အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၄၁)
မောင်ရာမူး ပြီးတော့ ဒီတစ်ခါ ရွိုင်း အလှည့်။ ရွိုင်း က သူ့အခန်းထဲမှာ ရှန်တီကို ဖက်နမ်းနေတုန်း ကာနယ်တေလာ
မိသွားတာလေ။ရှန်တီ ကတော့ အပြင်းအထန်ငြင်းရှာတယ်။သေသွားတဲ့ သူ့အမေကိုတောင် တိုင်တည်ပြီး ကျိန်တွယ်ပြ
တယ်။သူနဲ့ ရွိုင်း ဘာဘာ ကြားမှာ ဘာအကန့်မှ မရှိဘူးပေါ့ဗျာ။ခု လိုဖြစ်တာလည်း ပထမဆုံးအကြိမ်ဖြစ်သလို မတော်တဆ
မှားယွင်းတာလည်း ဖြစ်သတဲ့။ဒါပေမဲ့ ရပါဘူး။ဘယ်လို တောင်းပန် တောင်းပန်၊ သိတယ်မို့လား ကာနယ်ကြီးအကြောင်း။
ဟုတ်ပ..။ဘာဖြစ်မလဲ တွေးကြည့်စရာတောင်မလိုဘူးလေ။ရှန်တီလည်း ဂျောင်း ပေါ့။ဒါပေမဲ့ ခမျာမှာ လခလေးတော့
ရသွားရှာပါတယ်။ရွိုင်း လား..။သူတော့ အဆော်အတီးလေးတော့ ခံရမှာပေါ့။ ဒီ သောက်ကုလား တွေနဲ့ သွားပြီးရောတယ်
ဆိုပြီးတော့လေ။ပြီးတော့ စူပါမားကတ်တွေမှာ ဈေးလိုက်ဝယ်ခွင့်လည်း ပိတ်ခံလိုက်ရတော့တာ။အဲဒါ သင်ခန်းစာပဲ ဆိုပြီး
ကြိုကြိုတင်တင် ကာထားတဲ့ အနေနဲ့ မက်ဂီ့ အခန်းကို သန့်ရှင်းရေး ဆယ်ရက်လောက် မဝင်ဘဲ နေလိုက်တယ်။
ရွိုင်း ကွိုင်ပြီးလို့မှ ဘာကြာလဲ..နှစ်ပတ်လောက်ပဲ ခြားမယ်။ မက်ဂီ့ အလှည့်ရောက်လာပြန်တယ်။ဒီကြားထဲ
အရင်လို ကျွန်တော်သာ သူ့အခန်းထဲ သန့်ရှင်းရေးလေး ဝင်လုပ်ပေးရင်တော့ ဒီလိုဖြစ်မယ်မထင်ဘူးဗျ။အဲ..သူ့ပြဿနာ
က အခန်းထဲမှာ ဆေးလိပ်ခိုးသောက်တာကို ကာနယ်ကြီးက မိသွားတာ။မက်ဂီ က ငြင်းသေးသဗျ။ ဘာရမလဲ
ကိုဖိုးသိကြီးပဲ ဥစ္စာ။ သူ့ဘီဒိုထဲမှာ ဖွက်ထားတဲ့ ဆေးလိပ်ဘူး အတောင့်လိုက်ရယ်။လွှင့်ပစ်ဖို့ မေ့နေတဲ့ ဆေး
လိပ်တိုတွေရယ်ကို ပြတော့..။မက်ဂီတစ်ယောက်လည်း ဈေးဝယ်ခွင့် အပိတ်ခံရတော့တာပဲ။
ယုံချင်ယုံ မယုံချင်နေဗျို့။နောက်နှစ်လလောက်ကြာတော့ နောက်တစ်ယောက် ကွိုင် ထပ်တက်ပြန်တယ်။
ဘယ်သူလဲဆိုတော့ သူ့မိန်းမ မစ္စစ်တေလာရယ်။သံရုံးက လူတစ်ယောက်နဲ့ ငြိနေတယ် ဆိုပြီးတော့လေ။သူတို့လင်မယား
အိပ်ခန်းထဲမှာ ရန်ဖြစ်နေသံကို ကြားရတာပဲ။ကာနယ်ကြီးလည်းသောက်ရမ်းပေါက်ကွဲပြီး အော်ဟစ်နေတာ။
“သောက်ခွေးမ..အေး..နင်ရော ဟို သောက်ဆင့်မရှိတဲ့ နင်လင်ငယ် ကြွက်ပျင်းကိုပါ ဆော်မယ်ဟေ့”
ရိုက်သံ နှက်သံတွေ၊ပစ္စည်းတွေ ကျကွဲသံတွေပါ ညံတက်လာတယ်။ပန်းအိုးတွေ ဘာတွေများ ကျကွဲလား ပေါက်ခွဲလား
မသိပါဘူး။အဲဒီ ညနေက မစ္စစ်တေလာ ညစာထွက်မစားဘူးဗျ။ ရွိုင်း နဲ့မက်ဂီလည်း သူတို့အဖေနား မကပ်ရဲဘဲ ခပ်လှမ်း
လှမ်းလောက်မှာ အပိုးသေသေနဲ့ နေကြရှာတယ်။ကျွန်တော်လည်း မစ္စစ်တေလာ ကို နှစ်သိမ့်စကားလေးပြောပေး
ချင်ပါရဲ့။မလုပ်ဝံ့ဘူးလေ။တော်တော်ကြာ ကိုယ့်ပါ သမ နေဦးမယ်။မစ္စစ်တေလာ ခမျာ သူ နဲနဲလေး လှုပ်မိတာနဲ့
ယောက်ျားလုပ်တဲ့သူက ချက်ချင်းသိသွားပြီး သူကတော့ သူ့ယောက်ျား လျှို့လျှို့ဝှက်ဝှက်နဲ့ မကောင်းတာလုပ်နေ
တာကိုတော့ နဲနဲမှ မရိပ်မိရှာဘူး။ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ ကာနယ်ကြီးအကြောင်း ပိတ်ပြောပစ်လိုက်ချင်တာ။
ဂျီဗန် ကူးမား ကြီးနဲ့လျှို့ဝှက်ပြီး တွေ့တဲ့အကြောင်းကိုလေ။ဒါပေမဲ့ဗျာ..တစ်ခါသေဖူးရင် ပျဉ်ဖိုးနားလည်ရမယ်မို့
လားဗျ။ ကျွန်တော်ကိုယ်တိုင်တောင် ဟိုတစ်ခါ ကံကောင်းလို့လေ။ ကာနယ်ကြီးကိုတော့ကြောက်တာ တကယ်။
တော်ကြာ ဦးဖိုးသိကြီးက ကျွန်တော် ရှမ်တာရမ် ကြီးကို လှေကားပေါ်က တွန်းချတဲ့အကြောင်း သိချင်သိသွားမှာ။
ကိုယ်တိုင်တောင် မသိတဲ့ ကိုယ့်အကြောင်းကိုတောင် သူက သိချင်သိနေမှာလေ။
******************************
တေလာ မိသားစုထဲ ဗရုတ်သုက္ခ တွေ တစ်မျိုးပြီး တစ်မျိုး ဖြစ်နေရတဲ့အထဲ ဂျိုင်း ကြောင့် ကျွန်တော့်မှာ ပိုပြီး
စိတ်လေ လာတယ်ဗျာ..။သူ့လက်ရာက ညံ့ရာကနေ ဆိုးဝါးလာလိုက်တာမပြောနဲ့။စုတ်ပြတ်နေတာပဲ။ဟင်းချိုတဲ့ဗျာ..
ရေနွေးကို ဆားခပ်ပြီးသောက်တာကမှ တော်ဦးမယ်။ဟင်းတွေကတော့ ချာလိုက်တာမှ ရိုဗာလေးတောင် မစားဘူး။
တစ်နေ့ တစ်နေ့ သူအလုပ်ရုံလေးဖွင့်ချင်တဲ့အကြောင်းရယ်..ရူးပီး တစ်သိန်းခွဲလိုတယ်ဆိုတဲ့အကြောင်းရယ်ကိုပဲ
အပ်ကြောင်းထပ်အောင်ပြောပြောနေတာ အာရုံကိုနောက်နေတာပဲ။အဲဒီလို နားဖွပ်ခံရတဲ့ ဒုက္ခက နိစ္စဓူဝဆိုတော့
သေချင်စော်နံရော။မရီနဲ့ဗျ..။ခင်ဗျားတို့လည်း အဲဒီလိုလူမျိုး ကြုံဖူးကောင်းကြုံဖူးမှာပဲ။တစ်ခါတော့ ဒီလောက်တောင်ဖြစ်
လှတဲ့လူ ကာနယ်ကြီး ကို တိုင်လိုက်ရကောင်းမလား တောင်တွေးမိသေးတယ်။ဒါပေမဲ့ မတိုင်လိုက်ရဘူး။အက်ဒိလိဒ်
မှာနေတဲ့ ကာနယ်ကြီးရဲ့အမေ ဆုံးလို့တဲ့လေ။သူတို့မိသားစု အကုန်ဝမ်းနည်းနေကြတာ။စိတ်သဘော တင်းမာလှတဲ့
ဒီစစ်သားကြီးရဲ့ ဝမ်းနည်းကြေကွဲမှုကြောင့် ပျော့ပျောင်းသွားတဲ့အမူအရာကို ပထမဆုံးအကြိမ် အဖြစ် ကျွန်တော်မြင်
ဖူးတာပဲ။ဘိုးတော်က ဂျိုင်း ကို လေသံခပ်ဖျော့ဖျော့နဲ့-
“တို့သွားတာ တစ်ပတ်လောက်တော့ကြာမယ်..အိမ်ကိုတော့ သော့ခတ်ထားမှာ..မင်းနဲ့သောမတ်စ်
အပြင်မှာပဲ စားကြပေါ့”
မက်ဂီ နဲ့ ရွိုင်းကတော့ တရှုံ့ရှုံ့ နဲ့ငိုလို့။မစ္စစ်တေလာလည်း မျက်လုံးတွေ နီလို့ဗျ။အဲ..ထုံးစံအတိုင်း ဘဂဝါတီကြီးလည်း
ငိုနေတာပေါ့။သူတို့ အကုန်ငိုနေကြတာ ကျွန်တော်နားတောင် မျက်ရည်ခိုးတွေရိုက်လာသလိုပဲ။အဲ..အဲ..မငိုဘဲ နဲ့ မီးဖိုခန်းထဲမှာ
ညစ်ကျယ်ကျယ်ပြုံးနေတဲ့လူတစ်ယောက်တော့ရှိပါ့ဗျာ..။ဟုတ်တယ်။ ဂျိုင်း..။
အဲဒီညပဲ ဂျိုင်း တစ်ယောက် ကာနယ်ကြီးတို့အိမ်ကို ဖောက်ပါလေရော။သူ တစ်ခြားအခန်းတွေမသွားဘူး။ကာနယ်ကြီး
ရဲ့ ရုံးခန်းလုပ်ထားတဲ့သားရဲတွင်းကို တန်းသွားတာ။အရင်ဆုံး မိန်းတွေ ချပစ်လိုက်တယ်။လျှပ်စစ်ခလုတ်ခုံလေးကို ရှော့ရိုက်
ပစ်လိုက်တယ်။သော့တွေကို သံဖြတ်လွှနဲ့တိုက်ဖြတ်။သံပန်းတံခါးကို ဖယ်။သစ်သားတံခါးကို ဆောင့်ကန်ပြီး ဖွင့်။
အိမ်မကြီးထဲက ဝုန်းဒိုင်းကြဲသံတွေကြားတော့ ကျွန်တော်လန့်နိုးလာတယ်။ခဏတော့ အူကြောင်ကြောင်ဖြစ်နေသေး
တယ်။နောက် ..ထပြီးသွားပြေးကြည့်တော့ ဂျိုင်း ရဲ့ လက်စလက်နကို တွေ့ရတော့တာပေါ့။သူက ကာနယ်ကြီးရုံးခန်းထဲမှာ
နံရံကိုခေါင်းနဲ့ဆောင့်ပြီး မကြေမချမ်း ရေရွတ်နေတာ။
“ေ-ာက်တလွဲဟေ့..ဒီသေချင်းဆိုးတွေက နေတော့သာ တစ်ထီး တစ်နန်းနဲ့ ..ေ-ာက်တစ်ပြားမှ မရှိဘူး…လခွီးနဲ့မှပဲ..”
အမယ်..လာ.လာချေသေးဗျ..။ငနာကြီး..သူကတောင် ပေါက်ကွဲနေသေးတယ်။ကျွန်တော့်ခေါင်းထဲမှာတော့ အချက်ပေးသံတွေ
ညံနေပြီ။ဦးဖိုးသိကြီးကတော့ ဒီကနေ မိုင်တစ်သောင်းလောက်ဝေးတဲ့ သူ့အမေဈာပနက နေပြီးတောင် ဂျိုင်းရဲ့သစ္စာမဲ့မှုကို
သိချင်သိနေတော့မှာ။အဲ..ပြီးတော့ ကျွန်တော်လည်း ပူးပေါင်းကြံစည်မှု၊ အားပေးကူညီမှုတွေနဲ့ ငြိတော့မှာပါလား..။
ဟား…သောက်ကျိုးတွေနဲကုန်ပြီ။ဒီ လူလွန်မသား ဂျိူင်း..။ကျွန်တော် ဒေါသနဲ့ ကြုံးအော်ပစ်လိုက်တယ်။
“ဟာ..ခင်..ခင်ဗျား..ဂျိုင်း..ခင်ဗျား..ေ-ာက်ရူးကြီး ဘာ..ဘာတွေလုပ်ပစ်လိုက်တာလဲ..”
ဂျိုင်း က ကျွန်တော့်ကို ဆတ်ခနဲလှည့်ကြည့်တယ်..။ကျွန်တော်ကို စိုက်ကြည့်ပြီး သူ့လေသံ အေးစက်စက်က ခပ်ဖြည်းဖြည်း
ထွက်လာတယ်။
“မင်းမြင်တဲ့အတိုင်းပဲ..ဒီကို ငါဘာလာလုပ်လဲ သိလား..အေး ငါက ဝါရင့်သူခိုးတစ်ယောက်ကွ..သောမတ်စ်ရ..အရင်ရှစ်နှစ်လောက်
ကတော့ တီဟာ ထောင်ထဲမှာပေါ့..ဒီအခန်း ဒီလောက်လုံခြုံအောင်လုပ်ထားတော့ သူတို့ရွှေငွေ လက်ဝတ်လက်စားတွေ ဒီအထဲပဲ
သိမ်းမယ်မှတ်တာ..ေ-ာက်တလွဲကွ ..တစ်ပြားမှကို မရှိတာ..ခြောက်လလောက် လုံ့လပြုလိုက်ရတာ ရေစုန်မျောတော့တာပဲဟေ့..
အေး..ကဲပါကွာ…မိန်း ပြန်တင်ပြီး ငါလည်းဒီက လစ်တော့မယ်..အပေါ်စက် အောက်စက်လေးတော့ မ သွားဦးမကွ..ဒီ ဗီစီဒီ
ပလေယာနဲ့တီဗွီက သူခိုးဈေးနဲ့ ပြန်ရောင်း နှစ်ပဲခြောက်ပြားရယ်..ဒါပေမဲ့ ကိုယ့်အလုပ်လေးတော့ ကိုယ်လေးစားရဦးမပေါ့ကွာ..
အဟေးဟေး..ငါသွားပြီးရင်တော့ ရှုပ်ပွနေတာလေးတွေ ရှင်းလိုက်ဦးနော်…ကောင်လေး..(ကျွန်တော့် မျက်နှာနားကပ် ပြီး )အေး
တစ်ခုတော့ရှိတယ်..ရဲခေါ်မယ်တော့ မကြံလေနဲ့..မင်းတစ်ကိုယ်လုံးရှိသမျှ အရိုးတွေချိုးပစ်မယ်..ကြားလား..”
ဂျိုင်း ထွက်သွားတော့ ကျွန်တော်လည်း အခန်းထဲကိုလှည့်ပတ်ကြည့်တယ်။ကိရိယာ အထူးအဆန်းလေးတွေအမျာကြီး
ရယ်ဗျ။နေကြာပွင့်သေးသေးလေးတွေနဲ့တူတဲ့ မိုက်ခရိုဖုန်းလေးတွေ၊ ကင်မရာသေးသေးလေးတွေ။စက္ကူကဒ် တစ်ချို့ပေါ်
မှာလည်း ဝှက်စာ ဆိုပြီး ခေါင်းစဉ်တပ်လို့ ပေါက်ပန်းဈေး ဂဏန်းတွေ အက္ခရာတွေ တောင်ရေးမြောက်ရေး ရေးထားတာလည်း
တွေ့ရသေးတယ်။နောက် စာအုပ်တွေလည်း တွေ့သေးသဗျ။ သူလျှို နိဿရည်း တို့၊ တန်ပြန် အေးဂျင့်ကောင်းတစ်ယောက်၏
ပဓာန လိုအပ်ချက်များ တို့၊ သူလျှိုလုပ်နည်း နမူနာများ တို့ စုံလို့ပဲဗျ။တစ်ချို့စာရွက်စာတမ်းတွေကျတော့ အဖုံးတွေမှာ အညွှန်း
လေးတွေကပ်ထားတယ်။ ထိပ်တန်း လျှို့ဝှက်တို့၊ သင်တစ်ဦးထဲသာ သိရန် တို့။နောက် ပုံတွေလည်း တွေ့သေးသဗျ။အင်ဂျင်
နီယာတွေ ဆွဲလေ့ရှိတဲ့ ပုံမျိုးတွေ။ အဆင့်မြင့်နည်းပညာသုံး သင်္ဘော အဏုမြူဓာတ်ပေါင်းဖို ပုံစံတို့၊ ရေငုပ်သင်္ဘော ပုံစံ
တို့ဗျ။နောက်ပြီးတော့ အံဆွဲတစ်ခုထဲမှာ ဗီဒီယိုတိပ်ခွေ သေးသေးလေးတွေ အက္ခရာစဉ်အတိုင်း စီထည့်ထားတာတွေ့တာပဲ။
အဂျေး ၊ဘဂဝါတီ ၊သံအမတ်ကြီး ၊ဂျီဗန် ၊ဂျုံးစ် ၊မက်ဂီ ၊မက်ဂေးလ် ၊ရပ်ဂျ်၊ရာမက်ရှ် ၊ရီဘက်ကာ ၊ရွိုင်း ၊ရှန်တီ ၊စတူးဝပ်.
..ပြီးတော့ ကျွန်တော့်နာမည် သောမတ်စ်တဲ့။နောက် အံဆွဲတစ်ခုထဲမှာကျတော့ ခရီးဆောင် ဗီဒီယိုပြစက်လေး တွေ့
တယ်ဗျ။ ကျွန်တော်လည်း ကတုန်ကယင်နဲ့ ကျွန်တော့်နာမည်ထိုးထားတဲ့တိပ်ခွေလေး ဆွဲယူလို့ ပြစက်လေးထဲ ထည့်
လိုက်တယ်။ဟော..အရုပ်လေးတွေပေါ်လာပြီ။အဲ..ကျွန်တော့်အခန်းထဲမှာပါလား..။ကျွန်တော်က အိပ်ယာပေါ်မှာ
ပက်လက်ကလေး လှဲနေတယ်။ေနောက် ကျွန်တော် ဒိုင်ယာရီစာအုပ်နီလေးမှာ ကျွန်တော်တစ်ခုခုရေးနေတယ်။နောက်
ရာမူး နဲ့ စကားပြောနေတာတွေ။ကျွန်တော် အိပ်နေတာတွေ..။ကျွန်တော်လည်း ရှေ့ကိုရစ်ကြည့်တယ်။ ရှမ်တာရမ်ကြီး
များ ပါနေမလားလို့။နောက် မစ္စစ်တေလာ နာမည်နဲ့ခွေကို ထည့်ကြည့်တယ်။အဲ..သူက အိပ်ယာပေါ်မှာ ထိုင်လို့ဗျ။ခဏ
နေတော့ ယောက်ျားတစ်ယောက် ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာတယ်။မစ္စစ်တေလာကို ဖက်ပြီး ပြင်းပြင်းရှရှနဲ့ အကြာကြီး
နမ်းနေတာဗျ..။အဲဒီလူကို ကျောဘက်ပဲ ကျွန်တော်မြင်ရသေးတယ်။နမ်းနေတုန်း ရုတ်တရက် တံခါးခေါက်သံထွက်
လာတော့ အဲဒီလူက ဖျတ်ခနဲ လှည့်အကြည့် ၊သူ့မျက်လုံးနဲ့ ကျွန်တော့်မျက်လုံး တည့်တည့်ကြီးကို ဆုံပါလေရောလား..။
ဟာ…ကျွန်တော် ဒိန်းခနဲ လန့်သွားတယ်။ သံအမတ်ကြီးဗျ..။ကျွန်တော်လည်း ခွေကိုထုတ်ပြီး စက်ကိုပိတ်လိုက်တော့
တာပဲ။ပြီးတော့ မတ်တပ်ရပ်ပြီး အတော်လေးကြာအောင် စဉ်းစားနေမိတယ်။စိတ်ထဲ တော်တော်လေး စိုးရိမ်ပူပန်လာ
တာ မလှုပ်ရဲတော့လောက်အောင်ပဲ။ဒီ..ဒီအခန်းထဲမှာလည်း လျှို့ဝှက်ကင်မရာတွေ ရှိချင်ရှိနေမှာ..။ဟာ ဒုက္ခပဲ..။
ကျွန်တော် ပင့်သက်တအားရှိုက်လိုက်တယ်။ကာနယ်ကြီးဦးဖိုးသိကြီး ဖြစ်နေတာ ဒါ့ကြောင့်ကိုးလို့တွေးနေမိတယ်။
ဒီ အိမ်ထဲတင် မကဘူး သံရုံးမှာတောင် အဲဒီလို လျှို့ဝှက် ကင်မရာတွေ အသံဖမ်းစက်တွေတပ်ချင်တပ်ထားဦးမှာ။
သူက သူလျှိုကြီးတစ်ယောက်ပဲ။ထားပါလေ..ကျွန်တော်က စတိဗ်နိုလန် မှမဟုတ်တာ။တစ်လ ရူးပီးထောင့်ငါးရာ
ရ။အေးအေးနေ။ခုဒိုင်ယာရီထဲမှာ စာရင်းလေးတို့ထားတာ လေးသောင်း သုံးထောင့်ငါးရာ။ပိုက်ဆံတွေ စာရင်းထဲရှိ
တာ ရှိတာပဲ။သုံးမှ မရတာ။အဲဒီပိုက်ဆံ ကိုယ့်လက်နဲ့ကိုယ် ကိုင်သုံးချင်တာလေ။ဟုတ်တယ်..ကိုယ့်လုပ်အားခလေး
ကိုယ်ရချင်ရင်တော့ ဒီကိစ္စတွေကို သွားမဟနဲ့။ အကုန် နား သွားမယ်။အဲဒီတော့..အင်း..ပါးစပ်ပိတ်ထား..သခင်နဲ့
သခင်မပြုံးတိုင်း လိုက်ပြုံးနေ။ဒါပဲ..။
ကာနယ်ကြီး ဆဲလ်ဖုန်းနံပါတ်ကို ကျွန်တော်ခေါ်လိုက်တယ်။
“ကာနယ်ကြီး ခင်ဗျာ..အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါနော်..ဟို..အိမ်မှာ ဖောက်ထွင်းလုယက်မှု ဖြစ်လို့..
ဂျိုင်း..ဂျိုင်းလေ ဗီစီဒီပလေယာနဲ့ တီဗွီကို မ သွားတယ်။ အဲ..ပြီးတော့ ကာနယ်ကြီးရဲ ့ရုံးခန်းကိုလည်း ဖောက်
သွား..”
“ဘာ..”
“ဟုတ်..ဟုတ်တယ်ခင်ဗျ..ကျွန်တော် စိတ်မကောင်းပါဘူး ကာနယ်ကြီး”
ကာနယ်ကြီး ခဏငြိမ်ပြီး စဉ်းစားနေပုံရတယ်။
“သောမတ်စ်..ဒီမယ်..သေချာနားထောင်နော်..အခု ငါအလုပ်ခန်းကို ချက်ချင်းပိတ်လိုက်။ပျက်သွားတဲ့ သော့ခလောက်တွေ
ကို ဖယ်ပြီး ကောင်းတဲ့ သော့တစ်ခုခုနဲ့ခတ်လိုက်..။မင်းလည်း မဝင်နဲ့နော်။ဘယ်သူ့မှ မဝင်ခိုင်းနဲ့။နောက် အရေးကြီးတဲ့ တစ်ချက်
က ရဲကို မခေါ်နဲ့။ကြားတယ်နော်..ရဲကို လုံးဝမခေါ်နဲ့။ အချက်ပေးသံတွေ မြည်နေသေးလား…။မြည်နေရင်..ခလုတ်ခုံမှာ..
၀၀၀ရ လို့နှိပ်။ ဝ၀၀ရ နော်..ရလား။အဲဒါဆို ရပ်သွားလိမ့်မယ်။ဟုတ်ပြီ..။ငါချက်ချင်း ပြန်လာမယ်။မနက်ဖြန် နေ့လည်လောက်
ဒေလီကိုရောက်လိမ့်မယ်..။ငါရောက်လာတဲ့အထိ ငါ့အလုပ်ခန်းထဲ ဘယ်သူမှမဝင်အောင် မင်းသေချာစောင့်နေ..နားလည်ပြီနော်..”
“ဟုတ်ကဲ့ ခင်ဗျ”
ကာနယ်ကြီးလည်း ဒေလီကို ချက်ချင်း ပြန်လာတာ သူ့အမေ ဈာပန တောင် မတက်တော့ဘူး။အိမ်ရှေ့တက်စီ ဆိုက်တာနဲ့ သူ့
အလုပ်ခန်းထဲ ပြေးဝင်ကြည့်တယ်။တော်ကြာတော့ စိတ်သက်သာရာရတဲ့ ပုံစံနဲ့ ပြန်ထွက်လာပြီး-
“ဝှူး..ဘုရားမလို့..အခန်းထဲက ဘာမှ ယူမသွားဘူး..ကောင်းပါလေ့ကွာ..ဟေ့..သောမတ်စ်..မင်းကို ယုံစားလို့ရတယ်
ဆိုတာ ငါသိတာပေါ့ကွာ..”
******************************
4 comments
မောင်ဘလိူင်
August 15, 2011 at 12:17 pm
မောင်ဘလှိုင် အင်တာနက်နဲ့ အဆက်အသွယ်ပြတ်တောက်နေလို့
ပို ့စ် အသစ်မတင်နိုင်တာပါ။ ဒီနေ့တော့ တင်ပေးလိုက်ပါပြီ။
စောင့်မျှော် ဖတ်ရှုသူများကို တောင်းပန်ပါသည်။( ရှိမရှိတော့ မသိ
ဘူး…ဒီလိုပဲ ပြောရတာ း) )
Shwe Ei
August 15, 2011 at 12:48 pm
ရှိလဲရှိပါတယ် ဖတ်လဲဖတ်ပါတယ် ကောင်းလဲကောင်းပါတယ် ဆက်လဲရေးပါအုံး
windtalker
August 15, 2011 at 1:42 pm
သိပ်ရှိတာပေါ့
ကိုဘလှိုင် ရယ်
ခင်ဗျား မလဲ
ပျောက်ပျောက်သွားတာ
တော်တော်ကြာတော့
ကျုပ်တို ့မှာ
စောင့်ရတာ
တမော့မော့
MaMa
August 16, 2011 at 7:42 am
reading count ကို ကြည့်ရင် သိနိုင်တာပဲ။ တခါတလေ ဖတ်ပြီး ကွန်မန့် မပေးဖြစ်တာပဲ ရှိတယ်။ ဝတ္ထုတစ်အုပ်လုံးကို ဘာသာပြန်ပြီး စိတ်ရှည်ရှည်နဲ့ တင်ပေးတာနဲ့တင် အတော်ကျေးဇူးတင်ဖို့ ကောင်းနေပါပြီ။