နှောင်းနောင်တ – ခင်မမမျိုး

kaiJuly 20, 20111min30410

နှောင်းနောင်တ

(၆၄) နှစ်မြောက် အာဇာနည်နေ့။

အာဇာနည်ခေါင်းဆောင်ကြီးများကို စိတ်ထဲက ရည်စူးအလေးပြုပြီးချိန်မှာ အင်တာနက်ဝပ်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ “အာဇာနည်နေ့၊ ဒို့မမေ့” ဆိုတဲ့ သီချင်းလေးကို ပြန်နားထောင်လိုက်မိပါတယ်။ ဒီလိုနဲ့ သီချင်း နားထောင်နေရင်း စိတ်ထဲမှာ အရင်တုန်းကတည်းက မတင်မကျ ဖြစ်ခဲ့ဖူးတဲ့ အတွေးလေး တခုက ပြန်ပေါ်လာပါတယ်။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးချိန်မှာ ဗိုလ်ချုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေက “ဒီလို လုပ်ကြံမှုကြီးရဲ့ ခြေလှမ်းတွေကို ငါတို့တတွေ သတိမထားမိလေခြင်း၊ ဗိုလ်ချုပ်တို့လို ခေါင်းဆောင် ကြီးတွေကို မကာကွယ် လိုက်နိုင်လေခြင်း” လို့ ယူကြုံးမရ ဖြစ်ခဲ့ကြမှာ အသေအချာပါပဲ။

သမိုင်းအချက်အလက်တွေကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုကြီး မဖြစ်ပွားခင်မှာ လုံခြုံရေးရှုထောင့်အရ ထည့်သွင်းစဉ်းစားစရာတွေဖြစ်တဲ့ pre- incident indicators တွေ ရှိနေခဲ့ပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ ရာဇဝတ်မှုခင်းတွေ၊ လုပ်ကြံမှုတွေတိုင်းမှာ မှုခင်း မဖြစ်ပွားမီကတည်းက အန္တရာယ် အချက်ပြမီးတွေလို့ ဆိုနိုင်တဲ့ group-related indicators, target-related indicators နဲ့ incident-related indicators တွေ ပေါ်ထွက်လေ့ရှိပါတယ်။ ဒီလို ပေါ်ထွက်လာပြီးမှ ရာဇဝတ်မှုခင်းတွေနဲ့ လုပ်ကြံမှုတွေ အောင်မြင်သွားခြင်းကတော့ ရလာတဲ့ သတင်းအချက်အလက်တွေကို အမှုမဲ့၊ အမှတ်မဲ့နေခြင်း၊ ရန်သူဘက်ကို အထင်သေးခြင်းနဲ့ မိမိဘက်ကို အထင်ကြီးခြင်း တို့ပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်တို့ကို လုပ်ကြံမှု မဖြစ်ပွားခင်မှာကတည်းက (၁၉၄၇) ခု၊ ဇွန်လ (၂၄) ရက်နေ့မှာ ဘီအိုဒီခေါ် ဗြိတိသျှစစ်ဘက် ပင်မလက်နက်ခဲယမ်း သိုလှောင်ရေးတပ်ကနေ ဘရင်းဂန်း အလက် ၂၀၀၊ မဂ္ဂဇင်းကျည်ကပ် ၈၀ဝ တို့ကို ပစ္စည်းထုတ်ယူခွင့်လက်မှတ် အတုများနဲ့ မသမာသူများက ထုတ်ယူသွားကြောင်း မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ) က သတင်းရရှိခဲ့မှု၊ ၁၉၄ရ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့မှာ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည်ဆံတစ်သိန်း၊ စတင်းကျည်ဆန် ၂၅၆၀၀ဝ နှင့် လက်ပစ်ဗုံးအလုံး ၂၀ဝ တို့ကို ၁၆ မိုင်ရှိ မင်္ဂလာဒုံအခြေစိုက်လက်နက်တိုက်မှ ထုတ်ယူသွားကြောင်း သတင်းရရှိမှု၊ ရရှိသောသတင်းများကို ပြည်ထဲရေး ဝန်ကြီးမှတဆင့် ဝန်ကြီးအဖွဲ့ထံ ချက်ချင်းတင်ပြရာက အရေးပေါ်အစည်းအဝေးခေါ်ယူပြီးနောက် လုံခြုံရေးအတွက် အန္တရာယ်စိုးရိမ်ရတယ်လို့ ဆုံးဖြတ်ပြီး တပ်ဖွဲ့အသီးသီးအား အထူးသတိထားရန် တပ်လှန့်ထားမှု၊ ခေတ္တပြည်ထဲရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ပြည်ထောင်စု စစ်ရဲတပ်ရင်းက တပ်စိတ်တစ်စိတ်ကို လက်နက်အပြည့်အစုံနဲ့ ဗိုလ်ချုပ်ရုံးခန်း အပြင်ဘက်မှာ လုံခြုံရေးအစောင့်ချထားပေးမှု (ဗိုလ်ချုပ်တွေ့သွားပြီး လုံခြုံရေးအဖွဲ့ ရုတ်သိမ်းရန် အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်) လုပ်ကြံရန် ကြံစည်မှု ရှိနိုင်ကြောင်းကို ကျဆုံးသွားခဲ့တဲ့ ဝန်ကြီးဒီးဒုတ် ဦးဘချိုက တစွန်းတစ သတင်းရသွားပြီး ဗိုလ်နေဝင်းဆီမှာ အကူအညီတောင်းခဲ့တာကြောင့် ရဲဘော်ဘတုတ် နဲ့ ရဲဘော် ရဲမြင့် ဆိုတဲ့ သက်တော်စောင့်နှစ်ဦးကို ဗိုလ်ချုပ်အောင်ဆန်းကို စောင့်ရှောက်ဖို့ ပေးထားခဲ့ရာက အခင်းဖြစ်ပွားတဲ့ နေ့မှာ ဒီရဲဘော်နှစ်ဦး ပျောက်ဆုံးနေမှု ( နောက်ပိုင်း ရက်အနည်းငယ်ကြာမှ အလောင်းတွေ ပြန်တွေ့ရတယ်လို့ ကြည့်မြင်တိုင်ကိုသန်းရေးထားတဲ့ ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး စာအုပ်မှာ ရေးထားပါတယ်) စတဲ့ pre-incident indicators တွေ ရှိနေခဲ့ပါတယ်။

တကယ်တန်းကျတော့ ဗိုလ်ချုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေထဲမှာ လုံခြုံရေး ကျွမ်းကျင်သူတွေ အများအပြား ရှိခဲ့ကြတာပါ။ ဒီလို လုံခြုံရေးကျွမ်းကျင်သူတွေဟာ pre-incident indicators တွေကို သတိမထားမိပဲတော့ နေမှာ မဟုတ်ပါဘူး။ ပျော်ဘွယ်ဦးမြတို့ဆိုရင် လုံခြုံရေးအစောင့်အရှောက်တောင် စီမံပေးခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်က အမိန့်ပေးချိန်မှာတော့ ရုတ်သိမ်းပေးခဲ့ရပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် တခြား လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေထဲမှာလဲ သတိထားခဲ့မိသူတွေ အများအပြား ရှိခဲ့မှာပါ။ သတိထားမိပေမယ့်လဲ လူထုချစ်တဲ့ ခေါင်းဆောင်ကြီး တွေကိုတော့ လုပ်ကြံသူ မရှိတန်လောက်ပါဘူး ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထား ခဲ့ကြတာလား၊ ရန်သူကတော့ မလုပ်ရဲလောက်ပါဘူးဆိုပြီး ကိုယ့်ဘက်ကိုယ် အထင်ကြီးခဲ့ကြတာလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်တို့ရဲ့ အရှိန်အဝါ တွေကြောင့် “မိကျောင်းမင်း၊ ရေခင်းပြ” သလို ဖြစ်မှာ စိုးပြီး မပြောထွက်ခဲ့ကြတာလား၊ ဗိုလ်ချုပ်တို့က သူတို့အလုပ်ကို ဝင်ရှုပ်တယ်၊ နှောင့်နှေးစေတယ်လို့ ငြိုငြင်သွားမှာကို စိုးရိမ်ပြီး မပြောရဲခဲ့ကြတာလား၊ သတိတွေ ဝိုင်းပေးကြပါရက်နဲ့ ဗိုလ်ချုပ်တို့ကပဲ သတိမမူ၊ ဂူမမြင် ဖြစ်ခဲ့ကြတာလား။

ဘယ်လိုပဲ ဖြစ်ဖြစ် တိုင်းပြည်အတွက် ဘယ်လိုမှ အစားထိုးလို့ မရနိုင်တော့တဲ့ ဆုံးရှုံးမှုကြီး တရပ်ကတော့ ဖြစ်ပွားသွားခဲ့ပါတယ်။ ဒီ ဆုံးရှုံးမှုကြီး ဖြစ်ပွားသွားချိန်မှာ “ငါ့စိတ်ထဲ တထင့်ထင့် ဖြစ်ပါရက်နဲ့ သတိ မပေးလိုက်မိလေခြင်း၊ မပြောလိုက်မိလေခြင်း” လို့ နှောင်းနောင်တ ရခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ စာနယ်ဇင်းသမားတွေ ဘယ်လောက် ရှိခဲ့လေမလဲ။ ဗိုလ်ချုပ်ကို လုံခြုံရေးထားဖို့ လိုအပ်ကြောင်း အတိုက်အခံပြောပြီး အတင်းမထားခဲ့မိတာတွေအတွက် နှောင်းနောင်တ ရခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေ၊ ရဲဘော်ရဲဘက်တွေ ဘယ်လောက်ရှိခဲ့လေမလဲ။ ဒါကိုတော့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

ကျွန်မတို့တတွေဟာ ကိုယ်နဲ့ မတည့်သူတွေ၊ ဘာမှ မဆိုင်သူတွေကိုသာ ဆန့်ကျင်ဘက် စကားတွေ၊ တားဆီးသတိပေးတဲ့စကားတွေ၊ ပြောထွက်ကြပေမယ့် ကိုယ်သိပ်ချစ်ရတဲ့သူတွေ၊ ကိုယ်သိပ်လေးစားရသူ တွေကိုကျတော့ ဒီလိုစကားတွေ မပြောရဲကြ၊ မပြောရက်ကြပါဘူး။ စိတ်ထဲ တထင့်ထင့် ရှိရင်တောင် “သူများ ကိုယ့်ကို တမျိုးထင်လေမလား၊ သူများ စိတ်ဆိုးသွားလေမလား၊ သူများ ငြိုငြင်သွားလေမလား” ဆိုပြီး နှုတ်ဆွံ့တတ်ကြပါတယ်။ တခါတရံများဆို ချစ်တဲ့စိတ်၊ လေးစားတဲ့စိတ်၊ ခင်မင်တဲ့စိတ်တွေကြောင့် မဖြစ်နိုင်မှန်း သိရက်နဲ့၊ အန္တရာယ်ရှိမှန်း သိရက်နဲ့ မပြောထွက်ပဲ လိုက်ပြီး ထောက်ခံအားပေးမိတာတွေတောင် ရှိတတ် ပါသေးတယ်။

ဒါတွေကို တွေးနေမိရင်း ဘဝမှာ ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတွေကို သတိသွားရမိပါတယ်။ဒေါသထွက်နေတုန်း ကားမောင်းထွက်တဲ့ အမေ့ကို တားဆီးဖို့ တွေးလိုက်မိပါရက်နဲ့ နှုတ်ဆိတ်နေလိုက်မိလို့ မျက်စိရှေ့မှာတင် ဆိုးရွားတဲ့ကားတိုက်မှုကြီး ဖြစ်သွားခဲ့ဖူးပါရဲ့။ ဒီတုန်းက အမေ့ကို မဆုံးရှုံးလိုက်ရလို့သာပါ။ မဟုတ်ရင် ဘယ်လောက်ဆိုးဝါးတဲ့ နှောင်းနောင်တ ကြီးဟာ ကျွန်မရဲ့ ဘဝတသက်သာလုံးကို နှိပ်စက်သွားမယ် မသိပါဘူး။ အလားတူပဲ အာသီးရောင်တတ်တဲ့ မောင်လေးက ရေခဲချောင်း စားနေတာကို မတားခဲ့မိလို့၊ ဆေးစွဲနေတဲ့ သူငယ်ချင်းအကြောင်းကို သူ့မိဘတွေကို ပြောမထွက်ခဲ့လို့၊ အချစ်ဆုံးသူငယ်ချင်းရဲ့ အချစ်ရေး ကိစ္စမှာ ချစ်သူတွေကြား ဝင်မပါသင့်ဘူးဆိုပြီး မတားခဲ့မိလို့၊ ခင်မင်လေးစားတဲ့ မိတ်ဆွေတယောက်ရဲ့ ရှေ့လုပ်ငန်းစဉ် အမှားအယွင်းတွေကို သိသိကြီးနဲ့ မတားလိုက်မိလို့၊ နောက်ပိုင်းမှာ သူတို့ရဲ့ ကျန်းမာရေးတွေ ထိခိုက်ရတဲ့အခါ၊ ဘဝလှေငယ်တွေ မှောက်သွားတဲ့အခါ ရင်ထဲမှာ ကြိတ်ပြီး နှောင်းနောင်တတွေ အကြိမ်ကြိမ် ရခဲ့မိဖူးပါတယ်။

ဘဝရဲ့ အစိတ်အပိုင်း တချို့မှာတောင် ဒီလိုနှောင်းနောင်တတွေ ရမိချိန်တိုင်း ယူကြုံးမရ ခံစားရတယ်ဆိုရင်၊ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးရဲ့ pre-incident indicators ကို ရိပ်မိသိရှိပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြောမထွက်၊ မပြောရက်၊ သတိမပေးရဲခဲ့ကြသူ၊ လုံခြုံရေးအမြင်နဲ့ ပတ်သက်ပြီးတော့ အတိုက်အခံ ဆန့်ကျင်ပြီး မပြောရဲခဲ့ကြသူတို့ရဲ့ နှောင်းနောင်တ ခံစားချက်တွေသာ ဆိုရင် ဘယ်လောက်များ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့လေမလဲလို့ တွေးကြည့်မိပါတယ်။

လူတိုင်း၊ လူတိုင်းမှာ အမှားနဲ့ မကင်းကြပါဘူး။ မာနတရားတွေ၊ ခေါင်းမာမှုတွေ၊ တစွတ်ထိုးစိတ် တွေနဲ့လဲ မကင်း ကြပါဘူး။ ပုထုဇဉ်ဖြစ်နေသမျှ ကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟ တွေနဲ့လဲ ဘယ်သူမှ ကင်းနိုင်မှာ မဟုတ် ပါဘူး။ ဘယ်လောက်ပဲ ပညာဉာဏ် ရှိရှိ၊ တခါတရံမှာ သတိလေး တချက် လွတ်သွားတာတွေလဲ ရှိတတ်ပါတယ်။ ကဏ္ဍတိုင်းမှာလဲ ဘယ်သူမှ အလုံးစုံ မကျွမ်းကျင်နိုင်ကြတာမို့ အကျိုးသင့်အကြောင်းသင့် ပြောကြား သတိပေးသူတွေ ရှိဖို့ လိုအပ်ပါတယ်။ တခါတရံကျရင် လူ့ဘဝမှာ “ကြမ္မာငင်တယ်” လို့ပဲ ဆိုရမည်လား မသိနိုင်ပဲ၊ သတိမမူ၊ ဂူမမြင် ဖြစ်တတ်တဲ့ အချိန်အခါလေးတွေကို ကြုံရတတ်ပါတယ်။ ဒီလို အခြေအနေ၊ အချိန်အခါတွေမှာ မိတ်ဆွေကောင်းများက ဝိုင်းဝန်းဆွေးနွေးပေးဖို့ လိုအပ်သလို၊ အန္တရာယ်ရှိလာပြီဆိုရင်လဲ ကြိုတင် သတိပေးဖို့၊ လိုအပ်ရင် အတိုက်အခံ ပြောဆိုသတိပေးဖို့ လိုအပ်လှပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မရဲ့ ဘဝမှာ နိုင်ငံရေးရာနဲ့ပဲ ဖြစ်စေ၊ လူမှုရေးရာနဲ့ပဲ ဖြစ်စေ ဒီလို နှောင်းနောင်တ ရစရာများ မကြုံပါရစေနဲ့လို့တော့ အကြိမ်ကြိမ် ဆုတောင်းနေမိသလို၊ ချစ်ခင်လေးစားသူများရဲ့ အန္တရာယ် အချက်ပြ မီးတွေကို နှုတ်မဆိတ်ပဲ သတိပေးရဲတဲ့ သတ္တိခွန်အားများ ရှိရပါစေကြောင်းကိုလည်း ………………….။

ခင်မမမျိုး (၁၉၊ ၇၊ ၂၀၁၁)

10 comments

  • MaMa

    July 20, 2011 at 7:34 am

    မြန်မာစာဆရာမတစ်ယောက်က စာရေးသူဟာ သူရေးတဲ့စာမှာ စေတနာပါတယ် လို့ ပြောပြဖူးတယ်။ စာရေးဆရာတစ်ယောက်ဟာ စေတနာမှန်ရမယ်လို့လည်း ပြောခဲ့ဖူးတယ်။ ဒီစာကို ဖတ်ရတော့ စာရေးသူရဲ့ စေတနာနဲ့ ရေးပေးထားတဲ့ ဘဝသင်ခန်းစာတွေ၊ မှတ်သားစရာတွေ၊ ပြုပြင်သင့်တာတွေ၊ လိုက်နာသင့်တာတွေ အများကြီး အများကြီးကို ရရှိသွားပါတယ်။

  • etone

    July 20, 2011 at 9:27 am

    ဟုတ်ပါရဲ့ .. စာရေးသူထောက်ပြသွားတော့မှ … မလိုလားအပ်တဲ့ နှုတ်ဆိတ်မှူတွေနဲ့ နေခဲ့မိပါလား သတိရမိတော့တယ် … ။ မလိုအပ်တဲ့အချိန်မှာ ဗျစ်တောက်ဗျစ်တောက် ပွားနေတာထက်စာရင် … တကယ်လိုအပ်တဲ့ ပြောသင့်တဲ့အခါမှာသာ ပြောရတော့မယ် ။

  • maungmoenyo

    July 20, 2011 at 9:57 am

    နှေင်းနောင်တရကြသူတွေ က တပြည်လုံးပါ။ တင်ကြိုနောင်တရချင်ကြသူတွေ ဟာ နိုင်ငံရေးဇာတ်ခုံမှာ အမြဲရှိလေ့ရှိပါတယ်။ ဆိူလိုတာက – ဗိုလ်ချုပ်ကို ကြည့်ရင်း မနာလိုစိတ်ပွားကြသူ တွေ (ဂဠုန် တို့အုပ်စုကလွဲရင်) ြိကိတ်ပြီးရှိနေခဲ့ပါတယ်။ သူမရှိတော့မှ ဆိုပြီး လက်သီးပုန်း နေကြတဲ့ နိုင်ငံရေးအုပ်စုတွေရှိခဲ့ပါတယ်။ ဘယ်သူတွေလဲဆိုတာ ကာယကံရှင်တွေ သိကြမှာပါ။ အဲ့ဒီအထဲ အထင်ကရနိုင်ငံရေးခေါင်းဆောင်ကြီးတချို့ပါခဲ့တာမို့ သမိုင်းမတွင်တဲ့ အမဲစက်ကြီးများရှိနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကဘဲ ဗိုလ်ချုပ်တို့အသုဘမှာ အရင်ဦးအောင် လွမ်းချင်းရှည်ကြတယ်ဆိုဘဲ…။

  • pan pan

    July 20, 2011 at 10:38 am

    နှောင်းနောင်တရရတာ တကယ်ဆိုးပါတယ်
    ရင်ထဲမှာတော်တော်ခံစားရလို့ပါ
    ဆုံးရှုံးတာနဲ့မက ခံစားရပါတယ်
    တခြားကိစ္စဆို ကြာရင်ပြေပျောက်နိုင်ပါတယ်၊ ဖြေသိမ့်အစားထိုးဖို့ နည်းလမ်းတွေရှိလာနိုင်ပါတယ်
    ဗိုလ်ချုပ်တို့ လုပ်ကြံခံရလို့ ယူကျုံးမရဖြစ်ရတာကတော့ ဖြေလို့လည်းပြေနိုင်စရာမရှိပါဘူး
    အင်မတန်မှတန်ဖိုးကြီးမားစွာ ဆုံးရှုံးမှု၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆုံးရှုံးမှုပါ

  • ရွှေဘိုသား

    July 20, 2011 at 11:27 am

    တစ်နိုင်ငံလုံး နောင်တ တရားတွေရကြမှာပါပဲ
    သွေးစွန်းနေ.များ စာအုပ်မှာဖတ်ဖူးပါတယ်
    တော်တော်ကို နောင်တရကြတဲ. ရဲဘော်တွေ အများအပြားပါ

  • yaungchikha

    July 20, 2011 at 4:13 pm

    လူတိုင်းသိထားသင့်တာလေးတွေပါ၊ နောင်တဆိုတာ လူတိုင်းနဲ့မကင်းကွာနိုင်ကြပါဘူး၊ အခုလို မှတ်သားစရာလေးတွေရေးပေးတဲ့တွက် ကျေးဇူးတင်ပါတယ်ရှင်၊

  • kai

    July 21, 2011 at 2:42 pm

    ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလည်း တွေးနေမိပါတယ်..။
    ဦးစောက.. လက်တွေ့လုပ်လိုက်ရတဲ့ နယ်ရုပ်လေးလို့ထင်တာပါပဲ..။
    အခုခေတ်ရော..အဲဒီခေတ်ကရောက… အင်္ဂလိပ်တို့သဘောတွေ… လေ့လာစောကြောမိသလောက်တော့… မြန်မာနိုင်ငံတော်လုပ်ကြံမှုမှာ… အင်္ဂလိပ်ရဲ့ပယောဂကဘယ်နည်းနဲ့မှမလွတ်နိုင်ဘူးလို့.. ထပ်တွေးမိပါတယ်..။

    မင်္ဂလာဒုံလက်နက်တိုက်က.. လက်နက်တွေခိုးထုတ်ပေးလိုက်တဲ့ ..အင်္ဂလိပ်စစ်ဗို ဒေးဗစ်ဗီဗီယန်းအကြောင်း…နောက်ပိုင်းသူ.ဘာတွေဖြစ်သွားသလည်း.. အင်္ဂလန်..အမ်အိုင်ရဲ့ မှတ်တမ်းစာတွေဖတ်ကြည့်ချင်သား…။ 🙂

    • aye.kk

      July 17, 2012 at 9:08 am

      သူကြီးခိုင်…
      ဦးစောက.. လက်တွေ့လုပ်လိုက်ရတဲ့ နယ်ရုပ်လေးလို့ထင်တာပါပဲ..။
      ဆိုတဲ့အချက်ကိုထောက်ခံပါတယ်ရှင်။
      ထောက်ခံချက်လေးကမှန်ကန်နေတာကိုပြောပြတဲ့သူရှိပါတယ်။
      အသက်ထင်ရှားရှိနေပါသေးတယ်။
      အဲဒီအဘကမော်ကွန်းဝင်ရထားတဲ့သူပါ။

  • အဂျစ်

    July 17, 2012 at 8:47 am

    အာဇာနည်နေ့အမှတ်တရရှာရင်းနဲ့ဖတ်၊ကူး သွားပါ၏

Leave a Reply