မဆုံးတဲ့… သီချင်း—၂ဝ
မဆုံးတဲ့… သီချင်း—၂ဝ
အိပ်ယာကနိုးတော့ ရင်ဘတ်ပေါ်က စာအုပ်ကို ဖွင့်ကြည့်လိုက်မိတယ်….။ ပါးပါးလေးပါပဲ..။ အဖုံးက အစိမ်းနုရောင် ဆီစိမ် စက္ကူနဲ့…။ အသာလှန်ကြည့်လိုက်တော့ ..။ တစ်နှစ်လုံး တစ်ချိန်မှ မတက်ခဲ့ဖူးတဲ့ နိုင်ငံရေးသိပံ္ပ စာအုပ်ဖြစ်နေတယ်..။ အဲဒါနဲ့ မျက်နှာသစ်ပြီး အကြမ်းဖျင်းဖတ်ကြည့်လိုက်တော့ ပြဌာန်းစာအုပ် လေးငါးအုပ်လောက် ရှိတဲ့ ဘာသာကို လုရင်းပဲရေးပေးထားတာတွေ့လိုက်တယ်လေ…။ ပြဌာန်းထားတာက မိဇ္ဇိ မ ပဋိပဋာ တို့ အညမည တို့ ပါတီတွင်းဆွေးနွေးပွဲတို့ ဘာတို့ပေါ့…။ စာအုပ်တွေက ယူနစ်က ရိုက်တဲ့စာအုပ်တွေ ထူသလို စာရွက်သားကလည်းကောင်းတယ်..။ အလေးချိန်စီးတယ်ဗျ…။ ရောင်းစားရင် ပြောပါတယ်..။ အင်း … ကိုမျိုးလာပေးတဲ့ ဝတ္ထုစာအုပ်ကလည်း ပါးလိုက်တာပေါ့…။ ကိုမျိုးပြန်ဝင်လာတော့ ကိုမျိုးကို
“ ကိုမျိုးရာ …နင့် ဝတ္ထုက လည်း ပါးလိုက်တာ “
ဆိုတော့ ဘာပြောတယ်မှတ်သလဲ…။
“ အံ မယ်ရအောင်ကျက်ရမှာ ..။ ဝတ္ထု လုပ်မနေနဲ့…။ “
တဲ့…။
“ အပိုမပြောနဲ့ ကိုမျိုး ဝတ္ထုတောင်မှ တစ်ခေါက်ဖတ်ပြီးရင် အစအဆုံး ပြန်ပြောပြနိုင်သေးတာ..။ နင့်စာအုပ်လောက် မနက်ပြန် ငါအကုန်ပြန်ပြောမယ် သိလား “
“ ငါ့လာမပြောနဲ့ စာမေးပွဲကျမှပြော ..။”
တဲ့လေ..။ ဒါနဲ့ ကိုမျိုးပေးခဲ့တဲ့ ဝတ္ထုစာအုပ်လေး တစ်ဝက် ကျိုးတော့ ကိုမြင့်ဇော် သုတ်သုတ် သုတ်သုတ်နဲ့ အဆောင်ထဲ ဝင်လာတယ်..။ သူက ကျောင်းသွားရင် လွယ်အိပ်မယူတတ်ဘူး ..။ ညနေခင်း အရက်တန်းစီကာကျမှ လွယ်အိတ်နဲ့သွားတာ..။ ဒီနေ့တော့ နေဝန်းနီ စာဖတ်နေတာတွေ့လို့ မခေါ်ဘူး ..။ သူ့ဖာသာသူ ပြန်ထွက်သွားတယ်..။ နေဝန်းနီကိုကြည့်ပြီး ခနဲ့ သွားသေးတယ်…။
“ မောင်နေ တို့ စာတွေ ဘာတွေ ကြည့်လို့ ပါလားဟ …..။ ဒါကြောင့်ထင်တယ်..။ ဒီနှစ် ဝါရှောင်တဲ့သူနဲတာ..။ “
တဲ့…။ ဝါရှောင်တယ်ဆိုတာက အရက်သမားစကားပါ..။ ခပ်ကြောင်ကြောင် ဘယ်အကောင်က စလိုက်မှန်းမသိဘူး..။ ဝါတွင်းသုံးလ အရက်မသောက်ဘဲ ကျန်းတဲ့ ကိုးလပဲ သောက်သတဲ့လေ….။ နေဝန်းနီတို့ကတော့ ဘာမှ မဆိုင်လှဘူးထင်တာပဲ..။ ဝါတွင်း အရက် မသောက်ဘူးဆိုတာတို့ မင်္ဂလာ မဆောင်ရဘူးဆိုတာတို့..။ သက်သက်မဲ့ အယူသီးတာလို့ ပဲ ယူဆထာူလိုက်တယ်..။
“ အလကား ငကြောင်တွေ စတန့် ထွင်တာပါဗျာ…။ သံဃာတွေတောင် ဝါပန်ပြီး ညအိပ်ညနေ သွားနေကြတာ..။ ခင်ဗျားက ကော ရှောင်ချင်လို့လား”
“ရှောင်မလို့ ပြောတာမဟုတ်ဘူးဟေ့…။ မင်းပြောတဲ့ ငကြောင်တွေ များရင် အရက်ဆိုင်မှာ သိပ်မတန်းရဘူးဟ…။ မင်းလို ကောင်တွေ ဘာမှမဆိုင်ပါဘူးကွာ…။ ဆိုတဲ့ကောင်တွေ များနေတော့ ဘုံဆိုင်မှာ တန်းစီနေရတာပေါ့ဟ….။ “
တဲ့လေ..။ အဲဒါလည်း ဟုတ်လားပဲ..။ အဲဒိညနေက အရက်သောက်ရင်း နေဝန်းနီ တို့ သုံးယောက်သား စည်းကမ်းချက်တွေ ထုတ်လို့ …။ ဘာလဲဆိုတော့ အရက်သောက်တာနဲ့ စာကြည့်မပျက်ရ..။ ပါတဲ့..။ မူးနေလို့ စာမကြည့်ဘူးဆိုရင် အရက်ဝိုင်းက နှစ်ရက်ပယ်မယ်ပေါ့..။ အဆောင်မှာက နေဝန်းနီ တို့ သုံးယောက်ပဲ အရက်သောက်တာမဟုတ်ပါဘူး..။ သူ့လူနဲ့သူ ဝါသနာ တူရာတူရာ စုဖွဲ့ ပြီး နေရာခွဲသောက်နေကြတာပါ..။ ဒါပေမဲ့ ..။မဆူကြဘူး..။ ရန်မဖြစ်ကြဘူး..။ သောက်ပြီးရင် သူ့အထာနဲ့ သူ အားလုံး ဆရာကြီးတွေ ချည့်ပဲ..။ ဆယ်တန်းအောင်ပြီးသားတွေပဲလေ…။
နေဝန်းနီတို့ ခေတ်က ခိုးချတာ သိပ်မရှိပါဘူး..။ ရသလောက်ဖြေတာပဲ..။ အနားကလူနဲ့ အဆင်ပြေအောင်ပေါင်းပြီး မေးလို့ရရင် မေးမယ်..။ ကောင်မလေးတွေ ကျရင် အနိုင်ကျင့်ပြီး ဖြေလွှာချင်းလဲဖြေမယ်..။ နောက်ဆုံးလုံးဝ မရရင် မေဂျာဆရာဆီ သွား ခုံနံပါတ်လေးပေးခဲ့..။ ဘာမှမလိုဘူး..။ သူ့ဟာသူကြည့်လုပ်ထားတယ်..။ ကျောင်းပြန်ဖွင့်လို့ ပြန်တွေ့မှ ကန်တော့…။ ရှောင်နေတဲ့ကောင်လည်းရှိတာပဲ..။ ဆရာတွေက ဘာမှမပြောကြပါဘူး..။ တစ်ခါတစ်လေးကျတော့လည်း ဆရာတွေက ပြောင်းသွားလို့ရှာမတွေ့တာတွေတောင်ရှိသေးတယ်..။
အဲဒိလိုနဲ့ အရက်ဝိုင်းမှာလည်း စာအုပ်ကိုယ်စီနဲ့..။ ဆိုင်စွားသောက်လည်း စာအုပ်ကိုယ်စီပါတယ်..။ သိပ်ကိုရှိုးကျနေတာပေါ့လေ…။ 1986 ရဲ့ နေဝန်းနီတို့ စတိုင်က…။
ဆရာ ကိုမြင့်ဇော်ကိုယ်တိုင်က ဆယ်တန်းစာမေးပွဲကို အရက်သောက်ရင်းဖြေလာခဲ့တာဆိုးကိုး….။
အဲဒိလိုမူးနေတုန်းကျက်ထားတဲ့စာက အမူးပြေတဲ့ အချိန်မမှတ်မိတော့ ပါဘူးတဲ့လေ……..။ အဲဒါနဲ့ စာမေးပွဲခန်း မဝင်ခင် ဂျက်နှစ်ပင်ထိုးရပါသေးတယ်..။ ဂျက်နှစ်ပင်ဆိုတာက ဂျင်နှစ်ပက် ကိုပြောတာပါ…။ အဲဒါမှ အနံ့ မရမှာလေ…။
နေဝန်းနီ
One comment
chityaaung
August 4, 2011 at 8:44 pm
ဂျက် နှစ်ပင် ဂျင်နှစ်က်နဲ့ ဝရဲ့လား ကိုနေဝန်းရယ်…။ တစ်ပိုင်းလောက်သောက်မှရမှာပါ…။ မညာပါနဲ့…..