မိတ်ဆွေပေးသွားသောဦးထုပ်ခြောက်လုံး
“မိတ်ဆွေကို ကျုပ်တစ်ခုအတပ်ပြောလိုက်မယ်။ ခင်ဗျားမှာ ပြဿနာတစ်ခုရှိနေရမယ်”
တနေ့က မြို့ထဲမှအပြန် လမ်းမှာတွေ့သော မိတ်ဆွေဟောင်းတစ်ဦးက ကျွန်တော့်မျက်နှာကို
ကြည့်ပြီး ဗေဒင်ဆရာအိုက်တင်အပြည့်နှင့် ပြောလိုက်ခြင်းဖြစ်သည်။
ကျွန်တော်လည်း စိတ်အငေါ်တူးတူးဖြင့် “ဟုတ်ပါ့ကိုယ့်လူရာ။ ပြဿနာဆိုတာ တစ်ခုမပြောနဲ့ ပြဿနာပေါင်း
သောင်းခြောက်ထောင်နဲ့ဗျ။ ကျုပ်မှာနေ့တိုင်း ခေါင်းကိုပူနေတာပဲ” ဟုပြောမိ၏။
ထိုမိတ်ဆွေက အောင်နိုင်သူလေသံဖြင့် “ဒါဆိုရင်တော့ ခင်ဗျား
ဦးထုပ်ခြောက်လုံးဆောင်းဖို့တော့လိုနေပြီဗျို့”။
ကျွန်တော်လည်း “ေတာ်စမ်းပါကိုယ့်လူရာ။ နဂိုကမှ ခေါင်းတွေပူနေရတဲ့အထဲ ဦးထုပ်ခြောက်လုံးမပြောနဲ့ တစ်လုံးတောင် မဆောင်းနိုင်ပါ
ဘူးဗျာ။”
ထိုအခါ မိတ်ဆွေကြီးက လောကတွင်အလွန်သနားဖွယ်ကောင်းသော သတ္တဝါတစ်ကောင်ကို
မြင်တွေ့ရသဖြင့် စိတ်ပျက်လက်ပျက်ဟန် ခေါင်းကိုခါယမ်းရင်း “နိုး နိုး။
တကယ့်ဦးထုပ်ကိုပြောနေတာမဟုတ်ဘူးဗျ။ ကဲဗျာ ခင်ဗျားနားလည်ေအာင်
လင်းရတော့မှာပေါ့။ ဟောဟိုက လက်ဖက်ရည်ဆိုင်သွားကြရအောင်။ ကျွန်တော်တိုက်ပါ့မယ်။ “
ကျွန်တော်လည်း ယောက္ခမအမွေတွေရထားသော သူဌေးသားမက်ပုံဖမ်းထားသည့် သူ့အား
မယုံနိုင်ဟန်ဖြင့် ကြည့်နေရာ သူကပင် အတင်းလက်ဆွဲခေါ်သဖြင့် လက်ဖက်ရည်ဆိုင်ထဲ
မလိုက်ချင် လိုက်ချင်ဖြင့် ကန့်လန့်ပါသွားတော့သည်။
“ညီလေးရေ။ ချိုကျတစ်ခွက် ပေါ့စိမ့်တစ်ခွက်။ မုန့်တွေရှိတာချကွာ” ထို့နောက်
လက်ဖက်ရည်ချိုကျကို တစ်ငုံသောက်လိုက်၊ ဆေးပေါ့လိပ်တစ်ရှိုက်ဖွာလိုက်ပြီး သူက “ဒီလိုဗျ။
ခင်ဗျားတို့ ကျွန်တော်တို့အများစုဟာ ပြဿနာတစ်ခုကို ချဉ်းကပ်တဲ့အခါမှာ အမြင်နှစ်မျိုးနဲ့ပဲ
ဆုံးဖြတ်လေ့ရှိတယ်ဗျ။ အကောင်းဖက်က တွေးပြီးဆုံးဖြတ်တာရယ် အဆိုးဘက်ကကြည့်
ဆုံးဖြတ်တာရယ်ပေါ့။ ဥပမာဆိုပါတော့ဗျာ။ ကျွန်တော်က ခင်ဗျားဆီက ပိုက်ဆံ
တစ်သိန်းချေးတယ်ဗျာ၊ ခင်ဗျားချေးသင့်. . .မ . .ချေး”
“ဟာဗျာ။ မချေးနိုင်ပါဘူး။ ကိုယ့်ဟာနဲ့ကိုယ်တောင်မနည်းလောက်အောင်သုံးနေရတာ။
အိမ်က မိန်းမနဲ့တော့ ရန်တိုက်မပေးပါနဲ့။”
” ဥပမာလေဗျာ၊ ခင်ဗျားကလည်း ဥပမာလေးတောင်အပေးမခံဘူးလား “
” ကဲ ထားပါတော့။ ဆက်ပြောစမ်းပါဦး။ “
” အခုခင်ဗျားကပြောတယ်။ မချေးနိုင်ဘူးတဲ့။ ဒါဘယ်အမြင်ကပြောတာလဲ။ အပျက်သဘောက ခင်ဗျားစဉ်းစားလိုက်တာပဲ။
ကိုယ့်မှာလည်းသုံးရဦးမယ်၊ ပြန်မရရင် ဆိုတဲ့ဘက်ကစဉ်းစားတာ။ ဒီတော့ ကျွန်တော်က ငွေတစ်သိန်းကို နှစ်ဆယ်တိုးပေးမယ်ဗျာ။
တစ်လပဲကြာမယ်။ အာမခံ အနေနဲ့ တစ်ခုခုပေးထားမယ် ဒီလိုဆိုရင်ကော “
“ဟာ ဒါဆိုရင်တော့ ချေးသင့်တာပေါ့“
“ကဲ ခင်ဗျားက အခုကျတော့ အပြုသဘောဘက်ကစဉ်းစားလိုက်တာ။ အကျိုးအမြတ်ဘက်က ကြည့်ပြီးဆုံးဖြတ်တာ။
ဒါပဲဗျ ကျွန်တော်တို့ရဲ့ သမရိုးကျ စဉ်းစားဆုံးဖြတ်မှုက အရှုံးနဲ့အမြတ်၊ အကာင်းနဲ့အဆိုး၊ အပြုနဲ့ အပျက် အကြောင်းနဲ့အကျိုးဆီလျော်မှု ဆိုတဲ့ရှုထောင့်နှစ်မျိုးကနေဆုံးဖြတ်ကြတာပဲ။“ ဟုပြောရင်း လက်ဖက်ရည်တစ်ကျိုက်မော့သောက်လိုက်ပြန်သည်။
ကျွန်တော်လည်း ရေနွေးကြမ်းတစ်အိုးထပ်မှာရင်း “ဟုတ်ပါပြီ။ ဦးထုပ်ခြောက်လုံးနဲ့ ပိုက်ဆံချေးတာနဲ့ ဘာဆိုင်လို့တုံးဗျ။“ဟုစိတ်မရှည်စွာမေးမိသည်။
သူက အကွက်ဆိုက်သွားပုံဖြင့် “ဒါပေါ့ဗျာ။ ပြဿနာတိုင်းကတော့ ပိုက်ဆံချေးတဲ့ ကိစ္စလို ဖြေရှင်းဖို့ ဘယ်လွယ်မလဲ။
သမရိုးကျပြဿနာတွေအတွက်ကတော့ အခက်အခဲမရှိပေမယ့် စီးပွားရေး၊ နိုင်ငံရေးလိုအဖွဲ့အစည်းနဲ့လုပ်ရတဲ့ ကိစ္စမျိုးတွေကျတော့
အမြဲတမ်း ရှုထောင့်နှစ်ခုထဲကပဲ စဉ်းစားဆုံးဖြတ်လို့မဖြစ်ဘူးဗျ။ ဒီအခါမျိုးမှာ ကျွန်တော်ပြောတဲ့ ဦးထုပ်ခြောက်လုံးစဉ်းစားနည်းကို သုံးသင့်တယ်။”
ကျွန်တော်လည်း လက်ပတ်နာရီကိုလှမ်းကြည့်လိုက်မိသည်။ ဘတ်စ်ကားကလည်း ဒီနေ့ကျမှ ကြာနေသည်။ စားပွဲပေါ်က လက်ဖက်ရည်လည်းတစ်ဝက်လောက်ကျန်နေသေးသည်။ မိတ်ဆွေကလည်း သူ့စကားပြီးမှ ထမည့်ပုံပေါ်သဖြင့် ” ကဲ ဆက်ရှင်းစမ်းပါဦးဗျာ” ဟုလမ်းကြောင်းပေးလိုက်ရသည်။
သူက ” ဒီနည်းက ဒေါက်တာ ဒီဘိုးနိုး ဆိုတဲ့ပုဂ္ဂိုလ်ကတီထွင်ခဲ့တဲ့ ပြဿနာဖြေရှင်းနည်း တစ်ရပ်ပေါ့ဗျာ။ ဒီဘိုးနိုးက ဦးထုပ်ခြောက်လုံးကို
ဖြူ၊ နီ၊ နက်၊ ဝါ၊ စိမ်း၊ ပြာဆိုပြီး အရောင်ခြောက်မျိုးခွဲထားတယ်။ အရောင်တစ်ခုစီက စဉ်းစားပုံနည်းလမ်းတစ်ခုစီပေါ့ဗျာ။ “
” အဖြူရောင်ဦးထုပ်စဉ်းစားနည်းက အချက်အလက်တွေကိုဦးစားပေးချဉ်းကပ်တယ်။ ကိုယ့်မှာ ရှိထား သိထားတဲ့ ကိန်းဂဏန်းတွေ၊
စာရင်းဇယားတွေ အဲဒီအပေါ်မှာ မူတည်ပြီး ကောက်ချက်ချတယ်။ အတိတ်ကဖြစ်ပျက်ခဲ့တဲ့အချက်အလက်၊ အနာဂါတ်အလားအလာတွေနဲ့ နှိုင်းယှဉ်လေ့လာတယ်။ စိတ်ခံစားမှုမပါဘဲ ကျိုးကြောင်းဆီလျော်မှုကိုဦးတည်တယ်။
“အနီရောင်ဦးထုပ်ကျတော့ ပြဿနာကို စိတ်ခံစားမှုကိုနဲ့ကြည့်တယ်။ ကိုယ့်စိတ်ကူးစိတ်သန်း၊ ထိုးထွင်းနိုင်စွမ်း နဲ့ဆုံးဖြတ်တယ်။ ကျိုးကြောင်းဆီလျော်မှုထက် တခြားသူတွေဘယ်လို စိတ်ခံစားမှုနဲ့တုန့်ပြန်မလဲဆိုတာကိုလေ့လာတယ်။”
” ဦးထုပ်အနက်ဆောင်းပြီဆိုရင်တော့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို မကောင်းတဲ့ဘက်ကအမျိုးမျိုး လှည့်တွေးတော့တာပဲ။ သတိကြီးစွာ ထားပြီး ခံစစ်ဘက်ကအမြဲတမ်းနေတယ်။ ဘာကြောင့် အလုပ်မဖြစ်မှာလဲ ဆိုတာကိုရအောင်တွေးတယ်။ ရှင်းရှင်းပြောရရင် အားနည်းချက်တွေလိုက်ထောက်တယ်ပေါ့ဗျာ။ ဒီတော့ အလုပ်စမလုပ်ခင် အားနည်းချက်တွေကိုပြင်၊ လိုအပ်တဲ့ အရေးပေါ် စီမံကိန်းတွေကြံစည်ရတာပေါ့။ ကျွန်တော်တို့အများစုက အလုပ်တစ်ခု လုပ်ရင် တွက်ရေးကစက်သူဌေးဆိုသလို အကောင်းချည်းမြော်လင့် တတ်ကျတာမဟုတ်လား။ ဒီနည်းက ကိုယ့်ကို လာမယ့်အခက်အခဲတွေ ရင်ဆိုင်ဖို့ ပြင်ဆင်ပေးရာရောက်တယ်လေ။”
မိတ်ဆွေလည်း မောသွားဟန်ဖြင့်ခဏရပ်နေလိုက်သည်။ ရေနွေးကြမ်းတစ်ခွက်မော့သောက်လိုက်ပြီး
မီးသေနေသောဆေးပေါ့လိပ်ကို မီးညှိရင်း ” ဒါနဲ့ စကားမစပ် ခင်ဗျားမိန်းမ အခုအရင်အကုမ္ပဏီမှာလုပ်တုန်းပဲလား။” ဟုကျွန်တော့်ကိုမေးလိုက်သည်။
” မလုပ်တော့ဘူးဗျ။ သူများလက်အောက်မှာလုပ်ရတာ မကြီးပွားနိုင်ဘူးတဲ့။ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်ဆိုပြီး
ရပ်ကွက်ထဲမှာ ဆိုင်ခန်းတစ်ခန်းရှာပြီး အထည်ဆိုင်လေးဖွင့်ဖို့ ပြင်နေတယ်။ သူ့ကြည့်ရတာတော့ တက်ကြွနေတာပဲ။”
“အေးဗျာ။ သူစိတ်ချမ်းသာနေရင်ကောင်းတာပေါ့။ ဒီဘိုးနိုးကတော့ ဒီလိုဟာမျိုးကို အဝါရောင်ဦးထုပ်ဆောင်းတယ်လို့ ဆိုတယ်။
အကောင်းမြင်စဉ်းစားတဲ့ပုံမျိုးပေါ့။ ကိုယ့်ဆုံးဖြတ်ချက်ရဲ့ ရလာဒ်၊ အကျိုးအမြတ်တန်ဖိုးတွေကို ရနိုင်သမျှစုစောင်းရှာဖွေတယ်။
ဘာကြောင့်အောင်မြင်နိုင်တယ်ဆိုတာကိုကြည့်တယ်။ ဒီစဉ်းစားပုံက အခက်အခဲတွေနဲ့ အနာဂါတ်ဝေဝါးနေတဲ့အခါမျိုးမှာ ရှေ့ဆက်သွားဖို့
ခွန်အားဖြစ်စေတာတော့အမှန်ပဲဗျ။”
ထိုအချိန်မှာပဲ ကျွန်တော်စီးရမည့် ဘတ်စ်ကားတစ်စင်းဆိုက်လာသည်။ ရုံးဆင်းချိန်ဖြစ်နေသည့်အတွက် တိုးမရအောင် ပြွတ်သိပ်ကျပ်နေသည်။ မိတ်ဆွေရဲ့ စကားလည်းမပြတ်သေးသည့်အတွက်
“အစိမ်းရောင်ဦးထုပ်ကကောဘယ်လိုလဲဗျ ဆက်စမ်းပါဦး။” ဟုမေးလိုက်သည်။
“အင်း. . . အစိမ်းရောင်ဦးထုပ်က တီထွင်ဖန်တီးတဲ့အတွေးနဲ့ သုံးသပ်ရတာ။ ပြဿနာကို အရင်တုန်းက မသုံးဖူးတဲ့နည်းတွေ၊ တခြားဖြစ်နိုင်ခြေတွေကို လွပ်လွပ်လပ်လပ် စိတ်ကူးတဲ့နည်းပါပဲ။ သူ့မှာက ဝေဖန်သုံးသပ်မှု နည်းနည်းပဲပါတယ်။ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အခါမှာ စိတ်ကူးသစ်တွေများများရအောင်လုပ်တာပေါ့။
“နောက်ဆုံးဦးထုပ်ဖြစ်တဲ့ အပြာရောင်ဦးထုပ်ကတော့ အကြီးအကဲလုပ်တဲ့သူတွေ၊ ဆွေးနွေးပွဲတွေမှာ ဥက္ကဌလုပ်ရတဲ့သူတွေ အတွက်ပဲ။ သူတို့က အခုပြောသွားတဲ့ စဉ်းစားနည်းတွေကို ခြုံငုံသုံးသပ်ရတာ။ ပြီးတော့မှာ ဘာလုပ်မယ်ဆိုတဲ့အချက်ကို ရှေ့ဆက်သွားရတာပေါ့။
” ဒီတော့ အပေါ်ကပေးခဲ့တဲ့ ပိုက်ဆံချေးတဲ့ဥပမာကို ဦးထုပ်ခြောက်လုံးနည်းသုံးပြီးစဉ်းစားကြည့်ရအောင်။
ဒီကိစ္စမှာ နောက်ဆုံး ဆုံးဖြတ်ရမှာက ပိုက်ဆံချေးဖို့ မချေးဖို့ပဲ။
အဖြူရောင်နည်းနဲ့ဆိုရင် ခင်ဗျားက ကျွန်တော့်ရဲ့ အရင်တုန်းက ပိုက်ဆံချေးတဲ့အခါမှာ ပြန်ဆပ်ဖူးလား။ အမေ့ခံဖူးလား။ ဒီပိုက်ဆံကို ငါအရှုံးခံနိုင်လား စတာတွေကို ကြည့်မယ်။
အနီရောင်နည်းနဲ့ဆိုရင် မိတ်ဆွေအချင်းချင်းဖြစ်တဲ့အတွက် ခင်မင်မှုကိုကြည့်မယ်။ ပြန်ဆပ်မှာပါ။ ဒါမှမဟုတ် ပြန်မဆပ်မဲ့လူ ဆိုတာ ခင်ဗျားစိတ်ရဲ့ယုံကြည်မှုနဲ့ဆုံးဖြတ်မယ်။
အနက်ရောင်နည်းနဲ့ဆိုရင် အကယ်၍ သူပြန်မဆပ်ခဲ့ရင် ဘယ်လိုရအောင်ပြန်ယူမလဲ။ စာချုပ်ချုပ်ထားမလား၊ အပေါင်ပစ္စည်း ယူထားမလား။ စတာတွေကိုစဉ်းစားမယ်။
အဝါရောင်နည်းနဲ့ဆိုရင်တော့ ဗျာ . . .” သူ့စကားမဆုံးသေးခင်မှာ ခါးတွင်ချိတ်ထားသော သူ့ဂျီအက်စ်အမ်ဖုန်းမှ “ကိုကို ဖုန်းလာနေတယ်” ဆိုသည့်အသံ အဆက်မပြတ်ထွက်ပေါ်လာလေသည်။ သူလည်း ဖုန်းနှင့်စကားပြောရင်းမှ “အိမ်ကမိန်းမ ဈေးဝယ်ခိုင်းထားတာ မပြီးသေးဘူးဗျို့။ အခုလှမ်းမေးနေပြီ။ စကားပြောလို့ကတော့ကောင်းတယ်။ နောက်မှ ဆက်ဆွေးနွေးကြတာပေါ့ဗျာ။ ဟောဒီမှာ ကျွန်တော့လိပ်စာကတ်ဟု လှမ်းပေးကာ ပိုက်ဆံရှင်းရန် ကောင်တာသို့ ခပ်သုတ်သုတ်ထွက်သွားလေတော့သည်။
ကျွန်တော်လည်း သူ့ကိုနှုတ်ဆက်လိုက်ပြီး ရောက်လာသည့်ဘတ်စ်ကားပေါ် တက်လိုက်တော့ ညနေ ၆နာရီတောင်ကျော်သွား ပါ ပြီကော။ အပြန်လမ်းတစ်လျောက် ဘတ်စ်ကားကျပ်ကျပ်ပေါ်တွင်ကား သူ၏မဆုံးသေးသော ဦးထုပ်ခြောက်လုံးအကြောင်းကို တွေးရင်း အိပ်ငိုက်ကာလိုက်ပါလာမိလေတော့သည်။
နည်ရဲဇော်
၂၇-၆-၂၀၁၁
4 comments
MaMa
July 12, 2011 at 9:34 pm
ဦးထုပ်ခြောက်လုံးနဲ့ သင်ထားတာတွေအပေါ် အခြေခံပြီး ဖြည့်စွက်လိုက်မယ်။
အဝါရောင်နည်းနဲ့ဆိုရင် သူပြန်ဆပ်မှာပါ မဆပ်ရင်လည်း အလှူပေါ့လို့ တွေးပြီး ငွေချေး ပေးလိုက်မယ်။
အစိမ်းရောင်နည်းနဲ့ဆိုရင် သူ့ရဲ့ လက်ရှိ လုပ်ငန်းရဲ့ အခြေအနေ၊ အကျိုးအမြတ်တွေကို ကြည့်မယ်။
အပြာရောင်နည်းနဲ့ဆိုရင် အရင်က ငွေချေးတုန်းက သူရဲ့ တုန့်ပြန်မှု၊ အခုလက်ရှိ လုပ်ငန်းအခြေအနေ၊ ဆုံးရှုံးရင် အစားပြန်ရနိုင်ဖို့ အပေါင်ပစ္စည်း တွေကို ကြည့်ပြီး ဆုံးဖြတ်မယ်။
nature
July 12, 2011 at 10:57 pm
ဘာပဲဖြစ်ဖြစ် ငွေချေးမယ်ဆိုရင်တော့ အပေါင်နဲ့ စာချုပ်နဲ့ခိုင်ခိုင်မာမာ လုပ်သင့်တယ်။ ဒီကြားထဲကပဲ ဆုံးရှုံးတာတွေ ရှိသေးတယ်။
pan pan
July 13, 2011 at 11:18 am
ငွေမရှိ ကတိမတည် ဆိုသလိုဖြစ်သွားဦးမယ်
အရင်အခေါက်တွေတုန်းက ပြန်ဆပ်ပါရဲ့
အရမ်းရင်နှီးတဲ့မိတ်ဆွေလည်း ဖြစ်ပါရဲ့
စီးပွားရေးလည်း ကောင်းပါရဲ့
နောက်မှ စီးပွားရေးအဆင်ပြေဖြစ်သွားရင်တော့….
အပြာရောင်နဲ့ အနက်ရောင်နည်းနဲ့လည်းလုပ်လို့မရခဲ့ရင်တော့…
မမပြောသလို အဝါရောင်လေးနဲ့ပဲ စိတ်ဖြေရမှာပေါ့နော်…..
(အဝါက ဓမ္မနဲ့ နွှယ်တဲ့အရောင်မလား)
nature
July 13, 2011 at 2:09 pm
ငွေမရှိ ကတိမတည်က တော်သေးတယ်။ တချို့ကချေးကတည်းက ပြန်ပေးဖို့ ရည်ရွယ်ချက်မရှိဘူး။
တချို့ ကတော့ မရှိတာတောင် တဖြေးဖြေး ဖဲ့ဆပ်တယ်။