ဝါသနာ တားမရပါရှင်..
“ဟဲ့ သမီး ညည်းအဖေ ချောင်းထဲ ရေချိုးဆိုပြီး သွားတာ ကြာလှပြီ ချစ်ဦးဆိုင် ရောက်နေပလား မသိဘူး သွား..ခေါ်ချေ” နေ့လည်စာ ထမင်းစား စောင့်နေတဲ့ အမေ စိတ်မရှည်လို့ အဖေ့ကို လိုက်ခေါ်ခိုင်းတဲ့ အသံ မဆုံးသေး လမ်းမက “ဟုတ်ပါ့ အမြိုင်ရေ တော့်ယောက်ကျားကြီး ချစ်ဦးဆိုင်မှာ ကြက်အကြောင်းပြောနေတယ် ရေတောင်မချိုးရသေးဘူး”လို့ သတင်းပေးသွားပါတယ်။ “သမီး သွား အဖေ့ကို ရေမြန်မြန် ချိုးပြီး ပြန်ခဲ့တော့လို့ ဘယ့်နှယ့် စောင့်ရတာ ကြာနေပြီ” ကျွန်မလည်း ဟုတ်ဆိုပြီး အပြေးသွားပြောမှ စကားဖြတ်ပြီး ချောင်းဘက်ကို ငိုက်စိုက်ငိုက်စိုက် ထွက်သွားပါတယ်။ ထန်းရည်သောက်တာလည်း မဟုတ်ပဲ ဦးချစ်ဦး ထန်းရည်ဆိုင် အမြဲသွားတာ။ ဧည့်သည်လာလို့ အဖေ့လိုက်ရှာရမယ်ဆို တခြားမရှာနဲ့ မြေကြီးလက်ခတ်မလွဲ ဦးချစ်ဦးဆိုင်မှာ ရှိတာ သေချာတယ်။ အမေကတော့ အမြဲပြောတယ် ကြက်သမားခြင်းမို့ တနေ့တနေ့ ကြက်အကြောင်း ပြောမကုန်ဘူးတဲ့။ အမေပြောမရ တားမရတဲ့ ဝါသနာ။ ဘယ်လောက်များလဲဆို ရဲလိုက်ဖမ်းလို့ ထွက်ပြေးရတဲ့အထိကိုပါ။ တခါသား ကျွန်မတို့ ရွာတောင်ဘက်ကရွာမှာ ကြက်ဝိုင်း အကြီးအကျယ်လုပ်ပါရော။ ပတ်ဝန်းကျင် အနယ်နယ်က လူတွေ စုတာမို့ တကယ့်ကြေးကြီးဝိုင်းပါ။ တချို့သူဌေးတွေများ သိန်းရာချီပြီးကို လောင်းတာပါတဲ့။ ဝါသနာတူခြင်း သတင်းပေးလို့ အဖေလည်း ဘယ်နေလိမ့်မတုန်း။ ကြက်ပွဲနေ့ ရောက်တော့ မနက်ကတည်း စက်ဘီးတစီးနဲ့ ထွက်သွားပါတယ်။ နေ့လည်လောက်ကျတော့ နေပူကြီးထဲ ခြေလျှင်ပြန်လာပါတယ်။ အမေက ကြားပြီးပြီ ကြက်ဝိုင်း ရဲဝိုင်းဖမ်းတဲ့ သတင်းကို။ အမေက “ကျုပ်က တော်ပါသွားလို့ လိုက်ထုတ်ရပြီ ထင်တာ” လို့ အငေါ်တူးတော့ ခပ်ပြုံးပြုံးကြီး လုပ်နေပါတယ်။ “တော်သေးလို့ဟ ငါတို့က ဝိုင်းမရောက်သေးဘူး အိမ်ပေါ်မှာ ရေနွေးသောက် စကားပြောတုန်း ဝင်ဖမ်းတာ။ ဒါနဲ့ အိမ်ပေါ်က ခုန်ချ ပြေးရတာဟေ.။ ဒါတောင် နောက်ကလိုက်လာသေးတယ်။ သိုးကုလားတဲ ရောက်တော့ တဲပေါ်တက် ကုလားဆီက အဝတ်တွေ တောင်းဝတ်ပြီး ခပ်တည်တည်နေနေရတယ်။ ကုလားကလည်း ပါးတယ်ဟ ဘာမှ ပြောစရာမလိုဘူး ရဲတွေကို သူတို့ သူဌေး ဗမာစကား မတတ်ဘူးပြောလွှတ်လိုက်လို့ လွတ်လာတာ။ စက်ဘီးတော့ ပါသွားလေရဲ့ နှမျောလိုက်တာ ဦးကြီးစက်ဘီးလေး” လို့ ဖြစ်ကြောင်းအစုံ ပြန်ပြောပြပါတယ်။ အမေ့အဖေ ကျွန်မတို့ အဖိုးထံက အမွေယူထားတဲ့ သူအင်မတန် မြတ်နိုးတာလေး ပါသွားလို့ နှမျောတော့ အတော် နှမျော နေပါတယ်။ အဲ့သည့်နောက် အတော်ကြာတဲ့ အထိ ကြက်ပွဲတွေ မသွားတော့ပါဘူး။ သွားချင်လို့ စကားစပြီဆိုလည်း အမေက ဥပမာပေးတာနဲ့ မသွားတာလည်း ပါမယ် ထင်တယ်။ ကြက်နဲ့ ပတ်သက်ရင် အလွန် ဝါသနာကြီးတဲ့ အဖေပါ။ အဲ့ဒါကတော့ ကျွန်မတို့ ငယ်ငယ်က အဖေ့အဖြစ်ပါ။
ကျွန်မ အထက်တန်း ကျောင်းသူဘဝ ကျောင်းပိတ်လို့ ရွာပြန် မီးဖိုချောင် တာဝန်ကျချိန်မှာ ကြက်နဲ့ ပတ်သက်တဲ့ အဖြစ် ကြုံခဲ့သေးတယ်။ အဖေက သားသမီးကို အလွန်ချစ်ပါတယ်။ စိတ်လည်း ဆိုးခဲပြီး အပြစ်တခုခုရှိရင်တောင် အကျိုးသင့် အကြောင်းသင့် မေးမြန်းပြီး လိုအပ်သလို ဆုံးမ သွန်သင် တတ်သူပါ။ ကျွန်မတို့ မောင်နှမတွေ အဖေ့ကို ချစ်လည်းချစ် ကြောက်လည်းကြောက်ပြီး ရိုလည်း ရိုသေပါတယ်။ တခြားတခြား အပြစ်တွေမို့ ခွင့်လွှတ်နိုင်လို့ ခွင့်လွှတ်ပေမဲ့ ကြက်နဲ့ကတော့ မရဘူး အလွန်စိတ်ဆိုးပါတယ်။ သူ့ကြက် ထိလို့ကတော့ မရဘူး။ ကျွန်မ ရွာပြန်ရောက်ချိန်က ပဲရိတ်ရာသီမို့ အလွန် အလုပ်ရှုပ်ချိန်။ အမေက မနက်ဖြန် ပဲရိတ်ဖို့ လူခေါ်ထွက်သွားပါတယ်။ ညီမလေးက အိမ်ပေါ်မှာ ကြမ်းတိုက်နေပြီး ကျွန်မက မီးဖိုထဲမှာ ဂျင်ခြေလည်အောင် အလုပ်တွေ ရှုပ်လို့။ အဖေကတော့ အိမ်မှာ မရှိဘူး။ အမေကလည်း မသွားခင် တလင်းစောင့်တဲ့လူကို ထမင်းပို့ရမယ် မှာခဲ့တယ်။ တလင်းထဲရောက်ဖို့ သင်းချိုင်းကို ဖြတ်ပြီးသွားရမှာမို့ နောက်ကျလို့ မိုးချုပ်ရင် ပို့သူကလည်း ပို့ရဲမှာမဟုတ်လို့ အမြန်တက်သုတ်ရိုက် ချက်နေချိန်။ ဟင်းကလည်း မကျက်နိုင်။ မီးစိုက်ဖို့ ပြောင်းဖူးအူတိုင်ကလည်း ခြင်းထဲမှာ ကုန်နေလို့ အူတိုင်ခြံထဲ တက်ယူရဦးမယ်။ ဝက်တွေကလည်း ဆာလို့ မီးဖိုအဝမှာ အစာတောင်းတာ ဆူညံနေပေမဲ့ ဝက်စာကလည်း မဖျော်ရသေးဘူး။ မီးဖိုထဲက ကြက် အပြင်ထွက်မှာ စိုးလို့ မီးဖိုတံခါးတွေ အကုန်ပိတ်ချက်ရတာမို့ အလုပ်ကမတွင်။ ဒီကြားထဲ အပြင်က ကြက်နှစ်ကောင် ခွပ်နေလို့ သွားပြီး ခွဲရတာက အကြိမ်ကြိမ်။ မီးဖို ထဲမှာလဲ နှစ်ကောင် တကောင်က ခြင်းကြားနဲ့ အုပ်ထားပြီး တကောင်က လွှတ်ထားတာ။ ဒီအတိုင်း လွှတ်ထားလို့ တံခါးဖွင့်တာနဲ့ အပြင်ထွက်မှာစိုးရ ကြာတော့ စိတ်မရှည်တော့ဘူး။ ဒါနဲ့ တံခါးဖွင့်ပြီး အူတိုင်သွားသယ်တော့ အလုပ်ရှုပ်လို့ ပြန်မပိတ်ပဲ သွားပါတယ် ပြန်လာတော့ ကြက်ကမရှိတော့ဘူး။ အလုပ်ရှုပ်နေတာနဲ့ ကျွန်မလည်း လိုက်မဖမ်းအားဘူး။ ခဏကြာတော့ လမ်းမကနေ ဦးလေး အသံကြားတယ် “ဟ..ကြက်နှစ်ကောင် ခွပ်နေပြီ ”လို့ အော်ပြီး ခြံစည်းရိုးကို ကျော်ဝင်လာပါတယ်။ ကြက်ကိုင်ပြီး မီးဖိုထဲ ဝင်လာမှ လှည့်ကြည့်လိုက်တော့ ကြက်ခေါင်းမှာ သွေးချင်းချင်းနီလို့။ “မနက်ဖြန်တိုက်မဲ့ကြက် အစ်ကို သိရင်တော့ ဒေါသထွက်တော့မှာပဲ သမီး ညည်းမသိဘူးလား”လို့ ထိတ်ထိတ်လန့်လန့် မျက်နှာပျက်ပျက်နဲ့ ကြက်ခေါင်းက သွေးတွေ သုတ်နေပါတယ်။ ပြီးတော့မှ “ဦး စပါးကျီထဲ ထည့်ခဲ့မယ်” ပြောပြောဆိုဆို စပါးကျီစွန်း တက်သွားလို့ “ ဦး တောင်ဘက်အခန်းထဲ ထည့်ခဲ့ မြောက်ဖက် အခန်းမှာ တကောင်ရှိသေးတယ်” လို့ ကမန်းကတန်း လှမ်းပြောရတယ် နှစ်ကောင်တွေ့ပြီး ထပ်ခွပ်လို့ သေနေတာ အဖေမြင်မှ ဓါတ်ဆီပုလင်း မီးတို့လိုက်သလို ဖြစ်နေမှာ ကျိန်းသေတယ်။ တကယ့်အဖေ မီးဖိုထဲမှာပဲ နှစ်ကောင် အပြင်မှာ နှစ်ကောင် ကျီထဲမှာ တကောင် ပေါင်း ငါးကောင် တိုက်ကြက် ကြည့်ပဲ။ ဒါတောင် တလင်းထဲ ပို့ထားတဲ့ကြက်၊ အရှေ့ကမ်းကတဲမှာ ထားထားတဲ့ကြက်တွေ မပါသေးဘူး။ တိုက်ကြက်ကြည့် နည်းတာမဟုတ်ဘူး။ ခဏနေတော့ အဖေတယောက် သတင်းကြားပြီး ဒေါကြီးပြီး ပြန်လာကာ ကျီထဲက ကြက်ကိုထုတ် ဆေးလိမ်းရင်း ကျွန်မကို စိတ်ဆိုးနေပါတယ်။ အမေလည်း ပြန်ရောက်နေတာရယ် ပိတ်ရက်မှ ခဏ ပြန်လာတဲ့ သမီးကို စိတ်မဆင်းရဲ စေချင်တာကြောင့် ထင်ပါတယ် မျက်နှာကြီး နီပြီး အတော် စိတ်ဆိုးနေပေမဲ့ ဆူတော့ မဆူပါဘူး။ ဒါပေမဲ့ သိပ်တော့ မကြည်ပါဘူး။ အမေကတော့ “ကောင်းတယ် ဒါမှ ညည်းအဖေ ကြက်ဝိုင်း မသွားရမှာ”လို့ တိုးတိုးလေး ဆိုရှာပါတယ်။
နောက်တခါကတော့ ညီမလေး လုပ်တာပါ။ ကျွန်မ အမေက အပိုဝင်ငွေရအောင် အိမ်မှာ ဝက်လည်း မွေးထားပါတယ်။ အလုပ်သမားက အမြဲတမ်း သုံးလေးယောက်ရှိလို့ ထမင်းကြွင်း ထမင်းကျန်တွေကပေါလို့ ဝက်စာ အထူးရှာစရာမလို။ ကိုယ့်စပါး ကိုယ်ကြိတ်စားတာမို့ ဖွဲံ၊ဆန်ကွဲကလည်း အလျှံပယ်လေ။ အမေ မွေးထားတဲ့ ဝက်မကြီးက သားထိန်းကောင်းလို့ သားပေါက်ပြီဆို လိုချင်သူများလို့ အမြဲရောင်းကုန်ပါတယ်။ ဝက်ကလေးတွေ သားခွဲချိန်ဆို ဝယ်သူတွေက လာယူသွားကြပါတယ်။ ဒီတစ်ခါတော့ တကောင်ပဲ နို့မျက်ပြီး ညှက်နေလို့ ကျန်ခဲ့တယ်။ အမေက ကျွန်မတို့ ကျောင်းပိတ်လို့ မြို့လာပြီး လာခေါ်ချိန် အိမ်မှာ အဖေ အိမ်စောင့် ကျန်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာ အမေ့ဝက်ကလေးကို တိုက်ကြက်ပေါက်လေးနဲ့ လဲလိုက်ပါတယ်။ ဝက်တကောင်တန်ဖိုးနဲ့ ကြက်တကောင်တန်ဖိုး အကွာကြီးနော် ဒါကို လဲတာ။ အမေလည်း နောက်တော့မှ သိပေမဲ့ ဘာမှ မပြောတော့ဘူး။ ပြောလည်း “ငါ့ကြက်က မျိုးကောင်းဟ ခွပ်လက်ကောင်းရင် ဆယ်သိန်းလည်းဟုတ် သိန်းနှစ်ဆယ်လည်းဟုတ်” လို့ အဖေက ပြန်ပြောဦးမှာ ကြိုသိနေလို့ပါ။ ကျွန်မက မီးဖိုချောင် အလုပ်လုပ်ရင် ညီမလေးက အိမ်သန့်ရှင်း ကြမ်းတိုက် တာဝန်ပါ။ နွေရာသီမို့ မီးဖို ထဲမှာ ထမင်း မချက်ရတော့လို့ မီးဖို အပြင်မှာ ကျင်းတူး ချက်ရချိန်။ ကျွန်မက မီးကျင်းထဲမှာ ဟင်းအိုးတလုံးနဲ့ အလုပ်ရှုပ်ချိန် ညီမလေးက အိမ်ပေါ် အိမ်အောက် တံပျက်စီး လှည်းထားလို့ သန့်ပြန့်နေပြီ။ အမေကတော့ အိမ်အောက် တန်းလျှားမှာ ထိုင်ပြီး ကျွန်မကို စကားလှမ်းပြောနေပါတယ်။ အခုနက ပြောထားတဲ့ ကြက်ကလေးက သံမန်တလင်း အပြောင်မှာ အီးပါ ပါလေရော။ နဂိုတည်းက အသန့်ကြိုက်သူ ညီမတော်က အခုပဲ သန့်ရှင်းရေး လုပ်ပြီးပြီးခြင်း ပါရမလားလို့ စိတ်ဆိုးပြီး လက်ထဲက ကိုင်ထားတဲ့ တံပျက်စီးနဲ့ အမေက မရိုက်ဖို့ ဟဲ့ဟဲ့ တားနေတဲ့ စကားမဆုံးခင် ကြက်ရဲ့ ကျောကို ရိုက်လိုက်ပါတယ်။ တကဲ့ သာသာလေးမှ သာသာလေး အမေနဲ့ ကျွန်မ မျက်စေ့ရှေ့တင် ဖြစ်သွားတာ။ ဒါပေမဲ့ ချက်ကောင်း ထိပုံရတယ် ဘေးကို လဲကျပြီး ဆန့်ငင် ဆန့်ငင် ဖြစ်နေတော့မှ သားအမိ သုံးယောက် လန့်ပြီး ကြက်ဆီကိုပြေး အမေလည်း ကြက်ကို ကောက်ပြီး ကြက်ဖင်လေးကို လေနဲ့ တဖူးဖူး မှုတ်ပါတော့တယ်။ တော်ရုံ ထိမိတဲ့ ကြက်ဆို အဲ့လို လုပ်တာနဲ့ သတိလည်လာပြီး လက်ထဲက ရုန်းကာ ထွက်ပြေးတာပါ။ အခုတော့ နောက်ကျသွားပါပြီ သူ့ခမျာ ပွဲခြင်းကို ပြီးတာပါပဲ။ ဒါဟာ ပေါ့သေးသေး ကြက်သေမှု မဟုတ်ပါဘူး။ တကဲ့ကို အကြီးကြီး ရာဇဝတ်အိုး တုတ်ထိုးမှုပါ။ တိုက်ရည် ခိုက်ရည် ကောင်းလွန်းတဲ့ ကြက်မျိုးမို့ ဝက်ပေါက်တကောင်နဲ့ လဲထားတဲ့ကြက်။ ကျွန်မတို့ တခြံလုံးက လူတွေ နေစရာ နေရာမရှိ ။ အဖေပြန်လာလို့ သိလို့ကတော့ ဖြင့်လို့ တွေးပြီး သောကတွေ ကိုယ်စီနဲ့ပါ။ လူတွေပဲလားဆိုတော့ မဟုတ်ပါဘူး တိရိစာ္ဆန်တွေလည်း သိတဲ့ပုံပါ။ ခါတိုင်း အစာ စာရင် ဆူညံအောင် လာတောင်းတတ်တဲ့ ဝက်တွေလည်း အဲ့နေ့က လာမတောင်းပဲ စပါးကျီအောက်မှာ တိတ်တိတ် အိပ်နေကြတယ်။ ခွေးတွေလည်း ချောင်မှာ ကုပ်လို့။ ထုံးစံအတိုင်း နေဝင်ခါနီး အိပ်တန်းတင်ဖို့ သူ့ကြက်ကို ရှာတာမတွေ့တော့ ပြသနာက စပြီ။ ဘယ်သူမှလည်း စပြီး မပြောရဲဘူး။ အဖေကလည်း ရိုးရိုး ပျောက်တယ်ထင်ပြီး ရှာတာ တခြံလုံး အနှံ။ မဖြစ်မနေ ဖွင့်ပြောမှ ဖြစ်တော့မှာမို့ အမေက ထိန်းပြီး တဖြည်းဖြည်းနဲ့ အချိုသာဆုံး ပြောပြတော့ နားထောင်နေရင်း မျက်နှာကြီး နီလာကာ စိတ်တွေ တအား တိုနေပါတယ်။ ညီမလေးမှာလည်း ကြောက်လွန်းလို့ တောင်ဖက်အိမ်ပေါ်မှာ သွားနေနေပါတယ်။ ဒါပေမဲ့ အမေ မသိအောင် လဲထားတဲ့ ကြက်မို့ တအားတော့ မပေါက်ကွဲပါဘူး။ အရှေ့ဘက် တန်းလျှားမှာ ဒူးထောင်ပြီး လက်တင်ကာ ထိုင်ရင်း ဆေးပေါ့လိပ်ကြီး တအားနင်းဖွာနေတာ မြင်ကတည်းက အဖေ စိတ်တအားတိုနေပြီဆိုတာ တမျိုးလုံးသိတယ်။ အဲ့ဒီ့ အချိန် အမှားတခု ထပ်မလုပ်လေနဲ့ လမ်းလွဲပြီး ကိုယ့်ဆီ ရောက်လာမယ်။ ဂျိမ်းစဘွန်းကားဆို လက်လွတ်မခံအောင် ကြိုက်တဲ့ ကျွန်မ ဦးလေး နှစ်ရက်လောက် တီဗွိ လာမကြည့်ရဲဘူး။ သူ့တိုက်ကြက်တွေနဲ့ ပတ်သက်ရင် အလွန်ဒေါသ ကြီးမှန်း သိလို့ပါ။ အခုနောက်ပိုင်း အမေ မြို့ကိုလာရင် ကျွန်မတို့က အမေ့ကို ဝိုင်းစပါတယ် “အမေ အမေ့ယောက်ကျားကြီး ကြက်ဝိုင်း သွားသေးလားပေါ့” အမေကတော့ ပြုံးပြုံးကြီးနဲ့ “သူ့လည်း အမေက သိပ်မပြောသာဘူးအေ့။ သူ့မှာက တခြား ဘာမှ လုပ်တာမဟုတ် မိန်းမ ကိစ္စဝေးလို့ အရက်ဆို အနံတောင် မခံဘူး။ ဒီ ကြက် ဝါသနာလေးပဲ။ ဒါတောင် အပျော်ပါအေ တခါမှ ငွေတပြား လောင်းဖူးပါဘူး။ အိတ်ထဲ ထည့်ပေးလိုက်တဲ့ ပိုက်ဆံ ဒီအတိုင်း ပြန်ပေးတာ ကြည့်ပဲ” လို့ ပြန်ပြောပါတယ်။ အစ်ကိုကြီးက “ အမေကတော့ သူ့ယောက်ကျားကို ချစ်လို့ ကြံဖန် ခွင့်လွှတ်နေတာဟေ့” လို့ အော်ပြောလို့ တဟားဟားနဲ့ မောင်နှမတွေ ပွဲကျသွားပါတယ်။ အမေက ထပ်ပြောပါတယ် “ လူလေး အဖေကို အမေက အခု ထပ်ပြောထားတယ်။ တော် … ကြက်ဝိုင်းတွေ သွားမကြည့်နဲ့တော့ မတော်လို့ အဖမ်းခံရရင် လူကြားမကောင်းဘူး။ သားသမီးတွေ အတွက်ပြောတာ။ သားကဖြင့် အရာရှိကြီး ဖြစ်နေပြီ လောင်းတာလည်း မဟုတ်ပဲနဲ့ အဖမ်းခံရလို့ ရုံးရောက် ဘာရောက်ဆို လူလေး အရှက်ကွဲမယ် သားသမီးအတွက် ဆင်ခြင်တော် လို့ အမေပြောထားလို့ အခုတော့ မသွားတော့ဘူး”တဲ့။ အမေ တားမရတဲ့ ဝါသနာ သားအတွက်မို့ စွန့်ရှာပါတယ်။ ဒါပေမဲ့ ကြက်တွေကတော့ မွေးတုန်းပါတဲ့။ တိုက်ကြက်ကောင်းဆို တသသနဲ့တဲ့။ သူ့ဘာသာမွေး ဝါသနာပါသူ လာတောင်းရင် ပေးလိုက် ပြန်ရောပါတဲ့။ အမေလည်း ဒါလေးတော့ သူ ဝါသနာပါလို့ မွေးတာ စိတ်ချမ်းသာသလို မွေးပါစေလို့ တွေးပြီး ဒါလေးကိုတော့ ခွင့်လွှတ်နေရ ပါသေးတယ်တဲ့ရှင်။
27 comments
kai
August 18, 2011 at 5:23 am
ဘောလုံးပွဲနဲ့ပါတ်သက်ပြီးလည်း.. အဲဒီဝါသနာတားမရ..သီချင်းရှိတယ်နော..။
ကိုပေါက်ရေးပြနိုင်မယ်ထင်တာပဲ..။ 🙂
hmee
August 18, 2011 at 12:44 pm
အမာစိန် သီချင်းလေ သူကြီးရဲ့ “ဘောလုံးပွဲထဲမှာ သိပ်ကို ကဲတဲ့သူပါရှင် အားရပါးရ အော်လိုက်တာများရှင် တကယ်ဆို ကျွန်မဘေးက အားနာသင့်တယ်ရှင် ကိုရွှေဝါသနာအိုး ဘောလုံးပွဲပြီးတောင် အိမ်မပြန်ရှင်” တဲ့။ ငယ်ငယ်က ဘောလုံးပွဲတွေ ပြီးသွားတိုင်း လွှင့်တဲ့သီချင်းလေ။
nature
August 18, 2011 at 7:45 am
ဝါသနာတူခြင်းကတော့ သိပ်ပေါင်းလို့ကောင်းတာပဲ။ တွေ့လိုက်လို့ကတော့ ထမင်းမေ့ ဟင်းမေ့ပဲ။
pan pan
August 18, 2011 at 9:46 am
ဆရာမဂျူးရဲ့ ကျွန်မချစ်သောယောက်ျားများထဲကလိုပေ့ါ
ကြက်မွေးတာ ကြက်ပွဲကြည့်တဲ့ ဝါသနာလေးပဲရှိတာ
ကျန်တဲ့ မကောင်းတာဘာမှမလုပ် ဆိုတော့လည်း
နားလည်ပေးရမှာပေ့ါ 🙂
နွယ်ပင်
August 18, 2011 at 11:08 am
ဝါသနာပါတာတွေကတော့ တစ်ယောက်တစ်မျိုးစီပါပဲ
ပါလာတဲ့ ဝါသနာလေးကတာ ကျန်တဲ့သူတွေကို ဒုက္ခမပေးတာပဲ
တော်လှပြီ … ဒီလိုဆိုရင်တော့ နားလည်ပေးရတာ တော်သေးတာပေါ့နော် ………
007James
August 18, 2011 at 11:28 am
ကျွန်တော့အသိတယောက် ကြက်မွေး ကြက်တိုက် တအားဝါသနာကြီးတာ။အိမ်ပါရောင်းလိုက်ရတယ်။ ကြက်ကောင်းကောင်းတွေ့ရင် ကြိုက်ကြေးပေးဝယ်တာ။မွေးထားတာ (၂၀)ကျော်တယ်။ရဲဖမ်းတာကုန်ရော။
hmee
August 18, 2011 at 12:52 pm
007James ရေ ကြက်တွေများ နည်းတာမဟုတ်ဘူး။ အိမ်မှာ တလင်းထဲမှာ အရှေ့ကမ်းကတဲမှာ နောက်သူများကို ခဏပေးမွေးခိုင်းတာပါသေး။ ကြက်ကို အစာကျွေးတာတောင် နှုတ်သီးနာမှာစိုးလို့ မြေအင်တုံအဝမှာ အဝတ်ကို တင်းတင်းစီးပြီး ဆန်ကိုတင်ပြီးမှ ကျွေးတာ။ မောင်လေး အလုပ်က မနက်စာ စားပြီးတာနဲ့ ရေပုံးကိုဆွဲ တခြံလုံးအနှံက ကြက်ရေခွက်တွေကို ရေဆေး ရေအသစ်ဖြည့် လုပ်ရတယ်။ မနက်တခါ ညတခါပေါ့။ အပျင်းကြီးပြီး မလုပ်ထားလို့ အဖေလိုက်စစ်လို့ မြင်ရင် အတီးခံရပြီမှတ်။ သူ့ကြက်တွေကို အတော်ကို ချစ်တာ။
မီးမီး သော်
August 18, 2011 at 11:37 am
တချို ့များကြက်ပွဲတွေမှာ ပါတဲ့ကားချလောင်း ဆိုင်ကယ်ချလောင်း အားလုံးရှုံးကြ၊ရန်တွေဖြစ်ကြ၊အကွဲကွဲ အပျက်ပျက်နဲ ့။စစ်တပ်က ဦးစီးပြီးလုပ်လိုက်သေးတယ် our days ဆိုလားဘဲ။သူ တို ့က ကိုပြဿနာရဲ ့မူလအစ တရားခံတွေ—-ဟွန် ့
ကြောင်ကြီး
August 18, 2011 at 11:43 am
မမမှီ..မမ ညီမယေးနဲ့ ကြောင်ကြီးနဲ့ ပေးဂျားမလား။ 😳
hmee
August 18, 2011 at 12:54 pm
အလာကောင်းပေမဲ့ အခါနှောင်းပါပေါ့ ဦးကြောင်။ 🙂
windtalker
August 18, 2011 at 1:00 pm
တိုက်ကြက် အကြောင်းစုံ သိ
ဝါသနာလည်း ပါတော့
တိုက်ကြက်မျိုးကောင်းလေးတွေ
မွေးပြုစုပြီး အချိန်တန်မှ ပြန်ရောင်း
ပိုက်ဆံ ရလိုက်မယ့် ဖြစ်ခြင်းနော်
ဆူး
August 18, 2011 at 1:14 pm
မမမှီ မမ ညီမယေး ရဲ့ ကြက်ဖ ကြီးနဲ့ ကြောင်ကြီး ပေးဂျားလိုက်… 😀
akswe
August 18, 2011 at 1:31 pm
ဒါဘယ်တရားမလဲ…
အဲဒီလိုလုပ်လိုက်ရင် ကိုရင်ပု အတွက် ပေးဂျား ဂျရာ ဝက်မကြီးပဲ ကျန်တော့မှာပေါ့… မရဘူး မဲနှိုက်….
hmee
August 18, 2011 at 1:35 pm
တော့ကာရေ မွေးသာမွေးတာ ဘယ်တော့မှ ရောင်းမစားဘူး သူ့လို ဝါသနာ ပါသူတွေ တောင်းရင် ပေးပြစ်လိုက်တာ။
ဆူးနဲ့ အဘဆွေ ရေးတာကို သဘောကျလို့ ဟက်ဟက်ပက်ပက် ရီမိပါကြောင်း………။
etone
August 18, 2011 at 1:41 pm
ဝါသနာဆိုတာကလည်း ပြင်နိုင်ရိုးလားနော်… မမှီရဲ့ငယ်ဘဝ အတွေ့ကြုံလေး ဖတ်ရတာ ပျော်စရာကောင်းပါတယ် …. ။ ကြက်ဝိုင်းတော့ ကြုံဖူးပေမဲ့… မကြည့်ရဲဘူး … တခါတလေ အချင်းချင်းခွပ်ရင်း ..မျက်စိတွေထွက်သွားတာလည်းရှိတယ်… ။
etone ဝါသနာကတော့ …မိန်းမတန်မဲ့ ဘီယာကြိုက်တာပဲ… ။ ရှေးလူကြီးတွေအမြင်တော့.. ဘီယာဆိုတာ အရက်မို့လို့ .. မိန်းမတွေထဲ ဆပ်စလူးမျိုးနွယ်ဝင် ဒေါင့်မကျိုးဘူးလို့ … သတ်မှတ်ချင်မှတ်မှာပေါ့ … ။ အခုတော့ ခေတ်ပြောင်းသွားပြီလေ … ဘီယာဆိုတာ အရက်မဟုတ်ပါဘူး … ။ ကိုယ့် လီမတ်ကိုယ် သိဖို့နဲ့ … သောက်တဲ့နေရာသာ ကွာတာပါ … ။ ဘီယာက မကောင်းတဲ့ မိန်းမတွေပဲ သောက်တဲ့ဆိုတဲ့ အစွဲကိုဖြုတ်ချပစ်ရမယ် … ။ 🙄
akswe
August 18, 2011 at 2:00 pm
ချစ်ဦးဆိုင် ရောက်နေပလား မသိဘူး သွား..ခေါ်ချေ”။
“ကျုပ်က တော်ပါသွားလို့ လိုက်ထုတ်ရပြီ ထင်တာ” လို့ အငေါ်တူးတော့ ခပ်ပြုံးပြုံးကြီး လုပ်နေပါတယ်။
ညီမလေးက အိမ်ပေါ်မှာ ကြမ်းတိုက်နေပြီး ကျွန်မက မီးဖိုထဲမှာ ဂျင်ခြေလည်အောင် အလုပ်တွေ ရှုပ်လို့။
“ ဦး တောင်ဘက်အခန်းထဲ ထည့်ခဲ့ မြောက်ဖက် အခန်းမှာ တကောင်ရှိသေးတယ်။
အရှေ့ဘက် တန်းလျှားမှာ ဒူးထောင်ပြီး လက်တင်ကာ ထိုင်ရင်း ဆေးပေါ့လိပ်ကြီး တအားနင်းဖွာနေတာ ။
အမေ ” အမေ့ယောက်ကျားကြီး ကြက်ဝိုင်း သွားသေးလားပေါ့” အမေကတော့ ပြုံးပြုံးကြီးနဲ့ ။
မှီရေ … သုံးထားတဲ့ စကားလုံး အသုံးအနှုန်း တွေနဲ့ အရေးအသားက ထိမိတော့ တောဓလေ့ နေထိုင်မှုသဘာဝ ၊မိသားစု အတွင်း
ဆက်ဆံ ပြောဆို ပုံကို ပိုပြီး ပီပြင် ပေါ်လွင်စေတယ်…
မီးဖိုထဲမှာ အလုပ်ရှုပ်နေပုံ ကို သရုပ်ဖော်ထားတာများ အသက်တောင် မရှူ နှိုင်ဘူး ( စာရေးဆရာ မောင်ထင် နဲ့ သိပံ မောင်ဝ စပ်ကျပြီး ရေးထား သလိုပဲ)
အဲဒီလိုရေးတတ်ချင်တာ….
nozomi
August 18, 2011 at 6:35 pm
ငယ်အကျင့် ငယ်ဝါသနာ ဆိုတာ ဖျောက်ဖို့ခက်ပါတယ်
တချို့ လူကြီးတွေ ကလေးတွေကိုချောက်တာတော့ နင်တို့ ကြက်တိုက်ကြ နောက်ဘဝကျ ကိုယ်တိုင်ဝင်ထိုး ရမဲ့ လက်ဝှေ့ သမားဖြစ်မယ်တဲ့
အပေါ်က ဆရာကတော့ “စာရေးဆရာ မောင်ထင် နဲ့ သိပံ မောင်ဝ စပ်ကျပြီး ရေးထား သလိုပဲ” ကျွန်တော်အထင်ကတော့ ခင်ခင်ထူး မှ ခင်ခင်ထူး ပဲ
မမှီ စာမှု တွေ တချိန်မှာ စာအုပ်ဖြစ်လာနိုင်တယ်
ogre
August 18, 2011 at 6:45 pm
ဟိုဟာသလေးသတိရ မိသေးတယ်
ငွေအကုန်အကျစာရင်းရေးတာလေး
““ရေဆာ ဘီယာသောက်-1500
““ဟင်းစား ကြက်ဝယ်-35000(မှတ်ချက်-တိုက်ကြက်)
တဲ့ ..သူများတွေပြောတာကြားဖူးတာပါ..။။
MaMa
August 18, 2011 at 8:27 pm
“ဒါတောင် အပျော်ပါအေ တခါမှ ငွေတပြား လောင်းဖူးပါဘူး။ အိတ်ထဲ ထည့်ပေးလိုက်တဲ့ ပိုက်ဆံ ဒီအတိုင်း ပြန်ပေးတာ ကြည့်ပဲ” ဆိုတော့……………
မိသားစု စီးပွားရေး ပျက်စေအောင် မလုပ်တတ်တဲ့ မှီ့အဖေကလည်း သည်းခံနိုင်ဖွယ်ရာပါပဲ။ ကောင်းကွက်ကိုရှာပြီး သည်းခံတတ်တဲ့ မှီ့အမေကလည်း လေးစားဖွယ်ရာပါ။
ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မိသားစုဘဝလေးရဲ့ ပုံရိပ်ကို ပေါ်လွင်စေပါတယ် မှီရေ။
weiwei
August 18, 2011 at 8:45 pm
မှီတို့ရဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို မြင်ယောင်မိပါတယ် …
ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့်တာ ဘာများဝါသနာပါပါလိမ့်လို့ … စဉ်းစားလို့မရဘူး … ဘာမှဝါသနာမပါလို့ … 😛
ဂိမ်းကစားတာတော့ ဝါသနာပါတယ်ထင်တာပဲ … ညလုံးပေါက် မအိပ်ပဲ ကစားနိုင်တယ် …
ရွှေအိမ်စည်
August 18, 2011 at 9:23 pm
ကျနော်ဒါလေးဖတ်တော့အဖေ ့ကိုသွားသတိယတယ်…
အမေဖျားနေတာ..အဖေကစွပ်ပြုပ်သွားဝယ်တယ်တဲ ့…
အဖေ ကကျားကစားတာဝါသနာပါတယ်
သူငယ်ချင်းတွေ နဲ ့ထိုင်ကစားနေတာ….အမေ နဲ ့….ရန်ဖြစ်တာ..
အမေ ဒေါ်သထွက်တာအဲ ့ဒိတစ်ခါမြင်ဘူးတယ်..
ဝါသနာဆိုတော့လည်းတားမရတာအမှန်ပါဘဲ
ကိုယ်ကအစပေါ့
hmee
August 19, 2011 at 1:47 pm
nozomi ရေ အားပေးတာ ကျေးဇူးပါ။ ဆရာမ ခင်ခင်ထူးလို စာရေးသူ သိပ်ဖြစ်ချင်တာပဲ။ အဘဆွေရေ အပြင်မှာ တကယ်ဖြစ်ခဲ့တာတွေကို သရုပ်ဖော်လို့ ဖြစ်မယ်နော်။ မှီအထင်တော့ အဘဆွေလည်း တောမှာနေဖူးတယ် ထင်တယ်နော်။ ဒါကြောင့် တောသူတယောက် မီးဖိုထဲမှာ အလုပ်ရှုပ်နေတာကို ဖတ်ပြီး စိတ်ထဲမှာ မြင်ယောင် ခံစားနိုင်တာဖြစ်မှာ။ မမရေ မှီ့ ဘဝမှာ အလေးစားဆုံးသူဟာ မိဘ နှစ်ပါးပဲ။ မှီ့ အတွက်တော့ အရာရာ အဖက်ဖက်က ဟာကွက်မရှိ ပြည့်စုံသူတွေပါ။ မဝေရေ တကယ်ကို ပျော်ရွှင်စရာကောင်းတဲ့ ဘဝပါ။ မှီအမြဲ တွေးဖြစ်တာ တခုရှိတယ် အဲ့ဒါကတော့ ဒီမိဘထံမှာ လူလာဖြစ်ရတာကို ကျေနပ်ရတာပါ။ တွေးတိုင်းကျေနပ်တယ်။ လောကကို အကောင်းမြင်တတ်အောင် လူလူခြင်း ချစ်တတ်အောင် မိဘမေတ္တာနဲ့ ပြည့်စုံအောင် လုပ်ပေးနိုင်သူတွေပါ။ တခြားသူတွေရဲ့ မိဘတွေအပေါ်ခံစားချက်တော့ မပြောတတ်ဘူး မှီကတော့ အသက်ကြီးလာလေ မိဘတွေကို ပိုပိုပြီး လေးစားလာလေပဲ။ ဒီနေရာမှာ ပြောစရာ တခုတော့ရှိလာမှာပါ သားသမီးကို မချစ်တဲ့မိဘ ဘယ်ရှိပါ့မလဲလို့ပါ။ ဟုတ်ပါတယ် မိဘတိုင်း ကိုယ့်သားသမီးကို ချစ်ကြပါတယ် ချစ်နည်း မှန်တာ မမှန်တာပဲ ကွာပါတယ်။ မှီ့ မိဘတွေကတော့ သားသမီးကို မှန်ကန်တဲ့ ချစ်နည်းနဲ့ ချစ်တဲ့ သူတွေပါ။ အဲ့ဒါတွေကို အသက်ကြီးလာလေ မြင်လာလေမို့ ပိုပြီးလေးစား ပိုချစ်လာပြီး ဒီလို မိဘထံမှာ လူလာဖြစ်တဲ့ ငါ့ဘဝ အာဂဘဝပါလားလို့ တွေးတိုင်း ကျေနပ်ပါတယ်။
shwe ni
August 19, 2011 at 3:02 pm
မှီကစာရေးကောင်းပါ့။ မိသားစုကလဲပျော်စရာလေး
Shwe Ei
August 19, 2011 at 4:29 pm
မမှီက ဘယ်ရွာသူပါလိမ့်။ ကျွန်မတို့အဖေ့ရွာအလည်သွားရင် အန်တီအကြီးဆုံးဟင်းချက်တာ မမှီစာထဲကအတိုင်းဘဲ။ ကြက်တွေ ဝက်တွေတော့မမွေးဘူး။ မြေပဲ စိုက်တယ်။
ဒီပို့စ်ဖတ်ပြီးတော့ ရွာမှာကျောင်းနေရတုန်းက ကလေးဘဝကို ပိုလွမ်းမိတယ်။
ကွိကွိ
August 19, 2011 at 7:17 pm
အဲဒီ ကြက်တွေ မသေခင်တော့ အဖိုးတန်တယ်နော်..
ဈေးထဲရောက်တော့ ၅၀၀ဝ တောင် မတန်တော့ဘူး။
naywoonni
August 19, 2011 at 9:24 pm
ဆရာ သော်တာဆွေ့ စာတွေ သတိရလိုက်တာ သူလည်း ကြက်သမားပဲတဲ့…။ ကြက်သမားအကြောင်း ရေးတာဒါကောဆိုရင် နှစ်ယောက်တွေ့ဖူးပြီ..။ ကိုယ်တွေ့ကြုံတာဆိုတော့ရေတတ်လိုက်တာ ဒါကြောင့် ဆရာကြီးကပြောဖူးတာ ရေးတတ်ရင် ဝတ္ထုဖြစ်တယ်တဲ့လေ
ဦးကျောက်ခဲ
September 1, 2017 at 9:48 pm
အခုမှ ဖတ်မိတယ်ဗျား …
၈၈၈၈ အရေးတော်ပုံမဖြစ်ခင်က ကျနော်တို့အိမ်နောက် အလုံအမှိုက်ပုံကြီး (အခု ဘူဒိုဇာနဲ့ရှင်းပြီး ၊ အေးရှားဝေါတာဝါ ကွန်ဒို တန်ဘိုးကြီးလူနေအိမ်ယာတွေဖြစ်ကုန်ပြီ) နားမှာ ကျူးကျော်ရက်ကွက် စုစုလေး ရှိတယ်ခင်ဗျ ။ အဲသည့် ကျူးကျော်စုကလည်း လူရွေးထားသလားမှတ်ရတယ် အကုန် “ကြက်သမား” တွေချည်း ဆိုတော့ ကြက်ဝိုင်းတွေ တဂျိန်းဂျိန်း ။
ကြက်ဝါသနာရှင် မင်းသားမြတ်လေးဆို နေ့တိုင်းလောက်နီးနီး အဲသည့်မှာ ၊ ရံဖန်ရံခါ စာရေးဆရာတွေ မင်းသားတွေလည်း ရောက်ချလာတတ်သေးတယ် ။ ခလေးဆိုတော့ အိမ်မှာ လူကြီးတွေလစ်တာနဲ့ ကြက်ဝိုင်းကို ပြေးတာပဲ ။ အမြည်းဆိုင် သွားရည်စာဆိုင်တွေနဲ့ ပွဲဈေးတန်းအလားပဲ ။
သဘောအကျဆုံးက ကြက်တိုက်ရင် ကြက်ဆွယ်တွေ ကာရံနဘေနဲ့ စကားစစ်ထိုးကြတာ … နားထောင်လို့လည်းကောင်း … ရယ်လည်းရယ်ရ… :k: