝန်းထဲမှာ မျက်ရည်စလေးတွေတောင်
စို့တက်လာတယ်။ကျွန်တော် ကတော့ အံ့ဩထူးဆန်းတာပဲရှိတယ်။ရွာသားလေးတွေ မြို့တက်လာတော့လေ..
မမြင်ဘူးတာတွေမြင်ရ၊မကြားဘူးတာတွေကြားရတော့ အံအားသင့်နေသလိုမျိုးပေါ့။ရုပ်ရှင်စတားတွေအိမ်တွေ
ဆိုတာ တကယ့် အပျံစား ခမ်းနားတာ။ကြီးကျယ်တာ။သူတို့အိမ်ကြီးတွေကို ဧရာမ တံတိုင်းကြီးတွေနဲ့
တံခါးကြီးတွေနဲ့ ကာထားတာ။ရှေ့မှာလည်း ယူနီဖောင်းတွေနဲ့ အစောင့်တွေက တပ်စိတ်တစ်စိတ်စာလောက် ချ
ထားသေးတာ။ပါးစပ်လေးတွေ အဟောင်းသားနဲ့ တောင်ကြည့်မြောက်ကြည့် ဖြစ်နေတာ ကျွန်တော်တို့
နှစ်ယောက်ပေါ့။ဖြစ်ပုံက မွမ်ဘိုင်းမြို့ကြီးကို ပန်းစကြာမှန်ပြောင်းက ဖြတ်မြင်ရသလိုမျိုး။ဒီမှာမှ
နေရောင်ခြည်က ပိုတောက်ပသလို၊လေကလည်း ပိုအေးမြသလို၊လူတွေကပဲ ပိုချမ်းသာကြွယ်ဝသလို၊မြို့
ကြီး ကိုယ်၌ကိုက ဘောလီးဝုဒ်က မီဂါစတားတွေကို သူ့ဆီမှာ နေရာပေးထားရလို့ ဂုဏ်ယူဝမ်းသာတဲ့ ပုံနဲ့
တလှိုက်လှိုက် ဖြစ်နေသလို..အဲသလိုမျိုး မြင်မိ၊ ထင်မိလာတာ။
************************
ဟော နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့ ခရီးစဉ် အဆုံးဖြစ်တဲ့ ဂေါ်ဂါအွန် ကို ရောက်ပါပြီ။အဲ..
ဒီ မာမန်း ဆိုတဲ့လူကြီးရဲ့ အိမ်ကြီးကလည်း အစက ကျွန်တော်တို ့ထင်ထားသလို ခမ်းနားကြီးကျယ်တာ
လုံးဝမဟုတ်ပါပဲလား။အဆောက်အအုံကြီးက အိုမင်းပြီး ခရိုးခရိုင်နဲ့။ဥယျာဉ် သေးသေးလေးတစ်
ခုရယ် ၊အုန်းပင်နှစ်ပင်ရယ် ရှိတဲ့ ဝင်းကျယ်ကြီးထဲမှာ အဲဒီအဆောက်အအုံကြီးက ထီးထီးကြီးလိုပဲ။
ဝင်းကြီး ကို သံဆူးကြိုးတွေပါတဲ့ တံတိုင်းမြင့်မြင့်ကြီးနဲ့ခတ်ထားတယ်။ဝင်းထဲလှမ်းကြည့်လိုက်တော့
အဆောက်အအုံရဲ ့ဆင်ဝင်အောက်မှာ အသားမဲမဲ ကိုယ်လုံးတောင့်တောင့်နဲ့ လူနှစ်ယောက် ဘီဒီဆေးပေါ့
လိပ်တွေ ထိုင်ဖွာနေတာ တွေ့တာပဲ။ဒီလူနှစ်ယောက်က အရောင်တောက်တောက် နဲ့ခပ်ပါးပါး လုံချည်တွေ
ဝတ်ထားပြီးတော့ လက်ထဲမှာလည်း ဝါးရင်းတုတ်တွေကိုင်ထားသေးသဗျ။ကျွန်တော်တို့ကို လှမ်းမြင်တော့
သူတို့တွေ ကျွန်တော်တို့ဘက်လျှောက်လာတယ်။အနားကပ်လာမှပဲ သူတို့ကိုယ်နံ့တွေက တော်တော်ပြင်းတာ
သတိပြုမိတယ်။သူတို့ကို ပန်နူးစ် က မလေးရလမ်း စကားနဲ့ စက်သေနတ်ပစ်သလိုပြောတာ ကျွန်တော်ဖြင့်
မာမန် ဆိုတာလောက်ပဲ ကောင်းကောင်း ကြားလိုက်တာ။ဒီငနဲကြီးတွေက မာမန် ရဲ ့ အစောင့်တွေဆိုတာ
ကောင်းကောင်းကြီး သိသာတယ်။ကျွန်တော်တို့ ဝင်းထဲဝင်လာတော့ မူစတာဖာက ဝင်းကြီး ဟိုဘက်ကို
လက်ညှိုးထိုးပြတယ်။
“အဲဒါ မသန်စွမ်းကလေးတွေအတွက် စာသင်ကျောင်းပေါ့ကွ ..နေတာလည်း အဲဒီထဲမှာပဲ”
ကျွန်တော်မြင်တာတော့ စာသင်ကျောင်းနဲ ့မတူပဲ ဂိုထောင်ကြီး နဲ့ ပိုတူသလိုပဲ။
“ဪ.အဲ..ကလေးတွေလည်း တစ်ယောက်မှ မတွေ့ပါလား”
“အေးကွ..သူတို့ အပြင်မှာ လက်တွေ့ကွင်းဆင်း လေ့ကျင့်နေတာလေ..မပူပါနဲ့ကွာ
ညနေကျတော့ သူတို့နဲ့ မင်းတို့တွေ့ရမှာပါ..လာ..လာ မင်းတို့နေဖို့အခန်းလိုက်ပြမယ်..”
ကျွန်တော်တို့ ပေးတဲ့အခန်းလေးက ခပ်သေးသေးပါ။ဒါပေမဲ့ ကျစ်ကျစ်လျစ်လျစ်တော့ ရှိတယ်။
အခန်းထဲမှာ နှစ်ထပ်အိပ်စင်လေးတစ်ခုရယ်၊နံရံထဲ မြှုပ်ထားတဲ့ မှန်ရှည်ကြီး တစ်ချပ်ရယ်ရှိသဗျ။
ဆလင်းက အပေါ်အိပ်ယာကို ယူတယ်။အောက်ထပ်မှာတော့ ရေချိုးခန်း အိမ်သာရှိတယ်တဲ့။သွား
ကြည့်တော့ မဆိုးဘူးဗျ။ရေစိမ်ချိုးလို့ရတဲ့ ကြွေကန်ကြီးနဲ့ လိုက်ကာတွေဘာတွေတောင် ရှိသေးတယ်။
အဲ..ရုပ်ရှင်စတားတွေရဲ့ အိမ်တွေလိုတော့ ဘယ်သားနားပါ့မလဲ။ဒါပေမဲ့..ဖြစ်ပါတယ်။ဖြစ်မှာပါ။
ခုမှ ကျွန်တော်တို့ တကယ့် အိမ်နဲ့ ယာနဲ့ နေရတဲ့ကလေးတွေလို ထင်မြင်ခံစားမိသကိုးဗျ။
ညနေကျတော့ မာမန် က ကျွန်တော်တို့ကို လာတွေ့တယ်။ဆလင်းကတော့ မွမ်ဘိုင်း နေရတာ
ဘယ်လောက်တောင် စိတ်လှုပ်ရှားမိကြောင်း၊နာမည်ကျော် ရုပ်ရှင်မင်းသားဖြစ်ချင်တဲ့အကြောင်းတွေ
လွှတ်တော့တာကိုးဗျ။သူ အဲဒီလိုပြောတော့ မာမန် က ပြုံးတယ်။
“အေးကွ..ဟုတ်ပါပြီ..မင်းသားဖြစ်ချင်တယ်ဆိုရင်တော့ ပထမဦးဆုံးအနေနဲ့ အဓိကကျတဲ့
လိုအပ်ချက်ကတော့ ဆိုတတ် ကတတ်ဖို့ပဲ..မင်း သီချင်းဆိုတတ်ရဲ ့လား..”
“ဟင့်အင်း..”
“အေးအေး..မပူနဲ့ ..ငါ ထိပ်တန်း ဆရာတစ်ယောက်ခေါ်ပြီး သင်ပေးမှာပေါ့ကွာ..
အဟား..သိပ်မကြာဘူး မင်းလည်း ကစ်ရှိုးကူးမား လိုဖြစ်လာရမပေါ့..”
ဆလင်းက မာမန် ကိုတောင် ပြေးဖက်ချင်စိတ် ပေါက်လာတာ မနည်းထိန်း ထားရပုံပဲဗျ။
[1] မလေးရလမ်း ဘာသာသည် ပင်မ ဒရာဗီဒီယန်း ဘာသာမှ ခွဲထွက်လာသော ဘာသာစကားဖြစ်ပြီး
တမီလ် စကားနှင့် နီးစပ်သည်။အိန္ဒိယ အနောက်တောင်ပိုင်း ကီရာလာ ပြည်နယ်တွင် ထို
မလေးရလမ်း စကားကို တွင်ကျယ်စွာပြောဆိုကြသည်။ကီရာလာ တွင်၎င်းစကားပြောဆိုသူ ၃၆ သန်းခန့်ရှိသည်။
One comment
MaMa
July 4, 2011 at 10:55 am
ဘာလိုလိုနဲ့ မွန်ဘိုင်းတောင် ရောက်လာပြီ နော်။ ရုပ်ရှင်မင်းသားဖြစ်ဖို့ နီးလာပြီ။ 🙂