နော်ဝေ ဆီ သို့ ….. ( ရ )
စာဥပုံလေးမြင်မှ စာဥနဲ့ညောင်ညိုပင်ကြီးအောက် တူတူပုန်းခဲ့တာတွေက ပြန်ပေါ်လာတတ်လို့ ရေးတော့မယ်ဆို ပုံတွေပြန်ကြည့် မှတ်ထားတာ လေးတွေ ပြန်ဖတ်လုပ်လိုက်မှ စိတ်က အဲဒီနေရာတွေ ပြန်ရောက်သွား တော့တယ်…
Opera House ကနေ ထွက် Sight seeing ကားနဲ့ မြို့ထဲပတ် ဟိုငေး ဒီငေး ဓါတ်ပုံရိုက် စိတ်ဝင်စားတဲ့ နေရာကျ ဆင်းနေခဲ့ အဲဒီကားနဲ့ လိုက်မသွားတော့ပဲ ကြည့်ချင်တာကြည့် ပြီးတော့မှ နောက်ထပ်ရောက်လာတဲ့ နောက်ကားနဲ့ ဆက်လိုက် ပိုက်ဆံထပ်ပေးစရာမလိုဘူး အဲဒီနေ့က ပန်းခြံမှာဆင်း လိုက်ကြည့် ပြီးတော့မှ နောက်တစ်စင်းနဲ့လိုက် Viking ပြတိုက်ကိုသွားတယ် သွားတဲ့ လမ်းဘေးမှာ ဘုရင် မိသားစု နွေရာသီ နေတဲ့ ခြံကြီးရှိတယ် ခြံကတော့ တော်တော်ကျယ်တဲ့ပုံ အိမ်ကတော့ အပြင်ပန်းကြည့်ရတာ သာမန်ပါပဲ အပြင်လုံခြုံရေးက ခြံဝမှာ စောင့်နေတဲ့ ရဲနှစ်ယောက်ပဲ ရှိတယ် အေးအေးဆေးဆေးပဲ….
Viking Ship Museum ဟာ နော်ဝေ နိုင်ငံရဲ့ ၉ ရာစုနဲ့ ၁၁ ရာစု က အတွင်း ပေါ်ထွန်းခဲ့တဲ့ ဗိုက်ကင်းခေတ်ကို ပြန်လည် သတိရနေစေမဲ့ နေရာတစ်ခုပါ အေဒီ ၈၇၂ မှာ Harald Fairhair က ပင်လယ်ပျော် ဗိုက်ကင်းတွေကို စုစည်းပြီး နိုင်ငံတော် တည်ထောင်နိုင်ခဲ့လို့ နော်ဝေးရဲ့ ပထမဆုံး ဘုရင်ဖြစ်လာတာပါ ( အခု လက်ရှိဘုရင်က Harald V ၊ အမည်ချင်း တူနေပေမဲ့ ပထမ ဆုံးဘုရင် Harald Fairhair က ဆင်းသက် လာတဲ့ မျိုးဆက်မဟုတ်ဘူး နောက် နော်ဝေလူမျိုး နော်ဝေ နိုင်ငံသားလဲ မဟုတ်ပဲ ဒိန်းမတ် နိုင်ငံသားဖြစ်နေတာလဲ စိတ်ဝင်စားစရာပါ ၊နော်ဝေဆိုပြီး သီးခြားနိုင်ငံထူထောင်ကြတော့မယ် ဆိုတော့ ဒိန်းမတ်က ဘုရင်ကြီးဆီမှာ ထီးမွေ နန်းမွေ တောင်းခံခဲ့ကြတယ် ၊ သူတို့ က ဆွီဒင်နဲ ့ ဒိန်းမတ် လက်အောက်မှာ နှစ်ပေါင်းရာချီ နေခဲ့ကြရတော့ ဘုရင်မျိုးရိုးကို ဆွီဒင်နဲ ့ ဒိန်းမတ် ဘယ်က တောင်းခံမလဲ ရွေးချယ် ညှိနှိုင်းပြီး ဒိန်းမတ်က ဘုရင်မျိုးရိုးကိုပဲ နော်ဝေမှာ ဘုရင်အဖြစ်ထားဖို ့ တညီတညွတ် ထည်း သဘောတူခဲ့ကြတယ်)
အခု ပြတိုက်ထဲမှာ သင်္ဘောကြီး(၃)စင်း ကို ( တကယ်တော့ လှေကြီးတွေပါ) ပြထားပါတယ်၊ အဲဒီလှေတွေ ဟာ ချမ်းသာတဲ့ အရှင်သခင်တွေ သေပြီး နောင်ဘဝ မှာ အသုံးပြုနိုင်အောင် မြုပ်နှံထားခဲ့တဲ့ လှေတွေပါ၊ အဲဒီခေတ်က နောင်ဘဝဆိုတာ ရှိတယ်၊သေရင် ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေ ကို နောင်ဘဝမှာ သုံးလို့ရတယ်လို့ ယုံကြည်ကြပုံ ရပါတယ် (အဲဒါဆို အခုခေတ် မဟာယန အယူအဆနဲ့ တူနေမလားပဲနော) ၁ဝ ရာစု အကျော်မှာတော့ သာသနာပြုတွေ ဝင်ရောက်လာတဲ့နောက်ပိုင်း ခရစ်ယာန်သာသနာ ထွန်းကာလာခဲ့တာ အခုဆို ၈၀% က ခရစ်ယာန်တွေပါ ဒါပေမဲ့ ဒီနေ့ နော်ဝေလူမျိုးတွေရဲ့ ၂၀% ကပဲ ဘာသာရေးဟာ သူတို့ဘဝရဲ့ အရေးကြီတဲ့ အစိတ်အပိုင်းတစ်ခုပါလို့ စစ်တမ်းတစ်ခုမှာ ဖြေကြားထားပါတယ်။
မြုပ်ထားတဲ့ ထဲက တစ်စီးက Oseberg ship ဆိုတဲ့ လှေကြီးပါ၊ အဲဒီ လှေကြီးကို အေဒီ ၈၂ဝ မှာ ဩဇာတိက္ကမ ရှိတဲ့ အမျိုးသမီးကြီးနဲ့ သူ့ရဲ့အလုပ်သမားတွေ အတွက် တည်ဆောက်ခဲ့ပြီး အေဒီ ၈၃၄ မှာ မြုပ်ထားခဲ့တာပါ ။ လှေကို ဝက်သစ်ချသားနဲ့ဆောက်ထားပြီး အရှည် ၂၁.၅မီတာ အကျယ်၅ မီတာ ရှိပါတယ်၊တပ်မကိုင် ၊အကဲကြည့် နှစ်ယောက်အပါ လှေထိုးသား ၃၂ ယောက်စာအတွက် နေရာတွေရှိပါတယ် ၊ ပြန်တူးဖေါ်တဲ့အချိန် လှေထဲမှာတွေ့တာက အသင့်ပြုလုပ်ထားတဲ့ အိပ်ယာပေါ်မှာ လှဲနေတဲ့ပုံစံနဲ့ မိန်းမနှစ်ယောက်ပါ သူတို့နဲ့အတူ နောင်ဘဝမှာ သုံးနိုင်ဘို့ ထူးခြားတဲ့ ပစ္စည်းတွေလဲ ပါပါသေးတယ် စွတ်ဖား ၃ စီး၊ တိရစာ္ဆန်ဆွဲ ကုန်တင်လှဲ ၁ စီး၊သစ်သားကို တိရစာ္ဆန်ခေါင်း ပုံစံ ထွင်းထားတဲ့ ဟာ ၅ ခု၊အိပ်ယာ ၅ ခု နဲ့ မြင်း ၁၂ ကောင်ရဲ့ အရိုးစု တို့ကိုပါတွေ့ရတာပါ (နောင်ဘဝမှာ သူတို့ မြင်းစီး၊မစီးတော့ မသိဘူး အဲဒီအချိန် မြင်း ၁၂ ကောင်လဲ အသတ်ခံရ၊ မြင်း၁၂ ကောင်က ရမဲ့ လုပ်အားလဲ ဆုံးရှုံးတာတော့ နှမြောစရာပါ)
နောက်တစ်စီးက Gokstad Ship ၊ အဲဒီလှေကိုတော့ ၈၉ဝ အေဒီမှာ ဆောက်ပြီး ၉၀ဝ အေဒီမှာ မြုပ်ပါတယ်၊ အရှည် ၂၃ မီတာ အကျယ် ၅ မီတာ ရှိတယ် ၊ အနက်တလှည့် ရွှေတလှည့် ဆေးချယ်ထားတယ်၊ အဲဒီလှေမှာတော့ အသက် ၄ဝ လောက်ရှိမဲ့ ယောင်္ကျာတစ်ယောက်ကို တွေ့တယ် (လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကအရိုးတောင် ယောင်္ကျား၊မိန်းမ ၊ အသက်ဘယ်လောက်ဆိုတာ ခွဲလို့ရတယ် ၊ဆူးမမ စာရင်းကောက်တုန်းက အခုမှ ၂ဝ ပဲ ရှိသေးတယ်လို့ ညာထားတဲ့သူတွေရှိရင် ပေါ်မယ်နော် 😀 ) ဒီလှေမှာ ကျတော့ ကစားခုံ (game board) နဲ့ ကစား စရာ ပစ္စည်းတွေ တွေ့တယ် ကစားခုံ ဆိုတော့ ကျားခုံ လို ဟာမျိုးဖြစ်မယ်ထင်တယ် ကစား တော်တော်မက်တဲ့သူ သေတာတောင် ကစားစရာပါအောင် ယူပြီး နောင်ဘဝ ကစားဘို့ကြံသေးတယ်၊ဒီလူ မြန်မာပြည်မှာများ လူဖြစ်နေရင် ဘောလုံးဒိုင်လုပ်နေလောက်တယ် နောက် သံ၊ ခဲ၊ ရွှေချ ထားတဲ့ ကြေး၊ မီးဖိုချောင်သုံးပစ္စည်း (အစားအသောက်လဲ မက်သေးတာကို)၊အိပ်ယာ ၆ ခု ( အိပ်ယာ အပို တွေက ဘာလုပ်ဖို့လဲ မသိဘူး)၊ ရွက်ဖျင်တဲ တစ်ခု၊ စွတ်ဖား တစ်ခု ၊ လှေငယ် ၃ စီး (မြန်မာတွေ သုံးနေတဲ့ လှေအရွယ်အစားလောက်) ၊ မြင်း ၁၂ ကောင်၊ ခွေး ၆ ကောင် နဲ့ ဒေါင်း တစ်ကောင်တဲ့ ဗျာ (အခု ဘဝမှ ဒေါင်းကို သဘောကျတာ မဟုတ်ဘူး အဲဒီထဲက ဒေါင်းကို သဘောကျ နေတာကို 🙂 )
နောက် တစ်စီးကတော့ Tune ship ၊ ဒီ အစီးကတော့ ပထမ ဆုံး ရှာတွေ့တဲ့ လှေ ၊ ကြမ်းခင်းပဲ အကောင်းအတိုင်းရတော့တယ် ၊ ဒီလှေမှာတော့ ဘာမှ မတွေ့ခဲ့ဘူး လှေပုံစံအရ အမြန်သွားနိုင်အောင် လုပ်ထားတဲ့ ဒီဇိုင်းတဲ့ အဲဒီခေတ်ရဲ့ speed boat ပေါ့ ……
ပြတိုက်ကို အပေါ်က ကြည့်ရင် လက်ဝါးကပ်တိုင်ပုံ ဆောက်ထားတယ် အဝင်က အောက်ဘက်အပိုင်း နေရာပေါ့ ဝင်ဝင်ချင်း အမှတ်တရ ပစ္စည်းရောင်းတဲ့ဆိုင် ပိုက်ဆံကောက်တဲ့နေရာနဲ့ ဘေးဘက်မှာ အောက်ကို (အိမ်သာရှိတယ်) ဆင်းတဲ့ လှေကားရှိတယ် ကောင်တာကျော်တာနဲ့ လှေကြီးတစ်စီး ပြထားတယ် ဒါက လက်ဝါးကပ်တိုင်ရဲ့ အောက်ခြေအပိုင်း နောက်ဘယ်ညာ နှစ်ဘက်နေရာမှာ လှေတစ်စီး ဆီ ဆိုတော့ ပေါင်း ၃ စီး အပေါ်ပိုင်းမှာတော့ ကုန်လှည်း တို့ စွတ်ဖားတို့နဲ့ တခြားပစ္စည်းတွေ ပြထားတယ် ၊ အပြန်ကျ လှေပုံစံ ဆေးရိုက်ထားတဲ့ ကြွေပန်းကန် လေးတွေ အမှတ်တရ ဝယ်ဖြစ်တယ် ။
ပြတိုက်ရောက်တုန်းကတော့ စာနဲနဲဖတ် ကြည့်စရာရှိတာ နဲနဲကြည့် ပြီး ဓါတ်ပုံ ရိုက်ဘို့ပဲ ခေါင်းထဲမှာရှိတယ် ဒစ်ဂျစ်တယ်ကင်မရာ ပေါ်လာတော့ ဖလင်ကုန်မှာ ပိုက်ဆံကုန်မှာ မပူရတော့ဘူး မြင်သမျှကို တဖျတ်ဖျတ် ရိုက်မိတယ် ရိုက်ဘို့ပဲ အာရုံရှိနေတယ် ရိုက်လိုက်တဲ့ အရာဝတ္ထု ၊နေရာ ရဲ့ အလှ၊သမိုင်း၊ပညာရပ်ပိုင်းဆိုင်ရာတွေကို မခံစားမိ်တော့ဘူး ၊ ပြီးခဲ့တဲ့ အပတ်က weekly website မှာ ဒေါက်တာအောင်ကြီး ရဲ့ “ဓါတ်ပုံက ကွယ်ထားသော အရာ” ဆိုတဲ့ ဆောင်းပါးလေး ဖတ်ရတယ် အပေါ်ကဟာမျိုးလေး ပြောထားတာ ဖတ်ပြီး ခရီးသွားရင် အရိုက်လျှော့မှလို့ စဉ်းစားမိသေးတယ် အခု ဗိုက်ကင်းပြတိုက်အကြောင်း ရေးမယ်ဆိုတော့မှ ရေးမှတ်ခဲ့တာ၊ ပန်းဖလက်၊ ဓါတ်ပုံ၊ အင်တာနက် ကိုမွှေလိုက်တော့ ပြတိုက်က ပြန်ထွက်လာတဲ့အချိန်မှာ အပေါ်မှာ ကျွန်တော်ရေးတာရဲ့ တဝက်လောက်တောင် မသိခဲ့ဘူး၊ တစ်ခုတော့ ရှိတာပေါ့လေ အလှတွေ သမိုင်းတွေ ကို အပြည့်အဝ ခံစားနေရင်လဲ အောက်ကပုံမျိုးတွေ ကိုု ကျွန်တော့် ရွာသားတွေကို ဘယ်ပြနိုင်တော့မလဲ ၊ ကိစ္စတိုင်းမှာ အကောင်းအဆိုးတော့လဲ ရှိတာပေါ့….
ပြတိုက်ကထွက်လာပြီး နောက်ကားတစ်စီးလာဘို့ ကြာနေသေးတာနဲ့ ကမ်းနားဘက်ကို နာရီဝက်လောက် လမ်းလျှောက်လိုက်တယ် လမ်းဘေးက အိမ်တွေက အော်စလို တစ်မြို့လုံးမှာ ဈေးအကြီးဆုံးအိမ်တွေလို့ပြောတယ် အော်စလိုရွှေတောင်ကြားပေါ့ ၊ ကမ်းနားရောက်ခါနီးတော့ Maritime Museum ဆိုတာ တွေ့သေးတယ် ရှေ့ဆက်ရမဲ့နေရာတွေ ရှိသေးတာနဲ့ အားလုံးရဲ့သဘောတူညီချက်နဲ့ မဝင်တော့ဘဲ ကမ်းနားဆက်ဆင်းခဲ့တယ် သင်္ဘောငယ် စီးပြီး Aker Brygge ဘက်ကိုသွားရမှာ ၊ ဆိပ်ကမ်းမှာ ကျူရိုးလှေလို့ပြောလို့ရမယ်ထင်တဲ့ လှေတစ်စီးတွေ့ခဲ့တယ် လှေပေါ်က ဆင်းလာတဲ့ လူတွေကလဲ ရိုးရာဝတ်စုံလိုဟာမျိုးတွေ ဝတ်ထားတယ် ကမာ္ဘလှည့်ခရီးသည်တွေအတွက် ဝန်ဆောင်မှုပေးတဲ့လှေပုံစံ
သင်္ဘောလေးလာတော့ တက်၊ထွက်ပေါ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း သွားတာမျိုး မဟုတ်ဘူး ဂငယ်လို ဖြစ်နေတဲ့ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကို သွားရတာ ၊ အော်စလိုရောက်မှ ကံကောင်းချင်တော့ လေယာဉ်၊ကား၊ရထား၊သင်္ဘော အကုန်စီးခွင့်ရခဲ့တယ် လမ်းတဝက် လောက်ကနေ မြို့တော်ခန်းမ ကို လှမ်းမြင်ရတယ် ကြည့်လို့ကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ ခန်းမရဲ့အရေးပါမှုကို သိနေတဲ့အတွက် သာမန် အဆောက်အဦးထက်ပိုတဲ့ အသိနဲ့ကြည့်တော့ ကြည့်လို့ကောင်းနေတာပေါ့ ၊ သင်္ဘောကို မိနစ် ၄ဝ လောက်တော့ စီးလိုက်ရတယ် ၊ သင်္ဘောကပ်တာ ကလဲ ခန်းမရှေ့နားပဲ ၊ အဲဒီကနေ အမှတ်တရ ပစ္စည်းဆိုင်တွေ ဆီသွားကြတယ် ၊ ခန်းမရှေ့ကဖြတ်တော့ လူတွေ စုစု ဖြစ်နေတာနဲ့ သွားစပ်စုလိုက်သေးတယ် ၊ အပျှော်တမ်း စကိတ်ပြိုင်နေကြတာ။
အမှတ်တရ ပစ္စည်းဆိုင်လဲ ခဏပါပဲ ၊ အနီးဆုံးဘူတာ ဖြစ်တဲ့ အမျိုးသား ကဇာတ်ရုံရှေ့က ဘူတာကိုသွား ရထားစီးတယ် အရင်ပို့စ်မှာ ပြောခဲ့ဘူးတဲ့ ကရိုနာ ၇ဝ ပေးရတဲ့ လက်မှတ်နဲ့ ၂၄ နာရီအတွင်း ကြိုက်သလောက် စီးလို့ရတယ် ဆိုတဲ့ ရထားပေါ့ ၊ ရထားက စထွက်ကာစ မြန်ပေမဲ့ ကြာတော့ နဲနဲနှေးလာတယ် တောင်ပေါ်ကိုတက်လာတာ မြို့ကို စီးမြင်ရတဲ့ အထိပဲ ပြီးတော့မှ စကိတ်စီးလို့ရတဲ့နေရာနဲ့ အနီးဆုံးဘူတာမှာဆင်းတယ် …..
ဘူတာကနေ တောင်ပေါ်ကို လမ်းလျှောက် တက်ရပြန်ရော တော်တော်မတ်တယ် ဆေးလိပ်သမားတွေဆို ဟောဟဲလိုက်လို့ ကားလမ်းအတိုင်း လိုက်သွားတော့ စကိတ်စင်ကြီးရဲ့ တဝက်ကို ရောက်တယ် အပေါ်ကို မော့ကြည့်တော့လဲ မြင့်သေးတယ် အောက်ကိုကြည့်လိုက်တော့လဲ စကိတ်စီးတဲ့ လမ်းကြောင်းက တော်တော် နက်သွားတယ် လျှောလမ်း တဝက် ကားလမ်းဘေးတင် ပြတိုက်ရှိတယ်၊ ski simulator ရှိတယ် အောက်ထပ်မှာ လက်မှတ်ဝယ်ပြီး အပေါ်ကို ဓါတ်လှေကားနဲ့ ထပ်တက်ရတယ် ၄၅ ဒီဂရီ လောက် စောင်းတက်သွားတာ အခုမှပဲ ဓါတ်လှေကား တစောင်းတက်တာ စီးဘူးတော့တယ် တော်တော်မြင့်တယ် အသည်းအေးစရာကြီး နှလုံးရောဂါရှိတဲ့သူဆို မလွယ်ဘူး ဓါတ်ပုံရိုက်ထားတဲ့နေရာကနေ တံခါးလေးဖွင့်ပြီး စကိတ်လျှောဆင်း လိုက်ရတာ သူတို့ဝါသနာနဲ့ သူတို့ဟာကတော့ဟုတ်လို့ ဘေးမှာပွဲကြည့်ထိုင်ခုံတွေရှိတယ် ပရိတ်သတ် ၃၀၀၀ဝ ကြည့်လို့ရတယ်၊ ဖွင့်ခဲ့တာက ၁၈၉၂ ကတဲက အကြီးစားပြုပြင်တာ ၁၅ ကြိမ် မှာ ၂၀၁ဝ ကနောက်ဆုံးပြင်ခဲ့တယ် ကမာ္ဘ့အိုလံပစ်ပြိုင်ပွဲ တစ်ကြိမ်၊ ကမာ္ဘ့ချန်ပီယံရှစ်ပြိုင်ပွဲ ၄ ကြိမ် ကျင်းပခဲ့တယ် ၊ လျှောဆင်းတဲ့ လမ်းကြောင်းမှာ ရေကိုတားဘို့ပိုက်ကွန်၊ရေခဲတဲ့ ပိုက်တွေလဲ ရှိတယ် …..
အပြန်မှာ ရထား ဆက်စီးလို့ ရသေးပေမဲ့ ညနေစာကို ဂျပန်ဆိုင်မှာ သွားစားဘို့ ဘွတ်ကင်လုပ်ထားတော့ အချိန်က ကပ်နေတာနဲ့ တက်စီကိုဖုံးဆက်ခေါ် အမြန်သွားရတယ် တက်စီက ပရာဒိုတက်စီ ၊ အချိန်ကပ်လို့တော်သေးရဲ့ အပြန်အဆင်းလမ်းလျှောက်ရရင် မလွယ်ဘူး ၊ ဂျပန်ဆိုင်က ကောင်မလေးကို ဂျပန်လို မတတ် တတတ် နုတ်ဆက် စကားလေးနဲ့ ပြောတာ ပြန်မပြောဘူး ကိုယ့်အသံထွက် မှားနေလို့ထင်ရဲ့ .. ပြန်ခါနီးမေးကြည့်တော့မှ အွန်စောတို့အမျိုးတို့မှန်း သိခဲ့ရလို့ မြဝတီ (၇)နာရီကား နေ့တိုင်းကြည့်တဲ့ အစွမ်းပြရတယ် “အညန်ဟဆေရော” ဆိုတော့မှ ဆရာမက “အညန်ဟဆေရော” ပြန်လုပ်တယ်
ဆိုင်ကထွက်တော့ ည ၉ နာရီ လင်းလင်းချင်းချင်း ရှိသေးတယ်၊ အင်္ဂလိပ်တွေ ခေတ်ကောင်းတုန်းက ကိုလိုနီနိုင်ငံတွေများလို့ နေမဝင်တာ နော်ဝေကတော့ တနိုင်ငံထဲနဲ့ကို နေမဝင်တော့ဘူး ၊နော်ဝေက အင်္ဂလန်တို့ အမေရိကန် တို့နဲ့ ဆက်ဆံရေးက တော်တော်ကောင်းတယ် ဒုတိယကမာ္ဘစစ်မှာ အင်္ဂလိပ်တွေ ရဲ့ ကူညီထောက်ပံ့ပေးခဲ့တာတွေကို ကျေးဇူးတင်တဲ့အနေနဲ့ နော်ဝေ က အင်္ဂလန်ကို နှစ်စဉ် ဒီဇင်ဘာလတိုင်းမှာ ခရစ်စမတ်သစ်ပင် ပို့ပေးတယ် အင်္ဂလန်ကလဲ လန်ဒန်မှာ ရှိတဲ့ Trafalgar square မှာ အခမ်းအနားနဲ့ လက်ခံတယ် ၊ အမေရိကန်နဲ့ ကုန်သွယ်ရေးက တနှစ်ကို ၁၅ ဘီလီယံလောက် အမြတ်ရနေကြတယ် အမေရိကန်နိုင်ငံသား ၃၀၀၀ဝ လောက် နော်ဝေမှာ နေတယ်။
ဆိုင်ကနေ အော်စလို ဘူတာကြီး ကိုလမ်းလျှောက်တယ် သိပ်မဝေးပါဘူး၊ လမ်းမှာ အခုလက်ရှိ အုပ်ချုပ်နေတဲ့ (သမိုင်းတစ်လျှောက်မှာလဲ အများဆုံး အနိုင်ရတဲ့ ပါတီ) လေဘာပါတီရုံးချုပ်ကို တွေ့လို့ ဦးပေါက်ကို အားကျပြီး လက်ဆော့ လိုက်သေးတယ်၊ ပါတီရုံးချုပ်ရှေ့မှာ ဆိုင်ခင်း ရောင်းနေတဲ့ ဈေးဆိုင်လေးတွေတောင် စသိမ်းနေပြီ ၊ အော်စလိုဘူတာကြီး ဧရိယာက အော်စလိုဆူးလေနေရာပေါ့ ဘူတာရှိတယ် အော်စလိုစီးတီး ရှော့ပင်းမော တွေရှိတယ် စားသောက်ဆိုင်တွေရှိတဲ့ ကမ်းနားနဲ့ သိပ်မဝေးဘူး၊
ဘူတာက လေဆိပ်ကို ထွက်တဲ့ ရထားက ည ၁၂ နာရီ နောက်ဆုံးမို့ အချိန်မီတော့ ပြန်ဘို့လိုမယ် ၊ ဘူတာကနေ ရထား နဲ့ ထွက်လာရင် မြို့အထွက်လောက်မှာ ဥမင်လှိုင်ခေါင်းကိုဖြတ်ရတယ် အမြန်ရထားနဲ့ ၅ မိနစ်လောက် ဖြတ်ရတာ ဆိုတော့ ကီလို ၂ဝ လောက်တော့ ရှည်မယ် နော်ဝေက ဥမင်လှိုင်ခေါင်းပညာမှာလဲ အဆင့်မြင့်တယ် အော်စလိုမှာတင် တောင်ဖောက်ဆောက်ထားတဲ့ ဥမင် ၂ ၊ ၃ ခုပဲ ကားနဲ့ဖြတ်တဲ့ ဥမင်တွေမှာ သတိထားမိတာ ရေမစိမ့်ဘူး၊လက်ရာသေသပ်တယ်၊ အခုလက်ရှိ ဆောက်နေတဲ့ ရေအောက်ဥမင်တစ်ခု အကြောင်းပြောပြတာ ရေအောက်က မြေကြီးထဲကို မတူးတော့ဘူး ပိုက်လုံးကို မြေကြီး ကြမ်းပြင်ပေါ်ချ ပိုက်တွေဆက် ပြီးတော့မှ ရေတွေစုတ်ထုတ်တယ်တဲ့ အဲဒါကိုတော့ မမြင်ခဲ့ရဘူး မြင်ခဲ့ရတဲ့ ဥမင်တွေကတော့ လက်ရာသေသေသပ်သပ်နဲ့ အဆင့်မြင့်တယ်….
အဆောင်မှာ နေရတာ ပျင်းလာရင် ညနေဘက်တွေ လမ်းလျှောက်ဖြစ်တယ် ပတ်ဝန်းကျင်မှာ လူနေအိမ်နဲနဲရှိတယ်၊ ဟိုတယ်ကတော့ ၄ ခုလောက် ရှိတယ်၊ လွတ်လပ်လို့ ပုဆိုးနဲ့ပဲလျှောက်တယ် ၊ လမ်းမှာ တွေ့တဲ့လူတချို့ ကတော့ ထူးထူးဆန်းဆန်း ယောင်္ကျားလေးက စကတ်ကြီး ဝတ်တယ် ထင်လို့ လားမသိဘူး မသိမသာတော့ ကြည့်ကျတယ် သူကြီးလိုတော့ ကမ်းစပ်မှာ လာစပ်စုတာမျိုး မခံရဘူး ၊ အပြင်ထွက်ရင် နေ့နေ့ညည အနွေးထည်ဝတ်ရတယ် (ဒါတောင် နွေရာသီ နော် ) ညနေဘက် လမ်းလျှောက်ရင် စလျှောက်ခါစ မသိသာဘူး ကြာလာရင် ပါးတွေ ကျဉ်လာတယ် ၊ ခေါင်းစဉ်မှာ နော်ဝေ လို့တပ်ပေမဲ့ တကယ်ရောက်ခဲ့တာက အော်စလို တစ်မြို့ထဲပါ တခြားနော်ဝေအကြောင်းတွေတော့ ပါတာပေါ့ ၊ မပြန်ခင် တစ်ပတ်ကတော့ နော်ဝေရဲ့ အနောက်ပိုင်းမှာ ရှိတဲ့ Bergen ကို သွားလည်ဘို့ စီစဉ်ပါတယ် ရထားနဲ့ သွားမယ် တညအိပ်ခရီးပေါ့ Bergen က အနောက်ပိုင်း ပင်လယ်ကမ်းခြေ မြို့ပါ ၊ အင်္ဂလန် နဲ့ မျက်နှာချင်းဆိုင် လို့ပြောလို့ရမယ် ၊ နော်ဝေမှာ နိုင်ငံမြောက်ပိုင်းက အာတိတ်စက်ဝိုင်းမှာရှိပြီး နွေရာသီမှာ နေက ၂၄ နာရီ လုံး မိုးကုတ်စက်ဝိုင်းမျဉ်း အောက်ကို မရောက်လို့ Midnight sun ကြောင့် နာမည်ကြီးသလို ၊ Bergen ကလဲ သာယာပြီး ကမာ္ဘလှည့် ခရီးသည်တွေ အသွားများတဲ့မြို့ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ပေါ့ ၊ သောကြာနေ့ သွားဘို့လုပ်တာ ကြာသပတေနေ့ကျ Bergen ကို သွားတဲ့ရထားလမ်းမှာ မတော်တဆမှုဖြစ်တာနဲ့ မသွားလိုက်ရပဲ ခရီးစဉ်ပျက်သွားရတယ် ၊
စကင်ဒီနေးဗီးယန်း တိုင်းပြည်တွေဖြစ်တဲ့ နော်ဝေ၊ဆွီဒင်၊ဒိန်းမတ် (၃)နိုင်လုံးက သုံးတဲ့ဘာသာစကားကတူတယ် ၊ နော်ဝေစာမှာ ကြည့်လိုက်ရင် အို ကို ထောင့်ဖြတ်လို စာမျိုးအသုံးများလို့ မေးကြည့်တော့ သူတို့ရဲ့ စာက အင်္ဂလိပ်စာလုံး အေ၊ဘီ၊စီ၊ဒီ ပဲ ၊ အသုံးချင်းတော့ မတူဘူး (ချင်း စာလို ဖြစ်မှာပေါ့ ) ၊ ဒါပေမဲ့ အင်္ဂလိပ်က ဗျည်း ၂၆ လုံးပဲ ရှိတယ် သူတို့က ၃ လုံးပိုတယ် အိုကိုထောင့်ဖြတ်လိုဟာမျိုးရယ်၊ ခလယ်က မျဉ်းတစ်ကြောင်းထဲမှာ ရှေ့ကအေ၊နောက်ကအီး ပူးရေးထားတာမျိုးရယ် အိပ်စ်လိုဟာမျိုးရယ် အသံထွက်တွေကတော့ “ အ ” သံ တွေပဲ “အေ၊အဲ့၊အော” ဆိုတာမျိုး ၊
ကျွန်တော်တို့ကို လိုက်ကူညီပေးနေတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ စကား စပ်မိလို့ မင်းမှာ မိသားစုရှိလား ဆိုတာမျိုးမေးတော့ girl friend ရှိတယ် ကလေးနှစ်ယောက်နဲ့တဲ့ တော်တော်နောက်တဲ့ ဥရောပသားတွေ ရွာထဲမှာ သူကြီးတို့ ဦးဖောရင်းတို့ တင်တာတွေကနေ ဗဟုသုတရနေလို့ နို့မို့ဆို အောင်ကြူကြူ ဖြစ်သွားမယ် ၊ ရွှေတွေကလဲ နော်ဝေသွားရမယ်ဆိုတော့ ရောက်တောင့်ရောက်ခဲ နေရာမို့လို မှတ်တမ်းတင်ဘို့အားခဲလာကြတယ် မျက်စေ့ရှေ့မှာ မလှုပ်လိုက်နဲ့ ရိုက်ပြီးသားပဲ တစ်ရက် ဈေးပတ်ရင်း နော်ဝေမိတ်ဆွေကြီးက သူ့ချစ်ချစ်အတွက် ပန်းဝယ်မယ်ဆိုပြီး ပန်းဆိုင်ထဲ ဝင်သွားရော ပန်းလေးတွေကလဲလှတော့ “ နော်ဝေက ပန်းဆိုင်လေး ” ဆိုတဲ့ ပုံတစ်ပုံရအောင် ရိုက်တာပေါ့ ဆရာသမားက တော်တော်နဲ့ ပြန်ထွက်မလာဘူး ဘာတွေပြောနေကြမှန်းမသိဘူး သူ ပြန်လာတော့မှ အဖြစ်မှန်သိရတော့တယ် ကျွန်တော်တို့ ရိုက်တာက ပန်းဆိုင်ကို ဒါပေမဲ့ ပန်းဆိုင်က အမျိုးသမီးက သူ့ကိုရိုက်တယ်လို့ထင်တယ် ကြည့်တော့လဲ မျက်နှာစိမ်းတွေ ဓါတ်ပုံရိုက်ပြီး ပြစ်မှုတစ်ခုခု လုပ်တာမျိုး ဖြစ်မှာစိုးလို့ အမျိုးသမီးက ကန့်ကွက် ဟိုလူက ရှင်းပြနဲ့ ၊ ပြန်လာတော့ သူက ပြောရှာတယ် နောက်ပိုင်း ဓါတ်ပုံရိုက်ရင် လူကိုရိုက်တာမျိုးမဖြစ်အောင် သတိထားပေးပါကွာ ..တဲ့ ( မြန်မာပြည်က ရွှေများ ကျတော့လဲ ကိုယ့်ကိုများ နိုင်ငံခြားသားက ဓါတ်ပုံရိုက်ရင် ပြုံးတောင် ပြလိုက်သေး..) ၊
မြန်မာပြည်မှာ ဒေဝေါ ရှိသလို ၊နော်ဝေမှာလဲ နော်ဝေဒေဝေါ ရှိတယ် သူတို့ ကတော့ troll လို့ခေါ်တယ်၊ အပြင်မှာ ရှိတယ် မရှိဘူး အမျိုးမျိုး ပြောနေကျ ပေမဲ့ လက်တွေ့ ပြနိုင်တဲ့ သက်သေအထောက်အထားတော့ မရှိပါဘူး (မြန်မာပြည်မှာတောင် ဇာတ်လမ်းခွေတွေ ရှိတယ်) သူတို့အယူအဆအရ အဲဒီကောင်က တောထဲမှာ ရှိတယ်လို့ ယူဆကြတာမို့ တောစပ်မှာနေတဲ့အိမ်တွေ တောစပ်ကို ခရီး သွားကြတဲ့သူတွေ ကလေးငယ်တွေ တောထဲ တစ်ယောက်ထဲ ဝင်သွားမှာ စိုးလို့ troll ကြီး ကိုက်လိမ့်မယ် ဆိုတာမျိုး နဲ့ ခြောက်တတ်ကျတယ် ကျွန်တော်တို့ ငယ်ငယ်က ဒေဝေါကြီးဆို ဘာမှန်း မသိပဲ ကြောက်သလို နော်ဝေကလေးတွေလဲ troll ကို ကြောက်ကြတယ်၊
ပိတ်ရက် တစ်ခုမှာတော့ Norwegian Armed Forces Aircraft Collection ကို သွားလည်တယ် အဆောင်နဲ့ နီးနီး ဆိုတော့ လမ်းလျှောက်သွားကြတယ် သူတို့တွေ အရင်ကတဲက စိတ်ကူးခဲ့ကြတာ ရှိတယ် ပြည်သူလူထု ဗဟုသုတ ရအောင် ကြည့်ရှုလေ့လာနိုင်ဘို့၊သုတေသနလုပ်နိုင်ဘို့၊ အဖိုး မဖြတ်နိုင်တဲ့ သမိုင်းဝင်လေယာဉ်တွေကို တစ်နေရာထဲမှာ စနစ်တကျ ထိန်းသိမ်းဘို့ နေရာတစ်ခုကိုရှိအောင်လုပ်ရမယ် ……………..၊ အခု ကျွန်တော်တို့ သွားကြည့်ခွင့်ရခဲ့တဲ့ နေရာက သူတို့ရဲ့ အိပ်မက်တွေ လက်တွေ့ အကောင် အထည်ပေါ်လာတဲ့ နေရာပေါ့ သူတို့ရဲ့ အိပ်မက်ကို နော်ဝေလူမျိုး ပထမဆုံး လေယာဉ်ပျံခဲ့တဲ့ ၁၉၁၂ ဇွန် လောက်ကတဲက မက်ခဲ့ကြတာ ဒီလိုအနေအထားမျိုး ဖြစ်ဘို့အတွက် အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ခဲ့ရတယ်၊ သူတို့အတွက် သမိုင်းဖြစ်စေမဲ့ လေယာဉ်တွေ ကို ဒါတော့ ငါတို့ရဲ့ ပြတိုက်ကြီး ဖြစ်လာရင် ထားမယ့် လေယာဉ်လို့ သတ်မှတ်ပြီး ထုံးတို့ထားလိုက်တယ် ဒါပေမဲ့ အကြောင်း အမျိုးမျိုး နဲ့ ပျောက်ဆုံး ပျက်စီး ကုန်ကျတယ် ၊ ဖြစ်စဉ်တစ်ခုဆို နော်ဝေရေတပ် ရဲ့ ဒီဇိုင်းနဲ့ နောက်ဆုံးထုတ်ခဲ့တဲ့ တိုက်ခိုက်ရေးလေယာဉ် M.F.9C တစ်စီးဆို ၁၉၃ရ မှာ ပျံသန်းတာရပ် ဒီလေယာဉ်က ပြတိုက်မှာ ထားမဲ့လေယာဉ်လို့ သတ်မှတ်၊ Horten မှာရှိတဲ့ လေယာဉ်စက်ရုံမှာ သိမ်းထားတာ ဂျာမန်တွေ နော်ဝေကိုသိမ်းထားတဲ့ အချိန် ပျောက်သွားလိုက်တာ အစကိုပြန်ရှာလို့ မရတော့ဘူး ၊ တစ်ခါကျတော့ လေယာဉ်ရုံဟောင်းတစ်ခုကို ပြတိုက်လို သဘောထား လေယာဉ်တွေ စု ထားတာ ၁၉၅၆ နှင်းတွေ အရမ်းကျ ခေါင်မိုးပြိုတော့ သွားပြန်ရော ၊ နောက် ဟိုနေရာမှာ ထားမယ် ဒီနေရာမှာထားမယ် ဆိုပြီး လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရ ၊ ၊ဘတ်ဂျက် မရှိ ဖြစ်ရနဲ့ အခက်အခဲ အမျိုးမျိုးကို ကျော်လွှားပြီးတော့မှာ ဒီနေရာကို ရောက်လာရတာပါ၊ ပြတိုက်ထဲကို ဝင်လိုက်ရင် အပေါက်တည့်တည့်မှာ ကျဆုံးစစ်သည် ရဲ့ အမည်ကို ကျောက်သား အဖြူပေါ်မှာ ရေးထိုးထားတယ်၊ သေသွားပေမဲ့ နိုင်ငံတော်က အသိအမှတ်ပြုခံရတော့ သူတို့အတွက် ဂုဏ်ယူစရာပါ အဝင် ညာဘက်ခြမ်းမှာ ကော်ဖီဆိုင် ဘယ်ဘက်ခြမ်းမှာ အမှတ်တရပစ္စည်း အရောင်းဆိုင်နဲ့ ဝင်ပေါက် အဆောက်အဦးက နှစ်ထပ် လေယာဉ်တွေက အမျိုးအစား စုံတယ် သူတို့ အသုံးပြုခဲ့တဲ့ တိုက်လေယာဉ် ခရီးသည်၊ကုန်ပို့လေယာဉ် ၊ ရဟတ်ယာဉ် တွေရှိတယ် ၊
သူတို့နဲ့ ကျွန်တော်တို့ကြားမှာ တန်ဘိုးထားတာတွေလဲ ကွာတယ် ပူတင်လို သမ္မတကြီး လာလည်တဲ့ ပုံလဲ နံရံမှာ စက္ကူပြားလေးနဲ့ ကပ်ထားတယ် ၊ အဘိုးကြီး အဘွားကြီး အုပ်စုလိုက် လာတယ် ၊ မိသားစုလိုက်လာတယ် ၊ လူငယ်လေးတွေ လာတာ တွေ့တယ် ၊ ကျွန်တော်တို့ ဆီမှာ ပြတိုက်တွေကို လေ့လာတဲ့ဘက်မှာ အားနည်းကျတယ် သူများ မပြောပါဘူး ကျွန်တော်ကိုယ်တိုင် မရောက်ဘူးတာ ခပ်များများရယ် လူထုရဲ့ အသိပညာ အားနည်းချက်လို့ ပြောလို့ရသလို လူတွေလာကြည့်ချင်အောင် စည်းရုံးရမဲ့ ပညာပေးရမဲ့ လိုအပ်တာတွေ လုပ်ပေးရမဲ့ တာဝန်ရှိသူတွေရဲ့ အားနည်းချက်လဲပါတာပဲ၊ အပေါ်ထပ်မှာ စာရွက်လွတ်တွေနဲ့ ရောင်စုံခဲတဲ့တွေ ချထားပေးတယ် ကလေးတွေက သူတို့ဘာသာ ဆွဲချင်တာကို လွတ်လွတ်လပ်လပ် ဆွဲသွားကြတယ် တီထွင်ဖန်တီးမှုကို အားပေးရာ ရောက်သလို ဒီ လေယာဉ်တွေ ရဟတ်ယာဉ်တွေက သူတို့နဲ့ စိမ်းမနေတော့ဘူး ဒီပစ္စည်းတွေ ဒီလူတွေကို ခင်မင်ရင်းနှီးစိတ်တွေ ရှိနေပြီပေါ့ ၊ တချို့လေယာဉ် တွေကို ဒီအတိုင်းဖွင့်ပေးထားတယ် ကလေးတွေက တက်ကလိနေကြတာ အားရပါးရပဲ သူတို့လေးတွေရဲ့ အနာဂတ် ရည်မှန်းချက်ထဲမှာ တိုက်လေယာဉ်မှူးကြီး ဖြစ်ချင်စိတ်တွေ ဘယ်လောက်တောင် ပေါ်နေမလဲမသိဘူး ကြီးမှ လာမောင်းကြပါကွာလို့ ခေါ်နေစရာ မလိုတော့ဘူး …
မပြန်ခင် တစ်ရက် က အော်စလိုကို ထပ်သွားတယ် ခဏပါဘဲ ရှော့ပင်ထွက်တာပေါ့ ( window shopping ပါ) အဓိက ကတော့ အော်စလိုစီးတီးကို သွားတယ် ဘူတာဘေး ကပ်ရပ်ပါဘဲ ၊ပါတဲ့တစ်ယောက် က ဖုံး စိတ်ဝင်စားလို့ လိုက်ကြည့်တာ စာချုပ်နဲ့ဝယ်ရတဲ့ ဟာတွေပဲများတယ် စာချုပ်နဲ့ ဝယ်တာတွေက ဈေးသိပ် မကျဘူး၊ ကိုယ့်အတွက် စာချုပ်မဲ့မှ ရမှာမို့ မေးကြည့်တော့ ရန်ကုန်မှာ ၂ သိန်းမကျော်တဲ့ ဖုန်းက အဲဒီမှာ ၅ သိန်း ကျော်တယ် ၊ မဝယ်ခဲ့ပါဘူး
အိမ်ပြန်ရောက်ရင် လှည့်မကြည့်ကျမှာစိုးလို့ ဈေးကြီးလဲ မတတ်နိုင်ဘူး အမှတ်တရပေါ့ဆိုပြီး ကျေးဇူးရှင်လေးတွေ အတွက်ပဲ နဲနဲ ဝယ်ဖြစ်တယ် ၊ ကောင်တာမှာ ပိုက်ဆံရှင်းတော့ ကိုယ့်ရှေ့ကလူတွေက ကဒ်တွေနဲ့ချည်းပဲ ကိုယ့်အလှည့်ကျ ကရိုနာက လက်ထဲသိပ်မရှိတော့တာနဲ့ ဒေါ်လာပေးတော့ ရာတန်ဖြစ်နေတယ် အားလုံးက ထူးထူးဆန်းဆန်း ဝိုင်းကြည့်နေကြတယ် ပိုက်ဆံကိုင်သုံးတာပဲ လူထူးလူဆန်းကြီးကို ဖြစ်လို့ တဆိုင်ဆို ချက်ချင်းလက်မခံဘူး သူ့ထက်ကြီးတဲ့လူကို သွားခေါ် နေသေးတယ် ( စင်ကာပူ ဘန်ကောက်ဆို ပိုက်ဆံလဲရတာ အလွယ်တကူပဲ အော်စလို မှာ ပိုက်ဆံလဲတဲ့ နေရာ အလွယ်တကူ မတွေ့ခဲ့ဘူး ) ၊
ဈေးဝယ်က ပြန်လာပြီး ဘူတာရှေ့မှာ ပွဲလေးတစ်ခု လုပ်နေတာ တွေ့လို့ ခဏငေးလိုက်သေးတယ် စင်ပေါ်မှာ လူငယ် နှစ်ယောက်က ဂိမ်းပြိုင်နေတာ သူတို့ ပြိုင်နေတာကို စကရင်အကြီးကြီးနဲ့ ပြထားတယ် အောက်မှာက သူ့ပရိတ်သတ်နဲ့သူ ၊ ကိုယ်အားပေးတဲ့ သူရဲ့နာမည်ရေးထားတဲ့ ကဒ်ပြားလေးတွေကိုင်လို့ ၊ လူအများကြီးတော့ မဟုတ်ပါဘူး ခဏနေတော့ ဘယ်ကစဖြစ်လဲ မသိဘူး အသက် ၂ဝ လောက်ရှိတဲ့ လူငယ်နဲ့ ၅ဝ လောက်ရှိမဲ့ လူကြီး ရန်ဖြစ်ပြီး နပမ်းလုံးကြရော (အတွေ့အကြုံများ ရချင်တော့ အော်စလို ရန်ပွဲတောင် ကြုံခဲ့ရသေး ) ဘေးကလူတွေက ဝိုင်းကြည့် နေကျတယ် ဝင်လဲမဆွဲဘူး ၊ ကိုယ့်မှာတော့ အားမလို အားမရဖြစ်လို့ ၊ စိတ်ထဲက ဝင်ဆွဲစေချင်နေတယ် ၊ဒါပေမဲ့ကိုယ်လဲ ဘေးက အသာပဲ ကြည့်နေရတယ် ၊ မှတ်တမ်းလေးရအောင် ဓါတ်ပုံတော့ ရိုက်ခဲ့တယ် ဘာမှန်းညာမှန်း မသိလို့ အနီးကပ်တော့ မရိုက်ရဲဘူး ခပ်လှမ်းလှမ်းကပဲ ရိုက်ရတယ် ၊ တစ်ယောက်ယောက်က ဖုံးဆက်လိုက်တာ ဖြစ်မယ် ရန်ဖြစ်ပြီး ၅ မိနစ် မပြည့်ခင်မှာ ရဲတစ်ယောက်ရောက်လာတယ် ဆက်တိုက်ပဲ ရဲကားရောက်လာတယ် သူတို့ကိုခေါ်သွားတယ် ဒါကတော့ ကျွန်တော်တို့ဆီနဲ့ အတူတူပေါ့ ရုပ်ရှင်ထဲမှာ ကြည့်လိုက်ရင် တစ်ခုခု ပြသနာဖြစ်ပြီး သိပ်မကြာပါဘူး ရဲတွေရောက်လာတာပဲ ဟာ…
နော်ဝေနိုင်ငံက ချမ်းသာတယ် လူနေမှု အဆင့်အတန်းမြင့်တယ် လူမှုဖူလုံရေးစနစ်တွေကောင်းတယ် ဆိုပေမဲ့ လူထုအတွက် တစ်ဖက်က ပြန်ကြည့်တော့ အခွန်၊အခတွေကြီးတယ်၊ပစ္စည်းတော်တော်များများက နိုင်ငံခြားကသွင်းရတယ် ၊စရိတ်စကကြီးတယ်၊ ကိုယ့်လိုအပ်ချက်တွေကို ကိုယ့်ဘာသာရှင်းရတယ် လူပိုမငှားနိုင်ဘူး ၊ လူတော်တော်များများရဲ့ စိတ်ထဲမှာ သူတို့ကိုယ်သူတို့ ဆင်းရဲတယ်လို့ ခံစားရတယ် လူတိုင်း ကားမစီးနိုင်ဘူး စီးတဲ့ လူတိုင်းလဲ ကားသစ် မစီးနိုင်ဘူး ၊ အသစ်မှာ အခွန်အခက ဈေးပိုကြီးတယ် နဲနဲဟောင်းသွားရင် ဈေးသက်သာသွားတယ် ၊ကားသက်တမ်းကိုု ကန့်သက်ချက်မရှိဘူူး (စင်ကာပူနဲ့ ပြောင်းပြန်ပေါ့) ၊ နော်ဝေနဲ့ ပတ်သက်လို့ အမြင်တွေကတော့ သူတို့ဖြတ်သန်းခဲ့ရာ ပတ်ဝန်းကျင်ပေါ် မူတည်ပြီးတော့ မတူနိုင်ကြဘူး နော်ဝေလူမျိုးတချို့ က သူတို့ကိုယ် သူတို့ ဆင်းရဲတယ်လို့ခံစားနေရပေမဲ့ နော်ဝေနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူတယ် နော်ဝေမှာ နေရတာ ပျော်တယ်၊ ယူဂိုဆလပ် လင်မယားကတော့ ဒီကောင်တွေကအရူးတွေတဲ့ ( အရူးတွေ ဆီက ရတဲ့ပိုက်ဆံနဲ့စားပြီး မိသားစုဆီ ပိုက်ဆံပြန်ပို့ ပေးနေရတာပါပဲ) ၊ အီကွေဒေါမမကတော့ ဈေးကြီးပေမဲ့ ဒီမှာ မှုခင်းနည်းပါတယ် အေးချမ်းတယ် ဘဝကို ချွေတာရင်း ကျော်ဖြတ်နေတယ် ၊ ပါကစ္စတန်အိုင်တီဆရာ အတွက်ကတော့ နော်ဝေဟာ နိဗာန်ဘုံပဲ၊ အဲ ရွှေတစ်ယောက်က ပြောတယ် နော်ဝေဟာ ပစ္စ န္တရစ်အရပ်တဲ့….ဒါပေမဲ့ သူလဲ…………………………….
မှတ်မှတ်ရရ ရန်ကုန်မှာ ရွာသားတွေ လူချောင်းတဲ့ နေ့က ခရီးစထွက်တာ (အဲဒီနေ့ ကိုယ်တိုင် လာမချောင်းရလို့ အဲ.. ပွဲကိုမလာလိုက်ရလို့ စိတ်တောင် မကောင်းဘူး) ရောက်ကာစတော့ ပျှော်တာပေါ့ နဲနဲကြာလာတော့ ကိုယ့်မြေ၊ကိုယ့်ရေ ၊ကိုယ့်အစားအစာ မဟုတ် ကိုယ့်ဆွေ ကိုယ်မျိုး မရှိတဲ့ ဒေသ ဆိုတော့ ပြန်ချင်စိတ်က ဖြစ်လာရော ၊ ဒီခေတ်မှာ ဆက်သွယ်ရေး စနစ်ကောင်းမွန်နေတော့ တော်သေးတယ် ကိုယ့်အိမ်မှာ ကိုယ့်မိသားစုမှာ ဘာဖြစ်နေလဲ ချက်ချင်းသိရတယ် ကျွန်တော်တို့ အော်စလိုမှာရှိတုန်း ရန်ကုန်လေယာဉ်ကွင်း လေယာဉ်ဘီးချော်လို့ ပိတ်တယ်တို့ ၊ မန္တလေးမှာ ဗုံးပေါက်တယ်တို့ ဆိုတာတွေက မြန်မာပြည်က လူတိုင်း သိချင်မှ သိမယ် ကျွန်တော်တို့ သိနေရပြီ ရန်ကုန်ကိုတောင် လှမ်းပြောရတယ် ဘယ်မှာ ဘာဖြစ်လို့လေ သိပြီးပြီလားဆိုတာမျိုးပေါ့ ၊ အပြင်ထွက်သွားရင် အဲဒီကိစ္စကြုံရတယ် သတင်းတွေက ပြင်ပမှာ ပွင့်လင်း လွတ်လပ် လျှင်မြင်လွန်းတော့ မြန်မာပြည်က သတင်းတွေ ဟုတ်တာရော မဟုတ်တာရော အကုန်သိပြီး စိတ်တွေပူလို့ မြန်မာပြည်ကို လှမ်းမေးရတယ် ရန်ကုန်မှာ ဘာဖြစ်လို့ဆို ပြီး မေးလိုက်ရင် ရန်ကုန်ကလူတွေ ပြန်ပြောတာ “ဘာမှလဲ မသိပါဘူး ၊ ဘာမှလဲ မထူးပါဘူး ၊ အေးအေးဆေးဆေးပါပဲ ”တဲ့
အချိန်တန်တော့လဲ အိမ်ပြန်ရတော့မှာပေါ့ ၊ လေယာဉ်လက်မှတ် စီစဉ်ထားတာက ညနေခရီးစဉ် ၊ ဂျာမနီမှာ အချိန်ပိုရအောင် ဆိုပြီး မနက်ပိုင်းခရီးစဉ်နဲ့ လဲဘို့ ကြိုးစားပေမဲ့ အားလုံးကပြည့်နေပြီး ဘယ်လိုမှ လဲလို့မရတာနဲ့ ညနေပိုင်းနဲ့ပဲ ပြန်ခဲ့ရတယ် ၊ လေဆိပ်ရောက်တော့ လေဆိပ်နဲ့ ပတ်သက်လို့မှတ်ထားတာလေး ပြောပြချင်ပါသေးတယ်၊ နော်ဝေမှာ လေယာဉ်ကွင်း စုစုပေါင်း ၉ရ ကွင်း ရှိတာမှာ ၅၁ ကွင်းက ပုဂ္ဂလိကပိုင်၊ ၄၆ ကွင်းပဲ အစိုးရပိုင်ပါတယ် ၊ ဂါဒါမွန်လေဆိပ်က မြန်မာပြည် မင်္ဂလာဒုံလေဆိပ်ထက် နဲနဲပဲကြီးတယ် ပင်မ အဆောက်အဦက ၂ ထပ် ပဲရှိပေမဲ့ ဘယ်၊ညာ နှစ်ခုကို လက်တံတွေ ဆန့်ထုတ်ထားသလို လုပ်ထားတော့ Boading Bridge ၃၅ ခုရှိတယ် အရွယ်အစား က ဘန်ကောက်ထက်ရော စင်ကာပူထက်ပါသေးတယ် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကိုယ့်ဆီလာ ပြန်ဖြန့်ခွဲထွက်သွားမဲ့ ခရီးသည်တွေ မဆွဲဆောင်နိုင်ခင်မှာ ဂါဒါမွန်လေဆိပ်လောက်ဆိုတော်တော် အဆင်ပြေပါမယ် အဲဒီလေဆိပ်ကပဲ (၃၈) နိုင်ငံ နဲ့ ခရီးစဉ် ၈၃ ခု ပျံသန်းနေတယ် ဒါကပုံမှန်ခရီးစဉ် charter က ခရီးစဉ် ၅၆ ခုရှိတယ် အော်စလိုနဲ့ တိုက်ရိုက်ပျံတာတွေက အီးယူ အဓိကပျံတယ် အာရှမှာဆို အစ္စလန်မာဘတ်(ပါကစ္စတန်) နဲ့ ဘန်ကောက်ရှိတယ် ဒီလောက် လေဆိပ်နဲ့ ဒီခရီစဉ်တွေ အဆင်ပြေပြေ ဆွဲနိုင်တာ သုံးတဲ့ စက်ကိရိယာတွေ ကောင်းပြီး စီမံအုပ်ချုပ်မှုကောင်းလို့ပဲ ဖြစ်ရမယ် ၊ နော်ဝေပိုင် အဓိက လေကြောင်းလိုင်း က နှစ်ခုပဲရှိတယ် SAS (Scandinavian Airlines System) နဲ့ Norgian Air Shuttle ၊
အပြန်ကျ လေဆိပ်ထဲ ရောက်တာနဲ့ Self Check In လုပ်နိုင်တဲ့ စက်လေးတွေ အများကြီး စီတန်းချထားပါတယ် သက်ဆိုင်ရာ ဝန်ထမ်းတစ်ယောက်ကိုမေးကြည့်တော့ check in အရင်လုပ်ပါ ဆိုတာနဲ့ စက်ရှေ့သွား၊ ဘာသာစကားရွေး ၊ e ticket မှာပါတဲ့ ကုဒ်နံပါတ် ရိုက်ထည့်တော့ ကိုယ့်နာမည်နဲ့ ခရီးစဉ်ပေါ်လာတယ် အဲဒီမှာ ပစ္စည်းဘယ်နှစ်ခု အပ်မှာလဲ ၊ ဘယ်ခုံမှာထိုင်ချင်လဲရွေး (လမ်းဘေး၊ တံခါးပေါက်ဘေး) ဒါလေးဘဲ ရွေးပြီးတာနဲ့ စက်က Boading Pass ထွက်လာတယ် စုစုပေါင်း ကြာချိန်က ၂ မိနစ်ထက် မပိုဘူး ပြီးတာနဲ့ ပစ္စည်းအပ် လုံခြုံရေးအစစ်ခံ ၊ အထဲရောက် လေယာဉ်ပေါ်တက်ဘို့ပဲ ကျန်တော့တယ် ၊ အထဲမှာ ဈေးဝယ်ဘို့ဆိုင်တွေရှိပေမဲ့ မိုးပေါ်ပျံတက်နေတဲ့ ဈေးတွေနဲ့မို့ ခြေညောင်းအောင်ပဲ လျှောက်ကြည့်ခဲ့ပါတယ်
အော်စလိုကတက်တော့ သတ်မှတ်ချိ်န်ထက် တစ်နာရီနောက်ကျတယ် ၊ ပုံမှန် အတိုင်းထွက်ရင်တောင် ဖရန့်ဖတ်မှာ ၁:၄၅ လောက်ပဲ အချိန်ရမှာ အဲဒါဆိုတော်သေးတယ် အခု တစ်နာရီနောက်ကျတာဆိုတော့ ၄၅ မိနစ်ပဲ အချိန်ရတော့မယ် ဂိတ်လိုက်ရှာရတော့မယ် ၊ လုံခြုံရေး အစစ်ခံရတော့မယ် အကြောင်းတစ်ခုခုကြောင့် မမှီတော့ရင် နောက်တစ်ရက်မှ လိုက်ရဘို့များပြီ ဒါတောင် နေရာရှိဦးမှ တက်ကတဲက စိတ်တွေပူလာရတယ် အော်… နော်ဝေးရယ် အသွားပူ အပြန်ပူပါလား စိတ်ပူရတဲ့ ကြားတဲက စိတ်ချမ်းသာ စရာလေး တစ်ခုတွေ့ရတယ် ကျွန်တော်နဲ့ တစ်တန်းထဲ ကျန်တဲ့ နှစ်ခုံက ဂျာမနီကအဘိုးကြီးအဘွားကြီး လင်မယား အသက်တော်တော်ကြီးနေပြီ အော်စလိုကိုလာလည်ပြီး ဂျာမနီကိုပြန်တာ တစ်ယောက်နဲ့တစ်ယောက် ယုယုယယ ကြင်ကြင်နာနာပဲ ကိုယ့်ဆီမှာ ဒီအရွယ်လောက်ဆို မြေးထိန်းရင် ထိန်း၊ မထိန်းရရင် ဘုန်းကြီးကျောင်းရောက်နေပြီ အခုလို အလည်အပတ်သွားဘို့က ငွေကြေး၊ကျန်းမာရေး မလွယ်တော့ဘူး ၊ ဖရန့်ဖတ်ကို ဆင်းခါနီးကျ လေယာဉ်မှူးက ဆက်သွားရမဲ့ ခရီးစဉ်တွေ အတွက် ပြန်ပြောင်းစီးရမဲ့ ဂိတ်တွေကို ကြေငြာပေးတယ် ၊ နောက်ကျမှလဲ ထွက်ရ ၊ ရောက်တော့လဲ bridge ကိုမကပ်ဘူး ကားနဲ့ပဲလာကြိုတယ် ၊ ဘေးက စုံတွဲတောင် မနုတ်ဆက်နိုင်ဘူး ရောက်တာနဲ့ အမြန်ဆင်း ကားပေါ်တက် ၊ ကားနဲ့လိုက်ပို့လို့ တာမင်နယ်ကိုရောက်တော့လဲ လှေကားနဲ့ အပေါ်ပြန်တက် အပေါ်ရောက်တာနဲ့ “ ပြေး ပြေး ပြေး ” ဆိုပြီး အမြန်ပြေးရတော့တာပဲ အခုမှ အဲဒီ ပုံစံတွေ ပြန်တွေးပြီး ရီချင်စရာ ဖြစ်နေပေမဲ့ အဲဒီတုန်းက ကိုယ့်ဇောနဲ့ကိုယ် မရီအား မရှက်အားပါဘူး အရှိန်လျော့သွားတာနဲ့ ထပ်အော်ရတယ် “ပြေး ပြေး ပြေး” ၊
ပြန်မယ်လို့ စီစဉ်ပြီးရင် ပြန်လိုက်ရမှ တစ်ရက် တစ်နာရီကို နောက်မကျချင်တော့ဘူး တကယ်ရောက်တော့ ဘာ လုံခြုံရေးမှ တန်းစီစရာမလိုဘူး အထွက်တုံးလေးထု check in ဝင်ရုံပဲ ကောင်တာကျ ကျွန်တော်တို့ ခရီးစဉ်နောက်ကျနေလို့ပါ ဆိုတာသွားပြောတော့ ဒီနေ့ ခရီးစဉ်တွေက အားလုံး နောက်ကျတယ်တဲ့ ၊ သူကတော့ အေးအေးဆေးဆေး ကိုယ့်မှာတော့ ဟောဟဲလိုက်နေပြီ ၊ ဖရန့်ဖတ်ကနေ သတ်မှတ်ချိန်အတိုင်း ထွက်ခဲ့တယ် ၊ အလာတုန်းကမှ ထိုင်ခုံလွတ် နဲနဲရှိသေးတယ် အပြန်ကတော့ အပြည့်ပဲ ဗီယက်နမ်တွေလဲ တော်တော်များများ တွေ့တယ် ၊ အသွားတုန်းက ပိုရလာတဲ့ ၄ နာရီ အပြန်ကျ ပြန်ပေးလိုက်ရတယ် ၊ လေယာဉ်ပေါ်မှာ တင်ပေးထားတဲ့ Lufthansa Magazine ကို ဟိုလှန် ဒီလှန်လုပ်ရင်း ဆောင်းပါးလေးတစ်ခု စိတ်ဝင်စားလို့ ဖတ်မိတယ် Lufthansa က သူ့ လေကြောင်းလိုင်းအတွက် နှစ်စဉ် လူငယ်လေးတွေခေါ် သူတို့ရဲ့ လေယာဉ်မောင်းသင်တန်းကျောင်းမှာ လေ့ကျင့်ပေးတယ် အဲဒီထဲက အမျိုးသမီးလေယာဉ်မှူးလေးရဲ့ အတွေ့အကြုံလေးကို ဆောင်းပါရေးထား တာ ဆောင်းပါထဲမှာ လေယာဉ်မောင်းသင်ပေးတဲ့ ဆရာက တပည့်ကိုပြောတာ “ mistakes are allowed but should not be repeated,if possible ” လောကကြီးမှာ ဘယ်အရာမှတော့ စင်းလုံးချောမရှိနိုင်ပါဘူး ခွင့်ပြုနိုင်တဲ့ အမှားမျိုးဆို ခွင့်လွှတ်ပေးလိုက်တာ နှစ်ဦးလုံးအတွက် ကောင်းပါတယ် လုပ်ပြီးသား အမှားတွေ ထပ်ထပ်မမှားဘို့ လိုသလို အသစ်တွေကို လိုက်ရှာ မှားနေတာမျိုး မဖြစ်ဘို့တော့ လိုတာပေါ့ ။ ဘန်ကောက်ကို မရောက်ခင် မြန်မာပြည်ပေါ် ဖြတ်ပျံနေတာကို လေယာဉ်က တီဗီမှာ ပြနေတာ မြင်ရတော့ မိတ်ဆွေတစ်ယောက် ပြောခဲ့တာလေး သွားသတိရတယ် သူက နိုင်ငံခြားမှာ နေနေတာ ဆယ်စုနှစ် တစ်ခုလောက်တော့ ရှိပြီ “လေယာဉ်ကြီး မြန်မာပြည် ပေါ်မှာ ဖြတ်ပျံနေတာကို တွေ့လိုက်ရတော့ အခုချိန်ဟာ “ငါ” မြန်မာ့မြေ ပေါ်မှာ ရောက်နေပါလား ဆိုတဲ့အသိနဲ့ ရင်ထဲမှာ တလှပ်လှပ်တုန် လာတယ် ခုန်ချပြီး နေခဲ့ချင်စိတ်တောင် ပေါက်တယ်”တဲ့ …
ဘန်ကောက်ကို ရောက်တော့ နေ့လည် ၂ နာရီ ၊ ဘန်ကောက်မှာ ကတော့ အချိန်ကောင်းကောင်းရတယ် Duty Free ဆိုင်တွေမှာ ဟိုငေး ဒီငေး လိုတာ နဲနဲပါးပါး ဝယ်ပေါ့ ဒီကာလ ဘတ်၊ကျပ် လဲနှုန်းအရ ဈေးဝယ်ရတာတော့ မဆိုးပါဘူး ၊ I Pad 2 ဈေးလေးလဲ မဆိုးဘူး ရန်ကုန်ထက် ၅သောင်း လောက် သက်သာမယ် (မဆိုးဘူး ဆိုပေမဲ့ မဝယ်နို်င်သေးပါဘူး I Pad 2 ထက် မြင့်တာတွေ ပေါ်လာလို့ တစ်လုံး ဒေါ်လာ ၂၀ဝ လောက် ရမှ ဝယ်တော့မယ်) သက်သာတယ် ဆိုတာတောင် မြို့ထဲလောက်တော့ မသက်သာဘူး ၊ ဘန်ကောက်က တဆင့်ခံ သွားနိုင်တဲ့ ဆုံရပ်ကြီး ဖြစ်နေတော့ လေဆိပ်ထဲမှာ ကြိတ်ကြိတ်တိုးပေါ့ ၊
မိတ်ဆွေက မြန်မာပြည်ပေါ် ဖြတ်ပျံတော့ ရင်တွေတုန်လာပေမဲ့ ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ အဲ ဒါပေမဲ့ ဘန်ကောက်က ရန်ကုန်ကို စတက်ပြီ ဆိုတဲ့ အချိန်မှာတော့ မရတော့ဘူး ရောက်ချင်စိတ်က များနေပြီ ဘန်ကောက်က စတက်တော့ ရာသီဥတုကပုံမှန်ပေမဲ့ မြန်မာပြည်ထဲ ဝင်လာတဲ့ အချိန် မိုးတွေက မဲမှောင်လာတယ် ရန်ကုန်ကွင်း ရာသီဥတု သာယာပါစေလို့ ဆုတောင်းရသေးတယ် မတော် လှည့်ပြန်ရရင် ဒုက္ခ ၊ ရန်ကုန်မှာ မိုးတွေ တော်တော်သည်းနေပေမဲ့ ကောင်းကောင်းမွန်မွန်းဆင်းနိုင်ခဲ့တယ် ပြသနာက ပစ္စည်းရွေးတော့မှ တွေ့တာပဲ အတူသွားတဲ့တစ်ယောက် က အိတ်ပါမလာ ဖရန့်ဖတ်မှာပဲ ကျန်ခဲ့လားမသိဘူး ပစ္စည်းအားလုံးကုန်မှ အိတ်ပျောက်ကြောင်း ပုံစံဖြည့် အိမ်ပြန်ရတယ် ( နှစ်ရက်လောက်နေတော့ ပြန်ရတယ်) အိမ်ပြန်လမ်းတစ်လျှောက်မှာလဲ မိုးတွေက ရွာလိုက်တာ သဲသဲမဲမဲ အိမ်ကိုရောက်တော့ မြင်ကွင်းက နဲနဲစိမ်းနေတယ် သစ်ပင်တွေက ပိုထူလာသလိုလို ဗွက်တွေပဲ ပိုပေါလာသလိုလို ပိုပဲမှောင်သလိုလို ဒါပေမဲ့ ရေချိုး ပြီး ချဉ်ပေါင်ဟင်း၊ ပဲကတ္တီပါပြုတ်ကျော်၊ အညာငရုတ်သီးထောင်းလေးနဲ့ ညစာ စားလိုက်ရတဲ့အချိန်မှာတော့ ကျွန်တော်လိုချင်တဲ့ အရာတစ်ခုကို ရှာတွေ့လိုက်သလို ခံစားလိုက်ရတယ် ကျွန်တော် စားခဲ့ရတဲ့ ပေါင်မုန့်တွေ ထောပတ်တွေ ဆော်လမွန်ငါးတွေနဲ့ ဒီနေ့ညစာကို ဘယ်လိုမှ မလဲနိုင်တော့ဘူး၊ ကျွန်တော့်မှာတော့ ရပ်ဝေးမှာရောက်နေတုန်း တောင့်တခဲ့ရတဲ့ အိမ်ပြန်ချင်လိုက်တာ အိမ်ထမင်း အိမ်ဟင်းလေးစားချင်လိုက်တာ ကိုယ့်ဆွေကိုယ်မျိုးတွေနဲ့ တွေ့ချင် လိုက်တာ ဆိုတဲ့ ဆန္ဒကတော့ ပြည့်ဝသွားရပြီ ကျွန်တော် ဖြစ်ချင်သလို ဖြစ်ခွင့် ရချင်နေသူတွေရဲ့ မပြည့်ဝသေးတဲ့ ဆန္ဒတွေလဲ အမြန်ဆုံး ပြည့်စေချင်ပါပြီ ………………….။
30 comments
weiwei
August 22, 2011 at 2:18 pm
ပို့စ်တစ်ခုနဲ့မတူပဲ စာအုပ်တစ်အုပ်ဖတ်နေရသလိုပဲ အရသာရှိပါတယ် …
ဖတ်လို့အရမ်းကောင်းတယ် … ဗဟုသုတအများကြီးရသလို တွေးစရာတွေလဲ အများကြီးကျန်ခဲ့တယ် …
နွယ်ပင်
August 22, 2011 at 2:27 pm
စာတွေရော ဓာတ်ပုံတွေရော တစ်ဝကြီး ဖတ်လိုက်ရပါတယ် ။
ဖတ်ရတာအရမ်းကောင်းသလို မသိတာတွေ မမြင်ဘူးတာတွေပါ တွေ့ခွင့်ရတဲ့ အတွက် ကျေးဇူးပါနော် ….
Foreign Resident
August 22, 2011 at 2:46 pm
Very Good Article 🙂
Only one thing to say is
” ခွေးလေးလှလို့ ခွင့်တောင်းရိုက်ထားတာ ” 😛
😛
kai
August 22, 2011 at 2:47 pm
အဆုံးသတ်နိဂုံးလေးက..တန်ဖိုးလေးတခုပေးသွားတယ်..။
အင်မတန်အသက်ဝင်တဲ့..ခရီးသွားဆောင်းပါးလေးပါပဲ..။
ပုံနှိပ်သတင်းစာမှာထည့်ချင်ပေမဲ့.. ဒီစာအရှည်နဲ့ဆို.. မလွယ်..။
ဖြတ်လည်းမဖြတ်ချင်။
ပြန်တော့ သေသေချာချာဖတ်ကြည့်ပါဦးမယ်..။
nozomi
August 22, 2011 at 3:18 pm
ကျွန်တော့်လက်က လက်စိမ်းဆိုတော့ လိုအပ်ချက်တွေ ရှိနေမှာပါ
သူကြီး ဒီလိုပြောတာနဲ့ကို ကျေနပ်နေရပါပြီ
ကမာ္ဘကို ထုတ်နေတဲ့ သတင်းစာ တစ်စောင်မှာ ကိုယ့်လက်ရာလေး မြင်ခွင့်ရဘို့ ဆိုတာကတော့ နော်ဝေသွားခွင့်ရတာထက် ခက်မယ်ထင်ပါတယ်
pan pan
August 22, 2011 at 2:51 pm
ဒီပိုစ့်ကို ပုံတွေနဲ့တော်တော်စိတ်ရှည်ထားပြီး တင်ရမှာပဲ
ဓါတ်ပုံတွေအစုံရိုက်လာတာပါပဲနော်
ဒါမျိုးတွေ တခါမှမမြင်ဖူးခဲ့ပါဘူး
ကျူရိုးလှေကလေးကလည်း ချစ်စရာကောင်းလှပါတယ်
ရွှေအိမ်စည်
August 22, 2011 at 3:14 pm
အမလေး လှပလိုက်တာ..တကယ်ကောင်းပါတယ်
ပုံတွေ နဲ တင်တောင်..တော်တော်စိတ်ရှည်တာပ
မမြင်ဘူးတာတွေ မြင်ရတယ်….
ကျေးဇူးကမာ္ဘဆိုင်းရော
စုံ စုံ
August 22, 2011 at 3:40 pm
စာတွေကောပုံတွေကောဖတ်ရကြည့်ရတာ
အားရပါးရပါဘဲ
တကယ်လဲဖတ်လို့ကောင်းသလို
ဗဟုသုတတွေလဲအများကြီးရခဲ့တဲ့ပို့စ်တခုပါ
နောက်နောင်လဲဒီ့ထပ်မကအောင်မြင်တဲ့ခရီးတွေသွားနိုင်ပြီး
ခရီးသွားပို့စ်တွေလဲထပ်မံဖော်ပြနိုင်ပါစေ
nozomi
August 22, 2011 at 3:49 pm
ရွှေအိမ်စည် ရဲ့ စကား ခဏ ငှားပြောချင်တယ် ကျေးဇူးကမာ္ဘဆိုင်းရော
ပေးတဲ့ ဆုနဲ့ ပြည့်ချင်ပါတယ်
အခု ပထမဆုံး မန်းတဲ့သူ (၁၀)ယောက် ကို ပုံထဲက ကားလေး
လျှောက်လွှာမတင်ရပဲ ပေးပါမယ် 😀
Foreign Resident
August 23, 2011 at 8:04 am
Hey Nozomi,
Don’t forget, I am No.3. 😛
hmee
August 22, 2011 at 3:51 pm
အီး…ပြန်ချင်နေပါပြီဆိုမှ နိုဇိုမီက အိမ်ပြန်တာကို သေချာရေးပြထားတယ်။ ဖတ်ရင်း ကိုယ်လာတုန်းက ကြုံခဲ့တာတွေ ပြန်မြင်၊ အိမ်အပြန်ကော ဘာတွေ ကြုံဦးမှာလဲ သိချင်စိတ်တွေ ပျင်းပျင်းပြပြ။ ကျေးဇူးအထူးတင်ပါတယ်နော်။ ကိုယ်မရောက်ဖူးပေမဲ့ ရောက်သွားသလိုပါပဲ။ အခုနောက်ပိုင်း ရွာထဲရောက်ပြီးမှ ခရီးသွားတိုင်း မှတ်တမ်းဓါတ်ပုံတွေပဲ အသည်းအသန်လိုက်ရိုက်ဖြစ်လို့ တကယ်ကို သေသေချာချာ မလေ့လာ ဖြစ်တော့ဘူး။ လင်တော်မောင်ကလည်း ပြောလှပြီ “မင်း ဟာက လွန်နေပြီ ဒီကင်မရာကို လက်ကမချတော့ဘူး။ အိမ်ရောက်လည်း မပြီးနိုင်ဘူး ဘာတွေ ပြန်ကြည့်နေတာတုံး” တဲ့လေ။ ကြာရင် အရိုက်ခံထိတော့မယ်။ အရိုက်ခံထိလို့ကတော့ ဒါ သူကြီး အပြစ်ပဲ။ 🙂
nozomi
August 22, 2011 at 4:01 pm
မမှီ ရေ မနေ့ကထက်တော့ ဒီနေ့ က အိ်မ်ပြန်ဘို့ တစ်ရက် နီးသွားပါပြီ..
မမှီကို တောင်းဆိုရဦးမယ် အရင်ကတဲက အစ္စရေး အကြောင်းကို စိတ်ဝင်စားခဲ့တာ ပထမဆုံးက မော့ဆက်ပေါ့ နောက် အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲတို့် ဖတ်ပြီး သူတို့ရဲ့ စိတ်ဓါတ် ၊နေထိုင်ပုံ ၊ ယဉ်ကျေးမှု ……… သိချင်တာက များသား ၊ ရွာအကြောင်းတလှည့် လက်ရှိနေရာလေးတစ်လှည့် ရေးပြပေးပါလား
hmee
August 22, 2011 at 5:19 pm
နိုဇိုမီရေ ရေးတော့ရေးမှာပါ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူးနော်။ တော်တော်များများတော့ လေ့လာထားသလို ဓါတ်ပုံတွေလည်း တော်တော်များများ စုထားပါတယ်။ ရွာထဲက စာဖတ်ဝါသနာတူတဲ့ မောင်နှမတွေကို ပြောပြချင်လို့ ဗဟုသုတရအောင် ရေးကိုရေးဦးမှာပါ။ ခဏလောက်ပဲ သည်းခံပေးပါဦးလို့ တောင်းပန်ပါရစေနော်။
researcher
August 22, 2011 at 4:44 pm
ကောင်းလိုက်တာ nozomi ရေ…။
သွားခဲ့တာကို ပြည့်စုံအောင် ပြန်လည်ရေးသားနိုင်တာပဲ။ အခုလို နော်ဝေနိုင်ငံ အကြောင်းကို ပုံတွေနဲ့ တကွ ပြည့်ပြည့်စုံစုံရေးသား တင်ပြပေးတဲ့အတွက် နော်ဝေ ကို ကိုယ်တိုင်သွားလိုက်ရ သလို ဖြစ်ရပါတယ်။ ဒီအတွက် ကျေးဇူးအထူးပါ..။
manawphyulay
August 22, 2011 at 4:50 pm
တော်တော်ကို အဖိုးတန်လှတဲ့ ခရီးသွားဆောင်းပါးရှည်လေးပါပဲ။ နော်ဝေကို ချက်ချင်း အကုန်အကျမရှိပဲနဲ့ အလိုလို ရောက်သွားသလို ခံစားရပြီး ပြခန်းတွေလည်း ဝင်ကြေးမပေးရပဲနဲ့ သေချာ ကြည့်လို့လည်းရတယ်။ ဒီလိုဆောင်းပါးကို ခရီးသွားဆောင်းပါးရှည်အဖြစ် သရဖူမဂ္ဂဇင်းမှာလည်း ထည့်ဖို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်ရှင်…. ပြခန်းရဲ့အပြင်အဆင်ကတော့ ကိုရီးယားနိုင်ငံရဲ့ အပြင်အဆင်နဲ့ ဆင်ဆင်တူတူပါပဲ။ သိပ်တော့ မကွဲခြားနားဘူးနော် မြင်ရ တွေ့ရတာ ကိုရီးယားနိုင်ငံမှာတော့ နန်းတွင်းဝတ်စုံတွေနဲ့ စစ်တပ်တွေကို ပြခန်းသဖွယ် လူတွေကို အမြဲ မတ်တတ်ရပ်ခိုင်းတာတော့ တမူထူးခြားသွားတာပေါ့။
nozomi
August 22, 2011 at 5:48 pm
ကျွန်တော် စာမူမပို့ဘူးတော့ ဘယ်လို ပို့ရမလဲ မသိဘူး
ကျွန်တော်လည်း ခရီးသွား စာရေးသူတွေရဲ့ ကျေးဇူးကြောင့် စာပေဆိုတဲ့ ပြတင်းပေါက်က တဆင့် ကမာ္ဘကြီးကို မြင်ခွင့်ရတာပါ ဘယ်သူ ကူညီတာပဲ ဖြစ်ဖြစ် စာရွက်ပေါ် ထပ်တင်ခွင့် ရလို့ လူတွေများများ ဖတ်မိမယ် ဖတ်မိသူတွေ ဗဟုသုတရသွားမယ်ဆို အားရဝမ်းသာ ဖော်ပြချင်ပါတယ်
မနောရဲ့ အကြံဉာဏ်လေး ကူညီပါဦး
ဆူး
August 22, 2011 at 6:05 pm
မနေ့ကတည်းက မျှော်နေတာ အပိုင်း ရ မတင်သေးပါလား ဆိုပြီး..
ဒီနေ့ အပိုင်းတော်တော် ရှည်တယ်နော်..
နောက်ထပ် ၃ပိုင်း အသာလေး ခွဲလို့ ရတယ်။
ပုံတွေကို picasa မှာတင်တယ် ဆိုတာ.. ဂျီမေး အကောင့် ရှိသူတိုင်း အဲဒီမှာ တင်လို့ရပါတယ်။ သီးသန့် ထပ်ပြီး အကောင့် လုပ်စရာ မလိုပါဘူး။
အကောင့် တခုကို ပျမ်းမျှ ပုံ ၁၀၀ဝ လက်ခံသိမ်းပေးပါတယ်။
တင်ချင်တာတွေ တင်ထားပြီးတော့.. ပုံနေရာကို Right click> choose.. copy image location
ပုံတွေကို ရွာထဲမှာ တင်မယ်ဆိုရင် img insert နေရာမှာ paste ကိုရွေးပြီး ထည့်လိုက်ပါ။
တခါတရံ ပုံတွေက သေးတာ ကြီးတာတွေ ဖြစ်နေတတ်တယ်။ အဲဒါကိုတော့ လက်နဲ့သာ လိုသလို ဆွဲပြီး ချုံချဲ့ လိုက်ပါ။ ပုံတင်ရတာ အဆင်လည်းပြေတယ် တင်ထားတဲ့ ပုံတွေကို လင့်ချိတ်တင်တဲ့ အတွက် ပိုစ်တင်တဲ့ အခါ မြန်ဆန်တယ်။
ကွန်ပြူတာ အနားမှာ လူ မရှိလည်း တင်ချင်တဲ့ ပုံတွေကို ဆွဲတင်ပြီး အေးအေဆေးဆေး တခြား လုပ်စရာရှိတာ လုပ်မယ် ဆိုရင်လည်း အဆင်ပြေတယ်။
ဒီပိုစ်ကို ဖတ်ပြီးတော့ အရင်က ခရီးသွားခဲ့တာတွေ မတင်ရသေးတဲ့ အကြောင်းအရာတွေ အများကြီး သွားသတိရမိတယ်။ ပိုစ် အသစ်တင်ရမှာ အခုတလော အာရုံမလာသေးလို့ အသစ်တွေ မတင်ချင်သေးဘူး။ ခရီးသွားတဲ့ အကြောင်းအရာတွေကို ပိုစ်အဖြစ်တင်တဲ့ အခါ ထိုခရီးစဉ်ကို ပိုပြီး မှတ်မိစေတာ အမှန်ပဲ။
စိတ်ရှည်လက်ရှည်နဲ့ ပိုစ်အဖြစ် တင်ပြပေးတော့ ကျေးဇူးတင်ပါတယ်။ အဲလိုနေရာတွေ ရောက်ဖို့တော့ သိပ်မလွယ်ဘူးထင်တယ်။
အိမ်ပြန်တဲ့ ခံစားချက်က စောစောက ပြောသလိုပဲ.. ရန်ကုန်မြေ ရောက်ရင် ငါ အိမ်ရှိတဲ့ အရပ်ရောက်ပြီ ဆိုတဲ့ အတွေးလေးနဲ့ ပတ်ဝန်းကျင် ကြည့်လိုက်ရင် အားလုံးက အမြင်တမျိုးလေးနဲ့ မီးတွေပဲ အရင်ကထက် ပိုလင်းလာသလိုလို.. လူတွေပဲ ပိုလှ လာသလိုလို.. ပြန်တောင် မပြောပြတတ်ဘူး။ အိမ်ရောက်တော့ အခန်းထဲ ဝင်ပြီး အိပ်ယာဝင်ရင်တော့ ခါတိုင်း အိပ်နေတာထက် ခရီးသွားပြီး ပြန်လာတဲ့ အခါမှာ အေးစက်နေတဲ့ အိပ်ယာလေး အိပ်ရတာက စိတ်ထဲမှာ နွေးထွေးလုံခြုံသွားသလို ခံစားရတယ်။
nozomi
August 23, 2011 at 10:11 am
ဦးဖက် က ရှည်ရှည် ကြိုက်တယ် ဆိုလို့ 😀
နောက်တစ်ခုက နောက်ဆုံးပိုင်းဆိုပြီး ရည်ရွယ် ရေးတာ အစကမှန်းထားတာ တိုတိုပဲ ရေးရင်းနဲ့မှ ခေါင်းထဲ ဝင်လာတာတွေ ဖြည့်ရင်းရှည်သွားတာ ဒါတောင်
ကျေးဇူးတင်ပါတယ် ကို Takk
မင်္ဂလာပါ Hi
တာတာ Hada
ဆိုတာလေး ထည့်ဘို့ ကျန်သွားတယ်
pooch
August 22, 2011 at 7:47 pm
အင်း… ဖတ်လိုက်ရတာ များ တကယ့်ကို အားရပါးရ ပါပဲ.. စိတ်ကလည်း အတော့်ကို ရှည်တယ်နော် ပုံတွေ ရော စာတွေ ရော.. ..ချီးကျုးပါတယ်. ကိုယ်မရောက်ရပေမဲ့ ရောက်သွားသလိုပါပဲ ..တလက်စထဲ မြှောက်ပေးလိုက်ပါ အုန်းမယ်
ဒါလေးကို စာအုပ်လေး တအုပ်အဖြစ် ထုတ်နိုင်မယ်ဆို တကယ့်ကို ကောင်းမှာပါ.. ကြိုးစားကြည့်ပါ့လား
တော်ရုံတန်ရုံ ရေးထားတာမှ မဟုတ်တာ .. ပြည့်ပြည့်စုံစုံဆိုတော့..
forever
August 22, 2011 at 8:16 pm
အရမ်းကောင်းပါတယ်
ဒိပိုစ်ကိုမှတ်ထားပြီး အချိန်ယူပြီးသေချာဖတ်အုံးမှာပါ
အခုလိုတင်ပေးတဲ.သူရှိလို.သာ နော်ဝေးရဲ.အသက်ဝင်ပုံတွေ
သိခွင်.ရတာ ကျေးဇူးတင်တယ်ဗျာ
MaMa
August 23, 2011 at 7:36 am
သူတို့ ပြတိုက်ထဲမှာ ဓာတ်ပုံရိုက်လို့ရလား။ ရိုက်ခွင့်ပြုထားလား သိချင်တယ်။ ဓာတ်ပုံရိုက်တာ၊ ဓာတ်ပုံတွေ ကြည့်ရတာ ဝါသနာပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ရိုက်ဖို့ကျတော့ အခက်အခဲက အမျိုးမျိုး (ကြောက်တာနဲ့၊ ရိုက်ခွင့်မပြုတာနဲ့) ဖြစ်နေလို့။
nozomi
August 23, 2011 at 9:54 am
ပြတိုက်တွေမှာ ဓါတ်ပုံရိုက်တာ ကန့်သတ် မထားဘူး
စကီးပြတိုက် အကုန်ရိုက်လို့ ရတယ်
ဗိုက်ကင်း ပြတိုက် မှာ ဓါတ်ပုံလေးတွေ တချို့ပစ္စည်း သေးသေး တွေ ထားတဲ့ အခန်းကိုတော့ ရိုက်ခွင့် မပြုဘူး ကျန်တာ အကုန်ရိုက်လို့ ရတယ်
ကြားဖူးတာတော့ တချို့ နိုင်ငံတွေမှာ ပြတိုက်ထဲ ဓါတ်ပုံရိုက်ခွင့် မပြုဘူးတဲ့ ၊ ဘန်ကောက် နန်းတော် ထဲက ပလ္လင်ထားတဲ့ အခန်းဆို ရိုက်ခွင့် မပြုတာတော့ မှတ်မိတယ်
ကြောင်ကြီး
August 23, 2011 at 8:34 am
ဖတ်ရတာ အရမ်းကောင်းတယ်။ ဒါထက် နော်ဝေသူပုံလေးတွေ ရှိသေးရင် ထပ်တင်ပါအုံး။ စကင်ဒီနေးဗီးယားသူတွေ ( နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်သူ ) အလှက နာမည်ကြီးတယ်။ တိုက်ဂါးဝုဒ် မိန်းမဟောင်းတောင် ဆွီဒင်သူထင်တယ်။ ရွှေရောင်ဆံပင်၊ မျက်လုံးပြာနဲ့ သွယ်သွယ်လျလျ စကင်ဒီနေးဗီးယားသူတွေ့ရင် မလွတ်တမ်း ဆွဲထားပေတော့ဗျို့…။ မင်းကြီးကြိုက်တွေ…
တညင်သား
August 23, 2011 at 8:47 am
ကျွန်တော်တို့ နိုင်ငံတော်ကြီးကိုလဲ စက်မူ့ နိုင်ငံတော်ကြီး ဖြစ်အောင်ကြိုးစားရမယ် အခုလောလောဆယ် သစ်သားပန်ကာတပ်ထားတဲ့လေယာဉ်လေး ဘယ်ဈေးလောက်ရှိနိင်မလဲ မသိဘူး… ဝယ်ချင်လို့ပါ ရွာမှာ စပါးလှေ့တဲ့အခါ လေကို စောင့်စရာမလိုတော့ဘူး စက်နိုးပြီး လှေ့ရုံပဲ….
မီးမီး သော်
August 23, 2011 at 12:38 pm
nozomi ရေ ကျေးဇူးပါရှင်။ကွန်နက်ရှင်က အရမ်းနှေး ပုံလေးတွေရော စာလေးတွေရော မနည်းကိုစောင့်ဖတ်ရပါတယ်။မရောက်ဖူးပေမယ့် မျက်မြင်ကိုယ်တွေ ့လိုခံစားရပါတယ်။ကျူရိုးလှေကလေးတော့ သိပ်ကြိ ုက်——
fatty
August 23, 2011 at 6:57 pm
ကဲပြီးပြီပေါ့ … ဒီဆောင်းပါးကတော့ ကျုပ်တို့အကြိုက်ဗျား ….။ နော်ဝေ ဆိုတဲ့နိုင်ငံမျိုးကလဲ
ရောက်ခဲလှပါဘိနဲ့ ..။ ဓာတ်ပုံတွေကလည်း တကယ်အဖိုးတန်ပါပေတယ် ..။ သူကြီးရေ ..
အများသူငှာဖတ်နိုင်အောင် ကျိုးစားပြီး Edit လုပ်ပြီးထည့်စေချင်ပါတယ် ..။ ဆောင်းပါးထဲမှာပါတဲ့ Self check in ကိုအရမ်းသဘောကျတယ်။ နော်ဝေနိုင်ငံက အဆောက်အဦတွေကလည်း ခေတ်လွန်ဒီဇိုင်းတွေ
သိပ်မတွေ့ရဘဲ အိန္ဒြေ ရရနဲ့ ရိုးရိုးရှင်းရှင်းလေးတွေ … တည်ငြိမ်ပြီးပေါ်ပင်မလိုက်တဲ့သဘောတွေ့နေရတယ် ..။ နော်ဝေမှာနေကြတဲ့မြန်မာမိသားစုအသိုင်းအဝိုင်းအတွက်တော့မြန်မာဆိုင်မရှိတာရယ် ပစ္စည်းပို့ရတာ
ဝေးတာရယ်ကြောင့် မြန်မာအစားအသောက်နဲနဲဒုက္ခရောက်မယ်ထင်တယ်နော် …။
အခုလိုပြည့်ပြာ့်စုံစုံနဲ့ စိတ်ရှည်ရှည်ထားပြီးတင်ပြပေးတာ ကျေးဇူးအထူးတင်ပါတယ်လို့ပြောလိုက်ပါရစေ ..။
Foreign Resident
August 24, 2011 at 11:41 am
For your information,
Nowadays, you can even make online ( self ) Check in prior 48 hrs.
( စက်ရှေ့သွား၊ ဘာသာစကားရွေး ၊ e ticket မှာပါတဲ့ ကုဒ်နံပါတ် ရိုက်ထည့်တော့ ကိုယ့်နာမည်နဲ့ ခရီးစဉ်ပေါ်လာတယ် အဲဒီမှာ ပစ္စည်းဘယ်နှစ်ခု အပ်မှာလဲ ၊ ဘယ်ခုံမှာထိုင်ချင်လဲရွေး (လမ်းဘေး၊ တံခါးပေါက်ဘေး) ဒါလေးဘဲ ရွေးပြီးတာနဲ့ စက်က Boading Pass ထွက်လာတယ် )
Not only this, in Australia’s local flight,
this machine even issues sticker ( with bar code ) for your luggage.
You have to paste this sticker on your luggage by yourself.
Then, put your luggage on another receiving machine ( no staff ).
After that, you have to enter the gate directly &
they will check your ID & boarding pass at that gate.
This means, they totally skip the check in ( by man ) process.
All check in procedures were made by yourself.
nozomi
August 24, 2011 at 11:54 am
မြန်မာပြည်မှာ နော်ဝေနည်းကို သုံးမယ်ဆို ရကောင်းရမယ် (နောင်တချိန်ပေါ့)
ဦးဖောရင်းတို့ အော်စီနည်းကတော့ မလွယ်လောက်ဘူး
အော်စီ( နိုင်ငံခြားသား)ကတော့ ခရီးသွားရင် တနိုင်ပဲ သယ်ကြတယ် ၊ မြန်မာကတော့ လူမျိုးစရိုက်အရ ကို ကိုယ့်အတွက်သယ်မယ်၊အမျိုးတွေအတွက်သယ်မယ်၊ သူငယ်ချင်းအတွက်သယ်မယ် ပစ္စည်းအပ်တဲ့အချိန် ပေါင်ပိုကိစ္စရှင်းနေရတာကို အချိန်တော်တော်ပေးနေရတာ
Foreign Resident
August 24, 2011 at 2:21 pm
No,
First, this baggage receiving machine check the tag/label with bar code.
Then, it also checks the weight & size,
It will not allow over weight ( by one person name/tag )
If over weight, it will alarm &
you need to go to staff assisted special counter.
zoe
August 24, 2011 at 12:42 pm
ဖတ်လို့ကောင်းတဲ့ ပို့စပါ ။ အရေးအသားလဲကောင်း ၊ဓာတ်ပုံတွေလည်းစိတ်ရှည်ရှည်နဲ့တင်ပေးထားတယ်၊ ဗဟုသုတ လည်းရတယ် ။ နော်ဝေ ကိုရောက်နိုင်ဖို့ ဆိုတာကလည်း အတော်အလှမ်း ဝေး တယ်လေ ။ အဖိုးတန်တဲ့ ခရီးသွား ပို့စ တခုပါပဲ ။ ကျေးဇူးတင်ပါတယ် ။