အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၃၅) “ရူးပီး တစ်သောင်း”

အဲဒါနဲ့ ကျွန်တော်တို့ အောက်ဆုံးထပ်က ရေချိုးခန်းထဲပြေးကြတယ်။အဲဒီ အထပ်က အပြင်ကနေ ကြည့်ရင်

မြေကြီးထဲဝင်နေတာလေ။ သံဇကာတပ်ထားတဲ့ လေဝင်ပေါက်က မြေပြင်နဲ့ တတန်းတည်းပေါ့။ အဲဒီလေဝင်ပေါက်

သံဇကာကို ဖြုတ်ပြီး ကျွန်တော်တို့ ထွက်ပြေးဖို့ စဉ်းစားမိတယ်ဗျ။ရေစိမ့်နေတဲ့ ရေပိုက်ခေါင်းက ရေကျသံ

တပေါက်ပေါက်နဲ့ မှန်မှန်လေးကြားနေရတယ်။ ပြတင်းက ဖြတ်ဝင်လာတဲ့ အလင်းဝါးဝါးအောက်မှာ ဆလင်း

မျက်နှာကို ကျွန်တော်ကြည့်မိတော့ ကိုယ့်ကိုယ်ကို အားတင်းလိုက်ရတာပေါ့။ဟုတ်တယ်..သူ အရမ်း စိုးရိမ်နေတယ်။

ထိတ်လန့်နေတယ်။ကြောက်နေတယ်။သူတင်လားဆိုတော့ ..ဘယ်ဟုတ်မလဲဗျာ..ကျွန်တော်လည်း သူ့လိုပဲပေါ့။

သံဇကာကို ဝက်အူတွေနဲ့စုပ်ပြီး ကပ်ထားတာဗျ။ ကျွန်တော် ဓါးလေးတစ်ချောင်း ရှာပြီး ဆလင်းကိုပေးလိုက်တယ်။

သူ့ကို ကျွန်တော့် ပုခုံးပေါ်တက်ပြီး အဲဒီဝက်အူတွေကို ဖြုတ်ခိုင်းရတော့တာ။

“မြန်မြန် လုပ်ဟ” ကျွန်တော်လေသံတိုးတိုးနဲ့ အံကြိတ်ပြီး ပြောနေရတယ်။

အပေါ်မှာ မာမန်းရဲ့ ငနဲတွေ ကျွန်တော်တို့အခန်းကို မွှေနေပြီ။ ဆူညံ ဆဲဆိုတာတွေကြားနေရတယ်။ကျွန်တော်တို့ကို

မတွေ့လို့ သူတို့သောင်းကျန်းနေပြီ။ ပုလင်းကွဲသံတွေ၊ ပစ္စည်းတွေလဲပြိုကျသံတွေ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့

ကြားတော့ ကျွန်တော့် အာရုံကြောတွေ ဖျိုးဖျိုးဖျင်းဖျင်း ထလာတယ်ဗျာ။ကြက်သီး မွှေးညှင်းတွေထ၊ ခေါင်းက

ဆံပင်တွေတောင် ထောင်ကုန်ပြီ မှတ်ရတယ်။ဆလင်းလည်း ကတုန်ကယင် ဖြစ်လာတယ်။ အဲဒီခဏဟာ တစ်

သက်တာမှာ အကြာဆုံးပဲ ထင်မိတယ်။ကျွန်တော့် ခေါင်းထဲမှာ ဂေဟာက ဒုက္ခိလေးတွေရဲ့ ပုံစံအမျိုးမျိုးကို

တပြိုင်နက် စုပြုံပြီး မြင်ယောင်လာတယ်။မိလို့ကတော့ကွာ..မိလို့ကတော့ကွာ..ဟုတ်တယ် မိရင်..သေတာ

ထက်ဆိုးမယ်။ကျွန်တော့် နှလုံးတွေ အပြင်းအထန်ခုန်ပေါက်လာတာများ လည်ချောင်းဝမှာ တစ်ခုခု လာတစ်နေ

သလိုမျိုး။ ဗိုက်ထဲကလည်း တလိပ်လိပ်တက်လာတယ်။ဟော..ဟော ခြေသံတွေ..ခြေသံတွေ..။ကျွန်တော့်

နှလုံးခုန်သံ ပြန်ကြားနေရတယ် ထင်လာတယ်။ကျွန်တော် အရမ်း အရမ်းကို အရင်လိုလာပြီ။နှစ်ယောက်စလုံး

ဝုန်းခနဲ အခိုးအငွေ့ဖြစ်ပြီး ပျောက်ကွယ်သွားချင်လာတယ်။ကြောက်လွန်းလို့ ဇောချွေးတွေ စိမ့်ပျံ့လာပါရော။

“တစ်ခုပဲ ကျန်တော့တယ်…အဲ..အဲဒါက တအားကြပ်နေတယ်..ငါ..ငါ မလှည့်နိုင်ဘူး..”

“လုပ်ပါ..လုပ်ပါကွာ..ထပ်လှည့်ပါဦး.. တို့အသက်က အဲဒါပေါ်မှာ မူတည်တယ်နော်..”

ကျွန်တော် ဆလင်းကို အတင်းလောဆော် လိုက်ရတယ်။ ဆလင်းလည်း အားသစ်လောင်းပြီး အဲဒီဝက်အူကို

ဓါးနဲ့ အစွမ်းကုန် ကြုံးလှည့်ပစ်လိုက်တာ..နောက်ဆုံး အဲဒီဝက်အူ ဘာခံနိုင်မတုန်း။ဝက်အူတွေ

အကုန်ဖြုတ်ပြီးတော့ သံဇကာကို ဆွဲဖယ်လိုက်တော့ အုန်းပင်တွေ လေပြေအသော့မှာ အသာအ

ယာ ယိမ်းနွဲ့နေတာ မြင်ရတယ်။ဒီအပေါက်လေးက ကျွန်တော်တို့ကိုယ်လောက်တော့ ကောင်းကောင်းကြီး

တိုးထွက်လို့ရနိုင်တာ။ ဆလင်း က အရင်ဆုံးတိုးထွက်တဲ့အချိန်မှာ မာမန်းလူတွေ အောက်ကို ဆင်းလာခါ

နီးလေးပေါ့။နောက် သူအပြင်ရောက်တော့ ကျွန်တော့်လက်ကို ဆွဲပြီး အပြင်လျှောထွက်လို့ရအောင် ကူ

ပါတယ်။ပြီးတော့ တောင်ပူစာနီးနီး ကျောက်စလစ်တွေ အုတ်ခဲကျိုးတွေပုံထားတဲ့အပုံကြီးကို ကုတ်ကတ်ပြီး

တွားတက်။အမလေး..လေးမောလိုက် ပန်းလိုက်တာမှ လွန်ရောဗျာ..။ကြောက်တာနဲ့ ရောသွားတော့ လူကလည်း

တော်တော်လေး ပြိုင်း ထွက်သွားတာပေါ့။ခဏလေး နားတဲ့အချိန်ပတ်ဝန်းကျင်ကို သတိထားလိုက်မိသေးတယ်။

ဟုတ်တယ်ဗျာ..အဲဒီညက လကလည်း သာနေလိုက်တာ လပြည့်ညလားပဲထင်မိတယ်။အသံဗလံတွေကတော့

တိတ်ဆိတ်လို့ပဲ။နှစ်ယောက်စလုံး လေကို အငမ်းမရ ရှူမိတယ်လေ။လေထဲမှာ အုန်းစိမ်းနံ့လေး တောင်ရနေတာ။

 

************************

ဂေါ်ဂါအွန်ကနေ မြို့ထဲသွားတဲ့ ရထားပေါ်မှာ ကျွန်တော်တို့ ထိုင်နေတယ်။အဲဒီည အဲဒီအချိန်က ရထားပေါ်မှာ

လူသိပ်မရှိဘူး။ကျွန်တော်တို့ထိုင်နေတဲ့တွဲမှာလည်း လူနဲနဲပဲပါတယ်။ သတင်းစာဖတ်တဲ့လူဖတ်၊ဖဲရိုက်တဲ့လူရိုက်၊နိုင်ငံရေး

အကြောင်းပြောတဲ့လူပြော၊ဟိုလုပ်ဒီလုပ် လုပ်တဲ့လူလုပ်နဲ့အေးအေးလူလူပဲ။ခဏနေတော့ အအေးရောင်းတဲ့လူတစ်ယောက်

ကျွန်တော်တို့တွဲထဲ ဝင်လာတယ်။ရေခဲပုံးထဲမှာ ရောင်စုံ တံဆိပ်စုံ အအေးပုလင်းတွေ၊ဘူးတွေ စုံလို့ပဲ။

“ကုခ်..ဖန်တာ..သမ့်စ်အပ်..လင်မ်ကာ..ဆဲဗင်းအပ်…”

သူက အသံမြင့်မြင့် စူးစူး နဲ့ အော်နေတာ။ပုလင်းလေးတွေ ကအေးစက်ပြီး ရေစက်ကလေးတွေ သီးထနေတာပဲ။ဆလင်း က

အဲဒါတွေလိုက်ကြည့်ပြီး ခြောက်သွေ့နေတဲ့ သူ့နှုတ်ခမ်းကို လျှာနဲ့သပ်နေရှာတယ်လေ။ သူ့အိတ်ကပ်လေးကို သေချာအောင်

တစ်ချက်စမ်းကြည့်သေးသဗျ။ အအေးရောင်းတဲ့လူကလည်း ဆလင်းကို မျှော်လင့်တကြီး ကြည့်နေရှာတယ်။ဆလင်းက

အအေးပုလင်းလေးတွေကြည့်နေရာက မော့လိုက်တော့ ဈေးသည်နဲ့ မျက်လုံးချင်းဆုံမိတယ်။သူ ခေါင်းခါပြလိုက်တော့

အအေးရောင်းတဲ့လူလည်း ကျွန်တော်တို့တွဲကနေ ထွက်သွားလေရဲ့။

သိပ်မကြာဘူး နောက်ဈေးသည်တစ်ယောက် ရောက်လာပြန်တယ်။မုတ်ဆိတ်နဲ့ အသက်ကြီးကြီးလူကြီး

တစ်ယောက်ဗျ။မျက်မှန်အဝိုင်းလေးတပ်လို့။ကွမ်းယာရောင်းတဲ့ ဗန်းလိုဟာမျိုး လည်ပင်းမှာ ကြိုးနဲ့ဆွဲလာတာ။

သူ့ဗန်းထဲလည်း စုံစီနဖာပဲ။သံချေးတက်နေတဲ့ ဗူးလေးတွေ၊အရောင်မှိန်မှိန်ပုလင်းလေးတွေ၊ညစ်စုတ်စုတ်

ပလတ်စတစ်ဗူးလေးတွေထဲမှာ သစ်မြစ်၊သစ်ဥတွေ၊အရွက်ခြောက်တွေ၊အစေ့တွေ ၊အမှုန့်တွေ..ဗြုတ်စဗျင်းတောင်းနဲ့။

“ယူဆွတ် ဖာဟင် ..ခရီးသွားနေတဲ့ ဟာကင်..ဟုတ်ကဲ့ ကျွန်တော် ၉၆ပါး ဝေဒနာများကို ကုသပါတယ်

..ကင်ဆာကနေ ဝမ်းချုပ်တာအထိ ကျွန်တော်ကုပါတယ်..ဟောဒီက မိတ်ဆွေများ ကိုယ့်ရောဂါ

အခြေအနေလေးသာ အမိန့်ရှိလိုက်ပါ..ကျွန်တော် ယူဆွတ်ဟာကင်…”

သူ့အတွက် အနေအထား မလှရှာဘူး။ဒီတွဲထဲမှာ ရောဂါသည်မပါဘူး ထင်ပါရဲ့။ အဲဒါနဲ့ ဟာကင်လည်း တခြားတွဲ

ဆက်လိမ့်သွားတော့တာပေါ့။သူဖြတ်သွားတော့အနံ့စူးစူး နနွင်းနံ့ ဂျင်းနံ့တွေ ဝေ့ဝဲကျန်ခဲ့တာပဲ။

ရထားပြတင်းပေါက်ကနေ မြို့ကြီးရဲ့ တမှိတ်မှိတ် တလက်လက် မီးပွင့်လေးတွေကို ကျွန်တော်ငေးနေမိတယ်။

ရထားကြီးကတော့ ကျူးကျော်ရပ်ကွက်တွေ၊အားကစားရုံကြီးတွေကို ခပ်သွက်သွက် ဖြတ်ကျော်လာခဲ့တယ်။ရထား

လမ်းဘေးက အိမ်တွေကိုရိပ်ခနဲ ရိပ်ခနဲ ဖြတ်လာတဲ့ အချိန်မှာ အိမ်တွေထဲကို ကျွန်တော်လှမ်းလှမ်းကြည့်မိတယ်။

ထိုင်နေတဲ့လူတွေ၊ တီဗီကြည့်နေတဲ့လူတွေ၊ထမင်းစားနေတဲ့တွေ၊အိပ်နေတဲ့လူတွေ..ကို လှစ်ခနဲ ရိပ်ခနဲ မြင်ရတယ်။

ကျွန်တော်တို့ ဆင်းမဲ့ဘူတာက မဝေးတော့ဘူး..ကြားထဲ နှစ်ဘူတာလောက်ပဲ ရှိတော့မယ်။ရုတ်တရက်..ကျွန်တော်တို့တွဲထဲ

ကို ဝင်လာတဲ့ ခြေသံတရှပ်ရှပ်ကို ခပ်မှန်မှန် ကြားမိတယ်ဗျ။

ကျွန်တော် လှမ်းကြည့်တော့ ပိန်လှီ စုတ်ပြတ်ပြီး အသက် ခုနစ်နှစ် ရှစ်နှစ်လောက်ပဲရှိဦးမဲ့ ချာတိတ်လေးတစ်ယောက်

တွဲဝမှာ ပေါ်လာတယ်။အပေါ်က ဝတ်ထားတဲ့ အင်္ကျီက အပြာရောင် ဖြစ်မယ်။အောက်ကတော့ ညစ်စုတ်နေတဲ့ဘောင်းဘီ

တိုလေး။တုတ်ချောင်းကလေးကို အားပြုလို့ တစမ်းစမ်း နဲ့လျှောက်လာတာ။လက်ထဲမှာလည်း ကြိုးတစ်ချောင်းတပ်

တူရိယာလေးကိုင်လို့ဗျ။သူ့တော့ ကျွန်တော်တို့ မသိဘူး။မာမန်းရဲ့ချာတိတ်တွေထဲကတော့ မဟုတ်ဘူး။

သူက ကျွန်တော်တို့နဲ့ ဆယ့်ငါးပေလောက်မှာ ရပ်ပြီး လည်ချောင်းသံ အပြည့်နဲ့ သူ့ ဖျော်ဖြေမှုကို စတော့တာ။

“ဆူန်ရီ မိန်(နီ) နိ(ရ်)ဘယ် ကီ ဘယ်လာရမ်…”

အဲဒါ ဆာဒက်စ် ရဲ့ အကျော်ကြားဆုံး ကဗျာထဲက တစ်ပုဒ်ဗျ။ “အားငယ်သူ ဖေးကူမ ဖို့ တို့များအရှင် ခရစ်ရှ်နား

ကြွတော်မူလာ..” ဆိုတာပဲ။သူ့ရဲ ့ နားဝင်ပီယံရှိလှတဲ့ တေးသံက ကျွန်တော်တို့ တွဲထဲမှာ လှိုင်းထပြီး လွှမ်းခြုံသွားတော့

ကျွန်တော့်တစ်ကိုယ်လုံး တောင့်တင်းသွားတာပဲ။ဟုတ်တယ်။မာမန်း ရဲ့ ချာတိတ်တွေ ပုံရိပ်က ကျွန်တော်တို့ခေါင်းထဲမှာ

ရုတ်ခြည်း စိုးမိုးလာလို့လေ။ ရာဂျူး ၊ရာဒေး..အသောက ရယ်..နောက် မူးလေး တို့..။ဆလင်းက  ကျွန်တော့်ကို ယောင်

ယမ်းပြီး ဖျစ်ညှစ်ထားတယ်။ကျွန်တော်လည်း ခုံထောင့်လေးကို အတင်းတိုးပြီး ကျုံ့ဝင်မိတယ်ဗျာ။ ကျွန်တော်တို့

လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကို ကောင်လေးက အာရုံခံမိတယ်နဲ့တူတယ်။ ကျွန်တော်တို့ဘက် ခေါင်းလေးငဲ့လို့

မမြင်ရတဲ့ မျက်လုံးလေးတွေနဲ့  စူးစိုက် ကြည့်နေရှာတယ်လေ။ နောက်ထပ် ငါးမိနစ်လောက်ကြာအောင် ကျွန်တော်

တို့မှာ ကလယ်ကလယ် နဲ့ သူ့သီချင်းဆုံးတဲ့အထိ နားထောင်နေရတော့တာပေါ့။ဆိုလို့ပြီးတော့ သူ့ခွက်ကလေး ကို

ကျွန်တော်တို့ရှေ့ထိုးပြီး တောင်းတာပေါ့။ တစ်တွဲလုံးမှာ မှ လူက နဲနဲရှိတာရယ်။ အကြွေလေး ဘာလေးများ ယောင်ရမ်း

ရှာတဲ့လူတောင် မရှိဘူး။

ခွက်ဗလာ နဲ့ သူတောင်းစား အဆိုရှင်ကလေးက ကျွန်တော်တို့ရှေ့ ဖြတ်ခါနီး ဆလင်းက သူ့ အိတ်ကပ်ထဲက

တစ်ခုခု ထုတ်ပြီး လက်ထဲမှာကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ပြီးတော့ ကျွန်တော့်ကို မလုံမလဲနဲ့ လှမ်းကြည့်

သဗျ။ကျွန်တော်လည်း တိတ်တဆိတ်ပဲ ခေါင်းလေးငြှိမ့်ပြလိုက်တယ်။ နာကျင်ကြေကွဲတဲ့ ခံစားချက်က ဆလင်းမျက်နှာမှာ

အထင်းသားပေါ်လာတယ်။သူ့အိပ်မက်တွေ တကယ့်ကို ပျက်စီးသွားပြီဆိုတာ လက်တွေ့မြင်လိုက်ရပြီလေ..။ဆန့်ထားတဲ့

ကောင်လေးရဲ့ ခွက်ထဲကို သူ့လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ကြေမွနေတဲ့ ..ရူးပီးတစ်ရာတန်လေး ကို ကတုန်ကရင်

နဲ့ ထည့်လိုက်ရှာတယ်။

 

************************

စမီတာ့ ကို ကျွန်တော်ကြည့်လိုက်တော့ တုန်တုန်လှုပ်လှုပ်နဲ့ မျက်နှာက တကယ်ကို ချောက်ခြားနေပုံပဲ။

“ဒီလို အပြစ်မဲ့ ကလေးတွေအပေါ်မှာ ဒါလောက်ရက်စက်တဲ့သူတွေ ရှိသေးတယ်ဆိုတာ ကျွန်မတော့ မတွေး

တတ်အောင်ပဲ”

“ဝမ်းနည်းစရာပါဗျာ..ဒါပေမဲ့ တကယ့်အဖြစ်တွေ..တကယ်ဖြစ်ခဲ့တာတွေ..အဲဒီညက ဆလင်းနဲ့ ကျွန်တော်သာ ထွက်ပြေး

လို့ မလွတ်ခဲ့ရင် ခုချိန်ထိ မြို့ပတ်ရထားတွေပေါ်မှာ သီချင်းဆိုပြီး တောင်းစားနေရမှာ..ဟို ကျွန်တော်တို့တွေ့ခဲ့တဲ့ မျက်မ

မြင်ကောင်လေးလိုပေါ့..”

“အဲဒါနဲ့ ရှင် နီးလိမာ ကုမ္မာရီ ဆီမှာ အလုပ်ဝင်ဖြစ်သွားတယ်ပေါ့..”

“ဟုတ်တယ်ဗျ”

“ဒါဆို ဆလင်းကျတော့ရော..”

“နီးလိမာ က သူ့အတွက် ဂတ်ကိုပါ မှာ အခန်းလေးတစ်ခန်းစီစဉ်ပေးတယ်လေ..”

“အဲ..ရှင်..အရင်ပြောခဲ့တုန်းက တစ်မျိုးပါလား..ရှင် ဂတ်ကိုပါက တန်းလျားမှာနေတုန်းက သတ္တုပုံလောင်းစက်ရုံမှာ လုပ်ခဲ့

တာမို့လား..”

“အဲဒါက နီးလိမာ ဆီက ကျွန်တော်ထွက်လာမှ ..အဲ..အင်း..သူ ကျွန်တော့်ကို ထားပြီးထွက်သွားမှ လုပ်တာပါဗျာ..”

“ဘာဆိုလိုတာလဲ..သူက ရှင့်ကို ထားပြီးထွက်သွားတယ်..ဆိုတာ..”

“နောက်တော့ သိပါလိမ့်မယ်ဗျာ..”

စမီတာ က နားမလည်နိုင်ဘူးဆိုတဲ့ အမူအရာနဲ့ ခေါင်းတစ်ချက်ယမ်းပြီး ဒီဗီဒီ ရီမုကွန်ထရိုးက ပလေး ဆိုတဲ့

ခလုတ်လေးကို နှိပ်လိုက်တယ်။

 

*************************

ပရမ်ကူးမားက ကင်မရာကို မျက်နှာမူပြီး-

“ဟုတ်ကဲ့..ခု ကျွန်တော် မေးခွန်း နံပါတ်လေး..ရူးပီးတစ်သောင်း အတွက် စလိုက်ကြစို ့လားဗျာ..အဲ..ခုမေးခွန်းလေးကလည်း

ရှင်းပါတယ်..ဘာမှမခက်ပါဘူး..ကိုယ်နှစ်သက်ယုံကြည်ရာ ဓမ္မပူဇာ တေးသံရှင်တွေကို သိရင် လွယ်လွယ်လေး..ဟုတ်ပြီနော်..

ခု မစ္စတာ သောမတ်စ်က သူက ဘာသာအားလုံးကို ယုံကြည်ပါတယ်လို့ ပြောခဲ့တာ ကျွန်တော်တို့အားလုံး ကြားခဲ့ပြီနော်..ကဲ

အဲဒီတော့ သူလည်း သူယုံကြည်နှစ်သက်တဲ့ ဘာဂျန်တေးတွေကို ကောင်းကောင်းသိပါစေလို့ မျှော်လင့်ကြတာပေါ့..”

သူ ကျွန်တော့်ဘက်လှည့်ပြီး..အဆင်သင့် ဖြစ်ပြီနော် လို့မေးတယ်။

“ဟုတ်ကဲ့ အဆင်သင့်ပါပဲ”

“အိုခေ..မေးခွန်း နံပါတ်လေး..မျက်မမြင် ကဗျာဆရာကြီး ဆာဒက်စ်က ဘယ်နတ်ဘုရားကို ကိုးကွယ်ဆည်းကပ်ခဲ့ပါသလဲ တဲ့..

(က)ရမ် (ခ)ခရစ်ရှ်နား (ဂ) သျှီဝ (ဃ)ဗြဟ္မာ

တီးလုံးလေး စလာပြီ..။

“(ခ)ခရှစ်ရ်နား”

“ခင်ဗျာ..တစ်ရာ ရာခိုင်နှုန်း သေချာတယ်နော်..”

“ဟုတ်ကဲ့”

ဒရမ်သံတွေ ထုံးစံအတိုင်း ဆူတက်လာပြီးတော့ အဖြေမှန်ကို ထိုးပြပါတော့တယ်။

“ဟုတ်ကဲ့ လုံးဝ တစ်ရာရာခိုင်နှုန်း မှန်ကန်ပါတယ်ခင်ဗျား..ခုဆိုရင် ရူးပီးတစ်သောင်းရရှိသွားပါပြီ..”

ပရမ်ကူးမား အဲဒီလိုကြေညာလိုက်တော့ ပရိသတ်က လက်ခုပ်တွေ ထတီးကြတယ်။ပရမ်ကူးမားက သဖြီး (သွားဖြီး)

ကြီးနဲ့။ကျွန်တော်လား..

လုံးဝ ပတိပဲ။

7 comments

  • Pont Pont

    July 11, 2011 at 3:16 pm

    ကြိုးစားထား မောင်ဘလှိုင်ရေ…
    ဒါမှ စာဖတ်သူတွေ အချိတ်အဆက်မိမယ်လေ..
    ကျေးဇူးတင်တယ်နော်..ကိုယ်.ဟာကို ဆို မဖတ်ဖြစ်ဘူးလေ..
    အချိန်ကို ဆက်တိုက် ပေးရတယ် မဟုတ်လား..

  • MaMa

    July 11, 2011 at 4:43 pm

    မြန်မာပြည်က ရထားပေါ်မှာလိုပါပဲလား။ ဈေးသည်တွေ တစ်ယောက်ပြီး တစ်ယောက် တက်လာပြီး အမျိုးမျိုး အဖုံဖုံရောင်းကြတာတွေ၊ တောင်းစားတဲ့သူတွေကို မျက်စေ့ထဲတောင် မြင်ယောင်လာတယ်။

  • မောင်ဘလိူင်

    July 12, 2011 at 11:37 am

    ဟုတ်တယ်ဗျ..။ဒီဝတ္ထုဖတ်ပြီး တချို့ဟာတွေက ဗမာပြည်အနေအထားနဲ ့တော်တော်တူပါလား
    လို့တွေးမိတယ်။

  • မောင်ဘလိူင်

    July 12, 2011 at 11:43 am

    ဟုတ်တယ်ဗျ..။ဒီဝတ္ထုဖတ်ပြီး တချို့ဟာတွေက ဗမာပြည်အနေအထားနဲ ့တော်တော်တူပါလား
    လို့တွေးမိတယ်။ နောက်ပြီးတော့ ဇာတ်လမ်းက ခုမှ အစရှိသေးတာ..နောက်မှ အလှည့်အပြောင်း
    အချိတ်အဆက်လေးတွေ ကို သိလာမှာ..။အားပေးသူအပေါင်းကို ကျေးဇူးတင်ပါတယ်။
    (ကိုယ့်ဟာကိုယ် ဆတ်ဆော့ပြီးရေးထားတာကို ဖတ်ပေးတဲ့သူတွေရှိတယ်ဆိုတော့
    တကယ်ကျေးဇူးတင်မိတာ 🙂 )

  • naywoonni

    July 12, 2011 at 4:45 pm

    ဟဲလို ကိုဘလှိုင်…။ ဘာမှတ်ချက်မှ မရေးဖြစ်ပေမဲ့ နေဝန်းနီလည်းဖတ်နေတယ်လို့ မှတ်ပေးပါ..။ ဘာလို့လဲဆို နေဝန်းနီက ABCD လေးလုံးပဲသိတာလေ..။ ဘာသာပြန်တာလို့ သိရရချင်း ပြန်ရှာဖတ်နေပါတယ်..။ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ကို အွန်လိုင်းပေါ်မှာ ကိုယ်ကျိုးစွန့်ပြီးလုပ်နေတာဆိုတော့ ဂုဏ်ယူပါတယ်..။ ဂုဏ်လည်းပြုရမှာပေါ့..။ ဒါပေမဲ့ ကိုဘလှိုင်ရေ.. .. မှတ်ချက် အရနဲလို့ ဝမ်းမနဲလေနဲ့..။ ဆရာကြီးတစ်ယောက်ပြောဖူးတယ်..။ ကောင်းပြိးဆိုရင် ခံရပြီသာမှတ်တဲ့ ..။ အော်ဘာမပေးတာက ကောင်းလွန်းလို့ ဘာပြန်ပြောရမှန်းကိုမသိလို့ ဘာမှမပြောတာ..။

  • nature

    July 12, 2011 at 8:10 pm

    ဘာသာပြန်ဝတ္ထုတွေကို ကြိုက်တယ်။ မောင်ဘလှိုုင်ဘာသာပြန်တာလည်း ကောင်းတယ်။ ခုလို ကြိုးကြိုးစားစား တင်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။

  • ဒေါ်သဲ

    July 13, 2011 at 11:49 am

    မျှော်သူ မောပြီ… ဆက်ပီးတော့ မတင်သေးဘူးလားဗျို့<<<<

Leave a Reply