မဆုံးတဲ့…. သီချင်း— ၉
မကြာခင်မှာပဲ မှာထားတဲ့ အရက်ပုလင်းနဲ့ ဖန်ခွက်တွေရောက်လာတယ်..။ စားပွဲထိုးက ရေခဲယူဦးမလား မေးလို့ ကိုမြင်ဇော်က ရေခဲက ဝယ်ရမှာလားမေးနေသေးတယ်..။ ကိုမောင်မောင်က ဖန်ခွက်တွေအားလုံး သူ့ရှေ့ကိုယူပြီးတော့ တစ်ခွက်ချင်း လက်နဲ့ပွတ်တိုက်ပြီး သေချာဆေးနေတယ်ရင်းက “ရေခဲ တစ်ပွဲယူခဲ့ဦး” လို့ မှာလိုက်တယ်…။ ကိုမောင်မောင်နဲ့ပါလာတဲ့သူငယ်ချင်းက ရမ်အရက်ပုလင်းက ချိတ်တွေ လက်နဲ့ ပွတ်ကြည့်နေတယ်…။ ပြီးတော့ ချိတ်အရောင်ကိုကြည့်တယ်..။ ပြီးမှ ဖောက်တ်တံနဲ့ ချိတ်တွေကို ခေါက်ပြီးခွာနေတယ်..။ သူ့ပုံက ချစ်သူကို ယုယနေသလိုပဲ…။ ဘာပဲဖြစ်ဖြစ် အရက်နဲ့ပါတ်သက်ရင် မြင်မြင်သမျှ လှနေတယ်..။ အဲဒိနေ့က ရှန်ဟိုင်းကို ရောက်သွားတာ နေဝန်းနီ တို့လေးရောက်ပါ…။ ကိုမြင့်ဇော်ရယ် ကိုမောင်မောင်ရယ်… သူ့သူငယ်ချင်းရယ် (နာမယ်မမှတ်မိတော့လို့နော်..) ပြီးတော့မှ ကိုမောင်မောင်က သူဆေးထားတဲ့ဖန်ခွက်တွေ နေဝန်းနီဆီတွန်းပို့လိုက်တယ်……။ သူ့အဖော်ဆီက အရက်ပုလင်းကိုလည်း နေဝန်းနီ ရှေ့ချပေးပြီ….။
“ မင်းက ဒီဝိုင်းမှာ အငယ်ဆုံးဆိုတော့ မာကာ လုပ်ရမယ်…။ ဖန်ခွက်တွေထဲကို သေချာညီအောင်ဖြေးဖြေးချင်းထည့်ပေး….။ အားလုံး စုံမှထည့်ပေးမယ်…။ မြင့်ဇော်နဲ့ ခွက်လှည့်သောက်ရင်း အောက်လက်နာတယ်…။ “
တဲ့လေ….. သင်နေတာ…..သင်နေတာ…..။အရက်ငှဲ့နေတုန်း နှာခေါင်းထဲ ဝင်လာတဲ့ အရက်နဲ့က မွှန်နေတာ အနံ့ ရှူရင်းနဲ့ သွားရည်တောင်ကျလာသလိုပဲ…။ ဖန်ခွက်လေးလုံးထဲကို အရက် လက်နှစ်လုံးစီလောက် ထည့်ပေးလိုက်တယ်…။ ကိုမြင့်ဇော်က အရက်ခွက်ထဲကို ရေခဲ တစ်တုံးညှပ်ပြီး ထည့်လိုက်တယ်…။ ပြီးမှ………စာပွဲထိုးကိုလှမ်းခေါ်တယ်….။ ဆိုဒ်တစ်လုံးထပ်မှာတယ်…..။ သူကပြောသေးတယ်…။
“ ဘီအီး-ဘီယာ…..။ ရမ်-ဆိုဒါ….. ဂျင်- သံပုရာ တဲ့….။ သူ့အမျိုးအစားနဲ့သူ ရောစပ်ရမဲ့ တွဲဘက်တွေ “ တဲ့လေ…..။ ကိုမောင်မောင်တို့ကတော့ ရေ တစ်ဆကျော်ကျော်လောက်ရောပြီး အမြည်းကြော်နေတုန်း ချပေးထားတဲ့ မြေပဲကြော်နဲ့ကောက်မြည်းနေတယ်…။ ကိုမြင့်ဇော်ကိုလှမ်းကြည့်ပြီး —-
“ ဇူလိုင်လဆန်း မိုးတွင်းကြီး အရက်နဲ့ရေခဲ စပ်သောက်ရင် ကျုပ်ကတော့ လည်ချောင်းနာမှာစိုးလို့ မသောက်တော့ဘူး…။ ဆိုဒါ ဆိုတာက အစာအိမ်သမားတွေသောက်တာဗျ”
လို့နောက်နေသေးတယ်…..။ နေဝန်းနီက သူတို့နဲ့မတူပဲ… အရက်ချည့်သောက်ချလိုက်ပြီးမှ ရေခွက်ထဲက ရေနဲ့ ပလုပ်ထကျင်းလိုက်တယ်…။ ပြီးမှ မြေပဲကြော် တစ်စေ့နှစ်စေ့ ကောက်စားလိုက်တယ်…။ ဒါကိုကြည့်ပြီး….ကိုမြင့်ဇော်က
“ နေဝန်းနီက မှ အရက်သမားအစစ်”
တဲ့ လေ…..။ ကိုမောင်မောင်က —-
“ နေဝန်းနီ က အရက်သမားတင်စစ်တာ မဟုတ်ဘူး ကဗျာ သမားလည်း စစ်တယ်…။ သူ့ကဗျာတွေ ကြည့်ပါလား ……။ အားလုံး မော်ဒန်တွေ …… ဟိုတစ်ပုဒ်က အတွေးလေးမဆိုးဘူး…. စာကားလုံးယူထားတာက ပြောစရာဖြစ်နေလို့ “
ဟုတ်တယ်…။ အဲဒိကဗျာနဲ့ ပါတ်သက်ပြီး တော်တော်များများက အပြောခံရတယ်…။ ကြိုက်တဲ့သူလဲရှိတယ်..။ ခုကိုမောင်မောင်ပြောသလို မကြိုက်တဲ့ဘက်ကလဲ များတယ်…။ နေဝန်းနီရေးလိုက်တဲ့ကဗျာ အစကဒီလိုလေ…။
“သစ္စာမဲ့တဲ့ပိတောက်
တစ်နှစ်လုံးလမ်းလျှောက်နေတယ်……။ “လို့ ရေးထဲ့လိုက်တာလေ……။ ရေးလိုက်တုန်းကတော့ ဘာရယ်မဟုတ်ဘူး…။ တစ်နှစ်မှာ ဒီတစ်လ တစ်မှာဒီတစ်ရက် ပဲပွင့်တဲ့ ပန်းပိတောက် ဘာညာနဲ့ ရေးခဲ့တဲ့စာတွေနဲ့ မိုးရွာတိုင်းပွင့်နေတဲ့ လက်တွေ့ပိတောက် ကိုအမြင်ကပ်ပြီး ရေချလိုက်တာ…။ ပြီးတော့မှ လူကြီးလူကောင်းဆိုတဲ့သူတွေလည်း ဖောက်ပြန်တဲ့ အကြောင်းနဲ့ ပြန်ပိတ်ပေးလိုက်တာ…။ ကာရန်ကို လွတ်လွတ်လပ်လပ်ယူထားတော့ ရေးလိုက်ဖျက်လိုက်နဲ့ တစ်ညလုံး ရေးခဲ့ရတာ….။ အဲဒိအတွေးလေးကို ကိုမောင်မောင်က သဘောကျတယ်တဲ့ ။ ဒါပေမဲ့ ပိတောက်ပန်းနဲ့ နှိုင်းယှဉ်ပြထားတာကို သဘောမကျတာ…။သူယူဆတာက ပိတောက်ပန်းဆိုတာ တ စ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ပန်းအဖြစ်သဘောထားတယ်..။ ဒီလိုပန်းကို သစ္စာမဲ့တယ်လို့ ပြောလိုက်လို့ မကြိုက်တာ…။ သူ့အဖော်ကတော့ ရှင်းတယ်..။ ပိတောက်ပန်းဆိုတာ သင်္ကြန်ပန်းဆိုတာတော့ ဟုတ်တယ်တဲ့….။ ဒါပေမဲ့ တစ်ဆယ့်နှစ်ရာသီ ပန်းတွေထဲမှာတော့ ပိတောက်ပန်းကို ထည့်မထားဘူးတဲ့……။ တန်ခူးလရဲ့ ရာသီပန်းကို ကံ့ကော်ပန်းလို့ပဲ သတ်မှတ်ထားတာ…..တဲ့ အဲဒိတော့ အမျိုးသားရေးနဲ့ဆိုင်တဲ့ပန်းကိုပြပါဆိုရင် ကံ့ကော်ပန်းပဲဖြစ်ရမယ်တဲ့……။ အဲဒိတော့ ကံ့ကော်ပန်းကို သစ္စာမရှိဘူးလို့ မပြောရင်ပြီးတာပဲတဲ့လေ…။။ အဲဒိတော့ စကားလမ်းကြောင်းက သင်္ကြန်အကြောင်းကို ရောက်သွားပြန်ရော…….။ သင်္ကြန်ဆိုတာ ဘာသာရေးနဲ့ ပတ်သက်တဲ့ပွဲလား လူမှုရေးပွဲ သက်သက်ပဲလား……။ အဲဒါ ကျတော့ လေးယောက်လုံးက သင်္ကြန်ကို ဘာသာရေးပွဲအဖြစ် မပြောကြပါဘူး……။ လူမှုရေးပွဲအဖြစ်ပဲ သဘောထားကြတယ်…..။ အဲဒိတော့ ကိုမောင်မောင်မောင့် သူငယ်ချင်းက ဘာသာရေးပွဆြိုရင်တော့ အဲဒိလိုမရေးသင့်ဘူး …။ ချင့်ချိန်ရမယ်…။ လူမှုရေးပွဲရဲ့ ပန်းအဖြစ်ပဲ သတ်မှတ်ထားတာပဲ…။ ကဗျာရေးသူအနေနဲ့ ရေးခွင့်ရှိတာပေါ့….။ ပိတောက်ပန်းကို သစ္စာမဲ့တယ်လို့ရေးရုံမကဘူး……။ အကြောင်းပြချက်ကောင်းရင်.. အကျီးတန်တယ်ပဲပြောပြောပေါ့ တဲ့….။ ဘာသာရေးနဲ့ ပတ်သက်လာရင်တော့ တစ်မျိုးပေါ့…..တဲ့လေ…။ အဲဒိတော့ ကိုမြင့်ဇော်က
“ ဇူလိုင်လတောင်ရောက်နေပြီ…။ မင်းတို့က သင်္ကြန်ပြန်ကျနေသလား……။ ဒီမှာ မိုးလေးအေးအေးနဲ့ ရမ်လေး နဲ့ နှပ်မလို့ပါဆို….။ “
ဟုတ်ပ….။ ဇူလိုင်မိုးက အပြင်မှာတစ်ကယ်ရွာလာပြီ…။ ဒီတော့လည်း နေဝန်းနီ တို့လေးယောက်သား ဒိုရာသန်းအေးရဲ့ လှေကလေးကိုလှော်မည် နဲ့ ဘေးမသန်းပဲ အေးချမ်းစွာ ရမ်အရက်ကို သောက်ကြလေသတည်း….ပေါ့….။ ဒါနဲ့ပဲ အဲဒိညက တော်တော် များများ သောက်ဖြစ်သွားပြီးတော့ ညကျတော့ ရင်တွေပူ …။ရေထသောက် ရေအိမ်ထသွားနဲ့ အလုပ်တွေ ရှုပ်သွားတာပေါ့…။ ဒါပေမဲ့ တစ်ခုကောင်းတာက အဲဒိတုန်းက အရက်တွေက တစ်မျိုး တစ်စားတဲ့ သီးသန့်သောက်တဲ့ သူတွေအဖို့ မနက် ဒါမှမဟုတ် တစ်ရေးပြန်နိုးတဲ့ အခါမှာ ခေါင်းကိုက်တာတို့ ဘာတို့ မရှိသေးဘူး…..။
2 comments
windtalker
July 7, 2011 at 12:30 am
မာမွတ်မောင် မှန်မှန်မူး
bigcat
July 7, 2011 at 9:04 am
မေ့မောင်မှာ မိုက်မှားမိ…