အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၃၇)
အင်း..အင်း ကျွန်တော်ကတော့ အလုပ်ဖြုတ်မခံရဘဲ ကျန်နေတဲ့ တစ်ယောက်ထဲသောသူပေါ့။ဟုတ်ကဲ့..
ကျွန်တော်ဝန်ခံပါတယ်ဗျာ။ကျွန်တော်လည်း နဲနဲပါးပါး မရိုးသားတာလေးတွေတော့ ရှိသပေါ့။တစ်ခါတလေ
မစ္စစ် တေလာ အခန်းထဲမှာ ဒီအတိုင်းပစ်ထားတဲ့ အကြွေလေးဘာလေးတွေ ကို ကျွန်တော့်အိတ်ထဲကောက်ထည့်
မိတာမျိုး။ဆွစ် ကလာတဲ့ ချောကလက်တောင့်လေးတစ်ခုတလေလောက် ရေခဲသေတ္တာထဲက ယူစားမိတာမျိုး။
ဒါပေမဲ့ လက်လွတ်စပါယ်ကြီးတော့ဘယ်လုပ်မလဲ..သေသေချာချာ စူးစမ်းပြီးမှ လုပ်တာပါ။ဘာလို့လဲ ဆိုတော့
ကာနယ်ကြီးက ဦးဖိုးသိကြီး မဟုတ်လားဗျ။အင်း..မပြောတတ်ဘူး..ကျွန်တော်လုပ်တာ သိချင်လည်း သိမပေါ့။
ဒါပေမဲ့ ဒါက သိပ်လွန်လွန်ကျွံကျွံကြီးမဟုတ်လို့ လွှတ်ပေးထားတာလည်း ဖြစ်မှာပါ။ပြီးတော့ သူတို့မိသားစုက
လည်း ကျွန်တော့်ကိုယုံပါတယ်။အကြောင်းက ကျွန်တော့်မှာ ခရစ်ယာန်နာမည်ရှိတာရယ် အင်္ဂလိပ်စကားပြော
တတ်တာရယ် ဖြစ်မယ်ထင်တယ်။ကျွန်တော်ဆို သူတို့မိသားစု အိပ်ခန်းတွေထဲကအစ ဝင်လို့ရတယ်။အေးဆေးပဲ။
တီဗွီ တွေဘာတွေလည်း ကျွန်တော်တစ်ယောက်ပဲကြည့်ရတယ်။ကျန်တဲ့ အစေခံတွေဆို မကြည့်ရဘူး။တစ်ခါတလေ
ရွိုင်း နဲ ့အတူ နီတင်းဒိုးဂိမ်းတောင် ဆော့ရသေးတယ်။ကျွန်တော်ဝင်မရတာဆိုလို ့ ကာနယ်ကြီးရဲ ့ရုံးခန်းလုပ်ထားတဲ့
အခန်းပဲရှိတယ်။အဲဒီ အခန်းက ခပ်သေးသေးပါ။သူတို့လင်မယား အိပ်တဲ့ အိပ်ခန်းကြီးနဲ့ ကပ်လျက်ပဲ။အဲဒီအခန်းကို
မာကျောကြံ့ခိုင်တဲ့ အညိုရောင်သစ်သားတံခါးတပ်ထားတယ်။သစ်သားတံခါးရှေ့မှာ ထူထဲလှတဲ့ သံပန်းသံတံခါး
တစ်ထပ်ရှိသေးတယ်ဗျ။အဲဒီသံတံခါးမှာ သော့ခလောက် သုံးခုရှိတယ်။နှစ်ခုကတော့ သေးတယ်။ကျန်တဲ့ တစ်ခု
ကတော့ တော်တော်ကြီးတယ်ဗျ။ရွှေရောင်နဲ့။အဲဒီအပေါ်မှာ ရေးထားတာက “ယေးလ် သံချပ်ကာ ဘိုရွန် ထိပ်တုံး”တဲ့။
အဲဒါက သံတံခါးနဲ့အသေဆက်ထားတာဖြစ်မယ်။ဘာလို့လဲဆိုတော့ သူ့ကို သော့တံနဲ့ဖွင့်တာမဟုတ်ဘဲနဲ့ ဘေးနံရံမှာ
ကပ်ထားတဲ့ခလုပ်ခုံလေးက ခလုပ်လေးတွေနှိပ်ဖွင့်ရတာ။တယ်လီဖုန်းမှာလိုပဲ သုညကနေ ကိုးထိ ဂဏန်းလေးတွေ
ပါတယ်။အမယ်..အဲဒီခလုပ်ခုံမှာ အရိုးခေါင်းနဲ့ ကြက်ခြေခတ် လက်ရိုးနှစ်ချောင်းပုံ ရိုက်ထားသဗျ။သော့ကို ဖျက်ပြီး
ဝင်မယ်ဆို ဗို့အား ၄၄ဝလွှတ်ပေးလိမ့်မယ်။ကောင်းကောင်းကြီး ဂန့် သွားနိုင်တာပေါ့ဗျာ။တံခါးပိတ်ထားတဲ့အချိန်ဆို
အဲဒီခလုပ်ခုံမှာ မီးနီသေးသေးလေး လင်းနေလိမ့်မယ်။ကာနယ်ကြီး အခန်းထဲရှိနေတဲ့အချိန်ဆိုရင်တော့
အစိမ်းရောင်ပြောင်းသွားတယ်။အဲဒီအခန်းထဲတော့ ကျွန်တော်မပြောနဲ ့သူ့မိန်းမနဲ ့သူ့ကလေးတွေတောင်
မဝင်ရဘူး။လုံးဝပဲ။
**********************
တေလာ မိသားစုနဲ ့နေတာကြာလာတာနဲ့အမျှ မွမ်ဘိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်တုန်လှုပ်ချောက်ချားစရာ ၊ကြေကွဲစရာ
အဖြစ်တွေကို မေ့လျော့စပြုလာတယ်။ရှမ်တာရမ်ကြီးရယ်၊ မင်းသမီးကြီး နီးလိမာကုမ္မာရီရယ်လေ။သူတို့ အဖြစ်တွေက
နာကျင်စရာကောင်းတယ်။ဒါပေမဲ့ ကျွန်တော့် မှတ်ဉာဏ်ထဲမှာ တဖြည်းဖြည်း မှုန်ဝါးပြီး ဝေးကျန်ခဲ့သလိုပဲ။ပထမပိုင်း
တုန်းကတော့ ကျွန်တော့်မှာ ကျီးလန့်စာစား ရင်တထိတ်ထိတ်နဲ့ဗျာ။ရဲကား မြင်တိုင်း လန့်ဖျပ်နေတာပဲ။နောက်..
ကြာတော့လည်း အတိတ်ဆိုးတွေရဲ့ ချောက်လှန့်မှုတွေက ကျွန်တော့်စိတ်ထဲ မှိန်ဖျော့လာခဲ့တာ။တစ်ခါတစ်လေတော့
လည်း ဂူဒီယာ့ကို သတိရမိပြီး သူ့အကြောင်းတွေးမိတယ်။သူ ဘယ်လိုများဖြစ်သွားလဲ၊ဘာများလုပ်နေပြီလဲ
ဘာညာပေါ့ဗျာ။သေသေချာချာစဉ်းစားကြည့်တော့ ဂူဒီယာနဲ ့ခင်သာခင်ခဲ့တာ သူ့မျက်နှာကို သေချာမြင်ဖူးခဲ့တာ
မဟုတ်ဘူးဗျ။သူ အိမ်မှာနေတော့လည်း သူ့အဖေကြီးက တံခါးကို အမြဲပိတ်ခိုင်းထားတာလေ။တွေ့တော့လည်း
ဆေးရုံပေါ်မှာ။မျက်နှာမှာ ပတ်တီးအပြည့်နဲ့ပဲ မဟုတ်လား။အဲဒီတော့ဗျာ မျက်နှာနဲ့ နာမည်နဲ့ တွဲမသိတဲ့
လူတစ်ယောက်အကြောင်းဆိုတာမှတ်ဉာဏ်ထဲမှာ ကြာရှည်တည်တံ့ဖို့ ကျွန်တော့်အတွက်တော့ အတော်ကို
ခဲယဉ်းတာပဲ။ဒီလိုနဲ့ ဂူဒီယာ့အကြောင်းကလည်း ကျွန်တော့်ခေါင်းထဲမှာ ဝေဝါးပျောက်ကွယ်လုမတတ်ဖြစ်
လာခဲ့တာ။ဒါပေမဲ့..ဆလင်း..ဆလင်း ကို ကျွန်တော်မေ့မရဘူး။သူ့ကို ထားခဲ့တဲ့အတွက် ကျွန်တော့်မှာ အကြီး
ဆုံးအပြစ်ကြီးတစ်ခု ကျူးလွန်မိခဲ့သလို နောင်တရနေမိတယ်။နာကျင် ကြေကွဲမိတယ်။သူ ဘယ်လိုများနေ
ထိုင်ပြီး အသက်ဆက်နေပါလိမ့်လို့ ကျွန်တော်တွေးတွေးနေမိတာ။အရင်လို ဒက်ဘာဝါးလားလေး ပဲ
လုပ်နေသေးလားပေါ့။ဒါပေမဲ့ သူ့ကို ဆက်သွယ်ဖို့ ကျွန်တော့်မှာ အောင့်အီးချုပ်တီးထားရတယ်။တော်တော်
ကြာ သူ့ကို ဆက်သွယ်လိုက်မှ ရဲတွေကို ကျွန်တော့်အကြောင်း အထုပ်ဖြည်ပြသလိုဖြစ်နေမှာ ကျွန်တော်စိုး
ရိမ်နေမိတာကိုး။
**********************
တေလာမိသားစုနဲ့ နေရင်း ကျွန်တော် သင်ရတာတွေရှိတယ်ဗျ။ အသားကင်လုပ်တာတို့၊ဖွန်ဒျူး လုပ်တာတို့လေ။
ဖွန်ဒျူးက ဘာမှတော့ သိပ်မဆန်းပါဘူး။ဒိန်ရည်ပူပူလေးမှာ ပေါင်မုန့်လေးတွေကို ခက်ရင်းရှည်ရှည်နဲ့ထိုးနှစ်ပြီး စားတဲ့
ဟာပါ။အဲ..ကျွန်တော်သေချာ ကျွမ်းကျင်လာတာကတော့ အရက်စပ်တာပဲဗျ။အရက်ကို ပက်နဲ့ ချင်ထည့်တာလဲ
တော်တော် ဆရာကျလာတာ။နောက်ပြီး သားပိုက်ကောင်သား တို့ မိကျောင်းသားတို့လည်းမြည်းစမ်းကြည့်ဖူးလာ
တယ်။အဲဒီအသားတွေက ကင်ဘာရာ ကနေ တိုက်ရိုက်သွင်းတာလို့ပြောတယ်။ရပ်(ဂ်)ဘီ တို့ တင်းနစ်တို့ ကိုလည်း
သဘောကျလာတာ။ဒါပေမဲ့ဗျာ..ဒီလောက်ကြာလာတာတောင် သူတို့ ဩစတေးလျန်း လေသံကို သိပ်မဖမ်းနိုင်သေး
ဘူး။ညနေတိုင်း ကျွန်တော့်အခန်းလေးထဲမှာသူတို့ လေသံနဲ့ ပြောနိုင်အောင် ကျွန်တော်လေ့ကျင့်တာပဲ။ဒီလိုမျိုးလေ..
“G’day Maite, see you at aight at Indian Gaite”
ကျွန်တော့်မှာ အသံထွက်လေ့ကျင့်လိုက်..ဗြဲခနဲရီချလိုက်နဲ့ပေါ့။
မစ္စစ်တေလာ နဲ့ ဈေးဝယ်ထွက်ရတာတော့ တကယ်သဘောကျတယ်။သူလိုချင်တဲ့ ဩစတေးလျထွက်
ကုန်ပစ္စည်း တော်တော်များ ဝယ်လေ့ရှိတာ။ဒါပေမဲ့ တစ်ခါတလေတော့လည်း စူပါ နဲ့ ခန်း ဈေးကြီးတွေမှာ နိုင်ငံခြား
ကလာတဲ့ ပစ္စည်းတွေဝယ်တတ်တယ်။ဝယ်တတ်တာတွေက စပိန် ဝက်အူချောင်း(သူက ဝက်သားနဲ့ ငရုတ်ကောင်း
အနီရောပြီးလုပ်ထားတာ။ဒီမှာတော့ ပန်းငရုတ်မှုန့်ခေါ်မယ်)၊ရို့ခ်ဖော့တ် ဒိန်ခဲ(သူက ပြင်သစ်နိုင်ငံ ရို့ခ်ဖော့တ်
ကလာတာ။သိုးနို့နဲ့လုပ်ထားတဲ့ ဒိန်ခဲတဲ့) ပြီးတော့ သခွားသီး ဆားရည်စိမ်၊(အဲဒီဟာက ဂါခင် လို့ခေါ်တဲ့
သခွားသီးသေးသေးလေးတွေဗျ..တစ်လက်မခွဲလောက်ပဲရှိမယ်။အပင်မှာ အဲဒီအရွယ်နဲ့မခူးရင် ခါးပြီး ဆူးတွေထွက်
လာတယ်တဲ့)နောက် သံလွင်ဆီနဲ့စိမ်ထားတဲ့ ငရုတ်သီးနီ။သဘောအကျဆုံးကတော့ မက်ဂီနဲ့ရွိုင်းကို ခေါ်သွားလေ့
ရှိတဲ့ ကလေးပစ္စည်းတွေရောင်းတဲ့ စူပါမားကတ်ကြီးကိုပဲ။တကယ်ဗျာ..သူတို့နဲ့အတူ ကျွန်တော့်ကို မစ္စစ်တေလာ
စပြီး ခေါ်သွားတုန်းက ဒီဆိုင်ကြီးက တစ်ကမာ္ဘလုံးမှာ အကြီးဆုံးပဲထင်မိတယ်။သူတို့မောင်နှမ နှစ်ယောက်
ကတော့ ထွေလီကာလီ လျှောက်ဝယ်တာပေါ့။ကျွန်တော်ကတော့ ဟိုကြည့်ဒီကြည့်၊ ပြီးတော့ သွားရည်ကျ။နောက်
အဲဒီမှာ ကလေးတွေ ဆော့လို့ရတဲ့ နေရာလေးမှာ သွားဆော့။ဒါပါပဲ။
ရွိုင်း နဲ့ မက်ဂီ တို့တစ်လတစ်ကြိမ် မဂ္ဂဇင်းတစ်စောင်ရတယ်ဗျ။အဲဒါက Australian Geographic တဲ့။
အဲဒီ မဂ္ဂဇင်းကတော့ ကမာ္ဘ့အကောင်းဆုံးပဲ ထင်မိပြန်တယ်။တော်တော် သပ်ရပ်ခန့်ငြားတဲ့ မဂ္ဂဇင်းဗျာ။ဓာတ်ပုံတွေ
ကလည်း အရမ်းကို လှပပြီး ခမ်းနားတဲ့နေရာတွေကို ရိုက်ပြထားတာ။ဩစတေးလျ မှာ ရှိတဲ့နေရာတွေပေါ့။ရွှေရောင်
သဲတွေနဲ့ ရှုမျှော်မဆုံးတဲ့ ကမ်းခြေတွေ၊ ချစ်စရာ အုန်းပင်တွေ စီရရီနဲ့ လှပတဲ့ ကျွန်းလေးတွေ၊ဝေလငါးကြီးတွေ ငါး
မန်းကြီးတွေ ပြည့်နေတဲ့ သမုဒ္ဒရာကြီးတွေ၊မိုးမျှော်တိုက်ကြီးတွေ အပြိုင်းအရိုင်းနဲ့ မြို့ကြီးတွေ၊ကြောက်စရာ
ချော်ရည်တွေမှုတ်ထုတ်နေတဲ့ မီးတောင်ကြီးတွေ၊စိမ်းညို့ညို့လွင်ပြင်ကျယ်ကြီးတွေရဲ့အလယ်မှာ အိန္ဒြေ
အပြည့်နဲ့ ငြိမ်သက်နေတဲ့ နှင်းဖုံးတောင်တန်းကြီးတွေ။ဆယ့်လေးနှစ်သားအရွယ် အဲဒီတုန်းက ကျွန်တော့်ဘဝမှာ
တစ်ခုတည်းသော ရည်မှန်းချက်က အဲဒီနေရာတွေကို ရောက်အောင်သွားလည်ဖို့ပါပဲ။ ကွင်းစ်လန်းကိုသွားမယ်..။
တက်စ်မန်နီယာကျွန်းကို သွားမယ်..။သန္တာကျောက်တန်းကြီးကို သွားကြည့်မယ်..။
သူတို့မိသားစုနဲ ့နေရတာ သက်သက်သာသာပဲဗျ။ဘာလို့လဲဆိုတော့ အလုပ်ကလည်း ဘာမှ ထွေထွေထူးထူး
လုပ်စရာသိပ်မရှိဘူးလေ။မင်းသမီးကြီး အိမ်မှာတုန်းကတော့ ဒီလို ဘယ်ဟုတ်လိမ့်မလဲ။အိမ်စေအလုပ်သမားဆိုလို့
ကျွန်တော်တစ်ယောက်ပဲရှိတာလေ။ဒီမှာကျတော့ သုံးယောက်တောင်ရှိတာဆိုတော့ အလုပ်ကိုခွဲလုပ်ရုံပဲ။ရာမူး
ဆိုထမင်းဟင်းချက်တယ်။မီးဖိုချောင်ကိစ္စ အဝဝ သူပဲ အကုန်တာဝန်ယူ။ရှန်တီကတော့ လျှော်ဖွပ် ဆေးကြော။
ကျွန်တော်ကတော့ ဖုန်စုပ်စက်လေးနဲ့ ဖုန်စုပ်။လိုအပ်တဲ့ နေရာ သန့်ရှင်းရေးလုပ်။တစ်ခါတလေတော့ ငွေထည်
ပစ္စည်းတွေကို ပြောင်လက်နေအောင်တိုက်ချွတ်တာတို့၊ ကာနယ်ကြီးရဲ့စာကြည့်ခန်းထဲက စာအုပ်တွေကို
သပ်သပ်ရပ်ရပ် ပြန်စီပေးရတာတို့၊ ဘဂဝါတီ ကိုကူပြီး စည်းရိုးလုပ်ထားတဲ့အပင်လေးတွေကို ညှပ်ပေး တိပေး
ရတာလေးတွေတော့ လုပ်ရတာပေါ့လေ။ကျွန်တော်တို့ အားလုံး အိမ်မကြီးနဲ့ ဆက်နေတဲ့ အစေခံတန်းလျားမှာ
နေရတယ်။အဲဒီမှာ အခန်းကျယ်တစ်ခန်းနဲ့ အခန်းသေးနှစ်ခန်းပါတယ်။ဘဂဝါတီကတော့ အခန်းကျယ်ထဲမှာ
သူ့မယားနဲ့ သူ့သားနဲ့နေတယ်။ရှန်တီက တစ်ခန်းနေတယ်။အဲဒီတော့ ကျွန်တော်နဲ့ရာမူးက တစ်ခန်းနေရတာပေါ့။
အခန်းထဲမှာ အိပ်စင်လေးရှိတယ်။ကျွန်တော်က အပေါ်မှာ အိပ်တယ်။
2 comments
MaMa
July 15, 2011 at 7:03 am
အင်းးးးးးးးးးး ဒီလိုဆိုတော့လည်း သူက အစေခံတွေထဲမှာမှ အခွင့်ထူးခံ ဖြစ်သွားတာပေ့ါ နော်။
တဖြေးဖြေးတော့ ကံကောင်းလာပြီလိုု့ ဆိုရမှာပေ့ါ။
မောင်ဘလိူင်
July 16, 2011 at 4:10 pm
ကံက မကောင်းသေးဘူး။ဒီထက် ဆိုးတာတွေ လာဦးမှာ..။
မင်းသား က တစ်ချိန်လုံး လှိမ့်ပိန် ့နေအောင်ခံ။နောက်ဆုံးကျမှ
လူဆိုးတွေကို တစ်ချက်ထဲနဲ ့ဆော်ပြီး ဇာတ်သိမ်းပစ်လိုက်မှာ။ 🙂