intro တို့ရဲ့ ရေဒုက္ခ ဝေဒနာ
“၃၀၀ဝ ကျပါတယ် အစ်ကို…”
“ဗျာ။ ဟိုတစ်ခေါက်က ၂၀၀ဝ ပဲလေ ဗျာ… ကန်လေးတစ်ကန်ကို ၃၀၀ဝ ဆိုတော့ ခင်ဗျားတို့က လွန်တာပေါ့..”
“အော်၊ ဟုတ်ကဲ့ အခုက ဈေးတက်သွားလို့ပါ ခင်ဗျာ…”
“ခင်ဗျားတို့ကလည်း တက်ပဲ တက်နိုင်လွန်းတယ်… ရေဖြည့်တော့ ၁ဝ မိနစ်တောင် ကြာတာ မဟုတ်ဘူး… အင်းပေ့ါဗျာ… ခင်ဗျားတို့ပဲ အားကိုးနေရလို့ပေါ့…”
မနက်မိုးမလင်းသေး ဆူဆူညံညံအသံများကြောင့် ကျွန်တော် အိပ်ရာမှ လန့်နိုးလာရသည်… နာရီကို ကြည့်လိုက်တော့ မနက် ၈ နာရီ… အိပ်ရာမှ လူးလဲ ထပြီး အသံထွက်လာရာဆီသို့ ထွက်လာမိသည်…
“အော်၊ အဖေ၊ မနက်စောစောစီးစီး ဘာတွေ ဖြစ်နေတာလဲဗျ”
“ဒီမှာကွာ၊ ရေမလာလို့ ရေဖြည့်တာ၊ ကန်လေးတစ်ကန်ကို ၃၀၀ဝ ဆိုလို့ စကားများနေတာ”
“ဗျာ ၃၀၀ဝ တောင်၊ အဖေရေ ဒါဆိုရင်တော့ ရေရှည်မလွယ်တော့ဘူး ဗျ”
“အေး၊ ဘယ်တတ်နိုင်မလဲကွာ၊ ၅လွှာဆိုတော့ ရေက ထမ်းတင်ဖို့လည်း မဖြစ်နိုင်၊ သူတို့ကိုပဲ အားကိုးနေရတာ ဆိုတော့ သူတို့ တောင်းသလောက် ပေးရတော့မှာပေါ၊ အခုဆို ရေက တစ်ပတ်ကို ၂ခါ၊ ၃ခါ လောက်တင်နေရတယ်”
“အင်း၊ ဘယ်တတ်နိုင်မလဲ အဖေရာ”
intro တစ်ယောက်လည်း အဖေနဲ့ စကားပြောပြီး သူငယ်ချင်းတွေနဲ့ ဆုံရပ် လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့သည်… ဟိုရောက်တော့ ဟိုကောင်တွေ တစ်ယောက်မှ မရောက်သေး၊ စာပွဲထိုးလေးအား မနက်စာ အဖြစ် လက်ဖက်ရည် တစ်ခွက်နှင့် ပဲပလာတာ ၁ ချပ် မှာလိုက်ပြီး ခုနက ရေပြတ်နေသည့်အကြောင်း စဉ်းစားမိသည်… အရင်က intro တို့ တိုက်မှာ ရေ ဝယ်သုံးရသည်မရှိ၊ ခုဒီနှစ်နွေ ကျမှ ရေက လာတစ်ချက် မလာတစ်ချက်၊ လာလျှင်လည်း ကန်တစ်ဝက်ပင် မပြည့်၊ အောက်ထပ်တွေကတော့ အဆင်ပြေသည်… intro တို့ ၅လွှာ ကျတော့ ရေက မတက်ချင်၊ ဒီတော့ အဝတ်လျှော်၊ ဘာညာ ကိစ္စ ရှိလာလျှင် ရေက မလောက်တော့၊ သည်တော့ ရေကို ဝယ်ထည့်ရသည်… ငါးလွှာ ဆိုတော့ ထမ်းလည်း မတင်နိုင်၊ ရေလိုက်ဖြည့်ပေးသူတွေကိုပဲ အားကိုးနေရသည်… ဒီဒုက္ခက ကိုယ့်တစ်ခန်းတည်း မဟုတ်၊ ကိုယ့်တိုက်က အခန်းတိုင်း လိုလို ဒီပြသနာ ကြုံရသည်… သည်တော့လည်း ရေလိုက်ထည့်ပေးသူတွေ စီးပွားဖြစ်နေကြသည်… intro အားကျမိသည်… တစ်နေ့တစ်နေ့ သူတို့ ဝင်ငွေနည်းမည်မဟုတ်… နောင်နှစ်ဆိုရင် ဒီကောင်တွေနဲ့ စီးပွားလုရင် ကောင်းမလား စဉ်းစားနေတုန်း မြေကြွက်ရောက်လာသည်..
“ဟေ့၊ စောစောစီးစီး မျက်နှာကြီးက ရှုံ့မဲ့လာပါလား ဟ၊ ဘာဖြစ်လို့လဲ”
“ချိုးစရာရေမရှိလို့ဟ၊ ၁ဝနာရီခွဲမှာ ချစ်ချစ်နဲ့ ချိန်းထားတာ၊ ခု ရေမရှိလို့၊ ရေရောင်းတဲ့သူတွေကို ရေထည့်ခိုင်းတာ၊ ထည့်ရမယ့် အခန်းတွေများနေလို့၊ ၁၁ နာရီခွဲလောက်ဆိုရင်တော့ လာထည့်ပေးပါမယ့်တဲ့ကွာ၊ ငါ မုန့်ဖိုး အပိုပေးမယ်ပြောတာလည်း မရဘူး၊ ခက်ရောပဲ”
“အေးကွာ၊ ငါလည်း မနက်က ငါ့အဖေ နဲ့ ရေသမားတွေ စကားပြောနေလို့ နိုးသွားတာ”
“ဒါဆို မင်းတို့အိမ် ရေဖြည့်ပြီးပြီပေါ့၊ ဟုတ်လား၊ ဟီးဟီး ဝမ်းသာလိုက်တာ…. ငါလာချိုးမယ်နော်…. ချစ်သူငယ်ချင်းကြီး၊ ဟီးဟီး… ကူညီပါကွာ…”
ခက်ပြီ…. သူကောင့်သားကြည့်ရတာ မမျှော်လင့်ပဲ ရေချိုးစရာနေရာတွေ့သွားလို့ ဝမ်းသာလုံးတွေ မဖုံးနိုင် မဖိနိုင် နဲ့ မျက်နှာရော၊ နှာခေါင်းကပါ အရောင်တွေ တောက်လာသည်….
“အေးပါကွာ၊ ရပါတယ်၊ ကူညီရမှာပေါ့….”
“ကျေးဇူးတင်လိုက်တာ ယောက်ဖရယ်၊ မင်းကို ငါ့ညီမနဲ့ ပေးစားမယ် သိလား…ဟီးဟီး…”
ဟိုက်ရှားပါး… သိတ်သဘောကောင်းနေပါလား… အရင်က ဒီကောင် သူ့ညီမနဲ့ စလျှင် အလွန်တရာ စိတ်ဆိုးတတ်သည်၊ အခုမှ မျက်နှာချိုသွေးနေသည်… အင်း ရေ မျက်နှာ၊ ရေမျက်နှာ
……………….
“ဟော အန်တီ၊ ဘယ်သူ ဘာဖြစ်လို့လဲ၊ လူတွေ အများကြီးပါလား….”
“အေး၊ ရေမလာလို့ ဘေးခန်းက အစ်မတွေနဲ့ သူတို့ကလေးတွေ ရေလာချိုးကြတာလေ… မနေ့က တစ်နေ့လုံး ရေမချိုးရလို့တဲ့”
“ဗျာ…. ဘယ်နှစ်ယောက်တောင်လဲ ဟင်… ဟိုဟို ရေရော ကျန်သေးရဲ့လား…”
“သိတ်တော့ မကျန်တော့ဘူးဟ၊ မနက်ကလဲ နင်ထွက်သွားပြီး သိတ်မကြာဘူး၊ အောက်ထပ်က သုံးစရာရေမရှိဘူးဆိုလို့ ငါရေ (၂) ပုံး ပေးလိုက်တယ်… ခုလောလောဆယ် ရေက အိမ်မှာ သုံးစရာလောက်ပဲ ကျန်တော့တယ်၊ နင်လည်း ရေလာမှ ချိုးတော့”
အနှီစကားအဆုံးမှာတော့ အားကိုးတကြီးနဲ့ လိုက်လာရှာသော မြေကြွက်တစ်ယောက် ငိုမဲ့မဲ့ မျက်နှာထားဖြင့်
“intro ငါဘယ်လို လုပ်ရမလဲ… ငါ ဘယ်လိုလုပ်ရမလဲဟင်….”
“ဘယ်လိုမှ မလုပ်နဲ့ဟေ့ကောင်ရေ၊ မင်းကို ပေးချိုးဖို့နေနေသာသာ၊ ငါတောင် ဘယ်မှာ ချိုးရမှန်း မသိလို့၊ ရေချိုးဖို့ နေရာ လိုက်ရှာကြစို့၊ ယောက်ဖရေ့…………”
3 comments
laypyay
May 8, 2010 at 6:08 pm
ကောင်းတယ် ဗျို့ အရေးသားလေး တော်တေ်ာကောင်းတယ်ဗျာ.. ရေကတော့ တကယ်ပါပဲ ဗျာ ကျနော်တိုဆီမှာ ရေကို 3 . 4 ရက်မှ တစ်ခါလာတယ်ဗျာ .. ကျေးဇူးတော်ရှင် မြို့တော်ဝန်ဆိုလား ဘိုးတော်ချွန်လားတော့ သိဘူး သူလာတုန်း ခဏ လာလိုက်တယ် ပြီးပြန်ပြတ်လိုက်တာ ပြောပါနဲ့ဗျာ.. ဒါနဲ့ စကားမစပ် မိုးလေဝသလဲ သတိထားကြအုံးဗျို့..။
Foreign Resident
May 8, 2010 at 8:30 pm
I feel very very sad to hear that,
How can a family paid 3000 Ks for each water tank.
Moreover, There is a well I have in my home ( garden ) at Yangon.
We have used it since I was born ( very long long ago, say centuries ago )
Recently, I heard from my parents that it also dried out.
Not only mine most of the wells dried out in our region.
I have never experienced my well dried out in my life.
I don’t know what’s happen to our country recently.
pray hard lar.
kopauk mandalay
May 9, 2010 at 7:42 am
မြန်မာပြည်မှာ ဟိုအရင်ကဆိုမြန်မာပြည်အလယ်ပိုင်းမိုးခေါင်ရေရှားဒေသအပိုင်းသာ ရေခက်ခဲတယ်လို.ကြားဘူးပါတယ်။
အခုအခါမှာ အထူးသဖြင်.ရန်ကုန်မန်းလေးလိုမြို.ကြီးတွေမှာ တိုက်ခန်းတွေကလည်းတဖြည်းဖြည်းများသထက်များ
လူတွေကလည်းများသထက်များတော.ရေကလည်းရှားသထက်ရှားပါတယ်။
5လွှာမှာနေတဲ.မိတ်ဆွေလေး စိတ်မပျက်ပါနဲ.။
မန်လေးက ကျနော်နေတဲ.တိုက်ခန်းမြေညီထပ်ကိုတောင်ရေမလာလို.
မီးမလာရင်မီးစက် မီးလာရင်လျှပ်စစ်မီးနဲ. မော်တာတပ်လို.ရေလာအောင်
အပြိုင်ဆော်နေကြတာပါ။
မော်တာနဲ.ဆော်တာတောင်ရေပေးကရေမပေးလို.မရဘူးဆိုရင် အဝီစီတွင်းကရေကို
ရဘို.အရေး အထမ်းသမားကို မျက်နှာချိုသွေးရပါတယ်။
ဒန် ဒန်. ဒန်။