မဆုံးတဲ့…..သီချင်း—၂၆
နောက်တစ်နေ့ စာမေးပွဲနောက်ဆုံးနေ့ မေဂျာ ကို အောင်မြင်စွာပြီးဆုံးသွားခဲ့လေ သတည်း းး ရယ်ပေါ့လေ..။ အပြန်အလှန် အနေနဲ့ မိမာကို မြေပုံတွေ ကူပြီးဆွဲပေးခဲ့ပါတယ်..။ စာမေးပွဲခန်းကထွက်လာတော့ မိမာက ကောက်ခါငင်ကာနဲ့….။
“ နေဝန်း…..နင် အခု အရက်ဆိုင်တန်းသွားမှာလား ဘယ်ဆိုင်လဲ ဘယ်နားကလဲ ?”
တဲ့…။ နေဝန်းနီ လန့်သွားတယ်…။ စာမေးပွဲ နောက်ဆုံးနေ့ဆိုပြီးတော့ သူပါလိုက်လာမလားဆိုပြီးတော့ရယ်ပေါ့…။
“ ဘာလဲဟ နင်က စာမေးပွဲနောက်ဆုံးနေ့ ဆိုပြီး အရက်လိုက် သောက် မလို့လား?”
လို့ပြန်မေးလိုက်တော့ …….
“ မဟုတ်ပါဘူးဟ…။ နင်တို့ မနေ့က36 လမ်းအတိုင်း လာတာတွေ့လို့ပါ…။ ဟို84 လမ်းထောင့်က ဆိုင်မဟုတ်လား…။ ”
အင်း လိုက်မလို့ မေးတာမဟုတ်လို့တော်သေးတာပေါ့လို့တွေးရင်……….
“ အေး… ဟုတ်တယ်လေ ဟာ…။ နင့်ဆီက အပြန်ကျတော့ 35 လမ်းက စင်းရှင်း ဝင်ထိုင်ကြသေးတယ်..။ ဘာလို့လဲ…။ နင်က အရက်ဆိုင်နေရာတွေ ဘာတွေသိလို့ ဘာလဲ နင်တို့လည်း အဆောင်ကို ပါဆယ်ဝယ်သောက်ကြတာပဲလား”
အဲဒိလို ပြန်နောက်လိုက်တော့ “အောင်မာ…..” လို့ပြောပြီး လက်သီးနဲ့လှမ်းထိုးတယ်..။ ပြီးတော့
“ လူကိုများ ….. သူ့လို ကဇော်သမား အောင့်မေ့နေလို့လား…။ လမ်းဖြတ်သွားရင်း တွေ့ဖူးလို့လို့မေးတာ…။ စကားရှည် မနေနဲ့…။ အဲဒိဆိုင်သွားမှာဆိုရင်..။ ငါ့ကို အဆောင်ပြန်လိုက်ပို့..။ အဲ… မပို့ခင် ငါ…. ပန်းသခင်က လ္ဘက်ရည်နဲ့ ပလာတာစားချင်တယ်..။ လိုက်ပို့ ငါတစ်ယောက်ထဲ ဆိုင်ထဲ မဝင်ရဲလို့”
တဲ့…။တော်သေးတာပေ့ါ..။ဟုတ်တော့လည်း ဟုတ်ပါတယ်..။ အဲဒိအထိအချိန်က ကျောင်းသူလေးတွေ အရက် ဘီယာမသောက်တတ်သေးပါဘူး..။ (ဒါပေမဲ့ ဖဲရိုက်တတ်တဲ့ ကျောင်းသူတွေတော့ ရှိနေပြီ..။ ) လ္ဘက်ရည်ဆိုင်ထဲကိုတောင် တစ်ယောက်ထဲ မဝင်ရဲလို့ အဖော်ခေါ်တာ…။ အဲဒါနဲ့ ကျောင်းဝန်းထဲကထွက်..။ 35 လမ်းက မီးပွိုင့် စိမ်းနေတုန်း ဖြတ်ပြီး လမ်းထောင်နဲ့ သုံးလေးဆိုင်ကျော်လိုက်တာနဲ့ ရောက်တဲ့ ပန်းသခင် လ္ဘက်ရည်ဆိုင်ရှေ့ကိုရောက်ပါတယ်..။ လမ်းအရှေ့ဘက်ခြမ်းမှာလေ….။ ပန်းသခင် လ္ဘက်ရည်ဆိုင်က ကိုအောင်ဂျမ်းနဲ့ ခဏခဏထိုင်နေကျ လ္ဘက်ရည်ဆိုင်…။ မုန့်ကြော်တဲ့ မီးဖိုက အပြင်မှာ …။ အမြဲတမ်း လူစည်ကားနေတတ်တာ…။ အပြင်က မီးခိုးက အတွင်းကို ပြန်ဝေ့ဝဲပြီး နေတတ်တာ …..။ ခုလိုမိုးတွင်းဆိုပိုဆိုး…။ ဆိုင်ထဲကိုလှမ်းဝင်လိုက်တော့ မျက်မှန်းတန်းမိနေတဲ့ စားပွဲထိုးလေးက ………..
“ ကိုအောင်ဂျမ်း ရောက်နေပြီ….။”
လို့ ပြောတယ်..။ ဆိုင်ထဲမှာလည်းလူအပြည့်…။ အထဲကို ဝင်လာတော့ ကိုအောင်ဂျမ်းက ထောင့်စားပွဲမှာ ..။ တစ်ယောက်ထဲ…။ သူလည်း စာမေးပွဲခန်းက ထွက်လာတာပဲလေ…..။ သူက စောစော ထွက်လာပုံရတယ်..။ သူထိုင်နေတဲ့ခုံပဲ လူရှင်းတာမို့ နေဝန်းနီတို့ အဲဒိခုံမှာပဲ ထိုင်လိုက်ကြတယ်….။ စောစောက နှုတ်ဆက်တဲ့ စားပွဲထိုးလေး နောက်နေလိုက်လာတယ်…။ ဘာသောက်မလဲ မေးတော့ မိမာက ကော်ဖီပဲသောက်မယ်တဲ့….။ နေဝန်းနီက ထုံးစံအတိုင်းပဲလို့ ပြောလိုက်တော့ ကောင်လေးက ဘယ်ညာ လို့ အော်ရင်းနဲ့ ပြန်ထွက်သွားတယ်…။ လ္ဘက်ရည်ပေါ့ကျနဲ့ ကော်ဖီကို ဘယ်သူက ဘယ်ညာလို့ သတ်မှတ်သွားသလဲ မသိပါဘူး..။ စောစောက စားပွဲထိုးက အော်ရင်းပြေးတာဆိုတော့ ပလာတာ မှာဖို့ နောက်တစ်ယောက်ကို ထပ်ခေါ်ရပါတယ်..။ ဆိုင်ထဲမှာက လူအပြည့်ဆိုတော့ သူတို့လေးတွေ တစ်နေရာမှာ အကြာကြီး ရပ်မနေနိုင်ပါဘူး….။ နောက်ရောက်လာတဲ့ စားပွဲထိုးကို ပလာတာ တစ်ပွဲမှာပေးလိုက်ပါတယ်..။ မိမာက သုံးပွဲလုပ်လိုက်…. လို့ ထပ်ပြောတယ်..။
“ နင်တစ်ယောက်ထဲ စားမှာလား ကုန်လို့လား”
လို့မေးလိုက်တော့
“ ဟဲ့ …နေဝန်းရဲ့… ဒီမှာ သုံးယောက်ထိုင်နေတာ သုံးပွဲပေါ့”
တဲ့လေ…။ မသိချင်ဟန်ဆောင်ပြီး ကိုအောင်ဂျမ်းကိုမေးထိုးပြ ပြီး နင်နဲ့သိလို့လားဆိုတော့
“ သိတာပေါ့ဟဲ့ ငါတို့ ထမ်ငးစားနေတဲ့ ဆိုင်က အကိုကြီးပဲ”
ဟုတ်သားပဲ…။ ကိုအောင်ဂျမ်းတို့ အိမ်က ထမင်းဆိုင်ရှိတာမေ့သွားတယ်..။ အပြင်ဆောင်မှာနေတဲ့ ကျောင်းသားတွေ က ထမင်းလစာနဲ့ ပေးစားကြတာလေ…။
“ သေဟဲ့ နန္ဒိယ” ပေါ့လေ…။ကိုအောင်ဂျမ်းကတော့ ပြုံးနေတယ်..။ သူကတစ်ခွန်းထဲမေးတယ်..။
“ ဖြေနိုင်လား”
တဲ့…။ ဘယ်သူ့မှမကြည့်ဘူး..။ သူ့စတိုင် အတိုင်း နံရံကိုကျောပေးမှီလို့ ။ ထိုင်ခုံတစ်ပေါ်ထိုင်ပြီး နောက်တစ်လုံးကို သူ့အနားဆွဲလို့ ခြေတင်လျှက်သား…။ သူ့ကဗျာ ထဲကလိုပဲ …။ ‘ သိပ်မထူးခြားတဲ့ ဒူးယားတစ်လိပ်ကို ခါးလည်က ညှပ်လို့ ..။ နေဝန်းနီတို့ဆီက အဖြေကိုမစောင့်ဘူး..။ ဆက်ပြောတယ်…။ ဟုတ်တယ်လေ…။ ဘယ်သူ့မေးတာမှန်းမှမသိ..။
နေဝန်းနီ
One comment
jaryitt
August 21, 2011 at 8:40 pm
ဟား ဟား ခုတော့ ကောင်မလေးတွေလည်း စာမေးပွဲ ပြီးရင် အရက်သောက်ဖို့ ပြင်နေကြဗျ…။ နှစ်တွေ ကွာသွားပြီးနော် အချိန်တွေပြောင်းလို့ လူတွေပြောင်းသွားတာလား လူတွေပြောင်းလို့ အချိန်တွေပြောင်းသွားတာလား အင်းးး တစ်ခုခုတော့ တစ်ခုပဲ……