တိုင်ပတ်တဲ့ ကဘာ (The Story of Stuff) အပိုင်း ၃

Shwe EiAugust 7, 20111min1413

ကုန်ပစ်စည်း ထုတ်လုပ်ခြင်း

သယံဇာတတူးဖေါ်ထုတ်ယူခြင်းကနေ ရရှိတဲ့ ကုန်ကြမ်းတွေဟာ ”ထုတ်လုပ်ခြင်း” ဆိုတဲ့အဆင့်ဆီ ဆက်လက်ရွေ့လျားရတယ်။ ဒါဟာ အဆိပ်ပါဝင်တဲ့ကုန်ပစ်စည်းကို ထုတ်လုပ်ဖို့အတွက် စွမ်းအင်ကိုသုံးပြီး၊ အဆိပ်ပါဝင်တဲ့ ဓါတုပစ်စည်းတွေနဲ့ သဘာဝသယံဇာတကို ရောနှောတာဖြစ်တယ်။

ကနေ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းမှာ လူလုပ်ဓါတု ပစ်စည်းအရေအတွက် ( ၁၀၀၀၀၀) ကျော်ပါဝင်ပါတယ်။ အဲဒီထဲက အနည်းငယ်သာလျှင် လူ့ကျန်းမာရေးနဲ့ သင့်/မသင့်၊ လူ့ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ စတာတွေအတွက် စမ်းသပ်စစ်ဆေးခြင်းခံရတယ်။ ဒါပေမဲ့ အဲဒီဓါတုပစ်စည်းတွေရဲ့ စုပေါင်းဘေးဥပါဒ်ကိုသိဖို့အတွက် ဘယ်ဓါတုပစ်စည်းတခုကိုမှ စမ်းသပ်ခဲ့ခြင်း မရှိဘူး။ စုပေါင်း ဘေးဥပါဒ်ဆိုတာကတော့ ကျွန်မတို့ နေ့စဉ် ထိတွေ့စားသုံးနေရတဲ့ ဓါတုပစ်စည်းတွေအချင်းချင်း တွေ့ဆုံရောနှောတဲ့အခါ ပေါ်ပေါက်တဲ့ သက်ရောက်မှုကို ဆိုလိုတာဖြစ်တယ်။
ဒီတော့ ကျွန်မတို့ရဲ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အပေါ်ကျရောက်မဲ့ အဲဒီအဆိပ်ပစ်စည်းတွေရဲ့ ဘေးဥပဒ်အပြည့်အစုံအကြောင်းကို ကျွန်မတို့ မသိရဘူး။ ဒါပေမဲ့ ကျွန်မတို့ တခုတော့ သိတယ်။ အဲဒါကတော့ ”အဆိပ်ဝင် အဆိပ်ထွက်”။ ကျွန်မတို့ရဲ့ ကုန်ပစ်စည်းထုတ်လုပ်မှုစနစ်အတွင်းကို အဆိပ်သင့် ဓါတုပစ်စည်းတွေ ဝင်ခွင့်ရနေသမျှ ကာလပတ်လုံးမှာတော့ ကျွန်မတို့ရဲ့ အိမ်၊ အလုပ်ခွင်နဲ့ ကျောင်းတွေဆီ ကျွန်မတို့ သယ်ယူသွားမဲ့ ပစ်စည်းတွေထဲမှာ အဆိပ်ပါဝင်တဲ့ ဓါတုပစ်စည်းတွေ ပါနေမှာဖြစ်တယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ကိုယ်ခန်နာ ထဲမှာ။

ဥပမာ- BFR (Brominated Flame Retardants) ကိုပဲကြည့်။ ဒီပစ်စည်းတွေကအရာဝတ်တု မီးစွဲလောင်ခြင်းက ကာကွယ်ပေးတဲ့ ဓါတုပစ်စည်းတမျိုးဘဲ။ ဒါပေမဲ့ မဟာအဆိပ်ပစ်စည်းဖြစ်တယ်။ ဦးနှောက်ကိုထိခိုက်စေတဲ့ အဆိပ်မျိုး။ အခုကျွန်မတို့က အဲသလိုပစ်စည်းမျိုးကိုတောင် သုံးစွဲနေကြပြီ။ အဲဒါကို ကျွန်မတို့ရဲ့ ကွန်ပျူတာတွေထဲမှာ၊ လျှပ်စစ်ပစ်စည်းတွေထဲမှာ၊ ဆိုဖာထိုင်ခုံတွေမှာ၊ မွေ့ယာနဲ့ ခေါင်းအုံးတွေမှာ ထည့်ထားကြပြီ။ စင်စစ် ကျွန်မတို့ရဲ့ ခေါင်းအုံးတွေကို အဲသလိုဦးနှောက်ထိခိုက်စေတဲ့ ဓါတုအရည်ထဲမှာစိမ်၊ အိမ်ကိုသယ်လာ၊ ပြီးတော့ ကျွန်မတို့ခေါင်းအောက်မှာထားပြီး အိပ်ကြတာ တနေ့ကို (၈) နာရီလောက်ရှိတယ်။ အခုထိတော့ အဖြေကို ကျွန်မ မသိဘူး။ ဒါပေမဲ့ အလားအလာကောင်းတွေ အများကြီးရှိတဲ့ ကျွန်မတို့ရဲ့တိုင်းပြည်မှာ ညည ကျွန်မတို့ရဲ့ခေါင်းကို ဓါတုမီးစွဲလောင်တဲ့ဘေးကနေ ကာကွယ်ဖို့ ပိုကောင်းတဲ့နည်းလမ်းတော့ ရှိလောက်ပါတယ်။

အဲသလိုဓါတုပစ်စည်းတွေဟာ ကျွန်မတို့ရဲ့ အစားအသောက်သံသရာထဲမှာလည်း ပါဝင်နေပြီး၊ ကျွန်မတို့ရဲ့ ခန်နာကိုယ်ထဲမှာ ဖြည်းဖြည်းခြင်းစုဝေးနေကြတယ်။ အစားအသောက်သံသရာထဲမှာ အဆိပ်ပမာဏ အများဆုံးပါဝင်တဲ့ အစားအစာကို ရှင်သိလား။ တခြားတော့မဟုတ်ဖူး။ မိခင်နို့ရည်ဘဲ။ အဓိတ်ပါယ်ကတော့ ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ အငယ်ရွယ်ဆုံး၊ အသေးငယ်ဆုံးအဖွဲ့ဝင်တွေဖြစ်တဲ့ ရင်သွေးငယ်တွေဟာ သူတို့မိခင်တွေရဲ့ မိခင်နို့ကတဆင့် ဓါတုအဆိပ်ပစ်စည်းတွေကို သောက်သုံးနေရတဲ့ အခြေဆိုက်နေပြီဆိုတာဘဲ။ ဒါဟာမယုံနိုင်စရာကောင်းတဲ့ အခွင့်အရေးဖောက်ဖျက်မှုဘဲ မဟုတ်လား။ မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ လူသားရဲ့အခြေခံအကျဆုံး ပြုစုစောင့်ရှောက်ခြင်း လုပ်ရပ်ဖြစ်တယ်။ ဒီလုပ်ရပ်ဟာ မြင့်မြတ်ပြီး လုံခြုံသင့်တယ်။

မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ အခုလည်းအကောင်းဆုံးနည်းလမ်းပါဘဲ။ မိခင်တွေအနေနဲ့ ဒါကိုဆက်လက်လုပ်ဆောင်သင့်တယ်။ ဒါပေမဲ့ ကာကွယ်ဖို့လည်းလိုလိမ့်မယ်။ အစိုးရတွေအနေနဲ့လည်း မိခင်နို့ရည် အဆိပ်ကင်းမဲ့ရေးအတွက် ကာကွယ်မှုလုပ်ပေးသင့်တယ်။

အဆိပ်ဓါတုပစ်စည်းတွေရဲ့ ဒဏ်ကို ခါးစည်းခံရသူတွေကတော့ စက်ရုံအလုပ်သမားတွေပါဘဲ။ အလုပ်သမားထုထဲမှာ ကိုယ်ဝန်ဆောင်အရွယ် အမျိုးသမီးတွေ အများကြီးပါဝင်တယ်။ သူတို့ဟာ သဒေသားနဲ့ သားအိမ်တို့ကို ထိခိုက်နိုင်တဲ့ အဆိပ်ပစ်စည်းတွေ၊ ကင်ဆာဖြစ်စေနိုင်တဲ့ ကာစီနိုဂျင် (Carcinogen) တွေအပြင်၊ အခြားအဆိပ်ဓါတုပစ်စည်းများစွာကို ကိုင်တွယ်ထိတွေ့ကြရတယ်။ ကျွန်မရှင့်ကို မေးခွန်းတခုမေးမယ်။ သဒေသား ကိုထိခိုက်စေနိုင်တဲ့ အဆိပ်ပစ်စည်းတွေနဲ့ ထိတွေ့ရတဲ့အလုပ်ကို ဘယ်လိုကိုယ်ဝန်ဆောင်အရွယ် မိန်းကလေးမျိုးက လုပ်ချင်မှာလဲ။ ရွေးချယ်စရာ ဘာတခုမှမရှိတဲ့ မိန်းကလေးမျိုးသာ ဖြစ်မှာပေါ့။ ဟုတ်တယ်မဟုတ်လား။

ဒါကဟောဒီ မျဉ်းဖြောင့်ပုံစံ ကုန်ထုတ်လုပ်မှုစနစ်ရဲ့ ”ပြသနာ” တွေထဲက တခုဘဲ။ ဒေသပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းနဲ့ဒေသစီးပွါးရေး ဆုတ်ယုတ်ခြင်းတို့ကြောင့် ဒေသခံတွေမှာအလုပ်အကိုင်အတွက် ရွေးချယ်စရာ ဘာမှမကျန်တော့ပါဘူး။ ကဘာနဲ့အဝှမ်းမှာ လူအယောက် (၂၀၀၀၀၀) ဟာတချိန်က မျိုးဆက်ပေါင်းများစွာ ရေရှည်တည်တံ့ခဲ့ဖူးတဲ့ သူတို့ရဲ့ဒေသ၊ သူတို့ရဲ့ပတ်ဝန်းကျင်ကနေ မြို့ပြဆီကို ပြောင်းရွှေ့ကြရတယ်။ မြို့ရောက်တော့ ကျူးကျော်ရပ်ကွက်မှာနေပြီး၊ အဆိပ်ဓါတုပစ်စည်း ဘယ်လောက်ပဲများတဲ့ အလုပ်ဖြစ်ပါစေ၊ ရှာဖွေလုပ်ကိုင်ကြရတယ်။ တွေ့တယ်မဟုတ်လား။ ဒီစနစ်မှာ ဖြုန်းတီးခံရတာ သဘာဝအရင်းအမြစ်ချည်းဘဲမဟုတ်ဘူး။ လူတွေပါ ဖြုန်းတီးခြင်း ခံရတယ်။ ရပ်ရွာတွေဟာ ပြုန်းတီးခြင်းဘဝရောက်ရတယ်။ ဟုတ်ပြီ။ အဆိပ်ဝင်၊ အဆိပ်ထွက်ခြင်းအကြောင်းပြောကြရအောင်။ အဆိပ်ဓါတုပစ်စည်းတွေဟာ စွန့်ပစ်ပစ်စည်းအဖြစ်လည်းကောင်း၊ ရေ၊ လေ၊ မြေ ညစ်ညမ်းခြင်းအဖြစ်လည်းကောင်း စက်ရုံကနေထွက်ခွါလာတယ်။ အင်မတန်ကြီးမားတဲ့ ရေ၊ လေ၊မြေ ညစ်ညမ်းပျက်စီးခြင်းကို ဖြစ်ပေါ်စေတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် တနှစ်ကို ဓါတုအဆိပ်ပမာဏ (၄) ဘီလီယံပေါင်နှုန်းနဲ့ စက်ရုံရဲ့ပြင်ပကိုရောက်ရှိတယ်။ ဒါကစက်ရုံတွေကိုယ်တိုင် ဖွင့်ဟဝန်ခံထားတာ။ သူတို့ရဲ့ဝန်ခံချက်က အဲသလောက်ဆိုတော့ အမှန်တကယ်ဆိုရင် ဒီထက်တောင်ပိုနိုင်တယ်။ ဒါကကျွန်မတို့ ကဘာကြီးရဲ့ နောက်ထပ်အကန့်အသတ်တခုပါဘဲ။ တနှစ်ကို (၄) ဘီလီယံပေါင်နှုန်းနဲ့ ထွက်လာတဲ့ အဆိပ်တွေကို ဘယ်သူက ရှူချင်ပါ့မလဲ။

ဒီပြသနာကို ရှင်းဖို့အတွက် အမေရိကန်စက်မှုလုပ်ငန်းပိုင်ရှင်တွေက ဘာလုပ်တယ်မှတ်လဲ။ သူတို့ရဲ့စက်ရုံတွေကို အခြားနိုင်ငံတွေဆီ ရွှေ့လိုက်ကြပါသတဲ့။ ညစ်ညမ်းမှုဖြစ်လည်း အခြားတယောက်ရဲ့နိုင်ငံမှာ သွားဖြစ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ ဒီရန်ကအေးမသွားဘူး။ လေထုညစ်ညမ်းခြင်းဟာ လေတိုက်ခိုက်မှုနဲ့အတူ အမေရိကန်ဆီ ပြန်လာကြပါသတဲ့။

(ကုန်ပစ်စည်းဖြန့်ချိခြင်းခေါင်းစဉ်အား ဆက်လက်ဖေါ်ပြပါမည်။)

Shwe Ei
7th Aug 2011

3 comments

  • siamonone

    August 7, 2011 at 6:40 pm

    အားပါးပါး.. တယ်မိုက်တဲ့ စာစောင်ပါလား . တခါမှမဖတ်ဖူးဘူး။ ကျေးဇူး .. တင်ပါတယ် ။ ဆက်တင်ပေးပါဗျို့။

  • manawphyulay

    August 7, 2011 at 7:09 pm

    ဆရာဝန်ပါလား။ ရွှေအိနဲ့ ရွှေနီက ဘယ်လိုတော်ပါသလဲရှင်။ ကျန်းမာရေးစာစောင်ထဲမှာတော့ ဖတ်ဖူးပါတယ်။

  • Shwe Ei

    August 8, 2011 at 8:57 am

    Shwe Ei နဲ့ Shwe Ni က ဘာမှမတော်ပါဘူး မနောဖြူလေး ရေ။ Shwe Ei ဆိုတဲ့ User Name ကို ဂေဇက်အတွက် သီးသန့် သုံးလိုက်တာပါ။ ကျွန်မ က အခု INGO တခုမှာ အလုပ် လုပ်နေပါတယ်။ Logistics အပိုင်းကပါ။

Leave a Reply