မဆုံးတဲ့….သီချင်း–၂၂
စာမေးပွဲခန်းက ထွက်တော့ စောစောက ကောင်မလေးကို ကင်းန်တင်းမှာ မုန့်ကျွေးမယ်ဆိုပြီး ခေါ်လာခဲ့တယ်..။ ခပ်တည်တည်ပဲ..။ ကင်းန်တင်းရောက်တော့ ဆရာသိန်းထွန်းနဲ့ တွေ့တယ်..။ ဆရာက နေဝန်းနီကို စာရွက်တစ်ရွက်ပေးပြီး ထွက်သွားတယ်..။ အဆောင်ရောက်မှ ကြည့်တော့ တဲ့..။ အဲဒါနဲ့ အိတ်ထဲပဲ အသာထည့်ထားလိုက်တယ်..။ ပါလာတဲ့ ကောင်မလေးကတော့ မုန့်တစ်ပွဲမှာစားနေတယ်..။ ခုထိသူ့နာမယ်လည်း သိသေးဘူး..။ ကောင်းရော..။ ခဏနေတော့ နောက်တစ်နေ့ မေဂျာ ဖြေရမှာမို့ ပြန်မယ်တဲ့..။ အဲဒိတော့မှ..။
“ ဆရာ ..စောစောကပေးတာ ငါ့လည်းပြောဦး”
တဲ့…။ နေဝန်းနီက
“ အင်း… ညနေကျတော့ နင့် အဆောင်ငါလာပြောမယ်လေ…။ ခုတော့ လူရှုပ်နေတာ ဆရာကလည်း အဆောင်ရောက်မှ ကြည့်လို့ မှာသွားတယ်..။ “
လို့ ပြောတော့
“အင်း…။ နင်အခု အဆောင်ပြန်မှာမဟုတ်ဘူးလား”
တဲ့..။ ဟင်းး… အဆောင်ထိတောင် လိုက်လာမဲ့ ပုံပေပဲ..။
“ဟင့်အင်း မပြန်သေးဘူး အရက်ဆိုင်မှာ သူငယ်ချင်းတွေစောင့်နေတယ်”
လို့ ပြောလိုက်တော့ သူက မျက်လုံးလေး ပေကလပ်နဲ့..။
“ စာမေးပွဲတွင်းကြီးကို အရက်သောက်နေနိုင်သေးတယ်..။ အရက်သောက်တာက အစောကြီးရှိပါသေးတယ်ဟ..။ အဆောင်ပြန်ပြီး ရေလေးဘာလေးတောင်ပြန်မချိုးတော့ဘူးလား..”
“ အေး ငါက တစ်နေကုန် သောက်ဖြစ်နေတာ.. “
ဆိုတော့
“ သိပ်လည်းသောက်မနေနဲ့ဦး …။ အငယ်လေးရှိသေးတယ်..။ ညကျ ငါ့ဆီလာရင်မူး မလာနဲ့နော်..။ “
တဲ့ မျက်နှာက မချိုမချဉ်နဲ့..။ ကြည့်ရတာ သူ့ အကိုတွေ အဖေတွေက လည်း အရက်သောက်တတ်ပုံရတာပဲ..။ ဒါမှမဟုတ်ရင် အရက်သောက်တတ်တဲ့ ရည်းစားရှိရမယ်..။ ဘာပြုလို့လဲဆိုတော့ အရက်ကို မစိမ်းဘူး..။ နားလည်မှုရှိတယ်.. လို့တွေးလိုက်မိတယ်..။ နေဝန်းနီက
“ ဟ ..အရက်-ဆိုတာက သောက်သလာက်တော့ မူးမှာပေါ့ဟ “
ဆိုတော့မှ
“ အေးပါ.. ညကျရင် ငါ သံပုရာရည်ဖျော်ထားပါမယ်”
တဲ့..။ သူ့ရည်းစားကျနေတာပဲ..။ အဲဒိလိုပြောပြီး ကျောင်းတံခါးဝ ကိုကျော်လိုက်တယ်..။ ကျောင်းရှေ့မှာ ကျောင်းသားတွေ ရှုပ်နေသေးတယ်..။ ကျောင်းရှေ့ကနေ တစ်စီးထဲ ပြိုင်ဘက်မရှိ ပြေးနေတဲ့ အမှတ်(၆)ဘတ်စကားက လူမပြည့်သေးလို့ နဲ့တူရဲ့ ..။ ရပ်ပြီးလူခေါ်နေတယ်….။ သူ့ဟာသူပြောပြီး ဘာစဉ်းစားမိလဲ မသိဘူး…။ ငြိမ်သွားတယ်..။ ဒါနဲ့ နေဝန်းနီက…။
“ နင်ကော………..”
လို့မေးလိုက်တော့
“ အဆောင်ပြန်မှာပေါ့…။ ဟ..။ နင်က ငါ့ အဆောင် သိလို့လား”
တဲ့လေ..။ ကောင်းရော..။ သူနေတဲ့ အဆောင် သိဖို့ ဝေးစွ..။ သူ့နာမယ်တောင် မသိသေးဘူး…။ ငါ့နှယ်နော်..။ ခက်ပါဘိ…။
“ နင့် အဆောင်သိဖို့ နေနေသာသာ နင့်နာမယ်တောင် မသိသေးဘူး..။ နင်က ဘယ်အဆောင်မှာနေတာလဲ “
ဆိုတော့မှ…
“ 36လမ်း က….. ———– အဆောင်မှာ”
တဲ့..။ အဆောင်နာမယ်ပြောပြတယ်..။
“ အဲဒါဆိုညကျရင် လာခဲ့မယ်..။ နင်ပြန်နှင့်”
လို့ ပြောလိုက်ပြီး မှ…။ သူ့နာမယ် မသိရသေးဘူး..။ သူနေတဲ့ အဆောင်သွားပြီး ဘယ်သူနဲ့တွေ့ချင်တယ်ခေါ်ပေးပါလို့ ပြောမှ ရမှာ ..။ အဆောင်ပေါ်တက်ရှာလို့ရတာမဟုတ်ဘူး..။ ဟိုက မိန်းကလေးဆောင် ဆိုတာ သတိရပြီး..။
“ နင့် အဆောင်ရောက်တော့ နင့်ကို ဘယ်လိုမေးရမှာလဲ”
ဆိုတော့ မှ…။
“ ငါ့နာမယ်က ..မိမာ”
တဲ့..။ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းရှေ့ မကျီးဖျော်ရည်ရောင်းတဲ့ လှည်းက ဖွင့်ထားတာကလည်း..။ ခင်မောင်တိုးရဲ့ “ မိမာ “သီချင်း..။
“ တစ်နယ်စီများဝေးခဲ့ရင်လေ…။xxxx မိမာ လက်ရေး ဝိုင်းဝိုင်းလေးနဲ့ ရေးပို့ လိုက်ပါ…… ………….ကိုယ်မျှော်နေမယ် မိမာxx+++ မိမာရေ……..”
သီချင်းသံကြားတော့ ကောင်မလေးရှက်သွားသလား မသိဘူး..။ လမ်း80 ပေါ်လျှောက်လာရင်း 35 လမ်း အစပ်နားက ဖြတ်သွားတဲ့ ရထားသံလမ်းကိုတောင် ခလုပ်တိုက်သွားရဲ့….။ 35လမ်းပေါ် တက်ရင်းနဲ့
“ မေ့မနေနဲ့ဦး … ။ မတရားကြီးသောက်မလာနဲ့နော် သိလား” တဲ့
အင်း ဒီကောင်မလေးတော့…။လို့ တွေးပြီး ကိုမြင့်ဇော်တို့ စောင့်နေမဲ့ 36လမ်း 84 လမ်း ဒေါင့်က အရက်ဆိုင်ဆီ လျှောက်လာခဲ့တယ်..။ 36 လမ်းအထိ မိမာနဲ့ လမ်းအတူလျှောက်သွားလို့ရပေမဲ့ မလျှောက်တော့ဘူး..။ 35 လမ်းအတိုင် း အနောက်ဘက်ဆင်းလာခဲ့ပြီး 82 လမ်း ရောက်မှ 36 လမ်းဘက်ကိုကူးလိုက်တယ်…။ ချိန်တန်ပြီ လ္ဘက်ရည်ဆိုင်ရှေ့ ရောက်တော့ နေဝန်းနီ မြို့က အသိနဲ့တွေ့လို့ စကားရပ်ပြောနေရသေးတယ်..။ ပြီးမှ 36လမ်းအတိုင်း အနောက်ဘက်ဆက်ဆင်းလိုက်တယ်..။ အရက်ဆိုင်ရောက်တော့ ကိုမျိုးတောင်ရောက်နေပြီ..။ နေဝန်းနီက မိမာဆိုတဲ့ ကောင်မလေးနဲ့ စကားပြောနေတာရယ် လမ်းမှာကြာနေတာရယ်နဲ့ နောက်ကျသွားတာလေ……….။
နေဝန်းနီ
6 comments
windtalker
August 9, 2011 at 10:28 pm
အဘရေ
ပိုင်တယ်ဗျာ
အားကျတယ်
နာမည်တောင် မသိတဲ့ ကောင်မလေး ကို အဘ အရက်သောက်တတ်တာ ကို လည်း ပြောပြတယ်
ကောင်မလေး က အဘ အရက်သောက်ပြီး သူ ့အဆောင်ကို လာမှာကို သိလို ့သံပုရာရည် နဲ ့စောင့်နေမှာ ကို လည်း သိရတယ် ။
ကြည့်ရတာ အဘနေဝန်းနီ ကျောင်းသား ဘဝ က SKB ပဲ ဖြစ်ရမယ် ။
အဘနေဝန်းနီ ဆီမှာ ပီယဆေး အကောင်းစား တစ်ခု ရှိမယ်လို ့လဲ ယုံမိတယ် ။
ဝေမျှပေးပါဦး လို ့ တောင်းဆိုလိုက်ပါရစေ နော် ။
kai
August 10, 2011 at 4:33 am
ကိုရင်နေ.. SKB ဖြစ်ခဲ့တယ်… ဆိုတာ..မယုံဘူး…။
The End Justifies The Means တဲ့..
အခုထိ.. တကိုယ်တည်း..လူပျိုကြီး..အထီးကျန်.. နည်းလမ်းမမှန်ဖြစ်နေတာကြည့်ပါလား..။ 🙂
ကြောင်ကြီး
August 10, 2011 at 10:13 am
မဆုံးတဲ့သီချင်းကို
ဗုံးထည့်ကမြင်းရရင်
အရှုံးမဲ့ခြင်းဆိုတာ
အသုံးမတည့်တဲ့ပုလင်း..။
windtalker
August 10, 2011 at 1:06 pm
အသုံးမတည့် ပုလင်း ကို
ဆုံးဖြတ်ခြင်း များစွာနဲ ့
ဘော်တယ် ကုလားဆီမှာ
ခေါ်ဟယ် ပွားကြည့်တာ
တစ်ပုလင်း ၂ဝ ဆိုပဲ
naywoonni
August 10, 2011 at 7:07 pm
SKB ဆိုလို့ ငယ်ငယ်က ဝဲပေါက်ရင်လိမ်းပေးတဲ့ ဘတ်စကေဘီ ဆိုတဲ့ ဆေးရည် ဖြုပြစ်ပြစ်တွေကို သတိရမိတယ်..။ ကုတ်ထားတဲ့ အနာပေါ်လိမ်းရင် တော်တော် စပ်တာပဲ..။ ခြောက်သွားအောင်ယပ်ခပ်နေရတယ်..။ တစ်လောက အသိတစ်ယောက် အတွက်လိုလို့ လိုက်မေးကြည့်တာ ..။ဆေးဆိုင်တွေကို …..။မတွေ့ရတော့ဘူး..။
နေဝန်းနီ က သူ့ဖာသာသူလေးနေတာပါ…။ မိန်းကလေးတွေနဲ့ မလိုအပ်ပဲ မရောတတ်ဘူး…။ သူငယ်ချင်းတွေက ပြောတာတော့ မင်းအကြည့်က နဲနဲစူးလွန်းတယ်..။ လို့ပြောတာပဲ..။ အဲဒါကလည်း ငယ်ငယ်က ခပ်ကြောင်ကြောင် စာအုပ်တွေ ဖတ်ပြီး လက်တွေ့လုပ်ရင်းဖြစ်သွားတယ်ထင်တာပဲ…။ ဆယ်ကျော်သက်က ဝင်းဦးခေတ်လေ…။ သူ့မျက်လုံးလို့ ဖြစ်အောင် မှန်တစ်ချပ်ရှေ့မှာချထားပြီး နဖူး ထုံးတို့ ပြီး ထုံးစက်လေးကိုပဲ မျက်တောင်မခတ်ကြည့်နေရမယ်တို့ ဘာတို့ပေါ့…။ နောက်အဲဒိထက်ပိုဆိုးတာက ဖယောင်းတိုင်ထွန်းပြီး မီးညွန့်လေးကိုချည့်ကြည့်ရတဲ့ လေ့ကျင့်ခန်း ကြည့်ရင်း ကြည့်ရင်း နဲ့ မျက်ရည်တွေကျလာလည်း မျက်တောင်မခတ်ရဘူးတဲ့…။ အဲဒိတော့ နေဝန်းနီကို အကြည့်ချင်းယှဉ်ရဲတဲ့ သူမရှိပါဘူး..။ ကောင်မလေးတွေဆိုတာ နေဝန်းနီ တစ်ချင်လောက်ကြည့်ပြီးပြောလိုက်ရင် သိပ်မငြင်းကြပါဘူးနော်…။ အဲဒိလိုထင်တာပဲ…။ ငယ်ငယ်တုန်းကအကြောင်းရေးရင်းနဲ့ ငယ်ငယ်တုန်းကလိုပဲ ပြန်ပေါကြည့်တာ…။
windtalker
August 10, 2011 at 9:53 pm
ဟားဟား
အဘကတော့
ချောပါတယ် လို ့ပြောနေမှ
ဆီလူးပြနေတယ်
မလွယ်ဘူး အဲ့ခေတ် က မိန်းမတွေ တော့