အတုခိုးပါ Outward looking
ရွာထဲမှာ အမျိုးသားရေး ဇာတိမာန်အကြောင်းအရာပို့စ်တွေ ဖတ်ရတော့ ကျနော်တို့ မြန်မာနိုင်ငံ ရှေ့အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့ရမဲ့ လူမှုရေးပြသနာ အသစ်များကို တွေးပြီးစိတ်မောမိပါတယ်။ နိုင်ငံရေး ပြသနာကတော့ အပ်ကြောင်းထပ်နေပြီမို့ ဖြစ်နိုင်ချေရှိတဲ့ အခြားရှုထောင့်များကနေ စဉ်းစားကြည့်ပါစို့။ ပြောင်းလဲနေတဲ့ ကမာ္ဘ့ပထဝီနိုင်ငံရေးနဲ့အတူ မြန်မာတို့ နိုင်ငံတကာနဲ့ ပိုဆက်ဆံ ရတော့မယ်။ တိုင်းပြည်က ကိုယ့်ဖာသာသာ ရပ်တည်နိုင်စွမ်း မရှိလို့ နိုင်ငံတကာအကူအညီ လက်ဖြန့်တောင်းခြင်းနဲ့အတူ အတွေးအခေါ်၊ လူမျိုးပေါင်းစုံ၊ အရောင်အသွေးပေါင်းစုံ ဝင်ခြင်းခံရပါမယ်။ စိုးရိမ်မိတာ သူတို့နဲ့ လိုက်ရောညီထွေ ဖြစ်အောင် နေရင်း သူတပါးလွှမ်းမိုးမှု ခံသွားရမှာကိုပါ။ ကိုယ့်ထက်ကောင်းတာ ရရင်တော့ဟုတ်ရဲ့၊ ကိုယ်လိုပဲ သုံးမရတဲ့ အသစ်အများ အစားထိုး လာမယ်ဆိုရင်တော့ ရင်လေးစရာပါ…။
အသစ်အသစ်ဆိုတာ ဘာတွေဖြစ်မလဲ လေ့လာလိုက်ရင် စက်ပစ္စည်း၊ နည်းပညာပိုင်းမှာ ကိုယ့်ထက် သာတာရမှာမိုလို့ ဝမ်းသာပါတယ်။ အတွေးအခေါ်၊ အမူအကျင့်ပိုင်းမှာတော့ တခုနဲ့တခု စပ်ဆက်နေလို့ လူမှု ဆက်ဆံရေးမှ ဘာသာရေး အတွေးအခေါ်များအထိ ရိုက်ခတ်မှုရှိပါမယ်။ ကိုလိုနီခေတ်မှာ သူတပါး လွမ်းမိုးမှုကို ကြံ့ကြံ့ခံခဲ့၊ ရေခံ မြေခံကောင်းခဲ့တဲ့ မြန်မာပြည် အကောင်းတခုမှ မကျန်တော့ပါဘူး။ တွင်းထွက်သယံဇာတ ဝင်ငွေဆိုတာလဲ အစိုးရမပြောင်းသ၍ စစ်အသုံးစရိတ်ဖြစ်၊ အစိုးရပြောင်းလည်း စစ်တပ်ရှုပ်သွားတဲ့အထုပ်ကို လိုက်ဖြေနေရတာနဲ့ ကုန်ပါမယ်။ စနစ်ပြောင်းတောင် နောက်ထပ်အနှစ်၂ဝလောက် သူများကို မှီခိုနေရအုံးမှာပါ။ ဘာဖြစ်ဖြစ် ရှောင်မရပြီမို့ တိုက်စစ်၊ ခံစစ်နည်းဗျူဟာများ ပြင်ဆင်ထားဖို့လိုပါတယ်။
သာလွန်ကောင်းမွန်မှု၊ ရင့်ကြက်မှု၊ အမျှော်အမြင်ကြိးမှု၊ ခွင့်လွှတ်မှုများကို တဦးချင်းမှ အဖွဲ့အစည်း အလိုက် ပြောင်းလဲလေ့ကျင့်ယူရပါမယ်။ အွန်လိုင်း ဖိုရမ်၊ ဆိုက်တွေမှာ အပြုသဘောဆောင်တဲ့ ငြင်းခုံဖလှယ် ဆွေးနွေးတာ တိုးတက်မှု ဖြစ်ပါတယ်။ ပြသနာရှိတဲ့အခါ ကိုယ့်သိထားတာပဲ မြင်တတ်တဲ့ inward looking အပြင် သူများရော ဘယ်လိုဖြေရှင်းလဲဆိုတာ စူးစမ်းတဲ့ outward looking အမြင်လည်း လိုပါတယ်။ တိုက်ရိုက် ကူးချခြင်းထက် ကြောင်းကျိုး ပေါင်းစပ်ယူဖို့ပါ။ သီအိုရီဆန်ပေမယ့် လက်ရှိအခြေအနေအရ ပိုမိုသင့်တော်တာ ရှာမတွေ့ပါဘူး။ ဘာသာရေး၊ လူမှုကယ်ဆယ်ရေး ကဏ္ဍများမှာ သီတဂူဆရာတော်၊ ရှင်ဆန္ဒာဓိက၊ မေတ္တာရှင် ဆရာတော်၊ နာရေးကူညီမှုအသင်း၊ အခြားရဟန်းရှင်လူပုဂ္ဂိုလ်များကို ခေတ်ပြောင်းတော်လှန်ရေးသမားများလို့ ဂုဏ်ပြုအမွှမ်းတင်ရင် ပိုမယ်မထင်ပါ။
ဝံသာနုမျိုးချစ်စိတ်ဆိုတာ ရှိသင့်ရှိအပ်တဲ့အရာဖြစ်ပြီး ၎င်းစိတ် ထားပုံထားနည်းသာ ပြင်ဖို့လိုပါမယ်။ ၂၁ရာစုမှာ ငါတကော မကောနိုင်လို့ ယဉ်ကျေးမှုပေါင်းစုံ စီးဆင်းလည်ပတ်နေတဲ့ နိုင်ငံများကို အတုယူသင့် ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေရဲ့ ပြည်တွင်းမူဝါဒတွေမှာ ကိုယ့်လူမျိုးကို တော်အောင်တတ်အောင်၊ ကြီးပွား ယဉ်ကျေးအောင် မြေတောင်မြောက်ပေးသလို တဖက်မှာလည်း လူနည်းစုကို မနှိပ်ကွပ်ပါဘူး။ မူဝါဒပုံစံမှန်ရင် အများစုသည် အနည်းစုထက် ပိုမိုအကျိုးခံစားခွင့်ရှိတာ ဓမ္မတာပါ။ ဥပမာဗျာ လူဦးရေများတဲ့ တိုင်းပြည်နဲ့ လူနည်းတဲ့တိုင်းပြည် ဘယ်ဖက်က လူတော်ပိုထွက်၊ စစ်တိုက်ရင် ဘယ်သူနိုင်ဖို့များလဲ။ ၁၉၈ဝခုနှစ်များက အီရန်အီရတ်စစ်ပွဲမှာ အလစ်ဝင်တိုက်တဲ့ အီရတ်နိုင်ငံက စစခြင်း အသာရပေမဲ့ ရေရှည်ကြတော့ သူ့ထက် သုံးဆလောက် လူဦးရေ၊ ဧရိယာ ကျယ်ဝန်းတဲ့ အီရန်က ပြန်စီးမိပါတယ်။
လူတော်လူချွန် မွေးထုတ်ပေးဖို့ အစိုးရက စီမံကိန်းချတဲ့အခါ လူများစုဖက်က ပိုထွက်၊ ရံပုံငွေပိုရဖို့ များပါတယ်။ တိုင်းပြည်ပြန်လည်ထူထောင်နေချိန်မျိုး ကနဦးမှာ ပိုဖြစ်တတ်ပါတယ်။ အမေရိကားမှာ ရှေးတုန်းက ကျောင်း၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ၊ မူကြို၊ လူမှုဖူလုံရေးများကို ကက်သလစ် ဘုရားကျောင်းများက ဦးစီးတယ်။ တဆက်ထဲမှာပဲ အယူဝါဒမတူသူများကို ထဲထဲဝင်ဝင် လေ့လာမှတ်သားတယ်။ ခံစစ်၊ တိုက်စစ်နှစ်ရပ်စလုံးကို ရထားတဲ့ အခွင့်အရေး အရင်းအမြစ်တွေအသုံးချပြီး ပြင်ဆင်တယ်။(မြန်မာပြည်မှာ ဗုဒ္ဓဘာသာဘုန်းကြီးများကို ခရစ်ယာန်ဘုရားကျောင်းများမှာ ခေါ်ယူဆွေးနွေးပို့ချခိုင်းခြင်းဟာ ဒီသဘောပါပဲ။ အလွန်ကို လှပသေသပ်၊ အဆင့်အတန်းရှိတဲ့ လုပ်ဆောင်ချက်များဖြစ်လို့ အတုယူသင့်ပါတယ်။) လူသားခြင်းစာနာမှုအပြင် ဘာသာရေး စည်းရုံးခြင်းဖြစ်လို့ တချက်ခုတ် နှစ်ချက်ပြတ်တယ်။ လူအများစုသည် ကက်သလစ်၊ လုပ်နည်းမှန်၊ နိုင်ငံလည်း အကျိုးရှိတော့ အစိုးရ အားပေးတယ်။ နိုင်ငံတော်ဘာသာ မကြေငြာဘဲ သက်ဆိုင်ရာဒေသ မဲဆန္ဒရှင်များဆန္ဒနဲ့ အညီ ဘဏ္ဍာရေး၊ နည်းပညာ၊ ဥပဒေရေး ကူညီတယ်။ နောက်ပိုင်း အစိုးရ ပြန်တာဝန်ယူတော့ အရင်လောက် အရေးမပါတော့ပေမဲ့ အခြေခိုင်သွားပြီ။ အကျခြင်းအတူတူ လူနည်းစုဝင်များထက် အများကြီးသက်သာမှာပေါ့။ အခုအချိန်အထိ ကက်သလစ်ဂိုဏ်အထောက်အပံ့ခံ ကျောင်း၊ ဆေးရုံ၊ ရိပ်သာများစွာ နိုင်ငံအနှံရှိနေဆဲ၊ အရှိန် အဝါကြီးဆဲပါ..။
မြန်မာပြည်မှာလည်း သိတဲ့အတိုင်း လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒရေးများ ရှုပ်ထွေးပါလိမ့်အုံးမယ်။ ဘာသာရေးဆိုတာ မြင့်မြတ်တယ်ဆိုပေမဲ့ အသုံးချခံရတဲ့အခါ ဘယ်လောက်တူတူ ညီညီ၊ ရန်သူများဖြစ်စေ နိုင်စွမ်းပါတယ်။ ကေအန်ယူနဲ့ ဒီကေဘီအေ အကွဲအပြဲ၊ ကေအိုင်အိုအဖွဲ့ ပဲ့ထွက်ခြင်းတို့ဆိုတာ ထင်ရှားသော ဖြစ်ရပ်များပါ။ မြန်မာအများစုက မိရိုးဖလာ တည်တံ့ကိုးကွယ်လာတဲ့ ဗုဒ္ဓဘာသာကို အထွတ်အမြတ် ထားရှိကာ ကွဲလွဲမှုများကို သံသယဖြစ်ကြသလို ဘာသာမတူသူ တိုင်းရင်းသားများကလဲ ဘာသာရေး ဖိနှိပ်မှုများအကြောင်း ပြောတဲ့အခါ ၎င်းဘိုးဘွားများအား အင်္ဂလိပ်နယ်ချဲ့များက ခရစ်ယာန်ဘာသာသို့ သွတ်သွင်းခဲ့တာကို မေ့နေ တတ်ကြတယ်။ မွတ်စလင်လည်း ထိုနည်း၎င်း..။ ကြုံလို့ပြောရရင်တော့ မြန်မာပြည်မှာ ၂၀၀ရခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို ဘုန်းကြီးများ အနာခံ ဦးဆောင်ပေးတာ လွန်စွာကျေနပ်အားရပါတယ်။ သူတို့မှ မလုပ်ခဲ့ရင် အနာဂတ်မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ ဩဇာကျဆင်းသွားနိုင်လို့ပါ။ တောင်ကိုရီးယားမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ချန်ဒူးဝှမ် အုပ်ချုပ်စဉ် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ရှေ့တန်းကမနေခဲ့ဘဲ ကိုရီးယား ခရစ်ယာန်ု ဘုရားကျောင်းတော်က စွမ်းစွမ်းတမံဆောင်ရွက်ခဲ့လို့ ခေတ်ပြောင်းသွားတဲ့အခါ သူတို့ အဖွဲ့အသင်းများသာ ပြန်လည်ထူထောင်ရေးမှာ နေရာရ၊ လူထုကလည်းလက်ခံနဲ့ ယနေ့ဆိုရင် ဗုဒ္ဓဘာသာဟာ တောင်ကိုရီးယားမှာ စိုးရိမ်နေရတဲ့ အနေအထားသို့ ရောက်သွားပါပြီ။
ပြသနာသိပြီဆိုရင် ဘယ်လိုရှင်းကြမလဲ၊ အစောပိုင်းမှာ ပြောထားသလို အတင်းအကြပ်လုပ်တဲ့ခေတ် မဟုတ်တော့လို့ နားလည်ခွင့်လွှတ် တန်ဖိုးထားတတ်မှုတို့နဲ့ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ multi-culture တည်ဆောက်ရပါမယ်။ ဘာသာရေးသာမက လိင်တူလိင်ကွဲ၊ ဘာသာမဲ့၊ ဖိုမ၊ လူကြီးလူငယ် အစရှိတဲ့ လူမှုရေး အသစ်သစ်များကိုပါ ထည့်သွင်းစဉ်းစားရပါပြီ။ ကိုယ်ကပေခံနေလို့ သူများကအတင်းတွန်းဖွင့်တော့မှ ရှိထားတဲ့ အပေါ်စီးရမှု ဆုံးရှုံးသွားနိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာ ဒီလိုပဲ လုပ်တယ်မြင်ပါတယ်။ ဘယ်လောက်ဖွင့်ပေး၊ သဘောထားကြီးတယ်ပြောပြော သေသေချာချာတွက်ချက်ပြီး သူတို့အပေါ်ဆီးကနေပါတယ်။ အမေရိကားမှာ ပြည်ပမှရွှေ့ပြောင်းသူ ဘယ်လောက်များများ သူတို့ကော့ကေးရှန်းအနွယ်များကို တန်းတူအမှီလိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာမျိုးပါ။ မတရားဘူးပြောရအောင်လဲ သူ့လူမျိုးကိုသူ သေချာစနစ်တကျ လေ့ကျင့်ပျိုးထောင် ပေးထား၊ တဖက်သားကိုလည်း မဖိနှိပ်ဘူး။ (ဖားပြောရရင် လူနည်းစုများအတွက်သီးသန့် ပရိုဂရမ်များတောင် စီစဉ်ပေးထားတယ်)
သို့ပေမဲ့ သို့ပေမဲ့….. တကယ်တမ်း အဆိုးဆုံးအခြေအနေကို ရောက်လာပြီလို့ ယူဆရင်တော့ ဒင်းတို့လည်း လုပ်ချင်တာ လုပ်ပါတယ်။ ဥပမာ – ဒုတိယကမာ္ဘစစ်အတွင်း အမေရိကန်အနောက်ဖက်ခြမ်းရှိ အခြေကျနေထိုင်သူ ဂျပန်လူမျိုးများကို စခန်းသွင်းချုပ်နှောင်ထားတာ၊ မူလနယ်ခံ ရက်အင်ဒီရန်းလူမျိုးများကို ရက်စက်စွာ စုလိုက်အပြုံလိုက် နယ်မြေရွှေ့ပြောင်းပစ်တာ အထင်အရှားရှိပါတယ်။ သင်ခန်းစာယူရင်တော့ ၎င်းတို့သည် ပြည်တွင်းပြသနာများကို အဆိုးဆုံးမဖြစ်အောင် ဖြစ်လာမှ တုံ့ပြန်ခြင်း (Reactive) မလုပ်ဘူး၊ တင်ကြိုစီမံတယ် (Proactive) ချော့သင့်သူကိုချော့၊ ခြောက်သင့်သူကိုခြောက်တယ်(Divide and Rule)၊ အလျော့အတင်း အပေးအယူ (Compromise) လုပ်တယ်၊ တရားဥပဒေကို (Justice) လေးစားလိုက်နာတယ်၊ ကိုယ်တိုင်လည်း လူလေးစားအောင် (Smart) နေထိုင်ပြုမူတယ်။ တချိန်ထဲမှာ စနစ်တကျ သုသေသနလုပ်ပြီး (Research) ကိုယ့်လူမျိုး၊ ဘာသာ တိုးတက်ထွန်းကားရေး(Sustainable Development) ဆောင်ရွက်တယ်။ တပါးထဲသောဘုရင်ထက် ဘုရင်ပေါင်းများစွာ၏ ဘုရင်လုပ်တယ် (Synergy) ။ အဲဒီလိုနေနိုင်ဖို့လည်း အချိန်ပြည့် ရုန်းကန်လှုပ်ရှားတယ် (Motion)…။ ပြောရရင်တော့ ဆုံးမှာမဟုတ်ပါဘူး။ ရွာသားများ အနေနဲ့လဲ အမိမြန်မာပြည်အတွက် ခေတ်နဲ့လျော်ညီမဲ့ အတွေးအမြင်သစ်များ ဖေါ်ထုတ်ပြီး မြန်မာသစ်များ ပေါ်ထွန်းရေး တတပ်တအား ပါဝင်ကြစေကြောင်း ရည်သန်ဆန္ဒပြုလိုက်ပါတယ်။
11 comments
weiwei
August 1, 2011 at 1:02 pm
စားကြမယ်ဟေ့ ကောင်းကောင်းကို စိတ်ဝင်စားတယ် … သူတို့ဘာလို့ ဖိနပ်နဲ့ခြေအိတ်ကို ဝတ်ထားကြတာလဲ … 😛
etone
August 1, 2011 at 1:09 pm
ခြေအိတ်နဲ့ ဖိနပ်က စပွန်ဆာရလို့ဝတ်တာပါတဲ့ မဝေရဲ့ 😛
windtalker
August 1, 2011 at 1:30 pm
ခြေဖဝါး နုနုလေးတွေ
သံ တို ့ပုလင်းကွဲ တို ့စူး မှာ စိုးလို ့ထင်
နော…..
char too lan
August 1, 2011 at 1:40 pm
လုံးစေ့ ပတ်စေ့နားမလည်ပေမယ့် ကောင်းမွန်တဲ့ဆန္ဒတွေ
(တရားဥပဒေကို (Justice) လေးစားလိုက်နာတယ်၊ ကိုယ်တိုင်လည်း လူလေးစားအောင် (Smart) နေထိုင်ပြုမူတယ်။ တချိန်ထဲမှာ စနစ်တကျ သုသေသနလုပ်ပြီး (Research) ကိုယ့်လူမျိုး၊ ဘာသာ တိုးတက်ထွန်းကားရေး(Sustainable Development) ဆောင်ရွက်တယ်။ တပါးထဲသောဘုရင်ထက် ဘုရင်ပေါင်းများစွာ၏ ဘုရင်လုပ်တယ် (Synergy) ။ အဲဒီလိုနေနိုင်ဖို့လည်း အချိန်ပြည့် ရုန်းကန်လှုပ်ရှားတယ် (Motion)…။) နဲ့ရည်သန်ပေးတဲ့အတွက် လိုက်နာဖို့ Ready ဖြစ်အောင်ကြိုးစားပါ့မယ်
ကျေးဇူးတင်ပါတယ်။
ဒီစာကို ဘယ်ကိုဆက်ဖြန့်ရင်ကောင်းမလဲ …? .. ? .. ? ???? 🙂
AKKO
August 1, 2011 at 2:04 pm
ပုံတင်ထားတာ တပုံထဲတော့ မဟုတ်ဟန်ဘူးနော် … ပထမဆုံးပုံမပေါ်ဘူးဖြစ်နေတယ် ။
pan pan
August 1, 2011 at 2:33 pm
ဖိနပ်နဲ့ခြေအိတ် ဘာကြောင်ဝတ်လဲ သိချင်စမ်းပါဘိ
ဖြူဖြူ ညိုညို မဲမဲ သုံးပါးအရောင်တွေနဲ့ပါလား
007James
August 1, 2011 at 4:05 pm
ဘီယာလေးနဲ့ အချဉ်လေး တို့မြည်းလိုက်ရရင် စားကြမယ်ဟေ့ ကောင်းကောင်း။
alinsett
August 1, 2011 at 7:40 pm
အသစ်တွေ ကို လက်ခံ ကြိုဆိုလိုစိတ် မြန်မာလူမျိုး (လူကြီးပိုင်း) တော်တော်များများမှာမရှိဘူး ထင်တယ် ။
ဘာသာရေး ဟာလည်း.. နိုင်ငံရေး ခြယ်လှယ် မှု အချို ့ရဲ့အောက်မှာ မရှုမလှ ဖြစ်နေ (ဖြစ်ခဲ့ )ရပါသေးတယ်
ဒါတွေ ပြောရတာ စိတ်မောစရာပါပဲ..။
တို ့တိုင်းပြည်ရဲ ့အနာဂတ် အကြောင်း…မစဉ်းစားရဲ တာ နည်းနည်းကြာခဲ့ ပါပြီ။
nature
August 1, 2011 at 10:47 pm
ရှက်တတ်တဲ့ လူတွေနဲ့ တွေ့ရင်တော့ ခြေအိတ်နဲ့ ဖိနပ်ပဲ ကြည့်ရတော့မယ်။
thit min
August 9, 2011 at 11:15 am
Hey! everybody, why you all didn’t see the faces?
Shwe Ei
August 9, 2011 at 11:31 am
ဘာသာအယူဝါဒနဲ့ အသားအရောင်ကွဲပြားမှုဟာ
ဒီဘက်ခေတ်မှာ အဓိကမကျတော့ဘူးလို့ပြောချင်တာများလား။
”မြန်မာသစ်များ ပေါ်ထွန်းရေး” အတွက်တော့ အစွဲတွေချွတ်ဖို့ လွယ်ပါ့မလား။