မဆုံးတဲ့…သီချင်း –၁၂

naywoon niJuly 13, 20111min1605

အဲဒိလိုရယ်စရာပြောနေရင်းက …..
“ ငါတို့မလဲ ခုလောလောဆယ် အိုမာခယမ်ရဲ့ ရူဘိုင်းယက် ကဗျာထဲကလို ချစ်သူရင်ခွင်မရှိသေးတော့ ဒီလိုပဲ ကိုယ့်ဖာသာကိုယ်ပျော်အောင် နေတတ်သလိုနေကြရတာပဲလေ….”
ကိုမြင့်ဇော်က ငြီးတွားသလိုပြောတော့ နေဝန်းနီကလည်း အားကျမခံ
“ ဟုတ်ပါ့ဗျာ.. ဘာတဲ့……….
ပေါင်မုန်တစ်ယှက်
ဝိုင်တစ်ခွက်နဲ့
လရောင်ရွှန်းမြ
ညတစ်ညမှာ
ချစ်သူရင်ခွင်
မှေးစက်ရလျှင်
ငါ့မှာ ပျော်ဖွယ်နိမ္ဗာန်တည်း ….ဆိုတဲ့ ကဗျာသွားလို မှေးစက်စရာ ချစ်သူရင်ခွင်မှ မရှိသေးတာ ရှာရမှာပေါ့ “
လို့ပြောလိုက်တာနဲ့ ကိုမြင့်ဇော်က …..
“ စောစောကအိပ်ဖို့ အခန်းရှိတယ်ဆိုတဲ့ နောက်လိုက်သွားပါလား တစ်ညတာတော့ မှေးစက်စရာ ရတာပေါ့”
တဲ့လေ……..
“ အမလေး အဲဒိလိုမနောက်နဲ့လေ….ကိုကိုဇော်”
“ နောက်ပါဘူး အတည်ပြောနေတာ ပိုက်ဆံ ငါးဆယ်လောက်ပါရင် ဖြစ်လောက်ပါတယ်” တဲ့လေ…….. အရက်ကလေး ပါးစပ်ထဲ စိုလာတော့ သိပ်အထိန်းအကွပ် မရှိတော့ဘူး…။ ကဗျာတွေထဲက ညငှက် ဝတ္ထုတွေထဲက ညငှက်တွေအကြောင်း ပြောဖြစ်ကြတယ်..။ အဲဒိအချိန်လောက်က ဒဂုန်မဂ္ဂဇင်းထဲ သုံးဆက်တိုက်ပါတဲ့တဲ့ ကောလ်ထန်မောရီရယ်ရဲ့ “ ဓါတ်ခွဲခန်းထဲက ပန်းသီးလေးတစ်လုံးအကြောင်း” ပြောဖြစ်တယ်…။ နောက်နီနီအောင်ရဲ့ “ ချိုချဉ်မရောင်းရသောနေ့”ကဗျာထဲက
လုံးကြီးပေါက်လှ
အပျိုမကို
ရော့ဟ……….နှစ်ဆယ်ပေး၍ဝယ်သည်
လွယ်လွယ်နဲ့ပဲ ရသတည်း ………ဆိုတဲ့ ကဗျာ စာသားအကြောင်းလည်းပါရဲ့..။ကဗျှာဆရာအောင်ချိမ့်ရဲ့ “နားလည်သိတတ်သူတို့၏ ကစားနည်း “ ကဗျာအကြောင်းလည်းပါရဲ့…။ မှောင်ရိပ်ထဲက အကြောင်းအရာတွေကို အနုပညာထဲ သိမ်မွေ့နူးညံ့စွာ စွဲသွင်းလာကြပုံတွေ အကြောင်း နောက်တော့ ကိုမြင့်ဇော်ပြောတဲ့ ဘဝကြမ်းကြမ်း ဝတ္ထုလား အဲဒိထဲက ဒတ်ချ် ပန်းချီဆရာ ဗန်းဆင့် ဗင်ဂိုးအကြောင်း လည်း ပြောပြတယ်…။ ဆရာတင်ထွေးဘာသာပြန်ထားတာတဲ့..။ ချစ်သူရှာရင်းနဲ့ နောက်ဆုံး သူ့ကိုလက်ခံစကားပြောတဲ့သူတွေက ဇိမ်ခန်းက မိန်းကလေးတွေသာရှိပါသတဲ့…။ တစ်နေ့တော့ အဲဒိထဲက မိန်းကလေး တစ်ယောက်ကို ချစ်ရေးဆိုတော့ အဲဒိမိန်းကလေးက “ ရှင်နားရွက်က သိပ်လှတာပဲ… အဲဒါဖြတ်ပြီး ကျွန်မကို လက်ဆောင်ပေးပါလား “ လို့ နောက်ပြောင်လိုက်သတဲ့လေ……… ။ ဒါနဲ့ပဲ… သူနေတဲ့နေရာကိုပြန်ပြီး နားရွက်တစ်ဖက်ကို ဖြတ်လို့ ပါဆယ်ထုတ်ပြီး ပို့လိုက်ပါသတဲ့..။ အဲဒိမှာ ဇိမ်ခန်းတစ်ခုလုံး လန့်ဖြန့်ပြီး ဆူညံသွားတာပေါ့လေ…….။ အော်…… အနုပညာသမား ဆိုတာ ယုံလွယ်တတ်သူ ထိခိုက်ခံစားလွယ်သူတွေပါကလား…..။ အဲဒိလိုတွေပြောကြရင်းနဲ့ ဘယ်လောက်သောက်လိုက်မိတယ်မပြောတတ်ဘူး….။ အဆောင်ကို ဘယ်လိုပြန်ရောက်လာသလဲဆိုတာ မမှတ်မိဘူး..။ အဲဒိနောက်ပိုင်းဘာတွေပြောဖြစ်ခဲ့သေးလဲ စဉ်းစားလို့မရတော့ဘူး…။ နောက်တစ်နေ့ နေအတော်မြင့်မှ ကိုမြင့်ဇော်က လာနှိုးမှနိုးတော့တာပဲ…။ ခေါင်းတွေ အုံနေတယ်..။ မကြည်ဘူး…။ ဘာမှစဉ်းစားလို့မရနဲ့ ပြန်ပြီးတော့ပဲခွေနေချင်တော့တာ…။ ကိုမြင့်ဇော်က ရေချိုးပြီးပြီ..။ ရေလဲ ပုဆိုးကို ပုခုန်းပေါ်ခြုံရင် နေဝန်းနီ အခန်းထဲ ဝင်လာတာ…။
“ ကောင်လေး ထတော့ ထမင်းစားမယ်..။ ရေလေးဘာလေးချိုး ။ ချွေးထွက်သွားအောင် ဒိုက်ကလေးဘာလေး ထိုးလိုက်ဦး..။ “
ကိုမြင့်ဇော်က အဲဒိလိုပြောတော့ ဘယ်အချိန်က ဝင်လာမှန်းမသိတဲ့ ကိုမျိုးက
“ ငနေက ဒိုက်မထိုးချင်ဘူးဗျ တစ်ယောက်ထဲ လုပ်ရမှာပျင်းလို့တဲ့… အိပ်ထမတင်လုပ်မလို့တဲ့.. ခင်ဗျားက ခြေထောက်တွေ ဖိထား ကျွန်တော်က ဂုတ်ပိုးကနေ ဆွဲထူပြီးလုပ်မယ် စလိုက်ရအောင်”
တဲ့လေ…..ကိုမျိုးက အဲဒိလိုအစ ကြမ်းတယ်..။ သူကတော့ ကရာတေး သမားဆိုတော့ လေံကျင့်ခန်းမျိုးစုံနဲ့ နှပ်စက်နေကြ…။ လေ့ကျင့်ခန်းတစ်ခုကို နေဝန်းနီက မလုပ်တတ်လို့ ပြခိုင်းရင် နမူနာလုပ်ပြရုံတင်မဟုတ်..။ လက်တွေ့ခပ်ကြမ်းကြမ်း ကိုင်တွယ် ဇွတ်အတင်းဆွဲထူ.. ဟိုဖိ ဒီဖိလုပ်ပြီး အကြောတွေ ပြတ်ခမန်း တစ်အားအားအော်နေရအောင် နှပ်စက်နေကြ..။ ခုလည်း နှစ်ယောက်ပေါင်းပြီး ချွေးဒီးဒီးကျအောင် နှပ်စက်တော့မယ်..။
အိပ်ထမတင်ဆိုတာက ပက်လက်ကနေ ဂုတ်ကိုဆွဲမပြီး နဗူးနဲ့ ဒူး ထိမိအောင်ဆွဲချရတာပါ..။ ခြေဖျားတွေက မလှုပ်ရပါဘူး…။ လုပ်နေမကျရင်ခြေဖျားတွေက လှုပ်ရုံမကဘူး မြောက်တက်သွားတတ်ပါတယ်..။ ဒါကြောင့် လုပ်စမှာ တစ်ယောက်ယောက်က ခြေထောက်တွေကို ဖိပေးထားရပါတယ်..။ ခုဥစ္စာက ကိုမျိုးက နေဝန်းနီ ဂုတ်ကိုဆွဲပြီး နဖူးနဲ့ ဒူးကိုမထိထိအောင် ဆွဲဖိတော့မှာ …။ ကိုမြင်ဇော်က ခြေထောက်တွေကို ဖိထားပေးနေပြီ…။
“ ဒီလိုမှမလုပ်ရင် အရက်ခိုးတွေ မထွက်လို့ ….နေလို့မကောင်းဘူး..။ မိုးကလည်း အုံ့နေသေးတော့ ချွေးထွက်ဖို့လည်းမလွယ်ဘူး..။ ဒီလိုလုပ်မှ အရက်ခိုးတွေက ချွေးအဖြစ်ထွက်သွားမှာ…။ ရာသီဥတု ကတော့ အရက်သမားတွေ အကြိုက် အုံ့နေလေရဲ့..။ ထမင်းစားပြီးရင် ဘောလုံးကန်လို့ရပြီ…။ “
ကိုမျိုးက ပြောပြောဆိုဆို ဂုတ်ကနေဆွဲထူပြီး ဒူးနဲ့နဖူးကိုထိအောင်ဆွဲချပါတော့တယ်..။ ခြေထောက်တွေလှုပ်လိုက်ရင် သက်သာသါားနိုင်ပေမဲ့..။ ကိုမြင့်ဇော်က ခြေထောက်တွေကို လှုပ်လို့ မရအောင်ဖိထားတဲ့အတွက် တစ်ဂေါက်ကွေးကြောတွေ ပြတ်ခမန်း တင်းကနဲ တင်းကနဲ ဖြစ်ကုန်တာပေါ့…။ ခဏနေတော့ ချွေးလည်း ဒီးဒီး ကျလာတော့တာပဲ..။ ကိုမြင့်ဇော်က နဖူးကချွေးတွေကို သူ့ရေလဲပိုင်းနဲ့ သုတ်ပေးရင်းက အဲဒါအရက်ချွေးတဲ့ မှတ်ထားတဲ့ ခဏနေရင် ရေချိုး ထမင်းစားလိုက်တော့ ဆိုပြီး ကိုမျိုးကိုခေါ်ပြီးပြန်ထွက်သွားကြတယ်…။ ချွေးထွက်ထားတဲ့ အရှိန်နဲ့ ကိုမြင့်ဇော်ရဲ့ ရေစိုနေသေးတဲ့ အဝတ်နဲ့ ချွေးသုတ်ပေးလိုက်တော့ အေးတဲ့ အရသာတွေ့ပြီး လူလည်းနဲနဲပေါ့သွားသလိုခံစားလိုက်ရတယ်..။ ချွေးတွေကတော့ ထွက်နေတုန်းပဲ…။ ခဏနေမှ ရေချိုးဖို့ အခန်းအပြင်ဘက်ကိုထွက်ခဲ့တယ်…။ အပြင်မှာ တိုက်နေတဲ့ မိုးနံ့ပါတဲ့လေနဲ့ထိတွေ့လိုက်မှ လူလည်း နဲနဲလန်းလာတော့တာ…။ စောစောကနဲ့မတူတော့ဘူး..။ နေရထိုင်ရတာ ပိုကောင်းလာသလိုပဲ..။

နေဝန်းနီ

5 comments

  • windtalker

    July 14, 2011 at 12:27 am

    ယဉ်ယဉ်လေး မူးတာ ဟာ ချစ်စရာကောင်းတာကို အဘနီ သိတယ်
    မူးပြီးသွေးဆိုးတာ ဟာ မုန်းစရာကြီး ဆိုတာ ကို အဘနီသိတယ် ။
    ကိုယ့်ဟာကို မူးရင် သွေးဆိုး လား ယဉ်လား ဆိုတာ ကို အရက်သောက်သူ တွေ သိတယ် ။

  • naywoonni

    December 10, 2011 at 12:05 pm

    ကပေကကော သွေးဆိုးသလား သွေးဆိုရင် နာနဲ့ လာမတောက်နဲ့ တိလား……

  • ကြောင်ကြီး

    December 10, 2011 at 1:14 pm

    မူးရင်မသောက်နဲ့…..သောက်ရင်မမူးနဲ့…..အဲဒေါ့ ဘာသောက်ရမလဲ….ရေသောက်။။။။။။။။။

  • naywoonni

    December 10, 2011 at 5:59 pm

    မပြောနဲ့ဦး ကိုကြောင်ကြီးရေ………. ရေသောက်ပြီးမူးနေတဲ့သူတွေ့ဖူးတယ် သိလား?

    • windtalker

      December 10, 2011 at 8:38 pm

      ရေသောက်ပြီး မူးမယ့်လူတစ်ယောက် ကို ကြိုတွေ ့နေရတယ် ဗျို ့

Leave a Reply