“ကိုပေါက်လမ်းသလားနေသည်- အပိုင်းငါး(ဆွေမျိုးတွေဆုံတဲ့ ရန်ကုန်ကမင်္ဂလာပွဲကလေး)
“ကိုပေါက်လမ်းသလားနေသည်- အပိုင်းငါး(ဆွေမျိုးတွေဆုံတဲ့ ရန်ကုန်ကမင်္ဂလာပွဲကလေး)
(29-6-2011) မင်္ဂလာဆောင်ကျင်းပမယ့်ရက်မှာ မနက်လေးနာရီလောက်ကတည်းက တအိမ်လုံးလှုပ်လှုပ်ရွရွ။
ဒီတော့အိပ်ရေးမဝပေမယ့်လဲ အိမ်ယာကထရပါတော့တယ်။
5နာရီကျော်ကျော်လောက်မှာတော့ အလှပြင်မယ့်သူတွေထက်အရင် ရေအမြန်ချိုး ရပါတယ်။
မင်္ဂလာဆောင်ကို ဘယ်အချိန်သွားမလဲဆိုတာမေးတော့ ကိုးနာရီအိမ်ကထွက်မယ်ပြောပါတယ်။
ဒါနဲ့ဘဲ မဒမ်ပေါက်ကို 8း30ခွဲအရောက်ပြန်လာမယ်ပြောပြီး ကင်မရာကိုင်လို့လမ်းလျှောက်ထွက်ခဲ့ပါတယ်။
ညက အတော်သဲသဲမဲမဲရွာတဲ့မိုးကြောင့် မနက်မိုးလွတ်ပါ့မလားလို့စိတ်တွေပူခဲ့ရပေမယ့်
မနက်ခင်းရဲ့ကောင်းကင်ကြီးကတော့ ကြည်ကြည်လင်လင်ဆိုတော့ အတော်လေးကို အပြောင်းအလဲမြန်တဲ့
ရန်ကုန်မိုးလို့ဘဲ သတ်မှတ်လိုက်ပါတယ်။
ဒါနဲ့ဘဲ ကုန်းတံတားအောက်ကနေဖြတ် သံလမ်းလေးကို ကျော် မနက်စောစော ဆိုင်ဖွင့်ဘို့ပြင်နေကြ တဲ့မီးခိုးတစ်အူအူနဲ့ ထမင်းကြော်ဆိုင်လေးတွေ၊အကြော်ဆိုင်လေးတွေ ၊လက်ဖက်ရည်ဆိုင်လေးတွေကို ငေးရင်း
မီးသတ်ဌာနချုပ်နံဘေးကဖြတ်လို့ ကြီးမားခန့်ထည်တဲ့ စွယ်တော် မုဒ်ဦးကြီးအောက်ကနေလမ်းလျှောက်လို့လာခဲ့ပါတယ်။
ဟို………….ခပ်ဝေးဝေးမှာတော့ ရွှေရောင်အဆင်းနဲ့တင့်တယ် မနက်ခင်းမှာ သပ္ပါယ် တော်မူလှတဲ့စွယ်တော်စေတီကို ဖူးမျှော်ရပါတယ်။
တောင်ဘက်မုဒ်ဦးကနေစွယ်တော်ကိုသွားရာလမ်းရဲ့ညာဘက်ခြမ်းမှာစွယ်တော်ပင်တွေကို တန်းစီလို့စိုက်ထားတာကတော့
အမြင်အေးလှပါတယ်။
နှစ်လွှာပေါင်းမှာ တစ်ရွက်လို့ ကဗျာဆန်ဆန်တင်စားခံရတဲ့ စွယ်တော်ရွက် စိမ်းမြမြလေးတွေ အကြားထဲမှာ ကြိုးကြားပွင့်နေတဲ့ အဖြူရောင်စွယ်တော်အပွင့်လေးတွေ၊
ပွင့်ဘို့အားယူဆဲ စွယ်တော်အငုံလေးတွေ ၊
အပင်တွေကြားထဲမှာ မမြင်ရတဲ့ ငှက်ကလေးတွေရဲ့သာယာလှတဲ့နံနက်ခင်းဂီတ၊
မြင်ကြားသမျှက စိတ်ကြည်လင်လန်းဆန်းအောင်ဖန်တီးပေးနေသလိုပါဘဲ။
ဆယ်ငါးမိနစ်လောက်လျှောက်လိုက်တော့ စွယ်တော်ပုရဝုဏ်ထဲကိုအရောက်မှာ
အနီးအနားမှာရှိတဲ့ တောပန်းတောင်ပန်းလေးတွေကို စည်းနှောင်လို့ ုဘုရားကိုကပ်လှူရအောင်
ရောင်းချဘို့ အသင့်ပြင်ထားတဲ့ ပန်းဆိုင်လေးတွေကို မြင်ရပါတယ်။
ဒါနဲ့ဘဲစေတီတော်ကြီးကို တစ်ပါတ် ပါတ်၊
ဓါတ်ပုံတွေအားရပါးရရိုက် ပြီးတော့မှ ပြန်ဆင်းလာခဲ့ပါတယ်။
(ဓါတ်ပုံတွေထဲမှာ ကျီးမဲတစ်ကောင်က ပလပ်စတိတ်အိတ်လေးကို ချီလာတဲ့ပုံရိုက်တာ
ကို ကွန်ပြူတာထဲ မှာ ပြန်ကြည့်တော့ အမဲရောင်ခြင်းရောသွားတော့ မမြင်ရပါဘူး)
လမ်းလျှောက်ပြီးတဲ့အခါဗိုက်ဆာတာနဲ့လက်ဖက်ရည်ဆိုင်ကိုဝင်ပါတယ်။
အဲဒီဆိုင်လေးက လက်ဖက်ရည်ကတော့ ကျနော့်အကြိုက်အဖန်ရည်ပြင်းပြင်းဆိမ့်ဆိမ့်။
ကြက်ဥပလာတာမှာ နွားနို့အရည်လေးဆမ်းပေးထားတော့စားလို့အင်မတန်အရသာ
ရှိပါတယ်။
ရှမ်းခေါက်ဆွဲကတော့ သူနည်းနဲ့သူကောင်းပေမယ့် မန်းလေးသားအကြိုက်နဲ့တော့မတူပါဘူး။
နောက်7နာရီလောက်ဆိုတော့စောသေးတာနဲ့ အဲဒီနားမှာရှိတဲ့အင်တာနက်ဆိုင်လေးမှာဝင်လိုက်ပါတယ်။
(အဲဒီဆိုင်လေးက မနက်6း30ကနေ ည11နာရီထိဆိုင်ဖွင့်တယ်ဆိုတော့ ကျနော့်အတွက်အဆင်ပြေလှပါတယ်။)
အင်တာနက်ဆိုင်ရောက်တယ်ဆိုတာနဲ့
ဆိုက်တွေထဲမှာ ကျနော်ရေးထားတဲ့စာတွေကိုဖတ်တဲ့ပရိသက်ကပေးတဲ့ကော်မင်းတွေဖွင့်ဖတ်။
ပြန်မန်းသင့်တယ်ထင်တာမန်း။
ရောက်လာတဲ့မေးလ်တွေဖတ်။
ပြန်သင့်တာပြန်ဖျက်သင့်တာဖျက်၊
ကော်နက်ရှင်ကတော့ စိတ်ပျက်စရာ။
ဒါကြောင့်ကျနော်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ဓါတ်ပုံများကို စိတ်ရှည်လက်ရှည်စောင့်ကြည့်ကြတဲ့
မိတ်ဆွေများကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါတယ်လို့ပြောကြားလို်က်ပါတယ်နော်။
8နာရီထိုးခါနီးတော့အင်တာနက်ကို လက်စသတ်လို့အိမ်ကိုပြန်ခဲ့ပါတယ်။
အိမ်ပြန်ရောက်ချိန်မှာ တအိမ်လုံးပုရွက်ဆိတ်အုံကို တုတ်နဲ့ထိုးသလို ရွစိရွိစိနဲ့ ရှုပ်ယှက်တွေခတ်နေပါတယ်။
မိတ်ကပ်ပြင်တဲ့မာမီနဲ့သူ့လက်ထောက်အကူကသုံးယောက်။
အလှပြင်ကြမယ်ဆိုတဲ့လူတွေက တစ်ဒါဇင်လောက်။
ပြင်ပြီးတဲ့သူက အဝတ်အစား လဲ၊
မပြင်ရသေးတဲ့သူကထိုင်စောင့် သူတို့ဟာနဲ့သူတို့အလုပ်တွေရှုပ်လို့ပေါ့။
အလှတွေပြင်ထားတဲ့ မဒမ်ပေါက်ကို ကြည့်ရတာ မြင်နေမကျတဲ့ပုံနဲ့ဆိုတော့ လှသလို မလှသလို။
အလန်းဇယားဖွင့်ထားတဲ့ သူတွေကတော့ သူတို့ကိုယ်သူတို့ လှတယ်လို့ ထင်ကြမှာက အသေအချာပါဘဲ။
အဲဒါနဲ့ဘဲအဝတ်အစားအမြန်လဲပြီး အိမ်ရှေ့ထွက်ထိုင်နေလိုက်ပါတယ်။
ကိုးနာရီထိုးခါနီးလောက်မတော့ ပြင်ပြီးတဲ့သူတွေနဲ့ ယောက်ျားလေးတစ်ချို့ကအရင်သွားနှင့်ကြမယ်ဆိုတာနဲ့
နီးရာကားပေါ်တက်လိုက်ပါတယ်။
ကားကတော့ အိမ်ရှေ့တည်တည်းလမ်းကနေထွက် မီးပွိုင့်ရောက်တော့ အနောက်ဘက်ချိုးသွားတော့ ဘယ်လမ်းကို
ရောက်သွားတယ်ဆိုတာ တကယ်မသိပေမယ့် ခဏနေတော့ ကိုယ်သိတဲ့အင်းယားကန်ဘောင်နားကိုရောက်လာပါတယ်။
အဲဒီကနေကွေ့လိုက်ဝိုက်လိုက်နဲ့သွားနေရာကနေ ဘုန်းကြီးကျောင်းဝင်းကြီးတစ်ခုထဲကိုချိုးဝင်၊
နောက်ကျောင်းတစ်ခုကိုတစ်ပါတ်ပါတ် ပြီး လမ်းကလေးအတိုင်းဆက်သွားတော့ ကုန်းဆင်းလေးတစ်ခုကိုရောက်မှရပ်လိုက်ပါတယ်။
ကားပေါ်ကဆင်းလို့ အပေါ်မော့ကြည့်မိတော့ အဆောက်အဦးအမြင့်ကြီး ကို ဓါတ်လှေကားနဲ့အတက်အဆင်း
လုပ်နေကြတာကို တွေ့ရပါတယ်။
မင်္ဂလာဆောင်ကျင်းပမယ့်ခန်းမမှာတော့ စာပွဲခုံတွေခင်းထား၊
အဝင်စနားမှာတော့ လက်ဖွဲ့ခုံ၊
ခန်းမရဲ့အရှေ့နားမှာတော့ သတို့သား သတို့သမီးရဲ့ အမည်ရေးထားတဲ့ဆိုင်းဘုတ်၊
သိပ်မကြာခင်မှာ ဆွေမျိုးတွေတစ်ဖွဲ့ပြီး တစ်ဖွဲ့ အသီးသီး ရောက်လာပါတယ်။
မတွေ့တာဆယ်စုနှစ်တခု ကျော်ကျော်။
နှစ်တွေလဲကြာတော့ လူတွေရဲ့ပုံစံတွေကပြောင်း ဖောင်းသူဖောင်း
ပိန်သူပိန် ငယ်ရုပ်ကလေးတွေပြန်ဖမ်းလို့
“နင်ဘယ်သူမလား”လို့ စမ်းတဝါးဝါးနဲ့အပြန်အလှန်မေး၊
“မသေခင် ကံကောင်းလို့ တစ်ခါပြန်တွေ့ရတယ်”ဆိုတဲ့အတွေးနဲ့
စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာ။
မျက်ရည်စလေးတွေတောင်သီသီဝေ့လို့ တကယ့်အလွမ်းဇာတ်ပါဘဲ။
ပါလာတဲ့ကလေးတွေကို သူကတော့ ဘယ်သူ
သူကတော့ ဘယ်ဝါ
ဘယ်သူကတော့ ဘယ်သူရဲ့သမီး သူကလေးကတော့ ဘယ်သူ့သား
သတင်းသာကြားပေမယ့် နောက်မှမွေးထားလို့ တစ်ခါမှမမြင်ဘူးသေးလို့
တစိမ်းပြင်ပြင် ဖြစ်နေတဲ့ သွေးရင်းသားရင်းတွေအပြန်အလှန်မိတ်ဆက်ပေးကြ။
ဘယ်သူနဲ့ဘယ်လိုတော်တယ်၊
ဘယ်သူက အသက်သာကြီးတာ ဘယ်သူကတော့ ဝါ ကြီးတယ် ဆိုပြီးဆွေမျိုးတွေစပ်ကြပါတော့တယ်။
ကိုယ်ကသာ အရွယ်တွေပြောင်းလို့ အိုဟောင်းသွားတာမသိပေမယ့်
ကိုယ်ငယ်စဉ်က ထိန်းကျောင်းချီပိုးခဲ့တဲ့ကလေးတွေကိုယ်တိုင်ကမိဘတွေဖြစ်၊
သူတို့ရဲ့ရင်နှစ်သည်းချာမျိုးဆက်သစ်လေးတွေကို က အပြိုင်းအရိုင်း…………………။
နောက်ကိုးနာရီခွဲခါနီးတော့ ကျန်တဲ့အိမ်ကလူတွေရောက်လာပေမယ့်
သတို့သား သတို့သမီးကတော့ ပါမလာသေး။
ဧည့်သည်တွေကလဲ တဖွဲဖွဲနဲ့ရောက်နေပါပြီ။
ကိုယ်နဲ့မသိပေမယ့်လဲ နေရာထိုင်ခင်းပေးလို့ ဧည့်ခံ။
ခုမှဝင်လာသူများကတော့ရောက်နှင့်တဲ့မိတ်ဆွေကိုရှာလို့ထိုင်လို့
ကြုံရာကျပန်းစကားတွေပြောနေကြပါတယ်။
အဲဒီမှာ စောရောက်နေတဲ့သတို့သမီးအမေမှာပျာလောင်ခတ်လို့
သတို့သားနဲ့သတို့သမီးမလာသေးလို့ ဖုန်းလှမ်းဆက်တော့လာနေပြီလို့
ပြောသံကြားလိုက်ရပေမယ့် သတို့သမီးအမေကတော့ စိတ်မောနေပုံပါဘဲ။
ဒါပေမယ့်ဆယ်နာရီထိုးထိရောက်မလာတော့ စိတ်တွေတို၊
“အစကတည်းက သတို့သမီးအရင်ပြင်ပါပြောတာမရဘူး”
ဆိုပြီး ဗျောက်တွေဖောက်နေပါတော့တယ်။
ကျနော်ကရန်ကုန်ထုံးစံမသိတော့ ဘေးလူကိုမေးရပါတယ်။
ဧည့်သည်အားလုံးရောက်မှတစ်ပြိုင်တည်းကျွေးမှာလား ?
အရင်ရောက်တဲ့သူကို အရင်ကျွေးမှာလား ?ပေါ့။
အဆင်ပြေသလိုကျွေးလို့ရတယ်ပြောတော အဲဒီမှာတာဝန်ယူ
ကူညီပေးနေသူတွေထဲက ခေါင်းဆောင်ဆိုသူကို လိုက်ရှာလို့
ထမင်းစကျွေးဘို့ပြောလိုက်ပါတယ်။
(လူကတော့ 200လောက်ဘဲဖိတ်ထားပါတယ်။
ကျွေးမှာကတော့ထောပတ်ထမင်း ဆိတ်သားဟင်း နဲ့ကြက်သားဟင်း။
အစာပိတ်ကတော့ရေခဲမုန့်။)
အဲဒီအခါမှာ အဲဒီကတာဝန်ခံက စားပွဲတစ်ခုကို လူရှစ်ယောက်စာခင်းထားတဲ့အကြောင်း၊
ထမင်းရောဟင်းပါ ရှစ်ယောက်စာတစ်ခါထဲပြင်ထားကြောင်း၊
ထမင်းကိုတော့လိုရင်ထပ်ထည့်ပေးနိုင်ပေမယ့် ဟင်းကတော့ထပ်ထည့်မပေးနိုင်ဘူးလို့ပြောပါတယ်။
ဟင်းကိုတစ်ခါထဲအပြီးပြင်ပေးထားတာ လူရှစ်ယောက်တစ်ဝိုင်းတစ်ပြိုင်တည်းကျွေးမှရမယ်လို့ဆိုပါတယ်။
(မန်းလေးမှာတော့အဲလိုမဟုတ်ပါဘူး။
ထမင်းတစ်ဝိုင်းမှာဘယ်နှစ်ယောက်ထိုင်ထိုင် လိုတာတွေထပ်ဖြည့်ပေး။
စားပြီးတာနဲ့ပြန်သိမ်း ဟင်းပွဲကိုလှအောင်ပြန်ပြင်ပေးပါတယ်။)
ခက်တာက မင်္ဂလာဆောင်လာတဲ့ဧည့်သည်က ထိုင်နေတာကို
ထမင်းလေးတစ်လုပ်စားရဘို့အတွက် ရှစ်ယောက်ပြည့်အောင်
နေရာထပ်ရွှေ့ခိုင်းရအောင်ကလဲမဖြစ်နိုင်။
ရောက်နေတာ နာရီဝက်လောက်ကြာတဲ့ဧည့်သည်တွေကိုလည်းအားနာစရာ၊
ဒီတော့ နောက်မှာသာကြည့်ရှင်း ရှစ်ယောက်ပြည့်ပြည့် မပြည့်ပြည့်
ရောက်နှင့်တဲ့သူကိုအရင် ထမင်းကျွေးဘို့စီစဉ်ခိုင်းရပါတော့တယ်။
နောက်မှ ဟင်းပွဲတွေသိမ်းတဲ့နေရာမှာ ကိုယ့် ထဲကလူတစ်ယောက်ကို ဝင်ခိုင်း၊
အပြင်က စားပြီးလို့သိမ်းလာတဲ့ဟင်းပုဂံတွေကို သေသပ်အောင်ပြန်ပြီးဟင်းဖြည့်၊
နောက်ထပ်ဝင်လာတဲ့ဧည့်သည်အတွက်ပြန်ပြီး အသစ်ချပေးလို့၊
အဆင်ပြေအောင်ဝင်ကူရပါတော့တယ်။
ကျနော်စိတ်ထဲမတွေ့တာ တစ်ခုကတော့ အဲဒီမှာတာဝန်ယူထားတဲ့
(စားပွဲထိုးလို့ဘဲအလွယ်ဆိုလိုက်ပါရစေ)တွေကိုပါ။
ကျနော်အမြင်အရပြောရရင် ဂါရဝတရားနည်းပါးပါတယ်။
ထမင်းပုဂံတွေကို ချပေးတာ ရေခဲမုန့်ချပေးတာ ကသေချာချမပေးဘဲ
စားပွဲခုံအစွန်းမှာ ပြီးစလွယ်တင်ပေးပြီးထွက်သွားပါတယ်။
ဧည့်သည်က ကိုယ့်ဘာသာကိုယ်ယူစားချင် စားမစားချင်နေဆိုတဲ့ပုံစံပေါက်နေပါတယ်။
ဧည့်သည်တွေကလဲ တဖွဲဖွဲလာ သတို့သားနဲ့သတို့သမီးကလဲ10း15ထိမရောက်သေး။
သတို့သမီးအမေကလဲ စိတ်တွေတိုလို့မျက်နှာညို။
ဖုန်းထပ်ဆက်တော့လဲလာနေပြီ လမ်းပိတ်နေတယ်ဆိုတာဘဲထပ်ကာထပ်ကဖြေ။
10း20လောက်မှာမှ ရောက်လာတော့ သက်ပြင်းတွေချလို့စိတ်တွေအေးရပါတယ်။
သတို့သားသတိုးသမီးရောက်လာပြီဆိုတာနဲ့အားလုံးလှုပ်လှုပ်ရွရွ၊
ကိုယ့်စီပါလာကြတဲ့ ကင်မရာတွေ ဟန်းဖုန်းတွေနဲ့အပြိုင်အဆိုင် ဓါတ်ပုံတွေရိုက်လိုက်ကြတာ
တဖျပ်ဖျပ် ဖလက်ချ် ဂန်းကထွက်လာတဲ့ အရောင်တွေကလဲ တလက်လက် ။
ဒါကလဲ တိုးတက်တဲ့ခေတ်ရဲ့ပြယုဂ်တစ်ခုလို့ဘဲဆိုချင်ပါတယ်။
သတို့သမီးလေးကို ကြည့်ပြီး လှမလှ သတို့သားနဲ့လိုက်မလိုက်
ဝေဖန်လိုက်ကြရတာ မောမှ မော။
ဒါနဲ့ဘဲကျနော်လဲစိတ်အေးလက်အေးနဲ့မင်္ဂလာဆောင်မှာအမျုးိတွေကို ဓါတ်ပုံလိုက်
ရိုက်ရပါတော့တယ်။
(အများအားဖြင့်ကျနော်လူပုံကိုရိုက်ခဲပါတယ်။
တလှုပ်လှုပ်နဲ့နေတာကို စောင့်ရိုက်ရအောင်စိတ်မရှည်တတ်လို့ပါ။
ဒါကြောင့်လဲ ကျနော်ပုံတွေကလှုပ်ယှားမူ့ မရှိတဲ့ ရူ့ခင်းပုံတွေဘဲများတာပါ။
ခလုပ်နှိပ်လို့သာ ပုံတွေထွက်လာတာ ဓါတ်ပုံပညာ သီအိုရီအရတော့ ဘာမှ မတတ်တာအမှန်ပါ။)
မင်္ဂလာဆောင်မှာကသူတို့မိတ်ဆွေထဲမှာ ကျနော့်နဲ့သိတဲ့လူတစ်ယောက်မှ မပါ။
ဝိုင်းဝန်းကူညီလို့ ဧည့်ခံပေးနေကြတာကလည်း သူအသိနဲ့သူ အပိုအလိုမရှိကွက်တိ။
အဲတော့ ဓါတ်ပုံရိုက်ဘဲလိုက်ရိုက်နေမိပါတယ်။
အဲဒီမှာ ကလေးမနှစ်ယောက်က ကျနော့်ကို ဓါတ်ပုံဆရာမှတ်လို့
သူတို့လဲရိုက်ပေးဘို့လာပြောပါတယ်။
ကျနော်လဲ သူတို့ရှက်သွားမှာစိုးတာနဲ့ရိုက်ပေးလိုက်ပါတယ်။
ဒါပေမယ့်သေချာတာကတော့ သူတို့ပုံသူတို့ဘယ်တော့မှာပြန်မြင်ရမှာမဟုတ်ပါဘူူူူး။
ကျနော်က ပွဲပြီးတာနဲ့ ကျနော်နဲ့မသက်ဆိုင်တဲ့ပုံတွေကိုဖျက်လိုက်မှာမို့လို့ပါ။
11နာရီလောက်လဲရောက်ရော သတို့သားသတို့သမီးကို ဓါတ်ပုံဆရာက အပိုင်သိမ်းလိုက်ပါတော့တယ်။
ဧည့်သည်တွေလဲ ဧည့်မခံနဲ့တော့။
သတို့သားနဲ့သတိုးသမီးကို စင်မြင့်ပေါ်တင်
တစ်ယောက်နဲ့တစ်ယောက်မုန့်ခွန့်ခိုင်း၊
ဖက်ခိုင်း၊
အကျီကြယ်သီးပြင်တပ်ခိုင်း၊
ခေါင်းကပန်းလေးကို ကိုင်ခိုင်း၊
အိုက်တင်တွေအမျိုးမျိုးပေးခိုင်းလို့တစ်ပုံပြီးတစ်ပုံ၊
ဟိုက သူခိုင်းတဲ့အတိုင်းမလုပ်တတ်တော့ ရှက်ကိုးရှက်ကန်းနဲ့ ပုံပန်းမကျ။
ဒါပေမယ့် ဓါတ်ပုံဆရာကတော့ ပုံများများထွက်အောင် တရိုက်ထဲ ရိုက်နေပါတော့တယ်။
ခုတလောမင်္ဂလာဆောင်တွေကို အလိုက်များလို့
ရိုက်ချက်ပြင်းတဲ့ဓါတ်ပုံဆရာတွေကို စိတ်ထဲက သိပ်မကြည်လင်ချင်ပါ။
တကယ်မိတ်ဆွေသင်္ဂဟများကိုဧည့်ခံနေတဲ့မှတ်တမ်းပုံထက် သတိုးသား သတို့သမီးကို
ဇွတ်အိုက်တင်တွေပေးခိုင်းမလုပ်တတ်တော့ကိုရို့ကားယား ဖြစ်၊
နောက်တော့မှ သူတို့ရိုက်ချင်တိုင်းရိုက်ထားတဲ့ပုံတွေမှန်သမျှ ရွေးပေတော့။
သိန်းချီပြီးပေးကြရပါတယ်။
လှလှ မလှလှ ဇွတ်ရိုက်ချင်နေတဲ့ ကင်မရမင်း တွေကတော့ မန်းလေးရောရန်ကုန်ပါ ပုံစံအတူတူ။
ခဏနေတော့ရောက်တာနောက်ကျတာနဲ့တင်စိတ်တိုနေတဲ့သတို့သမီးအမေက
ဓါတ်ပုံဆရာကို “အမျိုးတွေနဲ့ပုံတွေရိုက်ပေးအုံး အဲဒီနှစ်ယောက်တော်လောက်ပြီ”လို့
ခပ်ငေါက်ငေါက်လေးပြောမှ အရိုက်ရပ်ပါတော့တယ်။
ဒီ2011 ဇွန်လနဲ့ဇူလိုင် နှစ်လထဲမှာတင် ကိုယ့်ရဲ့လူရင်းတွေရဲ့ မင်္ဂလာဆောင်လေးငါးခုလောက်လိုက်ရပါတယ်။
ခါတိုင်းတော့ ဧည့်သွားဧည့်လာ အခုမင်္ဂလာဆောင်တွေကတော့ အစ အဆုံး ဆိုတော့ အကုန်လုံးကို်
မသိချင်လဲသိ မမြင်ချင်လဲမြင် မကြားချင်လဲကြား ဆိုတော့
အမြင်မတော်တာတွေ အချိိုးမပြေတာတွေကို ပို ပိုသိလာရပါတယ်။
ကလေးတွေကတော့ ဓါတ်ပုံရိုက်တော့မယ်ဆိုတာနဲ့စင်ပေါ်တက်လို့ တဟေးဟေးတဟားဟားနဲ့
သူ့ထက်ငါအလုပ်အယက်နေရာဦးကြပါတော့တယ်။
ကျနော်သတိထားမိတာတစ်ခုက မင်္ဂလာဆောင်မှာအပျော်ဆုံးကတော့ကလေးတွေပါဘဲ။
မင်္ဂလာဆောင်တိုင်းလောက်မှာ ကလေးတွေက ပြေးလိုက်လွှားလိုက် မုန့်စားလိုက်
ဆော့လိုက်နဲ့ တကယ်ကိုပျော်နေချိန်မှာ
လူကြီးတွေမှာတော့
ဖိတ်ထားသူတွေ လာမှ လာကြပါ့မလား?
ဧည့်ခံကြ ဧည့်ဝတ်မှကျေပါ့မလား ?
မုန့်တို့ ထမင်းဟင်းတို့လောက့်ပါမလား?
ကုန်ကျငွေနဲ့လက်ဖွဲ့ပြန်ရတဲ့ငွေ ကာမှ ကာမိပါ့လား?
နှစ်ဖက်ဆွေမျုးိတွေအဆင်မှပြေပါ့မလား?
ဆိုတဲ့လားတွေထပ်လို့ရင်တွေပူနေရပါတယ်။
ပြောသာပြောတာ ကျနော်တို့ငယ်ငယ်ကလဲ ဒီလိုဘဲနေမှာဘဲလို့
စာနာစိတ်နဲ့တွေးမိပါတယ်။
ခဏနေတော့ ဧည့်လဲစဲ သတို့သား သတို့သမီးနဲ့
နှစ်ဖက်မိဘတွေ၊
နောက်တော့ဆွေမျိုးထဲကလူကြီးတွေ………
ကလေးတွေ မိတ်ဆွေသူငယ်ချင်းတွေ
တလှည့်ပြီးတလှည့် တဖွဲ့ပြီး တဖွဲ့ဓါတ်ပုံတွေရိုက်လိုက်ကြတာ
ဟိုလူလာအုံး လို့ အော်ကြ ဒီလူကျန်နေပြီ ဆိုလို့ ခေါ်ကြ ပျော်စရာကြီးဆိုတော့
အစက မျက်နှာညိုနေတဲ့သူတို့သမီးအမေတောင် အပြုံးပန်းတွေ့ချက်ခြင်းပွင့်လာသလိုပါဘဲ။
ဒါနဲ့ဘဲမင်္ဂလာဆောင်ပွဲပြီးတော့ စိတ်တွေလျော့လိုက်မှ မောရညောင်းရမှန်းသိပါတော့တယ်။
ပြန်ခါနီးပြီဆိုတော့မှ အမျုးိတွေက သူတို့အိမ်ကိုလာ ထမင်းစား ဘို့ ရက်ချိန်းတွေတောင်းတော့
ဘာမှစီစဉ်မထားတဲ့ (1-7-2011)နေ့ကို အမျိုးများအတွက် တစ်ရက်ပေးလိုက်ရပါတယ်။
ဒါပေမယ့်အဲဒီနေ့ ညနေမှာတော့ မိတ်ဆွေတစ်ယောက် နဲ့ထမင်းအတူစားမယ်လို့ ချိန်းပြီးသားမို့
ညနေစာတော့ မစားဘူးဆိုတာ ကြိုတင်ပြောထားလိုက်ရပါတယ်။
အိမ်ပြန်ရောက်တော့ အခါ ကျနော်က အပြင်ထွက်ဘို့ပြင်ပါတော့တယ်။
မင်္ဂလာဆောင်အိမ်ဆိုတော့လဲလူတွေရှုက်ယှက်ခတ်။
မင်္ဂလာဆောင်ကိုမရောက်လိုက်တဲ့မိတ်ဆွေက လဲ အိမ်ကိုလာလို့လက်ဖွဲ့တွေပေး။
ဒီတော့ ဝင်လိုက်ထွက်လိုက်နဲ့စည်ကားသိုက်မြိုက်။
ပိုဆိုးတာက ကျနော်တူမလေးတွေက အိမ်မွေးတိရိစ္ဆာန်တွေကိုချစ်တတ်သူဖြစ်နေပါတယ်။
ကြောင်က အရောင်စုံဆိုက်စုံ ဆယ်ကောင်လောက် ခွေးက လေးကောင်။
ခွေးတောင်မှ အိမ်ခန်းထဲနေခွင့်ရတဲ့အကောင်က နှစ်ကောင် အပြင်နေရတဲ့အကောင်ကနှစ်ကောင်။
အိမ်ထဲနေခွင့်ရတဲ့ခွေးရောကြောင်ပါ လူတွေနဲ့ယဉ်ပါး ကြပါတယ်။
လူဝင်လာတာနဲ့ ခွေးက နောက်ကလိုက်လို့ ခြေထောက်ကို လိုက်တိုက်၊
လုံချည်စကို ဆွ ဲ တစ်ခါတစ်ခါထိုင်နေရင် ခြေထောက်ကို ဖွဖွလေး ပါးစပ်နဲ့လာခဲထား
ကျနော်ကတော့ တကယ့်ကို အသဲယားလှပါတယ်။
ထိုင်လိုက်ပြီဆိုတာနဲ့ကြောင်က လူပေါ်အပြေးအလွားတက်လို့ ပွတ်သီးပွတ်သပ်။
ခေါင်းနဲ့ခွေ့လို့ခွေ့ဆိုပြန်တော့
အကောင်ပလောင်တွေနဲ့ လက်ပွန်းတတီး မနေတတ်တဲ့ကျနော်အဖို့ အတော်လေးစိတ်ကျဉ်းကျပ်ရပါတယ်။
ဒီတော့လဲ အဲဒါကို အကြောင်းပြလို့ကျနော်က အပြင်ဘဲထွက်လည်ပါတော့တယ်။
ထွက်ခါနီး
“သိပ်အဝေးကြီးမသွားနဲ့၊ညနေအပြင်မှထမင်းသွားစားကြမှာ 5နာရီကျော်ကျော်လောက်ပြန်ခဲ့”လို့
မဒမ်ပေါက်က အော်ဒါအောက်ပါတယ်။
အဲဒါနဲ့ သွားနေကျလက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်သောက် ပြီးတော့ထိုင်နေကျအင်တာနက်ဆိုင်ကိုဘဲဝင်လိုက်ပါတယ်။
အရင်ကဆို နေ့လည်မှာကျနော်က ချက်တင်ဝင်လေ့မရှိတော့ စကားပြောဖော်မိတ်ဆွေတွေနဲ့တွေ့ရခဲပါတယ်။
မန်းလေးမှာကျနော်အလုပ်ပိတ်တဲ့ဥပုဒ်နေ့မှာမှ မိတ်ဆွေအတော်များများနဲ့တွေ့ရတတ်ပါတယ်။
ကျနော်ရန်ကုန်မှာ အလွန်တွေ့ချင်တဲ့ မိတ်ဆွေတစ်ယောက်ရှိပါသေးတယ်။
သူကလဲ သီချင်းနှစ်သက်သူ ကျနော်ကလဲ သီချင်းနှစ်သက်သူဆိုတော့ ဝါသနာခြင်းတူတယ်ပြောလို့ရပါတယ်။
နောက်ခိုင်ထူးသီချင်း ကြိုက်တာတောင် မှ ကြိုက်တဲ့သီချင်းချင်းလာတူနေတတ်ပြန်ပါတယ်။
ကျနော်က ခိုင်ထူးသီချင်း ထဲ က စာသားတစ်ပိုဒ်ရေးပြရင်
သူက နောက်တပိုဒ်ဆက်ရေးပြပါတယ်။
“အလှမ်းဝေးတဲ့ညရယ် ကုန်ပါတော့ ကွယ် ကြားရတဲ့ ရထားသံရင်ခုန်သံလား” လို့တစ်ယောက်ကရိုက်ရင်
“စစ်ကိုင်းလမ်းသို့သွားချိန်တန်ပြီလားကွယ် သယ်ဆောင်ရန်အိတ်လဲပြင်ရင်မြန်ကိုစီး……..”
လို့ပြန်ရိုက်။
“နေဝင်ချိန် ရောင်စုံတိမ်များရွှေ့နေ စိမ်းမြမြမြက်ခင်းတုံ့ပြန်ယိမ်းလိုက်”လို့ရေးရင် နောက်တစ်ယောက်က
“လေပြေအလာ ကေသာလွန့်လူးလွင့်နေ လမ်းလျှောက်လု့ိလာရင်းငုံ့ကာကြည့်လိုက်”လို့ရိုက်
“ပန်းခရမ်းပြာ ဗေဒါလေး…………..ကိုတော့ အပြိုင်အဆိုင်ရို်က်
“စိမ်းမြ သစ်ရွက်တို့ကြွေနေဆဲ……………….”လို့တစ်ယောက်က ရိုက်လိုက်ရင်
“ငါ့မျက်ရည်စိုနေတုန်းပေါ့……..တစ်ချို့တွေနေနိုင်လွန်းတယ်”လို့တစ်ယောက်က ပြန်ရိုက်ပြတာမျိုးပေါ့။
အမှန်ကတော့ ရေးပြတာမဟုတ်ဘူး လက်ကနေသီချင်းဆိုပြတာပါ.။
နှစ်ယောက်လုံးမှာ များပြားလှတဲ့တာဝန်တွေကြားမှာနစ်မြုတ်၊
အသက်အနေအထားရော ရာထူးပါ
မငယ်တော့တဲ့လူကြီးတန်းအရွယ်ဆိုတော့ ရုံးမှာ အလုပ်မှာ ကလေးတွေလို သီချင်းညည်းလို့လဲမရ။
အိမ်ပြန်ရောက်တော့ ကာရာအိုကေလဲ ဟဲလို့မရ။
အဲသဟာကြောင့် ချက်တင်က နေ သံစဉ်မပါတဲ့သီချင်းကို စာရေးပြီးအပြန်အလှန်ဆိုပြကြတာပေါ့နော်။
ဒီအရသာမျုးိ ခံစားဘူး တဲ့သူနဲမယ်ထင်ပါတယ်။
ကျနော်နဲ့သူက ကြိုက်တဲ့သီချင်းလဲတူနေတတ်ပြန်ပါတယ်။
မွန်းအောင်ရဲ့ ငြိမ်သက်ခြင်း ခို်င်ထူးရဲ့ ခတ္တာ ခင်ဝမ်းရဲ့နဒီမင်္ဂလာ ကိုတိုးရဲ့ ဝေးခဲ့ပြီပန်းခရမ်းပြာလိုမျုးိပေါ့။
မတူတာတွေလဲရှိသပေါ့ သူကခပ်အေးအေးတွေးတွေးဆဆ။
ကျနော်က ဟာသနှောလို့ ပေါက်ကရပြောတတ်သူ
နောက်သူကနေ့ပိုင်းမှာသာ အင်တာနက်သုံးတတ်သူ၊
ကျနော်ကတော့ မနက်စောစောနဲ့ညမှာမှ သူုံးတတ်သူ၊
တွေ့နိုင်တဲ့အချိန်တွေကလွဲနေကြပါတယ်။
ဒီတော့လည်းချက်တင်မှာ တစ်ပါတ်တစ်ခါလောက်မှသာ ဆုံတတ်ပါတယ်။
အခုလိုနေ့လည်ခင်းမှာ တွေ့တော့အားရဝမ်းသာပြောပြစရာတွေက တပုံတပင်၊
အခုရန်ကုန်ရောက်တော့ လဲ သူနဲ့တွေ့မယ်လို့ စဉ်းစားပေမယ့် အလုပ်တာဝန်များတဲ့သူက ညနေရုံးဆင်းချိန်
ခြောက်နာရီကျော်မှသာ တွေ့လို့ရမယ်လို့ဆိုပြန်ပါတယ်။
သူနေတဲ့မြို့ထဲနဲ့ ကျနော်တည်းတဲ့မြောက်ဥက္ကလာပ နေရာချင်းနည်းနည်းလေးလှမ်းတာလဲ ပါ ပါတယ်။
ကျနော်ကလဲ အခုမှရောက်စဆိုတော့ သူနဲ့တွေ့ချင်ပေမယ့် အချိန်အတိအကျချိန်းဘို့ခက်နေပြန်ပါတယ်။
အဲဒီနေ့ နေ့လည်က ချက်တင်မှာတွေ့တော့ စကားတွေပြောဖြစ်ပါတယ်။
ရန်ကုန်ကိုရောက်နေပြီဆိုတဲ့အကြောင်းပေ့ါ။
ဒါပေမယ့်တစ်ယောက်နဲ့တစ်ယောက်ဆုံဘို့ကတော့ အချိန်ဇယားတွေဆွဲနေပေမယ့်လက်တွေ့တော့ဖြစ်မလာသေးပါဘူး။
လောကမှာ မိတ်ဆွေပေမယ့် ညီအကိုမောင်နှမလိုခင်မင်ခဲ့ကြရင် မြန်မာလိုတော့ ရှေးဘဝကရေစက်လို့ဘဲသတ်မှတ်ကြပါတယ်။
အခုလိုမမြင်မတွေ့ဘူးဘဲစာလုံးလေးတွေနဲ့သာသိနေရာက စိတ်တူသူချင်းတွေ့တော့
နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ထဲမှာ ခံစားခဲ့ရတာတွေကို အပြန်အလှန်ဖွင့်ဟတော့
ဟုတ်တာမဟုတ်တာ အပထား ရင်ထဲမတော့ပေါ့သွားသလိုရှိတတ်ပြန်တော့
ဆိုးတိုင်ပင်ကောင်းတိုင်ပင်ဘဝကို အလိုလို်ရောက်သွားပါတယ်။
တစ်ယောက်နဲ့တစ်ယောက်လူခြင်းမတွေ့ဘူူးသေးတာကလွဲလို့
မိတ်ဆွေရင်းတွေ ညီအကိုမောင်နှမတွေလိုဖြစ်လို့ စိတ်ချမ်းသာစရာပါဘဲ။
လူတွေအမြင်မှားနေတာကို ကြုံလို့ပွားလိုက်ချင်ပါသေးတယ်။
ချက်တင်ကို ဘာမှမသိဘဲ အပြစ်တင်နေတာကိုပေါ့။
ကို်ကိုယ်တိုင်က ကောင်းမွန်စွာနေရင်ကောင်းသောမိတ်ဆွေကိုဘဲရမှာပါ။
ကိုယ်က ဗရုတ်သုတ်ခလုပ်နေပြောနေရင် ဗရုတ်သုက္ခမိတ်ဆွေကိုဘဲရမှာပေါ့။
မြန်မာစကားပုံလေး ရှိပါတယ်။]
“သာမဏေဏ သာမဏော ဂေါနေန ဂေါနော “ ပါတဲ့
အင်မတန်မှန်တဲ့စကားလေးပေါ့။
ကျနော်ရန်ကုန်မရောက်ခင်ကတွေးမိတာ ဟိုမှာဆိုအားတယ် စာတွေအများကြီးရေးဖြစ်မှာဘဲပေါ့။
ဒါပေမယ့်လက်တွေမှာရေးလက်စ” ကံစမ်းမဲ” အကြောင်းတောင် လက်စမသတ်နို်င်ခဲ့ပါဘူး။
ခါတိုင်း မထိုင်ဘူးတဲ့အချိန်မှာ ကျနော်လိုင်းပေါ်တက်လာတော့
အရင်က နေ့လည်မှာတွေ့ခဲတဲ့မိတ်ဆွေတွေနဲ့တွေ့၊
နဂိုရ်ကမှစာကြောရှည် လေကြောရှည်တဲ့
စကားခပ်များများကျနော်က တွေ့သမျှမိတ်ဆွေများနဲ့တော်ကီတွေပွားလိုက်တာစာရေးဘို့တောင့်မေ့နေသလို။
မြို့ထဲထိသွားဘို့အချိန်မရရင ်အင်တာနက်ဆိုင်မှာလာထိုင်လေပေါ။
ဒါနဲ့ဘဲ အချိန်ကုန်အောင်ဖြုန်းတဲ့နည်းလမ်းလေးကိုတွေ့လာရပါတယ်။
ကျနော်ချက်တင်မှာလေအပေါကောင်းနေတုန်း
လေးဖြုရဲ့ “သံယောဇဉ် သံယောဇဉ်”ဆိုပြီးတဇင်ထဲဇင်နေပါတယ်အောက်မေ့တယ်။
တူမလေးဆီက ဖုန်းပါ။
ဖုန်းဖွင့်လိုက်တော ့” ဒီနေ့ ထမင်းစားလိုက်အုံးမှာလား ဘယ်ရောက်နေလဲ ဘယ်သူနဲ့ချိန်းတွေ့နေလဲ တိုင်လိုက်ရမလား”ဆိုပြီး
ရီသံစွက်တဲ့အသံလေးကို ကြားရမှနာရီကြည့်လိုက်တော့ 5း15 ဒါနဲ့ဘဲ
“လာပြီဟေ”့လို့သတင်းပေး
မြန်အောင်တက္ကဆီငှား ဟိုနားနဲ့ဒီနား 500 မတန်လဲမတတ်နိုင်တော့ပါဘူး။
အိ်မ်အမြန်ရောက်ဘု့ိအရေးကြီးတာကိုးနော်။
ကျနော်အိမ်ရောက်တော့အားလုံးက သွားရန်အဆင့်သင့်။
ဒါနဲ့ဘဲရေကမန်းကတန်းချိုး အဝတ်အစားလဲ လို့အပြေးအလွှားထွက် ငှားထားတဲ့ကားပေါ်တက်လို့
ဘယ်နားမှန်းမသိပေမယ့် “ရွှေကောင်း “ဆိုတဲ့ ဟော့ပေါ့ဆိုင်ကိုလိုက်ခဲ့ရပါတယ်။
ဆိုင်ကတော့ ကုန်းမြင့်လေးပေါ်မှာ။
သီးသီးသန့်သန့်။
အဆောက်အဦးနှစ်ခုက L ပုံစံ ဆောက်ထား။
အတော်လေးကျယ်ဝန်းပြီး ခုံတွေအပြည့်မှာလဲ စားဘို့ရောက်နေသူကအပြည့်။
ကျနော်တို့ကနေရာမရမှာစိုးလို့ ကြိုတင်လို့မှာထားတာပါတဲ့။
ဟိုရောက်တော့ နှစ်ပိုင်းခွဲလိုက်ပါတယ်။
အရက်ဘီယာ သောက်တဲ့သူက တစ်ဝိုင်း ဘာမှမသောက်သူကတစ်ဝိုင်း။
ကျနာ်နဲ့ မဒမ်ပေါက်က လူကြီးဆိုတော့ သက်တူရွယ်တူူဆွေမျိုးတွေနဲ့အတူထိုင်မယ်လုပ်တုန်း
တူမတွေက ဟင်းရွေးရအောင်ဆိုပြီး သူတို့အဒေါ်ကိုလက်ဆွဲလို့ ခေါ် အသွား။
အရင်က မရင်းနှီးသေးတဲ့ တူတော်မောင်လူပျိုပေါက်တွေနဲ့ကျနော်က တဝါးဝါးတဟားဟား၊
နောက်တော့ကျနော်ကမသောက်ပေမယ့်သောက်တတ်တဲ့လူငယ်တွေနဲ့ဘဲရီစရာတွေပြောရင်း
စားလိုက်ပါတော့တယ်။
အမှန်တိုင်းပြောရရင် အဲဒီ ဟော့ပေါ့ဆိုတာကို ကျနော်မကြိုက်ပါဘူး။
အသီးအရွက်တွေ အသားတွေ ကလီစာတွေကို ကျက်အောင်ကိုယ့်ဘာသာကိုယ်
ပြုတ်စားရတာ စိတ်မရှည်ပါဘူး။
ကျနော်တကယ်ကြိုက်တာကတော့ ကြေးအိုးပါဘဲ။
သူများချက်ပေးတာကို ဇိ်မ်နဲ့စားရတာကိုးဗျ။
ထုံးစံအတိုင်းကျနော်က အခမဲ့ဓါတ်ပုံဆရာပေါ့။
စားလိုက်ထပြီးဓါတ်ပုံတွေရိုက်လိုက်နဲ့ပါ။
ဘီယာလေး အရက်လေးဝင်လာတော့ အာတွေရွှင်တော့ စကားဝိုင်းကပိုဝေစည်လာပါတယ်။
ကိုယ့်ဝို်င်းတွေက ဟေးဟေးတဟားဟား နဲ့သူများတွေကိုအားနာလို့ကြည့်လိုက်တော့
ဘေးနားမှာရှိနေတဲ့ သူတွေကလဲ ကိုယ့်ဝိုင်းနဲ့ကိုယ် ကိုယ့်အာရုံနဲ့ကိုယ်အေးဆေးပါဘဲ။
စားကြသောက်ကြ တာ အားလုံးပြီးလို့ငွေရှင်းပြီးပြန်မယ်လုပ်တဲ့အခါ နာရီကြည့်တော့ကိုးနာရီ။
ဒါနဲ့ဘဲ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နုတ်ဆက်ကြ။
သူတို့နဲ့ချိန်းထားတဲ့နေ မနက်ဆယ်နာရီလောက်မှာ လာခေါ်မယ်ဆိုတာကို အတည်ပြုကြတော့
အမည်သာကြားဘူးတဲ့မြောက်ဒဂုံဆိုတာကို ရောက်ရအုံးတော့မယ်ဆိုတာကို တွေးရင်း
တရိပ်ရိ်ပ်ပြေးနေတဲ့ကားလေးပေါ်မှာ အတွေးတွေလွင့်ပါးလို့လိုက်လာတာ
ခရီးထွက်ဘို့ အခွင့်အရေးရခဲတဲ့ ကျနော့်မှာ ရန်ကုန်ရောက်နေတယ်ဆိုတာ
အိပ်မက်လား တကယ်လား လို့ ကိုယ့်ကို ကိုယ်ပြန်မေးနေရင်း……………………………………………..
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
11 comments
MaMa
July 13, 2011 at 5:48 pm
ကိုပေါက်ရေ- မဒမ်ပေါက်ဝင်မဖတ်ဘူးထင်ပြီး အလန်းဇယားကို အကြမ်းစား ဝေဖန်နေလိုက်တာ။ သိသွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ် နော်။
😀
ကိုပေါက်(မန္တလေး)
July 13, 2011 at 6:11 pm
ကျနော်က မလှဘူးလို့မပြောဘူးလေ မမရဲ့။
သူက ကျနော့်ကိုယုံပြီးသားပါတဲ့နော်။
char too lan
July 13, 2011 at 6:58 pm
လေးပေါက်ကြည့်ရတာ စွယ်တော်ကို တော်တော်ခရေဇီ ဖြစ်နေပုံပဲ
ပြော ဇာတ်လမ်းတွေ ဘာတွေများရှိခဲ့လား အိတ်တီဒရီး တုန်းကလေ ……………….. 😛
ကိုပေါက်(မန္တလေး)
July 13, 2011 at 7:02 pm
စွဲလမ်းတယ်လို့တော့မဟုတ်ပါဘူးဗျ။
ကျနော်ငယ်ငယ်ကနေခဲ့ရတဲ့အိမ်အဝင်ဝတစ်ဖက်တစ်ချက်မှာ စွယ်တော်ပင်လေးနှစ်ပင်ရှိပါတယ်။
စစခြင်းပွင့်တော့ ခရမ်းရောင် နောက်တော့ အရောင်တွေပြောင်းသွားတတ်ပါတယ်။
အဲဒီစွယ်တော်ပင်ရဲ့နောက်က အိမ်လေးထဲမှာ ကျနော်တို့မိဘ ညီအကိုမောင်နှမတွေရဲ့ပျော်ရွှင်စရာ
ဝမ်းနည်းစရာ ဇာတ်လမ်းလေးတွေရှိခဲ့ဘူးတယ်လေ။
အဲတော့ စွယ်တော်ပင်မြင်ရင် ငယ်ဘဝကို သတိရမိတယ်လေ။
ကျန်တာတော့မရှိပါဘူး။
padonmar
July 13, 2011 at 7:03 pm
သူများတွေမင်္ဂလာဆောင်တာကြည့်ရတာနဲ့တင် စိတ်မောလွန်းလို့၊သတို့သားဘက်နဲ့ သတို့သမီးဘက် မတဲ့ရင် ပိုဆိုးသေးတယ်။
ကိုပေါက်(မန္တလေး)
July 13, 2011 at 7:15 pm
ဒီမင်္ဂလာဆောင်လေးကတော့ happy ending ပါ။
ကံကောင်းတယ်ဆိုရမှာပေါ့နော်။
hmee
July 13, 2011 at 8:03 pm
ဟုတ်တယ် မပဒုမ္မရေ။ မင်္ဂလာပွဲကျင်းပချိန်က သုံးနာရီပဲ ရှိတာ ပြင်ဆင်ရတာကတော့ နှစ်လလောက်ကြိုပြင်ရတာ။ ဖတ်ဖတ်မောလို့ ပြီးတော့လည်း ပြီးသွားတာပါပဲ။
naywoonni
July 13, 2011 at 10:52 pm
ကိုပေါက်ရေ..။ လမ်းသလားနေသည် မလုပ်ပါနဲ့ဗျ ..။ ရန်ကုန်မြို့သွား တောလားပေါ့…။ မဟုတ်ဘူးလား..။ ရှင်မဟာ ရဌသာရလား အင်းဝခောတ်ကရေးဖူးတယ်လေ..။ ရွှေစက်တော်သွားတောလား ..။ အဲဒိလိုပေါ့..။ မရောက်ဖူးတဲ့နေရာတွေ မသိဖူးတွေ မမြင်ဘူးတာတွေ သိရ ကြားရလို့ တောသာလေးတွေ သားရေ ကျနေရပေ့ါ…။ ကျွန်တော်လည်း တစ်နေ့ ကိုပေါက်လို လျှောက်သွားပစ်ဦးမယ်..။ (ကြိတ်မနိုင် ခဲမနိုင်ပြောသွားသည်..။ )
ကိုပေါက်(မန္တလေး)
July 13, 2011 at 11:01 pm
မလုပ်ပါနဲ့ကိုနေရေ
မနိုင်းစကောင်း နှိုင်းစကောင်း ဂိုဏ်းတွေသင့်ကုန်ပါ့မယ်နော်။
pooch
July 14, 2011 at 4:33 pm
လေးပေါက်ရေ အနော့် ညီမ မင်္ဂလာဆောင်တုန်းကလည်း လူလည်း မူးနောက်ပြီး ပွဲလည်း ပြီးရော
ခြေကုန်လက်ပန်း ကျပြီး လှုပ်ကိုမလှုပ်နိုင်တော့ဘူး ဒါကြောင့် အနော်ဖြင့် ပွဲဆိုရင်ကြောက်လွန်းလို့…
ကိုပေါက်(မန္တလေး)
July 14, 2011 at 5:43 pm
pooch ရေ
မင်္ဂလာဆောင်ဆိုတာ ဘေးလူတွေပန်းသလောက်
သတို့သားသတို့းသမီးကအရမ်းလန်းတာ.
မယုံမရှိနဲ့ကိုယ်တွေ့နော်………