ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၁)
ကျွန်တော် အခုရန်ကုန်မှာနေထိုင်သော်လည်း ဇာတိကတော့ နယ်ကဖြစ်ပါတယ်။ မြန်မာတွေအမြတ်တနိုးထားတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေကို အများနည်းတူပဲ သင်ခဲ့ရကြားခဲ့ရတာတွေရှိတော့ သိရှိခဲ့တာတွေ လည်းရှိတာပေါ့။ ကျွန်တော်က ၁၉၆၆ ခုနှစ်မှာမွေးတာဆိုတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ ၁၉၄ရ ခုနှစ် ဇူလိုင်လ ၁၉ ရက်နဲ့ စာရင် အတော်အလှမ်းကွာနေပါပြီ။ ဒါပေမဲ့ ငယ်စဉ်ကတဲက နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း မိုးကလေးတစိမ့်စိမ့်မှာ ဥဩဆွဲသံတွေကြားရင် အလိုလိုနေရင်းဝမ်းနဲသလိုခံစားရတယ်။ ကြောက်လန့်နေသလိုခံစားခဲ့ရပါတယ်။ ဒါက ဗိုလ်ချုပ် အောင်ဆန်းကို ပိုပြီး အမှတ်တရဖြစ်စေခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လဲ ငယ်စဉ်က နယ်မှာနေခဲ့ရတော့ ဒိထက် ပိုပြီးတော့ ဘာမှ ထပ်မသိတော့တော့ပါဘူး။
၁၉၉ဝ ခုနှစ်မှာ အလုပ်သမားဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိတာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီတုန်းက ယခု သိမ်ဖြူလမ်းမှာရှိတဲ့ ဝန်ကြီးများရုံးမှာ ဝန်ကြီးဌာနအတော်များများထားပါတယ်။ အလုပ်သမားဝန်ကြီးရဲ့ရုံးခန်းက ဗိုလ်အောင် ကျော်လမ်းဖက်အခြမ်း၊ အနောက်ဖက်ခြမ်းဖြစ်ပါတယ်။ ကျွန်တော် ပထမဆုံးအလုပ်ဝင်လို့ ထိုင်ရတဲ့စားပွဲဟာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အခန်းရဲ့ကပ်ရက်အခန်းဖြစ်ပါတယ်။ အခုတော့ ဘုရားခန်းလေးလုပ်ထားပါတယ်။ ကျွန်တော်ဟာ ဒီအခန်း ကလေးကိုကြည့်လိုက်၊ ကော်ရစ်ဒါပေါ်မှာ ဗိုလ်ချုပ်နဲ့ သူရဲ့အတွင်းဝန်ကလေး ဗိုလ်ထွန်းလှ တိုစကားပြောနေတာတွေကို မြင်ယောင်လိုက်နဲ့ မိုးရွာတဲ့နေ့များဆိုရင် တော်တော်ခံစားခဲ့ရပါတယ်။ ဝန်ကြီးများရုံးဟာ နှစ်ထပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အခန်းဟာ ပထမထပ်မှာဖြစ်ပါတယ်။ ဒီပထမထပ်ကို တက်တဲ့ ကျွန်လှေကားကြီးတွေဟာဒေါင့်ချိုးဖြစ်ပြီး အလွန်ခိုင်ခန့်လှပပါတယ်။ ကျွန်တော်ဟာ ဝန်ကြီးရဲ့ အိတ်တွေကို ဆွဲလို့နောက်ကပြေးတက်တိုင်း လူသတ်သမား မှုံကြီးတို့၊ သက်ပြင်းတို့ ဒီလှေကားပေါ်ပြေးတက်လာနေတာကိုမြင်ယောင်နေပါတယ်။ လူသတ်သမားတွေဟာ ယခင် AD လမ်း၊ ဂဠုံဦးစောရဲ့အိမ်ကနေ ဂျစ်ကားနဲ့ထွက်လာခဲ့တာပါ။ ယခု ဆူလေဘုရားလမ်းကနေ ဗိုလ်ချုပ်လမ်းကိုကွေ့ပါတယ်။ ဗိုလ်ချုပ်လမ်းအတိုင်းလာပြီး ယခင် Spark လမ်း၊ ဗိုလ်အောင်ကျော်လမ်းအရောက်မှာ ညာကွေ့ပါတယ်။ ဝန်ကြီးများရုံး ထဲကို တော့ ဗိုလ်အောင်ကျော်လမ်း အပေါက်မှဝင်ပါတယ်။ တစ်ခါတစ်ရံတော့ ဒီအခန်းထဲမှာ ကျည်ဆံရာတွေဘာတွေကျန်နေခဲ့မလား ဝင်ရှာပါသေးတယ်။ မတွေ့တော့ပါဘူး။ ဒါဟာ ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့ နီးစပ်ခွင့်ရတဲ့ အဖြစ်အပျက်ကလေးပါပဲ။ နောက်ပိုင်း အမှတ်ထင်ထင် အဖြစ်အပျက်များစွာရှိပါသေးတယ်။ စာရှည်သွားမှာမို့လို့နောက်တစ်ပုဒ်မှာဆက်ရေးပါမယ်။
16 comments
ကြောင်ကြီး
August 21, 2011 at 11:13 am
ဗိုလ်ချုပ်လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံး (အခုတော့ ဝက်ကြီးတွေလို့ခေါ်မယ်၊ အဘတွေခတ်ထကထဲက) ကိုရောက်ဖူးတယ်။ ကြုံလို့ အေးရှားမာစတာပြောတဲ့ ဗိုလ်ချုပ်ကျဆုံးတဲ့အခန်း အခုဘုရားခန်းကို ရောက်ခဲ့တယ်။ လူရှင်းနေလို့ ကြောက်ကြောက်နဲ့ ကြုံတောင့်ကြုံခဲ ဘုရားသွား ကန်တော့ခဲ့တယ် (သရဲခြောက်တယ်ပြောလို့ ကြောက်ကြောက်နဲ့)။ ဟောခန်းရှည်လို့ မှတ်မိတယ်။ ကျွန်းလှေခါးကြီးတွေနဲ့ဆိုတာလည်း မှတ်မိတယ်။ ထွေထွေထူးထူးပြင်ဆင်ထားတာ မရှိဘူး။ ရိုးရိုးဘုရားခန်းလို့ပဲ စိတ်ထဲအမှတ်ရတယ်။ အမှန်မှာတော့ လွမ်းမောဖွယ် အမှတ်ရဖွယ်ဖြစ်အောင် ပိုလုပ်သင့်တယ်ထင်တယ်။ ဗိုလ်ချုပ်ရှိစဉ်က အစည်းအဝေးခန်းလို့ မှတ်သားဖူးတယ်။ ခုံစားပွဲများ တွေ့ခဲ့တယ်လို့ အမှတ်မရှိပါ။ ဘုရားဝတ်ရွတ်စဉ်များ အခါအားလျော်စွာ လုပ်ပုံရပါတယ်။ လူသတ်သမားတွေ သုံးခဲ့တဲ့ ဝင်ပေါက်ကို ပိတ်ထားလို့ အမှိုက်သရိုက်တွေနဲ့ ညစ်ပေနေပြီ။ အာဏာသိမ်းအစောပိုင်းကာလတုန်းကတော့ အဲဒီဝင်ထွက်ပေါက်သည် ကျောင်းသားတွေရဲ့ အာဇာနည်နေ့အထိမ်းအမှတ် လျှပ်တပြက် လမ်းပေါ်ကနေ ကျင်းပရာ နေရာကလေးပေါ့။
ဒါနဲ့ကြုံလို့ အေးရှာမာစတာရဲ့အဘ အန်ကယ်ဦးတင်ဝင်း နဲ့အဆက်အသွယ်ရှိပါသေးလား။ နေကောင်းကျန်းမာစေရန် သူ့သူငယ်ချငိးဟောင်းတဦး၏သားမှ ရာရာစစ နှုတ်ဆက်ဂါဝရပြုကြောင်း ပြောပေးပါခင်များ..ဗိုလ်ကြီးလည်း [ဗိုလ်ကြီးလား၊ ဗိုလ်မှူးလား – တယောက်မှ မကောင်းတာတော့သိတယ် 🙂 ] နောင်အခါများမှာ ဆက်၍ဆက်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (မိုးလေဝသကောင်းမှမဟုတ်) ရေးနိုင်ပါစေ၊ ကျနော်တို့လည်း သိသင့်သိထိုက်သည်များကို ဖတ်ရှုခွင့်ရပါစေလို့ ဓါးမြောင်ခါးကြားထိုးထားပြီး ချစ်ခင်ရင်းနှီးစွာ ဆန္ဒပြုပါသည်။
ကြောင်ကြီး
August 21, 2011 at 11:28 am
ဆောတီးဗျို့…ရေးချင်စိတ်လောသွားတယ်။ ၁၉၉ဝတုန်းက အလုပ်သမားဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်က ဦးတင်ဝင်းမဟုတ်ဘူး။ မှန်းကြည့်မယ် အန်းတိတ်ဝန်ကြီးဆိုတော့ မေ့နေပြီ။ ဒုဗိုလ်ချုပ်ကြီးမောင်မောင်ခင် (ရေ) နဲ့ ဒုဗိုလ်ချုပ်ကြီးတင်ထွန်း (လေ) နှစ်ယောက်က အဲဒီတုံးက ဒုဝန်ကြီးချုပ်တွေဆိုတော့ လေတပ်က ဗိုလ်ချုပ်တင်ထွန်းဖြစ်မယ်ထင်တယ်။ ဒါနဲ့ ဗိုလ်ကြီးက လေတပ်ကလား။ စိတ်မကောင်းဘူးဗျာ၊ ဖိုးတရုပ်ကင်းဘလော့မှာ ဗိုလ်ကြီးတို့ လေတပ်ဘဝပျက်နေပုံတွေ ဖတ်ရတာ။ ကျနော်တောင် အဆင်ပြေရင် တရုတ်တန်းက အက်ဖ်၁၆တိုက်လေယဉ် ဆယ်ဒါဇင်လောက် လူကြုံနဲ့ထည့်ပေးလိုက်မလို့။ အလကားသယ်ပေးမယ့်သူ ရှာမတွေ့သေးလို့ စောင့်နေတာ..။ ဗိုလ်ကြီးတို့လေတပ်က ဆိုးတယ်ဗျာ။ အရေးအခင်းပြီးခါစ တရုပ်ဆီက အသံထက်မြန်တဲ့ ဂျက်တိုက်လေယဉ်ပျံတွေရတော့ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေကို အပြင်မှာထုတ်နေပူလှန်းထားပြီး ကောင်းကင်ပေါ်ကနေ တဂီးဂီးနဲ့ ဆူပါစိုးနစ်အသံထက်မြန်တဲ့ လေယာဉ်ပျံကြီးနဲ့ ဗုံးကြဲတော့မှာဆိုပြီး ခြောက်ပြကြွားပြဘူးတယ်။ နောက်ကြားတာတော့ တခါတခါ ကောင်းကင်ပျံတက်ရင် ဆီအတော်ကုန်လို့ နောက်ပိုင်း ဂိုထောင်ထဲမှာပဲ စက်နှိုးနိုင်တော့တယ် ကြားတယ်။ ဟုတ်လားမသိဘူး…
kai
August 21, 2011 at 12:06 pm
ကိုရင်ကြောင်ကြီးတို့များ.. သရဲတွေ့ရင်..ဗိုလ်ချုပ်အောင်ဆန်း…သေနပ်ထိတော့..” နေဦး..ကျုပ်…”
ဆိုတာရဲ့နောက်မှာ… ဘာတွေဆက်ပြောချင်ခဲ့သလည်း.. မေးလိုက်ဖို့..စိတ်ကူးတောင်ရှိပုံမရဘူး..။
သရဲဆိုတာမျိုးက.. အဲဒါမျိူုးတွေ..သိချင်သိမှာလေ..။ 🙂
ထားပါတော့..
asiamasters အနေနဲ့.. အမှတ်တရလေးတွေ..ဆက်ရေးပေးပါလို့..တောင်းဆိုပါတယ်နော..။
ကျုပ်အနေနဲ့ကတော့.. ဗိုလ်ချုပ်တို့ကိုလုပ်ကြံတာ.. အင်္ဂလိပ်အစိုးရလို့.. ယုံကြည်နေတာပဲ..။
ဂွင်းဆက်ကလေးတွေ.. တနေ့နေ့တော့ ပြန်ဖေါ်ကြည့်ချင်သား..။
မီးမီး သော်
August 21, 2011 at 11:15 am
ဆက်ရေးပေးပါနော်။ဖတ်ချင့်စရာလေးပါ။ကျေးဇူးအထူးပါနော်။ဗိုလ်ချုပ်နဲ ့ပတ်သက်တဲ့ မှတ်မှတ်ရရလေးတွေ လက်ဆင့်ကမ်းပေးတာ တဖက်က သမိုင်းတာဝန်ထမ်းရွက်သလိုပါနော်။
ဆူး
August 21, 2011 at 12:34 pm
နောက်အပိုင်းတွေ စိတ်ဝင်စားစွာ စောင့်ဖတ်နေပါ့မယ်။
asiamasters
August 21, 2011 at 12:35 pm
အခုလို comment တွေကိုဖတ်ရလို့အလွန်ဝမ်းသာပါတယ်။ ကျွန်တော်က လေယာဉ်မောင်းထူးချွန်ဆုရဖူးခဲ့တဲ့ လေသူရဲဟောင်းတစ်ဦးဖြစ်ပါတယ်။ အခုတော့ ပင်စင်စားဖြစ်နေပါပြီ။ အရင်ကပင်စင်တစ်လကို ၄၀၀ဝ ကျပ်ရပါတယ်။ တစ်ခါသွားထုတ်ရင် Taxi ခက ၅၀၀ဝ ကုန်တော့ တစ်ခါထုတ်တိုင်း ၁၀၀ဝ ရှုံးပါတယ်။ အခုတော့ နှုန်းသစ်နဲ့တွက်ကြည့်တော့ ၅၀၀၀ဝ လောက်ရပါမယ်။ နဲနဲတိုးတက်လာတယ်လို့တော့ဆိုရမှာဖြစ်ပါတယ်။ ရေးထားတာလေးတွေနဲ့ပတ်သက်လို့ပြောရရင် အင်တာနက်ဆိုတာက နာမည်မသိတွေ၊ နာမည်ဝှက်တွေ အသုံးပြုပြီး ကြိုက်သလိုရမ်းကားလို့ရတဲ့နေရာဖြစ်ပါတယ်။ ဒါပေမဲ့လည်းကျွန်တော်တို့အားလုံးဟာ အင်တာနက်ကိုပဲအသုံးပြုပြီး မြန်မာလူမျိုးတွေအတွက် ပိုကောင်းလာအောင်လည်းလုပ်လို့ရနေပါတယ်။ ကျွန်တော်ကစာရေးဆရာမဟုတ်သလို၊ Politician လဲမဟုတ်ပါဘူး။ တပ်မတော်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေကို လုပ်နေသူဖြစ်ပါတယ်။ ကျွန်တော့်လုပ်ငန်းလေးတွေကလည်း အလွန်သေးငယ်အားနဲပါတယ်။ ခံစားခဲ့ရသူက ပိုပြီးနာကျဉ်းနေတတ်တယ်ဆိုတာ ်နားလည်ထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဘယ်သူကြောင့်ဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ စဉ်းစားမှုမျိုးတော့ရှိသင့်တယ်ထင်ပါတယ်။ အစွန်းရောက်သွားရင် အချင်းချင်းသတ်ဖြတ်မှုတွေ ဆက်လာဦးမှာပါပဲ။ ကျွန်တော်က မြန်မာလူမျိုးတွေဖွံ့ဖြိုးတိုးတက်မှုကိုပဲစဉ်းစားပါတယ်။ ကျွန်တော်ဟာ လက်ရှိအစိုးရကို ဝန်ထမ်းမဟုတ်သလို၊ အတိုက်အခံလဲမဟုတ်ပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက လူသားတွေကိုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေကိုဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေစားမလဲ၊ ဘယ်လိုဝတ်မလဲ၊ ဘယ်လိုပြောဆိုဆက်သွယ်မလဲ၊ ဘယ်လိုအလုပ်ရှာမလဲ၊ ဘယ်လိုအရောင်းအဝယ်လုပ်ငန်းလေးတွေလုပ်မလဲကိုသာစိတ်ဝင်စားပါတယ်။ စိတ်တူကို်ယ်တူလှုပ်ရှားလိုသူများ ဆက်သွယ်ပါ။
shwe ni
August 21, 2011 at 3:21 pm
အန်ကယ်က လေသူရဲဟောင်းတစ်ဦး ကလောင် နာမည်နဲ့ စာရေးဖူးပါလားရှင်
thit min
August 21, 2011 at 12:47 pm
ဦးကြောင်ကြီးရေးတာကြည့်ရတာ…ရိုးရိုးကြောင်ကြီး တော့မဟုတ်ဘူးနော်။…သမိုင်းဝင်အုတ်ကျင်းထွက်..လားမသိဘူး
koyinmaung
August 21, 2011 at 1:09 pm
မိတ်ဆွေက ဗိုလ်ချုပ်ကိုမမှီလိုက်တဲ့အတွက်ဗိုလ်ချုပ်အမှတ်တရထက်စာယင်
မိတ်ဆွေအလုပ်လုပ်ခဲ့တဲ့ဝန်ကြီးများရုံးရဲ့ကိုယ်တွေ့အမှတ်တရလေးများ
ရေးယင်ပိုဖတ်လို့ကောင်းမယ်ထင်ပါတယ်။
ဒါမှမဟုတ် ဗိုလ်ချုပ်အမှတ်တရပြီးယင် ဝန်ကြီးများရုံးရဲ့အမှတ်တရလဲ
ရေးပါလို့တောင်းဆိုပါတယ်။။ အားပေးနေပါတယ်
ရှူံးနိမ့်မှုများနဲ့.. လူ
August 21, 2011 at 1:31 pm
ကိုယင်ကောင်ပြောတာ ထောက်ခံပါတယ်.. ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ ဆိုတော့ နည်းနည်းမြင့်နေပါတယ်.. တန်းတူထား ရေးသားထားရအောင်လဲ တစ်ပါတ်စဉ်ထဲဆင်းတွေ မဟုတ်တာ အသေအချာပါပဲ.. ဒီနေရာမှာ တပ်မတော်သားတစ်ဦးဖြစ်ခဲ့တဲ့အတွက် ကိုယ်ပိုင်အတွေ့အကြုံလေးတွေ ရေးချင်တယ်ဆိုလဲ ဗိုလ်မှူးကြီးသောင်းဝေ (သောင်းဝေဦး) ရေးသလို သူ့မှတ်တမ်းတွေအကြောင်းရေးရင်းနဲ့ လုပ်ဖော်ကိုင်ဖက်အကြောင်းတွေ ထည့်ထည့်ရေးသွားမယ်ဆိုရင် ဝင်မန့်ကြသူတွေထဲမှာ ကိုယ်ပိုင်အတွေ့အကြုံလေးတွေ ဝင်ပြောကြမယ်ထင်ပါတယ်။ ၁၉၉ဝ နောက်ပိုင်းမှာ PA အဆင့်နဲ့လုပ်ခဲ့တယ်ဆိုတော့ ခုဆိုရင် အသက် ၅ဝ ကျော်လောက်ရှိနေပြီထင်ပါတယ်။ ပင်စင်လစာ ၄၀၀ဝ ဆိုတဲ့အတွက် Captain အဆင့်နဲ့ ၂၀၀ဝ ခုနှစ်နောက်ပိုင်း ပင်စင်ယူပြီး စစ်မှုထမ်းသက် ၂ဝ လောက်ရှိမှာဖြစ်လို့ ဒီလိုအကြောင်းအရာမျိုးထက် စစ်မှုထမ်းအတွေ့အကြုံ၊ တိုက်လေယာဉ်မောင်း အတွေ့အကြုံတွေကို ရေးသားလျင်တော့ဖြင့် ပိုမိုသင့်လျော်၊ စိတ်ဝင်စားစရာ၊ ဗဟုသုတ ရဖွယ်ရာမြင်ပါကြောင်း…..
ရာဇဝင်လူဆိုး
August 21, 2011 at 2:10 pm
လေတပ်ကဆိုတော. အဲဒီအချိန်လောက်က နည်းပြလုပ်နေပြီး တပ်ကထွက်သွားတဲ. ဗိုလ်ကြီး စိုးမြင်. ကိုရော သိလားမသိဘူးခင်ဗျာ..။
asiamasters
August 21, 2011 at 3:50 pm
ဗိုလ်ကြီးစိုးမြင့်ကို ကျွန်တော်မသိပါဘူးခင်ဗျာ.
asiamasters
August 21, 2011 at 3:53 pm
ရှုံးနိမ့်သူများနဲ့လူမှန်းထားတာ အတော်လေးမှန်ပါတယ်။ ဒါပေမဲ့ အသက် ၅ဝ လောက်ဆိုတော့ နဲနဲတော့ အောင့်သွားပါတယ်။ ဒီစာထဲမှာလဲရေးထားတယ်လေ ၁၉၆၆ ခုနှစ်မွေးဆိုတာ။ ဒီတော့ အသက်က ဒီနေ့ထိဆိုရင် ၄၅ နှစ်ရှိပါပြီ။ စစ်သက် ၁၅ နှစ်မှာ ဗိုလ်မှူးရာထူးနဲ့ တပ်မတော်ကထွက်ခဲ့ပါတယ်။
maungmoenyo
August 22, 2011 at 6:35 am
ဒါဆို လေတပ်ကအနားယူပြီး လမ်းစဉ်ပါတီအစိုးရလက်ထက်မှာ လမ်းစဉ်လူငယ်စည်းရုံးရေးဗဟိုကော်မီတီအတွင်းရေးမှူးလုပ်ခဲ့တဲ့ ဒုဗိုလ်မှူးကြီးတင်ထွန်း နဲ့ (၈၈) အရေးအခင်းမတိုင်ခင်အထိတာဝန်ယူသွားတဲ့ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးထွန်းဝေ တို့ရောဘယ်ရောက်နေကြပါလိမ့်။
asiamasters
August 21, 2011 at 4:26 pm
shwe ni ရေ၊ လေသူရဲတစ်ဦးအမည်နဲ့စာရေးခဲ့သူကတော့ ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော် ကလောင်နှစ်မျိုးနဲ့ပဲရေးပါတယ်။ ပထမတစ်မျိုးက မှူးဓမ္မ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ asiamasters ဖြစ်ပါတယ်။ စာရေးဆရာဖြစ်နိုင်လောက်တဲ့အရည်အချင်းတော့မရှိပါဘူး။ တွေ့ကြုံသိရှိခဲ့တာလေးကိုပဲ စကားပြောသလို ရေးထားတာပါ။
thit min
August 21, 2011 at 6:21 pm
လေသူရဲတစ်ဦးအမည်နဲ့စာရေးခဲ့သူကတော့လေတပ်ကထွက်သွားတဲ. ဦးလှဝင်းပါ။