အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၃၃)

နောက်တစ်ယောက်ကတော့ ပါကစ္စတန်က ပို့လိုက်တဲ့ကောင်လေး..။ဆီကန်ဒါ တဲ့။ စိတ်လှုပ်ရှားမှု နဲ့

စူးစမ်းလိုမှုတွေက ဟောခန်းကြီးထဲမှာ လှိုင်းထသွားတာ။ချာတိတ်အသစ် တစ်ယောက်ရောက်လို့တဲ့လေ။

မူစတာဖာခေါ်လာတာ..အဲဒီကောင်လေးကို။ကျွန်တော်တို့လည်း အဲဒီကောင်လေးကို ဝိုင်းကြည့်နေကြ

တာပေါ့။မူစတာဖာ က စိတ်အလှုပ်ရှားဆုံး ဖြစ်မယ်။

“ဒီကောင်လေးကို ရှာကီးလ် ရာနာ ဆီကနေ ဒီနေ့မနက်ပဲ ကျွန်တော်တို့ရလာတာ”

ပြောပြီး ကျေနပ်တဲ့ အမူအရာနဲ့ သူ့ပေါင်ကို လက်နဲ့ ဖြန်းခနဲ့ ပုတ်လိုက်သေးသဗျ။ သူပြောတဲ့ ရှာကီးလ် ရာနာ

ဆိုတာ ကလေးတွေ လိုက်ဖမ်းပြီးသူတို့လို လူဆိုးတွေဆီ ရောင်းစားတဲ့ အဖွဲ့ဖြစ်မှာပဲ။

ကောင်လေးက ဆယ်နှစ် ဆယ့်နှစ်နှစ် ထက် ပိုကြီးမယ်မထင်ဘူး။ကျွန်တော်တို့လည်းသူ့ကို

လှောင်အိမ်ထဲရောက်နေတဲ့ သတ္တဝါလေးလို ကိုင်တွယ်ကြည့်ကြတယ်။ဒါပေမဲ့ ကောင်လေးက

တိရိစာ္ဆန်တစ်ကောင်နဲ့တော့ မတူဘူးဗျ။ တီဗွီမှာလာတဲ့ ဘရစ်တန်နေးယား ဘီစကစ်ကြော်ငြာထဲက

ဂြိုဟ်သားလေးနဲ့ပဲ ပိုတူနေတာ။ခေါင်းက ဘဲဥပုံလေး၊ထိပ်ဘက်ကို ရှူးပြီး ချွန်သွားတာ။မျက်လုံးကျတော့

တရုတ်မျက်လုံးလို မှေးလို့။နှာခေါင်းက ထူပွပွနဲ့ နှုတ်ခမ်းလေးတွေက ပါးပါး။ ဟား ..တကယ့် ဂြိုဟ်သား

ပုံလေးဗျာ။ မူစတာဖာ က ပန်နူးစ် ကို လှမ်းပြောတယ်။

“ဒီကောင်လေးက ပါကစ္စတန် ပန်ဂျပ်နယ်ထဲမှာ ရှိတဲ့ ရှားဒိုလာရဲ ့ ဂူဗိမာန်ကပေါ့ဟ..

       ဒီလိုကောင်လေးတွေကို ကြွက်ကလေး တွေလို့ခေါ်ကြတယ်..”

            “သူတို့ခေါင်းလေးတွေက ဘယ်လိုဖြစ်လို့ အဲသလို ချွန်နေရတာတုန်း”

“အင်း..ငါကြားဖူးတာကတော့ ကလေးပေါက်စကတည်းက ခေါင်းကို

သံကွင်းတွေစွပ်ပေးထားတော့ ခုလို သူများနဲ့မတူတဲ့ ဦးခေါင်းပုံစံဖြစ်လာတာတဲ့..”

            “ငါ့အထင်တော့ ဒီကောင်လေးက အလားအလာအတော်ရှိမယ်..မာမန်တော့ သဘောကျမှာပဲ..”

“အေးကွ..” မူစတာဖာ ကထောက်ခံလိုက်တယ်။

“တကယ့် အဖိုးတန်လေး..”

အဲဒီ လူကြွက်ကလေးကို ကြည်ု့ပြီး အရင်က ဖာသာတီမိုးသီနဲ့ ကွန်းနော့မှာတွေ့ခဲ့တဲ့ ဝက်ဝံကို

သွားသတိရမိတယ်။ အဲဒီဝက်ဝံကို အမျိုးမျိုးလုပ်ခိုင်းပြီး လူတစ်ယောက်က ပိုက်ဆံတောင်းစားတာပေါ့။

အဲဒီတုန်းက ဝက်ဝံလေးနဲ့ မျက်လုံးချင်း ဆုံမိတော့ သူ့မျက်လုံးတွေက အရမ်းကို ဝမ်းနည်းနေတယ်လို့

ကျွန်တော့် စိတ်ထဲထင်မိတာနဲ့ ဖာသာ့ကိုတောင် မေးမိသေးတယ်။ ဝက်ဝံတွေက ငိုသလား လို့လေ။

 

*********************************************

 

ဗီရိုထဲမှာ ပုန်းနေတဲ့ ဂျစ်တူး ဆိုတဲ့ကောင်လေးကို ကျွန်တော်တွေ ့တော့ သူ့လက်ထဲမှာ ဖြူဝါဝါ

ပစ္စည်းတွေထည့်ထားတဲ့ ပလတ်စတစ်အိတ်လေး ကိုင်လို့ဗျ။အဲဒီအထုပ်ကလေးကို လက်နဲ့ဖျစ်ပြီး အိတ်အဝကို

သူ ့နှာခေါင်းနဲ့ပါးစပ်နားကိုကပ်လို့အသားကုန်ရှူနေတာ။သူ့အဝတ်အစားတွေ ကလည်း အိမ်သုတ်ဆေးနံ့

လိုလို အနံ့တွေထွက်နေတယ်။သူ့နှာခေါင်း ပတ်လည်မှာလည်း အင်ပျဉ်ထနေလို မျိုး အကွက်တွေ ဗြုတ်တွေ

ထနေတာပဲ။ပါးစပ်မှာ သွားရည်တွေနဲ့ စီးကပ်ကပ်ကြီး ဖြစ်နေတာများဗျာ။အဲဒီအထုပ်ကို နင်းကန်ရှူလို့လဲပြီးရော

သကောင့်သားရဲ ့ ပိတ်တစ်ဝက် ဖွင့်တစ်ဝက် မျက်လုံးစင်းစင်းလေးက အရောင်တောက်လာပြီး လက်တွေက

တုန်တုန်ရင်ရင် ဖြစ်လာတော့တာ။

“ဂျစ်တူး..ဂျစ်တူး..”ကျွန်တော် သူ ့ကို ဆွဲလှုပ်ပြီး –

“မင်း..မင်း ဘာလုပ်နေတာတုန်း”

အဲဒီလိုမေးတော့ ငတိက ရေနစ်နေတဲ့လူလို ဗလုံးဗထွေးနဲ ့ –

“ဟေ..ဟင်..ဘာလဲ..ငါ့ကိုလာ မရှုပ်နဲ့..သွား.ငါ..ငါ ခု လေထဲမှာ မျောနေတာ..လွင့်နေတာ

တိမ်တွေပေါ်မှာ အိပ်နေတာကွ..”

အောင်မယ်..တိမ်တွေပေါ်မှာတောင် အိပ်နေတဲ့ကောင်..ကိုင်းဟာ ဆိုပြီး ကျွန်တော် နားရင်းတစ်ချက်

ဗျင်းထည့်လိုက်တော့ ငတိလေးကချောင်းတစ်ချက်ဆိုးပြီး သလိပ်မည်းမည်းတွေ ဟပ်ထုတ်လိုက်သဗျ။

အတော်ကြာတော့ သူနည်းနည်း သတိဝင်လာပြီး-

“ငါတော့ အဲဒီကော် ကို စွဲနေပြီကွာ..ဖိနပ်ချုပ်သမားတစ်ယောက်ဆီက ဝယ်လာတာကွ..

အဲဒါလေးရှူလိုက်ရင် ဆာတာတွေ နာတာတွေ ငါမသိတော့ဘူး..မျက်လုံးထဲမှာ

အရောင်တောက်တောက်စိုစိုလေးတွေ မြင်လာတတ်တယ်..တစ်ခါတစ်လေ

ငါ့အမေကိုတောင် တွေ ့သေးတာ..”

            ကျွန်တော်လည်း သူ ့ဆီက ကော်နည်းနည်းတောင်းပြီး စမ်းကြည့်တယ်။အဲဒါ ရှူလည်း ပြီးရော

လူက အိပ်ချင်သလို ငိုက်ချင်သလို ဖြစ်လာပြီး အောက်က ကြမ်းပြင်ကြီးကပဲ ရွေ ့နေသလိုလိုထင်မိနေတယ်။

ပြီးတော့ ပုံရိပ်တွေစပြီး မြင်ရတော့တာပဲ။ထုံးစံအတိုင်း ဆာရီအဖြူဝတ်ထားတဲ့အရပ်ရှည်ရှည် အမျိုးသမီးက

ကလေးလေး တစ်ယောက်ကို ပိုက်လာသဗျ။လေတွေကလည်း တဝူးဝူးနဲ့ထန်လာလိုက်တာ အဲဒီအမျိုးသမီးရဲ့

ဆံပင်ရှည်နက်နက်တွေက လေထဲမှာ လွင့်ဝဲနေတော့ မျက်နှာတောင်ကောင်းကောင်း မမြင်နိုင်အောင်ပဲ။

ဒါပေမဲ့ ကလေးလေးက သူ ့လက်သေးသေးနဲ့အမျိုးသမီးရဲ ့ မျက်နှာကို ဖုံးထားတဲ့ ဆံနွယ်တွေကို

ဆွဲဖယ်ပစ်လိုက်သဗျ။အလိုလေးဗျာ..အမျိုးသမီးရဲ ့မျက်လုံးတွေက မည်းပြီး ချောင်ကျနေတဲ့

မျက်တွင်းဟောက်ဟောက်ကြီးထဲမှာ တလက်လက်နဲ့တောက်နေတာ။နှာခေါင်းရှည်ကြီးကလည်း

ချွန်ချွန်ကောက်ကောက်ကြီး။ဖြဲထားတဲ့ ပါးစပ်ထဲမှာချွန်ထက်နေတဲ့ သွားတွေက အစီသားဗျ။

သွေးစတွေတောင် လတ်လတ်ဆတ်ဆတ်ကြီး စွန်းကွက်ပြီး ပေကျံနေသေးတာ။ရှုံ့တွဲကျနေတဲ့

အရေပြား အရေးအကြောင်းတွေကြားထဲက လောက်ကောင်တွေလည်း ထွက်လာလိုက်တာ

အမလေး..ရွံစရာ ကြောက်စရာကောင်းလိုက်တာများ ပြောမနေနဲ့။ကလေးလည်း အဲဒါတွေမြင်

လိုက်ရော ကြောက်လန့်တကြားနဲ့ စီခနဲ အသံကုန်အော်ထည့်လိုက်ပြီး အဲဒီမိန်းမလက်ထဲကနေ

အတင်းထိုးဆင်းတော့တာပဲဗျ။

နောက်ဆို အဲဒီကော်ကို စမ်းကိုမစမ်းရဲတော့တာ။

******************************

ဒီလိုနဲ့ ကျွန်တော်တို ့ ဂီတပညာသင်ကြားရေး အစီအစဉ်ကလည်း ပြီးခါနီးလာပြီ။ ဂီတဆရာကတော့

ဆလင်းကို တော်တော်လေး အားရတယ်ဗျ။

“ကိုင်း..ဆလင်းရေ ..မင်းကတော့ အဆိုပညာမှာ အတော်လေးဆရာကျနေပြီ..အဲ..

သင်ခန်းစာတစ်ခုပဲ ကျန်တာ”

      “ဘာများလဲ ဆရာ..”

            “ဆာဒက်စ် ရဲ ့ဘာဂျန် ဓမ္မတေးတွေပေါ့ကွာ”

“ဆာဒက်စ် ဆိုတာ ဘယ်သူလဲ ဆရာ”

“အင်း..ဆာဒက်စ် က ဓမ္မပူဇာ တေးသီချင်းအဆိုပညာရှင်တွေထဲမှာ အကျော်ကြားဆုံး

ဆရာတစ်ဆူပဲကွ။သူက ခရစ်ရှ်နား အရှင်မြတ်အတွက်ဓမ္မပူဇာတေးတွေ

ထောင်ပေါင်းများစွာ သီကုံးခဲ့တာ။ တစ်နေ့တော့ ဆာဒက်စ်ဟာ ရေတွင်းဟောင်းကြီး

တစ်ခုထဲ ပြုတ်ကျပါရောတဲ့။ရေတွင်း ဟောင်းကြီးက နက်လေတော့ သူလည်း

အပေါ်ပြန်မတက်နိုင်ရှာဘူးပေါ့ကွာ။အဲဒီတော့ ရေတွင်းကြီးထဲမှာ ခြောက်ရက်လောက် နေရရှာ

            တာပေါ့ကွာ။ ဒါပေမဲ့ သူက တစ်ချိန်လုံး ဆုတောင်းနေတာတဲ့။ဒီလိုနဲ ့ခုနစ်ရက်မြောက်တဲ့နေ့မှာ

ကလေးတစ်ယောက်က သူ့ကိုမေးတဲ့ အသံကြားသတဲ့။သူ့ကို အပေါ်ဆွဲတင်ပေးမယ်ပေါ့လေ။

အဲဒါနဲ့ ဒီကလေးရဲ ့အကူအညီကြောင့် ဆာဒက်စ်ဟာ ရေတွင်းကြီးထဲက လွတ်

            မြောက်လာတာပေါ့။ ဒါပေမဲ့ အဲဒီကလေးဟာ သူလည်းရေတွင်းပေါ်ရောက်ရော

တစ်ခါတည်းပျောက်ကွယ်သွားတော့တာပဲတဲ့ဟေ့။ဒီတော့ ဆာဒက်စ်ကြီးကလည်း

ဒီကလေးဟာ ခရစ်ရှ်နား အရှင်မြတ်ကလွဲလို့တခြားမဖြစ်နိုင်ဘူး ဆိုပြီး ယုံကြည်သွားတာပေါ့။

အဲဒီနောက် တော့ ဆာဒက်စ်ဟာ သူ့ဘဝတစ်ခုလုံးကို ခရစ်ရှ်နား အရှင်မြတ်ကိုပူဇော်တဲ့

ဓမ္မတေးတွေရေးဖွဲ့ဖို့အတွက် မြှုပ်နှံလိုက်တော့တာပဲ။ကြိုးတစ်ချောင်းတပ် တူရိယာလေးနဲ့

ခရှစ်ရှ်နား အရှင်ရဲ့ ငယ်ဘဝအကြောင်းကိုခြယ်မှုန်းတဲ့ တေးကို သူက စဆိုတော့တာပေါ့။ ဒီလို..”

            ဂီတ ဆရာက အဲဒီသီချင်းကို အသံနေအသံထားမှန်မှန်နဲ့ ဆိုပြတော့တာပဲဗျ။

“အခီယန် ဟာရီ ဒါရှန်..ကီ ပြာဆီ” သူ့အဓိပ္ပါယ်က –

“အို..အရှင်ခရစ်ရှ်နား..တပည့်တော် မျက်လုံးများဟာ အရှင့်ရုပ်သွင်ကို ဆာလောင်နေရှာ..”

ကျွန်တော်လည်း စိတ်ဝင်စားပြီး ဝင်မေးမိတယ်။

“သူ့မျက်လုံးတွေက ဘာလို့ဆာလောင်နေတာလဲဗျ”

“အင်..မင်းတို့ငါမပြောခဲ့ဘူးလား..ဆာဒက်စ်က လုံးဝမျက်စိကွယ်နေတဲ့သူ ဆိုတာလေ..”

******************************

5 comments

  • ဒေါ်သဲ

    July 8, 2011 at 12:23 pm

    ပီးတေးဘူးလားဗျို့ တစ်ပုဒ်တစ်ပုဒ်ကလည်း ဖတ်ကောင်းလွန်းလို့ ခဏလေးဖတ်ရသလိုပဲ..

  • မောင်ဘလိူင်

    July 8, 2011 at 1:12 pm

    ဟုတ်ကဲ့ ဂျီးဒေါ်သဲ ရေ..ကျွန်တော့်မှာလည်း စားဝတ်နေရေးတစ်ဖက်နဲ့
    ဝါသနာအရ ရေးနေရတာဆိုတော့ ….
    သန်းကြွယ်သူဌေး ဖြစ်တဲ့နေ့ကျရင်တော့ မနားတမ်း ရေးတင်ပေးပါ့မယ်ဗျာ.. 🙂

    • MaMa

      July 11, 2011 at 3:59 pm

      ဒီ ဘာသာပြန်စာပေနဲ့ပဲ အမြန်ဆုံး သန်းကြွယ်သူဌေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
      (လူအများ ဖတ်ရအောင် တင်ပေးတဲ့ ကုသိုလ်ကောင်းမှုကြောင့်။)

  • cherrywine

    July 8, 2011 at 3:17 pm

    အားပေးနေတယ်နော် ။ အခုထိ ဖတ်ရသလောက်ဆိုရင် ရမ် ဆိုတဲ့ ကုလားလေးက လူတော်လူကောင်းလေးလို့တောင် ချီးမွှမ်းရမလိုဖြစ်နေပြီ .. ကျန်တဲ့ သူ့အရွယ်ကောင်လေး တော်တော်များများနဲ့ယှဉ်ရင်လေ ။

Leave a Reply