သုညကြးားခံနယ် ကဗျာရွတ်ဆိုခြင်း ဗီဒီယို
“သုညကြားခံနယ် ကဗျာရွတ်ဆိုခြင်း ဗီဒီယို”
ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၁ ရက်နေ့က “လင်းပွင့်လက်များ” လူငယ်ကဗျာ အဖွဲ့ရဲ့ ကဗျာရွတ်ပွဲမှာ ရွတ်ဆို ဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ အဲဒီပွဲကို မန္တလေးကနေ ရန်ကုန် ဆင်းလာပြီး တကူးတက လာနားထောင်တဲ့ နန်းလေပြေနုက ကျွန်တော် ကဗျာရွတ်တဲ့ အချိန်မှာ အမှတ်တရ ဗီဒီယို ရိုက်ကူး ပေးထားခဲ့ပါတယ်။ တယောသံ ချွဲချွဲအီအီကို ကြားရပြီး နောက်မှာ အဲဒီကဗျာကို ရွတ်ချင်စိတ် ပေါ်လာလို့ ရွတ်ဆို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကဗျာနာမည်က “သုညကြားခံနယ်” ဖြစ်ပြီးတော့ ၂၀၁ဝ ခုနှစ် ဇူလိုင်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရပါတယ်။
“သုညကြားခံနယ်”
ဘာပြောလိုက်ရမလဲဆိုတာကိုသိတယ်
ဖမ်းလို့မမိဘူး .. … အဲဒီ စကားလုံးတွေ
လွတ်ထွက်သွားမှာ .. … လွတ်ထွက်သွားတာ
သေ ချာ တယ်
နင့်အသွေးအသားထဲမှာ ငါနေလို့မရတော့ဘူး
နင့်အငွေ့အသက်ကို ဖွာရှိုက်ခဲ့ပြီးနောက်
နင့်စိတ္တဇတွေကို ငါ .. .. ကြောက်တယ်
မချစ်တော့ဘူးဆိုတာထက် ဆင်ခြေမပေးရက်
နင့်အတွက် ခက်မယ်ဆိုတာကိုလည်းသိတယ်
အမြဲစီးဆင်းနေမယ့်ရေတံခွန်ကို နင်ရှာမတွေ့ခဲ့တာ
နေရပ်လိပ်စာမှားရောက်လာတာ .. … .. … နင် မှားတယ်ဆိုတာထက်
ငါမှားတယ် ငါမှန်တယ် ငါဇဝေဇဝါဖြစ်ရတယ်
အဲဒါတွေထက် .. ….
နင့်ဖြူစင်မှုအောက်မှာ ငါလိပ်ပြာမလုံနိုင်တာ
ငါ့ကိုဆယ်ဖို့ကြိုးစားရင်း တံတွေးခွက်ထဲ နင်ပက်လက်မျောခဲ့ရတာ
ငါ့ကိုအရိပ်တကြည့်ကြည့်နေရင်း နင်ညှိုးငယ်နေရတာ
ငါ့ပျော်ရွှင်မှုကို နင့်မျက်ရည်တွေနဲ့ လဲထားခဲ့ရတာ
နင်တစ်ယောက်တည်းအပေါ်ကိုမှ မိုးလေဝသညံ့ဖျင်းတာ .. …
.. …. .. … … ….. .. ….. ငါ .. … သိပ်ကို မိုက်ကန်းခဲ့
ငါသိပ်ကို မိုက်ရိုင်းခဲ့ .. … ငါသိပ်ကို ကြောင်ကန်းခဲ့ .. … .. ငါ .. …
သိပ် .. … ကို .. …
.. …. … ….. … ….. ရက်ရက်စက်စက် နင့်ကိုလွှတ်ချပစ်လိုက်ဖို့
ငါတစ်ထစ်ပြီး တစ်ထစ် နင်းတက်လာတာ
သိတယ် ၊ မသိချင်ယောင်ဆောင်တယ်
နင့်ကို အနားမှာထားပြီး
“ကမ္ဘာဟာ အဆုံးအစမရှိကျယ်ပြန့်တယ်”လို့ ပုံပြင်တွေပြောတယ်
ငါက နူးနူးညံ့ညံ့ကဗျာတွေရေးရင်း
မေတ္တာတရားကို အတင်းကြိုးကွင်းစွပ်နေတဲ့ကောင်
အဲဒီလိုကောင်ရဲ့ အကြည့်ရိုင်းတွေအောက်မှာ
နင်မှန်တာတောင် မှားချင်ယောင်ဆောင်ရင်း
.. … … …. … … ငါ ဘာပြောမလဲဆိုတာကိုလည်း သိတယ်
လွတ်ထွက်သွားတော့မှာကိုလည်း သိတယ် .. … …
သေချာတယ် .. … နင်ရော ငါရော
.. … အခု .. ..
တစ်ခုခုကို .. … ..
လက်လွတ်စပယ် လိုက် ဖမ်း နေ ကြ တယ် ။ ။
သူရဿဝါ
ဩဂတ်စ် ၁၈ ရက် ၊ ၂၀၁၁ ခုနှစ်
www.thurathawah.net
www.facebook.com/ThuraThawah
www.facebook.com/LiteraryArtBlog
www.moba4all.org
2 comments
ကြောင်ကြီး
August 22, 2011 at 9:43 am
ပြန်ပြောဖို့မရှိအောင်
သင့်စကားလုံးတွေက
မိုးယံထက်က
တိမ်တိုက်တွေလို
မြေပေါ်လေးဖက်ထောက်
သွားနေရတဲ့
ငါလိုကြောင်အတွက်
မော့မကြည့်နိုင်အောင်
မြင့်လွန်းလှတယ်..
ငါလိုချင်တာ
ငါမြင်ချင်တာ
မြေကြီးပေါ်ချထားတဲ့
ပန်းကန်ထက်က
ဆီသန့်နဲ့ကြော်တဲ့
ငါးကြော်ရွရွတကောင်..။
True Answer
August 22, 2011 at 11:28 am
က) နောက်ကျသွားတဲ့ သင်္ခါရ ညနေဆီ
မမှီမကမ်းနဲ့ ပြေးလိုက်နေရသော..
အဝိဇ္ဇာ တေလေများ…
ဘယ်တော့များမှ…ဘယ်တော့များမှ…….. ငြိမ်းချမ်းစွာအိပ်စက်နိုင်ပါ့မလဲ။
ခ)ငြိမ်နေတိုင်း
ငြိမ်းနေတာမှ မဟုတ်ပဲ..။
ငြိခဲ့လို့
ငြီးခဲ့ရတဲ့ ဘဝတွေ
ပဋိစ္စသမုပ္ပါဒ်ပြန်ကြည့်ရင်
သိလိမ့်မပေါ့..။
ဒိဌိပြုတ်ဖို့ဆို
စကားလုံးတွေရဲ့ အပြင်ကို
ထွက်ဖို့လိုတယ်..။
(ဂ) အများပြောပြောနေတဲ့ တစ်ခါသုံးခေတ်
အဟုတ်ထင် ဆုပ်ကိုင်မှုတို့ ဆက်ဖြစ်နေသရွေ့
ပြဿနာများက မဆုံးနိုင်ဖြစ်နေပါလိမ့်မယ်..။