နော်ဝေ ဆီ သို့ ….. (၂)
ကိစ္စအားလုံး စီစဉ်ပြီး ဇွန်လ ပထမပတ်ထဲ ထွက်ဖြစ်တယ် ရန်ကုန်က ညနေပိုင်းလေယာဉ်နဲ့ထွက် ဘန်ကောက်ကို ည ၁ဝ နာရီလောက်ရောက်တယ် ဆက်ထွက်မဲ့လေယာဉ်က သန်းခေါင် ၁၂ နာရီ မှဆိုတော့ အချိန်ရပြီး အေးအေးဆေးဆေး သွားရလို့တော်သေးရဲ့
ဘန်ကောက်မှာ Transit လုပ်ပြီး ပြန်အဝင် ၉/၁၁ နောက်ပိုင်း အခြေအနေကို ထင်ဟပ်နေတဲ့ လုံခြုံရေးစစ်ဆေးမှုမှာ ခါးပတ်ရော ဖိနပ်ရော အနွေးထည်ရော ချွတ် လက်တော့ပါရင် အပြင်ထုတ် နဲ့ နောင်ဆို တစ်ကိုယ်လုံးများ ချွတ်ရမလား မသိ
ဘန်ကောက် လေဆိပ်မှာ Check In ဝင်တော့ တချို့လူတွေရဲ့ ပတ်စ်ပို့ကို ယူကြည့် ချက်ချင်းပြန်ပေးတယ် ကိုယ့်ကြတော့ ပြန်မပေးပဲယူထားပြီး ထပ်စစ်နေပြန်ရော နာရီဝက်လောက် နေတော့မှ ပြန်ရတယ် အာရပ်နိုင်ငံတွေဘက် က မိသားစု တစ်စု ကျတော့ ဘာမသင်္ကာစရာ တွေ့လဲမသိဘူး အရာရှိတစ်ယောက် ရောက်လာပြီး မှန်ဘီလူးနဲ့ ပတ်စ်ပို့ တွေကို ပြူးပြဲ ကြည့်တော့တာပဲ နောက်တော့ သူတို့လဲ အဆင်ပြေသွားတယ် နောက်မှ ပြေလဲ စိတ်တော့ အနှောက်အယှက် ဖြစ်ရတာပဲ
ကျွန်တော်တို့ ဂျာမနီ၊ဖရန့်ဖတ်ကို စီးရမဲ့လေယာဉ်က ဖရန့်ဖတ်- ဘန်ကောက်လာပြီး ဗီယက်နမ် ဆက်သွားတယ် ဗီယက်နမ် က အပြန်မှ ဘန်ကောက်ကိုဝင် ဖရန့်ဖတ်ကို ပြန်မှာ ကျွန်တော်တို့ လေယာဉ်ပေါ် ရောက်တော့ ဗီယက်နမ်က ပါလာတဲ့ ခရီးသည်တွေ တော်တော်များတယ်
လေကြောင်းလိုင်းက Lufthansa လေယာဉ်က ဘိုးရင်း 747- 400 လေယာဉ်ထဲမှာ ထောင်လိုက် ထိုင်ခုံ ၁ဝခုံ တန်းထားတာ (၃ခုံ၊ လမ်း၊ ၄ခုံ၊ လမ်း၊ ၃ခုံ) ၊ အလျှားလိုက်ကိုတော့ အိမ်သာလိုဟာမျိုးတွေနဲ့ ကန့်ထားသလိုဖြစ်တော့ လေယာဉ်ကြီး တစ်ခုလုံး အလျှားလိုက် (၅)ပိုင်း ပိုင်းထားသလိုဖြစ်နေတယ် Business Class အတွက် ၂ ပိုင်း Economy အတွက် ၃ ပိုင်း ပုံစံဖြစ်သွားတယ် လေယာဉ်ဝန်ထမ်းတွေ ကတော့ အပေါ်ထပ် အနားယူမယ် ထင်တယ် A 380 လေယာဉ် မပေါ်ခင်အထိ ကတော့ ၇၄ရ လေယာဉ်ကတော့ အကြီးဆုံးပဲ (ကျွန်တော် ငယ်ငယ်က စာဖတ်ရင် အဲဒါမျိုးတွေ သိချင်တာ ၊အခု သိပြီးသားလူတွေ အတွက် အသေးစိတ်သလို ဖြစ်သွားရင် သည်းခံပေးပါနော်)
(Boeing 747-400 Business Class )
(Economy Class နဲ့ Lufthansa ရဲ့ 747-400)
လေယာဉ်ကလဲကျယ် ၊ ဝန်ဆောင်မှုကလဲကောင်း ညဘက် အပြင်ကိုလဲ မမြင်ရတော့ လေယာဉ်စီးနေရသလို မခံစားရတော့ပဲ ကိုယ့်အိမ်မှာ ထိုင်ခုံပေါ် ထိုင်ငိုက်နေရသလို ဖြစ်နေတယ်
၁၂:၁၅ လောက် လေယာဉ် စတက်ပြီး ခဏမှေးရုံရှိသေးတယ် ၁:၁၅ လောက်ကျ အစာပြေမုန့်လာကျွေးတော့ ပြန်နိုးသွားတယ် လေယာဉ်နဲ့ခရီးသွားရရင် ကျွန်တော့်အကျင့်က ရတဲ့အချိန်လေး ရသလောက်အိပ်၊ကျွေးတာကို ကြိုက်ကြိုက်၊မကြိုက်ကြိုက် စားနိုင်သလောက်များများစား ( ခရီးသွားရင်း နောက်တစ်ခါ အချိန်မီ စားရမယ်လို့ သေချာပေါက် ပြောလို့မရဘူး) ၊ရေများများသောက် ၊ အိမ်သာများများသွား (ကိုယ်လက်လှုပ်ရှားမှုဖြစ်ပြီး သွေးလည်ပတ်မှုကောင်းအောင်လို့) ဒီတစ်ခေါက် လမ်းဘေးက ခုံ ရတော့ အဆင်ပြေတယ် စားပြီး လမ်းလျှောက် ဖြစ်လိုက်တယ်
လေယာဉ်က ဘန်ကောက် ကနေ ဂျာမနီ၊ဖရန့်ဖတ်ကို သွားတာ မြန်မြန်ရောက်အောက် ဖြတ်လမ်းကနေ အတည့်သွားလို့ မရပဲ သတ်မှတ်ထားတဲ့ လမ်းကြောင်း အတိုင်းသွားရတယ် ဘန်ကောက်-နယူးဒေလီ-တီဟီရန်-ဖရန့်ဖတ်လမ်းကြောင်းအတိုင်းသွားတယ်လို့ လေယာဉ်ကတီဗီမှာ ပြနေပေမဲ့ တကယ်က မြန်မာပြည်ပေါ်ဆိုရင်လဲ ဘန်ကောက် ကနေ နယူးဒေလီ အထိ အတည့်သွားတာမဟုတ်ပဲ မြန်မာပြည်မှာ ပဲခူးကိုဖြတ်သွားတဲ့ ပွိုင့်တွေအတိုင်း ကွေ့သွားနေရတာ
တီဗီမှာ ပြနေတာက အမြင့် ပေ ၃၀၀၀ဝ ရောက်နေတယ် လေယာဉ်အမြန်နှုန်းက ၅၅၉ မိုင် တဲ့၊ သတင်းစာ ခဏဖတ်ပြီး ပြန်အိပ်ပျော်သွားတယ် မနက် ၄ နာရီ (ဘန်ကောက်အချိန် ကနေ ၄:၃ဝ နာရီ နုတ်လိုက်ရပြီ) လောက်ကျ မနက်စာ လိုက်ကျွေးတယ် အဲဒီတော့မှ မျက်နှာသစ် လမ်းလျှောက်ထပ်လုပ်ဖြစ်တယ် အဲဒီအချိန်ပြနေတာက အမြင့်ပေက ၃၉၀၀ဝ နဲ့ အမြန်နှုန်းက ၅၆၂ မိုင်
(ရန်ကုန် ကနေ အော်စလို သွားခဲ့တဲ့ လမ်းကြောင်း)
ဖရန့်ဖတ်ကိုရောက်တော့ မနက် ၆:၁ဝ ၊ဘန်ကောက်ကနေ ၁ဝ နာရီ ၄၅ လောက် ကြာသွားတာပေါ့၊ Boarding Pass က ဖရန့်ဖတ်ထိပဲ ရလာတော့ လေဆိပ်ရောက်တာနဲ့ Boarding Pass ထုတ်ဘို့ ကောင်တာလိုက်ရှာ ပြန်ထုတ်ရတယ် နောက် ထရန်စစ်ပြောင်းစီး နိုင်ဘို့ အထဲဝင်ရအောင် တန်းစီရပြန်ရော အီးယူ နိုင်ငံကလူတွေက သပ်သပ် အီးယူမဟုတ်တဲ့ နိုင်ငံတွေကသပ်သပ် တန်းစီရတယ် တန်းစီပြီး ခဏနေမှ အပေါ်မှာ လူများနေလို့ အောက်ထပ်မှာလဲ ရှိတယ် အောက်ထပ်ကိုသွားပေးပါဆိုလို့ အောက်ထပ်သွားပေါ့
တန်းစီရတာက ……police (ရှေ့ကစာသားမေ့သွားလို့) လို့ရေးထားတဲ့ ကောင်တာတွေမှာ ယူနီဖောင်း အပြာနုတွေ ဝတ်ထားတယ် လုပ်တာတော့ လဝက အလုပ်ပါပဲ “ဘယ်သွားမှာလဲ ဘာသွားလုပ်မှာလဲ ဘယ်လောက်ကြာမှာလဲ” နဲနဲပါးမေး
“ဒုန်း” ဆို တုံးကြီးထုလိုက်ရင် ဝင်လို့ရသွားပြီးပေါ့ တန်းစီနေတုန်းက ရှေ့ကတစ်ယောက် (တရုတ် မျက်နှာပေါက်နဲ့) မေးခွန်းတွေ မေးတော့ အင်္ဂလိပ်လို မတတ်တာလား မတတ်ချင်ယောင်ဆောင်တာလား မသိ ဘာမှပြန်မဖြေဘူး ကြောင်ကြည့်နေတယ် နောက်ဆုံးတော့ သူလဲဝင်ခွင့်တော့ ရသွားပါတယ်
လဝက ကောင်တာကို ဖြတ်သွားပြီးတော့ အပေါ်ကိုပြန်တက် ၁ဝ မိနစ် လောက်သွားလိုက်တော့မှ လုံခြုံရေးစစ်တဲ့နေရာကိုရောက်တော့တယ်
Business Class အတွက်က သပ်သပ် ရိုးရိုးသမားက သပ်သပ် စီရပြန်ရော စစ်တဲ့လူနဲ့ ကိုယ်နဲ့ ပေ ၃ဝ လောက်ဝေးတာကို မြွှေလိမ်မြွေကောက် ဟိုဘက်သွားလိုက် ဒီဘက်ပြန်လာလိုက် ဟိုဘက်ပြန်သွားလိုက်နဲ့ ၁၅ မိနစ်လောက်သွားလိုက်ရတယ်
လေယာဉ်နဲ့ ခရီးသွားရင် အရည်၊ဂျယ်လ် ကိုသယ်လို့မရဘူး ဆိုတာသိပေမဲ့ ဘန်ကောက်လေဆိပ်မှာ အဖွဲ့ထဲက တစ်ယောက်က နော်ဝေမှာ ဈေးကြီးမှာဘဲ ဆိုပြီး စိတ်ပူလို့ Check In ဝင်ပြီးမှ လေဆိပ်ထဲက ဆိုင်ကနေ အရက်နှစ်လုံးဝယ်လာတာ အပြင်ကသယ်လာတာ လက်မခံဘူး ဆိုတာနဲ့ ဘန်ကောက်က အလေးခံသယ်လာတဲ့ အရက်နှစ်လုံး ဂျာမနီကျမှ ထားခဲ့ရတယ် (အခုထိ သူ့မှာ လျှာတသပ်သပ်နဲ့) ဖရန့်ဖတ်မှာတော့ ဖိနပ်မချွတ်လိုက်ရဘူး လုံခြုံရေးစစ်တာကျော်ပြီး အခန်းထဲစောင့် လက်မှတ်မှာပါတဲ့ အချိန်ထက်နဲနဲနောက်ကျပြီးမှ ထွက်ရတယ် Boarding Bridge နဲ့ မသွားရပဲ ကားနဲ့လိုက်ပို့ပေးတယ်
(Frankfurt မှာလုံခြုံရေး စစ်ဆေးခံဘို့ ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ လုပ်ခဲ့ရတဲ့နေရာ)
(Frankfurt ကနေ Oslo အသွား လေယာဉ်ပေါ်အတက်
မြင်ရတဲ့ လိုက်ပိုတဲ့ ကားနဲ့ လေဆိပ်)
အော်စလိုကို တော့ ဘိုးရင်း ၇၃၇-၃၀ဝ နဲ့ သွားရတယ် မနက် ၈:၃ဝ လောက် ပြန်တက်လာခဲ့တယ် ကြေငြာတာတော့ လမ်းမှာ ကြာမြင့်ချိန် ၁:၄၅ တဲ့၊ ဒီခရီးမှာ အိပ်ဘို့ကြိုးစားပေမဲ့ ရန်ကုန်အထွက်ကနေ ပစ္စည်းတွေ အော်စလိုအရောက်တင်လိုက်တာမို့ လမ်းမှာဘာမှ မပူပင်ရပေမဲ့ ဟိုရောက်တော့ ကိုယ့်ပစ္စည်းတွေ ပါမှ ပါပါ့မလား(ပျောက်တတ်လို့)၊ အဝင် လဝက ကရော ဘာတွေစစ်နေမှာလဲ အော်စလို လေဆိပ်ကြီးကရော ဘယ်လိုလဲ အတွေးတွေ ချာချာလည်နဲ့ အိပ်လို့မပျော်တော့ဘူး လေယာဉ် အော်စလိုလေဆိပ်ရောက်ခါနီး “ဒုန်း” ဆိုတဲ့ လေယာဉ်ဘီးချသံလဲ ကြားလိုက်ရော အတွေးတွေ အားလုံး ရပ်ပြီး လက်တွေ့ဘဝထဲ ရောက်သွားတော့တယ် ……………
17 comments
pooch
August 15, 2011 at 6:57 pm
စိတ်ပူမယ်ဆိုလည်း ပူလောက်ပါတယ် သွားရတဲ့ ခရီးက အဆင့်ဆင့် ပြီးတော့ ကိုယ်မရောက်ဖူးသေးတဲ့နေရာဆိုတော့ တမျိုးတော့လည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်..ဆက်ရေးပါအုန်း…
nozomi
August 15, 2011 at 7:41 pm
ဟုတ်ကဲ့ ဆက်ရေးပါမယ် ရေးလိုက် မကြိုက်လိုက် ပြန်ဖျက်လိုက်နဲ့ အချိန်တော့ တော်တော်ပေးရတယ်
နောက် အချက်အလက်တွေပါရင် မှားမှာစိုးလို့ သေချာအောင် လိုက်ရှာ ပြန်စစ်နဲ့လုပ်ရသေးတယ်
စာအများကြီး ရေးနိုင်တဲ့သူတွေကို ချီးကျူးပါတယ်
MaMa
August 15, 2011 at 8:24 pm
nozomi ကိုလည်း ချီးကျူးပါတယ်။ စာဆိုတာကလည်း ရေးရင်းနဲ့မှ လက်သွက်သွားတတ်တာမျိုးလေ။ ခုလို ကွန်ပြူတာနဲ့ မို့လို့ စာက ပြင်ရ ဖျက်ရ ရွှေ့ရ ပြောင်းရ လွယ်ကူတာကလည်း တော်တော် အဆင်ပြေစေတယ်။ နောက်ဆုံးတော့လည်း ဒီလို စာတွေရေးပြီးတင်နိုင်အောင် ဆိုဒ်ထောင်ထားပြီး ရေးဖို့ စိတ်ဝင်စားအောင် ပွိုင့်တွေပေးတဲ့ သဂျီးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။
nozomi
August 16, 2011 at 10:22 am
အဲဒါကိုတော့ ၁၀ဝ ရာခိုင်နှုန်းထောက်ခံပါတယ်
ဒီဆိုဒ် ကိုသာ မတွေ့ခဲ့ရင် အခုလို စာကောင်းတွေ ဖတ်ဖို့ ရေးဖို့ ဆန္ဒ တွေးဖြစ်ဘို့ အခွင့်အရေး ရမှာ မဟုတ်ဘူး
weiwei
August 15, 2011 at 8:51 pm
သေချာစီစဉ်ပြီး သေသေသပ်သပ်ဖြစ်အောင် ရေးရတာ မလွယ်မှန်း ရေးဖူးလို့ ကိုယ်ချင်းစာပါတယ် …
Nozomi က အသေးစိတ်ရေးထားတာ အရမ်းကောင်းပါတယ် … ဆက်လက်အားပေးပါ့မယ် …
ဆူး
August 15, 2011 at 10:47 pm
လေယာဉ်ကြီး ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်သွားတာ ကောင်းတာပေါ့..
တခါတရံ ရာသီဥတု ဆိုးတဲ့ အချိန်နဲ့ ကြုံဖူးတယ်။ နှလုံးရောဂါ အခံရှိတဲ့ လူဆို အမောဖောက်နိုင်တယ်။
hmee
August 15, 2011 at 11:13 pm
လေယာဉ်မှာတော့ မြန်မာပြည်နဲ့ ဘန်ကောက်လေယာဉ် အကြောက်ဆုံးပဲ မြန်မြန်ရောက်ပါစေ ဆုတောင်းတာ။ ပြင်သစ်လေယာဉ်ပေါ်မှာ ညစာကျွေးတော့လည်း မစားနိုင်ဘူး။ သူတို့ကတော့ နှစ်နှစ်ခြိုက်ခြိုက်စားလို့ ကို့မှာတော့ ငိုချင်လိုက်တာ ကျောက်တုံးနီးပါး မာတဲ့ပေါင်မုန့် ချီစ့်ကလည်းမကြိုက် တလမ်းလုံး ဘာမှမစားခဲ့ရဘူး။ nozomi ရေးပြမှ ကိုယ်ခရီးသွားခဲ့တာတွေ ပြန်ပြောင်းမှတ်မိတယ်။ ဘန်ကောက်လေဆိပ်မှာ ဖိနပ်က သံကွင်းလေးပါလို့ နှစ်ခေါက်အစစ်ခံခဲ့ရတယ်။ နောက်ဆုံး ဖိနပ်ချွတ်ဝင်မှ ကိစ္စက ပြတ်သွားတာ။
nozomi
August 16, 2011 at 10:20 am
မမှီ လမ်းကြောင်းက ပြင်သစ် transit နဲ့သွားရတာလား
လုံခြုံရေးစစ်တာနဲ့ ပတ်သတ်လို့ စွယ်တော်ဘုရားမှာစစ်တာလေး မိတ်ဆွေ တစ်ယောက် ပြောပြတာ ကြားဘူးတယ် ဟာသလေးပေါ့
Walk Through Detector နဲ့ ဖြတ်ရောက်ခိုင်းတော့ တတီတီ မြည် တစ်ကိုယ်လုံးကို စစ်ကြည့်တော့ ဘာသံတို သံစမှ မတွေ့ ထပ်ဖြတ်ခိုင်းတော့ ထပ်မြည်
နောက်ဆုံး ဆရာသမားက တိုးတိုးပြောပြရှာပါတယ် သူ့ငယ်ပါမှာသံပစ္စည်းလေးတွေပါနေလို့ပါတဲ့
ကြောင်ကြီး
August 16, 2011 at 9:29 am
နော်ဝေမှာ ဖော်ရွေတဲ့ ပျော်မေတွေနဲ့ အတော်နေခဲ့ရဲ့လား..။
nozomi
August 16, 2011 at 10:15 am
အမှန်အတိုင်း ပြောရရင်
ကမ္ဘာမှာ မြန်မာ ဟာ အလှဆုံးပါကွယ်
fatty
August 16, 2011 at 9:33 am
ဆောင်းပါးကလည်း ဖတ်လို့ကောင်း .. ဓာတ်ပုံတွေနဲ့ အပြည့်အစုံဆိုတော့ ဝေဝေဆာဆာပါဘဲ။
စိတ်ရှည်သီးခံပြီး ဓာတ်ပုံတွေ တင်ပေးတာ ချီးကျူးပါတယ်ဗျာ ..။ ဆက်လက်ပြီး စိတ်ရှည်လက်ရှည်နဲ့
တင်ပေးပါအုံးလို့ … ဖြစ်နိုင်ရင်တော့ တပုဒ်တပုဒ်ကို တဝကြီးဖတ်ချင်ပါတယ်ဗျား …။
nozomi
August 16, 2011 at 10:14 am
ဟုတ်ကဲ့ အရှည်ကြီးတင်နိုင်ဘို့ ကြိုးစားပါမယ်
nature
August 16, 2011 at 9:45 am
ဗဟုသုတရလို့ အားပေးပါတယ် Nozomiရေ။ လေယာဉ်အတက်အဆင်းမှာ လေယာဉ်မှုးတွေရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး တခါတရံ နားအူပြီး တခါတရံ နားမအူပါ။
nozomi
August 16, 2011 at 10:14 am
လေယာဉ်မှူးကြောင့် ဖြစ်နိုင်သလို လေယာဉ်ကြောင့်လဲ ဖြစ်နိုင်ပါတယ်
လေထုဖိအားက အပေါ်ကိုရောက်လေ နဲနဲသွားလေပါ (ရှူစရာ လေ နဲသွားတာပေါ့) ဘာအကူအညီမှမပါပဲ လူတစ်ယောက်က ပေ ၁၀၀၀ဝ ထက်ပိုမြင့်တဲ့ နေရာမှာ မနေနိုင်ပါဘူး
အဲဒါကြောင့် လေယာဉ်က အမြင့်ပေ ဘယ်လောက်ရောက်နေနေ အထဲမှာ ပေ ၇၀၀၀၊၈၀၀ဝ လောက်မှာ ရှိတဲ့ လေထုဖိအား ဖြစ်အောင်လုပ်ထားတယ် လို့ကြားဖူးပါတယ်
အဲဒီ လေထုဖိအား အပြောင်းအလဲကို လုပ်နိုင်ဘို့က လူရဲ့ကျွမ်းကျင်မှုအပေါ် မူတည်သလို လေယာဉ်ကောင်း မကောင်းနိုင်လဲ ဆိုင်မယ်ထင်ပါတယ်
Foreign Resident
August 16, 2011 at 10:33 am
If the altitude ( လေယာဉ် အမြင့်ပေ ) is suddenly changed,
then, လေထုဖိအား also changed & then, နားအူ.
Best way to cure is
1. Breath air full of your lung,
2. block your noses & mouse,
3. then, suddenly & forcefully exhale the air from the lung While blocking. 😛
nozomi
August 16, 2011 at 5:26 pm
Foreign Resident ပြောတာ ကောင်းပါတယ် လေယာဉ်နဲ့ ခရီးသွားတဲ့ သူတွေ သိသင့်ပါတယ်
နားထဲမှာ အမှေးပါးလေးတစ်ခု ရှိပါတယ် မြေကြီးပေါ်မှာ ဆိုရင် အမှေးပါးလေးရဲ့ အတွင်းနဲ့အပြင် လေထု ဖိအားက တူနေတော့ လူက ဘာမှမခံစားရပါဘူး အမြင့်ကိုရောက်လာလို့ လေထုဖိအား အပြောင်းအလဲ ဖြစ်တဲ့အခါမှာ နားအတွင်းထဲမှာရှိတဲ့ လေထုဖိအားကများနေပြီး အပြင်က နဲနေရင် အထဲက လေက ဖိအားနဲတဲ့ အပြင်ကိုတွန်းထွက်ပေမဲ့ မပွင့်တော့ နားအူတာ နားကိုက်တာ ဖြစ်တတ်ပါတယ်
အဲဒီအခါ Foreign Resident ပြောသလို လေကိုတဝရှု ပါးစပ်ပိတ် နှားခေါင်းပိတ်ပြီး ဟွန်း ဆို အားနဲ့ မှုတ်လိုက်ရင်
မှုတ်လိုက်တဲ့ အားကြောင့် အမှေးလေး ပွင့်သွားပြီး အပြင်လေ အတွင်းလေ ဖိအားတူသွားတဲ့အတွက် နားကိုက် နားအူ မဖြစ်တော့ပါ ၊ နောက်တနည်းက တစ်ခုခုကို ဝါးသလိုလုပ်လိုက်ရင်လဲ အထောက်အကူပြုပါတယ် အဲဒါကြောင့် တချို့ အဲဒီလိုအချိန်မျိုးမှာ ချိုချဉ် စားကြတာပါ
လေထု အပြောင်းအလဲက အများအားဖြင့် လေယာဉ် အတက် အဆင်းတွေမှာ အဖြစ်များပါတယ်
ဆူး
August 16, 2011 at 8:43 pm
ပါးစပ်ပိတ် နှာခေါင်းပိတ် ဟွန်းဆိုတာနဲ့ မရပါဘူး။
လူ အားနည်းနေတဲ့ အချိန်နဲ့လည်း ဆိုင်တယ်။
အားနည်းနေရင် နားတွေ ကိုက်ပြီး အရမ်းနာတတ်ပါတယ်။
အူတဲ့ အဆင့်တောင် မဟုတ်ပါဘူး။
လေထု ပြောင်းတဲ့ ဒဏ် နဲ့ နားအူတာတောင် တောင်ပေါ်ကို ကားနဲ့ တက်တာတောင် ဖြစ်ဖူးတယ်။ အပြင်းအထန်ကြီးတော့ မဟုတ်ပါဘူး သတိထားမိတဲ့ အနေအထားပြောပြတာပါ။
လေယာဉ်စီးရင်တော့ အခေါက်တိုင်း မဖြစ်လှဘူး။ တခါတရံမှ ဖြစ်တယ်။ တခါဆို လေယာဉ် စတက်ကတည်းက ကလေးတယောက် ငိုလိုက်တာ လုံးဝကို မရပ်ဘူး။ ကလေးက ၈လ ဆိုလား ပြောသံကြားတယ်။ သနားပါတယ်။ လေယာဉ်မယ်တွေလည်း ဘာမှ မလုပ်ပေးနိုင်ဘူး။ ခရီးစဉ် တလျှောက်လုံး ငိုသွားတာ သူ့ခမျှာ မောလို့ ခဏရပ်လိုက် ဆက်ငိုလိုက်ပါပဲ။အဲဒီတုန်းက လေယာဉ်က ၄နာရီ လောက် စီးရတာ ထင်တယ်။