ဩကာသ ရှင်းတမ်း
ဩကာသ – ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို ဩကာသဟု ခေါ်သည်။ လေးနက်စေလိုသောကြောင့် လည်းကောင်း၊ ထင်ရှား ပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း ဩကာသကို သုံးကြိမ်ဆိုရပါသည်။
ကံသုံးပါး – ကိုယ်ဖြင့်ပြုသော အမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသော အမှုကို ဝစီကံ၊ စိတ်ဖြင့် ကြံသောအမှုကို မနောကံဟု ခေါ်သည်။
ရတနာ – နှစ်သက် မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။
ဘုရား – တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရား – အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့် တရားဟု ခေါ်ပါသည်။
သံဃာ – အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်း ထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
အရိုအသေ – ကိုယ်၊ နှုတ်၊ စိတ် သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။
အလေးအမြတ် – တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
ရှိခိုး – ရှိခိုးခြင်းမှာ ကိုယ်ဖြင့် ရှိခိုးခြင်း၊ နှုတ်ဖြင့် ရှိခိုးခြင်း၊ စိတ်ဖြင့် ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။ ကိုယ်ဖြင့် ရှိခိုးခြင်း ဆိုသည်မှာ ရတနာသုံးပါး မိဘဘိုးဘွား ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကို ခေါ်သည်။ နှုတ်ဖြင့် ရှိခိုးခြင်း ဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။ စိတ်ဖြင့် ရှိခိုးခြင်း ဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှာ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။ (ထိခြင်းငါးပါး – ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး)
ပူဇော် – ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း ၂ မျိုးရှိသည်။
ဖူးမြော် – ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိညဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
မာန်လျှော့ – မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချ ဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်ရာ၌ ထားခြင်း) ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟု မှတ်ပါ။
ကန်တော့ – အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟု ခေါ်သည်။ အပြစ်ရှိ၍ ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့်ခြင်းဟု ၂ မျိုးရှိသည်။ (ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်,ကျောက်၍ ကုသိုလ်ကို တော့,ယူခြင်းကို ဆိုလိုသည်)
အပါယ် – ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသော အရပ်ကို အပါယ်ဟု ခေါ်သည်။
ကပ် – ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
ရပ်ပြစ် – မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။ (ရှစ်ပါးရှိသည်)
ရန်သူ – ရေ၊ မီး၊ မင်း၊ သူခိုး၊ အမွေခံ အမွေဆိုး။
ဝိပတ္တိ – ဖောက်ပြန် ချွတ်ယွင်းခြင်းကို ဝိပတ္တိဟု ခေါ်သည်။ (ဂတိ၊ ဥပဓိ၊ ကာလ၊ ပယောဂ)
ဗျသန – ဆွေမျိုး၊ ဥစ္စာ၊ ရောဂါ၊ အယူ၊ အကျင့် ပျက်စီးခြင်းကို ဗျသနဟု ခေါ်သည်။
မဂ် – နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟု ခေါ်သည်။
ဖိုလ် – မဂ်၏ အကျိုးတရားကို ဖိုလ်ဟု ခေါ်သည်။
နိဗ္ဗာန် – ရာဂ၊ ဒေါသ၊ မောဟတို့၏ ကင်းရာ ငြိမ်းအေးမှု ဓာတ်သဘောကို နိဗ္ဗာန်ဟု ခေါ်သည်။
နမော တဿ – ဘုရားကို ရိုသေလေးစားခြင်း အစဉ်အလာကို ထိန်းသိမ်းခြင်း အနေဖြင့် “နမော တဿ” ကို သုံးခေါက် ရွတ်ဆိုရသည်။
သရဏဂုံ – ဗုဒ္ဓဘာသာ စစ် မစစ် သရဏဂုံဖြင့် တိုင်းတာရသည်။
ယခု ဩကာသ ရှင်းတမ်းအား ဆယ်စောင်တွဲ မြန်မာပြန်ကျမ်းမှ ကောက်နုတ်၍ အများသူငါ ဗဟုသုတ အလို့ငှာ ဖော်ပြရခြင်း ဖြစ်ပါသည်။
အံစာတုံး
(anzartone.freezoka.net)
One comment
MaMa
July 14, 2011 at 8:01 pm
ဒါကတော့ မြန်မာပြည်က ဗုဒဘာသာဝင်တိုင်း ကျက်စရာမလိုပဲ အလွတ်ရနေတဲ့ ဩကာသ ကန်တော့ချိုးပေါ့။ နောက်တခုကတော့ မဟာစည်ဩကာသ ရှိသေးတယ်။