Microfinance နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး – ခင်မမမျိုး
နိဒါန်း
ဒေါ်မြမေဆိုတဲ့ ကလေးသုံးယောက်အမေ မုဆိုးမကြီးဟာ ….မြို့မှာ အကြော်များကို ဗန်းကလေးထဲ ထည့်ပြီး လိုက်ရောင်းတဲ့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည် အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူမဟာ အကြော်မျိုးစုံ ကြော်လှော်ခြင်းနဲ့ လက်သုပ်စုံလုပ်ရာမှာ ကျွမ်းကျင်လှပေမယ့် ဆိုင်ဖွင့်ဖို့ အရင်းအနှီး မရှိပါဘူး။ သူမရဲ့ အိမ်လေးဟာ ကျောင်းသွားကျောင်းပြန် လမ်းဖြစ်တာကြောင့် ဆိုင်လေးဖွင့်ရရင် အောင်မြင်မယ်လို့ သူမမျှော်လင့်နေပါတယ်။ ဒါကြောင့် အသိအကျွမ်းများကို အကူအညီတောင်းပေမယ့် ဘဝတူတွေမို့ ငွေချေးငှားပေးဖို့ မတတ်နိုင်ကြပါဘူး။ ရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့ အိမ်ကို သွားတော့လဲ တရာမှာ ဆယ့်ငါးကျပ်တိုး၊ တရာမှာ နှစ်ဆယ်တိုးတွေ ဖြစ်တာကြောင့် သူမတတ်နိုင်တဲ့ အတိုးနှုန်းထက် ပိုပြီး မြင့်မားနေပါတယ်။
ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံအများအပြားမှာ ဒေါ်မြမေလိုပဲ ဆင်းရဲနွမ်းပါးမှုသံသရာကနေ ရုန်းထွက်ဖို့ အရင်းအနှီးမရှိသူတွေ အများအပြား ရှိနေပါတယ်။ ဘဏ္ဍာရေးဝန်ဆောင်မှု အားနည်းတဲ့ နိုင်ငံတွေမှာ ဘဏ်တွေက ငွေချေးဖို့ ခဲယဉ်းတာကြောင့် ရပ်ကွက်၊ ကျေးရွာမှာ ရှိတဲ့ ငွေတိုးချေးစားသူတွေနဲ့ မိတ်ဆွေသူငယ်ချင်းများထဲမှ ချေးငွေ (informal credit) ကို အားကိုးကြရပါတယ်။ ဒီလို အားကိုးရာမှာလဲ အတိုးနှုန်းတွေက မြင့်မားခြင်းနဲ့ မိတ်ဆွေများထံမှ ငွေကို ရေတိုကာလအတိုင်းအတာ တခုအထိသာ ချေးယူနိုင်မှု စတာတွေကြောင့် တပိုင်တနိုင် စီးပွားဖြစ် လုပ်ငန်းဆောင်တာလေးတွေ လုပ်ဆောင်နိုင်ခြင်း မရှိကြပါဘူး။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ၊ ဗဟုသုတတွေလဲ ရဖို့ ခဲယဉ်းကြပါတယ်။
ဒီလို အခြေအနေတွေ ကြုံနေရသူတွေအတွက် ထွက်ပေါက်လိုပါတယ်။ ဒီထွက်ပေါက်ကတော့ microfinance ပဲ ဖြစ်ပါတယ်။
Microfinance ဆိုရာဝယ်
Micro ဆိုတာကို “သေးငယ်သော” လို့ အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရှူထောင့်ကနေ ရှုမြင်သုံးသပ်တဲ့အခါ သေးငယ်သော စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များ၊ တနိုင်တပိုင်လုပ်ကိုင်သော ကိုယ်ပိုင် စီးပွားရေးသမားများ၊ ဝင်ငွေနည်းပါးသော လူထုလူတန်းစားများ စတာတွေနဲ့ ဆက်စပ်ပါတယ်။ Finance (ဘဏ္ဍာရေး) ဆိုရာမှာလဲ စီးပွားရေးချေးငွေများ၊ ပညာရေးချေးငွေများ၊ စုဆောင်းငွေများနဲ့ အသေးစာအာမခံ လုပ်ငန်းများ စတာတွေနဲ့ ဆက်စပ်ပါတယ်။
Microfinance ဆိုတာမှာ ဒီလိုတိုက်ရိုက်ဘဏ္ဍာရေး ဝန်ဆောင်မှုတွေအပြင် စီးပွားရေးအကြံဉာဏ်နှင့် အခွင့်အလမ်းဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ငွေစာရင်းရေးဆွဲမှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းတွေ၊ ပြည်သူ့ ကျန်းမာရေး ပညာပေးမှုတွေ၊ အစားအစာနှင့် အာဟာရသန့်ရှင်းရေး လမ်းညွှန်ဆွေးနွေးမှုတွေစတဲ့ ဘဏ္ဍာရေး မဟုတ်သော ဝန်ဆောင်မှုများပါ ဆက်နွယ် ပတ်သက်နေပါတယ်။
ဒါကြောင့် Mircrofinance ဆိုတာကို သမရိုးကျ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ခံစားခွင့်မရရှိသူများအား ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးမဟုတ်သော အခြားဝန်ဆောင်မှုများ ပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ရှိပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မူကွဲတွေ အမျိုးမျိုးရှိပေမယ့် ဝန်ဆောင်မှုတွေဟာ ဝန်ဆောင်မှုပေးအပ်ရမယ့် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ ဖြစ်ဖို့ လိုအပ်တဲ့ အချက်ကိုတော့ လူအများက လက်ခံထားကြပါတယ်။
Microfinance Institutions (MFIs)
Microfinance ဝန်ဆောင်မှုများ ပေးဖို့အတွက် လူမှုရေးအမြင်နဲ့ ရည်မှန်းချက်များရှိတဲ့ အန်ဂျီအိုတွေ၊ အဖွဲ့အစည်းတွေ၊ ဘဏ်တွေ စတဲ့ Microfinance Institutions (MFIs) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အချို့နိုင်ငံတွေမှာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက microfinance ဝန်ဆောင်မှုတွေ ပေးအပ်လာကြတာ ရှိပါတယ်။ သို့ပေမယ့် ဒီလို လုပ်ဆောင်တဲ့အခါ နိုင်ငံရေးအမြင်၊ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေး လုပ်ငန်းဆောင်တာတွေနဲ့ ရောထွေးသွား စေနိုင်တဲ့အတွက် နောက်ပိုင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆက်စပ်မှုတွေ၊ ပေါင်းစည်းဆောင်ရွက် ရမှုတွေ ရှိနိုင်တယ်ဆိုပေမယ့် သွင်ပြင်လက္ခဏာနဲ့ ရည်မှန်းချက်တွေ မတူညီတဲ့အတွက် သီးခြား အဖွဲ့အစည်း တွေအနေနဲ့ ရပ်တည်လုပ်ဆောင်သင့်ပါတယ်။
Microfinance Institutions (MFIs) တွေမှာ အခြား နိုင်ငံရေး၊ စီးပွားရေး အင်စတီကျူးရှင်းတွေနဲ့ ကွဲပြားတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။ MFI တွေဟာ informal credit ကို အစားထိုးပြီး ချေးငွေနဲ့ အခြား ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပေးကြရပါတယ်။ ဒီလို ပေးအပ်ရမှာ ပေါင်နှံစရာပစ္စည်း လိုအပ်ခြင်း မရှိပါဘူး။ ချေးငွေရယူမှု လုပ်ငန်းဆောင်တာတွေက ရိုးရှင်းပြီး၊ စာရွက်စာတမ်း အချက်အလက်ဖြည့်စွက်ရမှုများက သမရိုးကျဘဏ်တွေထက် ပိုပြီး လျော့နည်းပါတယ်။
များသောအားဖြင့် သက်ဆိုင်ရာရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် solidarity groups များ စုဖွဲ့စေပြီး၊ အုပ်စုရဲ့ လူမှုအာမခံ (social insurance) ပေါ်မှာမူတည်ပြီး ချေးငွေ ပေးလေ့ရှိပါတယ်။ ပြီးတော့ ချေးငွေ ပြန်လည်ပေးဆပ်ရမှု အနေအထားကလဲ တဦးချင်းလိုအပ်ချက်နဲ့ အညီသတ်မှတ်ရမှာ ဖြစ်ပါတယ်။ အကျိုးအမြတ် ရယူရေး ရည်မှန်းချက်နဲ့ လုပ်ကိုင်တာ မဟုတ်တဲ့အတွက် ဆင်းရဲနွမ်းပါးရဲ့ ဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရတဲ့ အခြေခံ လူထုလူတန်းစားများကို အဓိကထားပြီး ဆောင်ရွက်ပေးရတဲ့ အင်စတီကျူးရှင်းတွေ ဖြစ်ပါတယ်။
Microfinance institutions များရဲ့ ရည်ရွယ်ချက်တွေကတော့ အမြတ်ကြီးစား ငွေတိုးချေးစားသူတွေရဲ့ ဆင်းရဲနွမ်းပါးသူများအပေါ် အနိုင်ကျင့်အခွင့်ကောင်းယူနေမှုများကို ရပ်တန့်ရန်၊ ဆင်းရဲနွမ်းပါးသူများကို အကုန် အကျ အနည်းဆုံး၊ သင့်လျော်သော အတိုးနှုန်းတွေနဲ့ ချေးငွေများ ရရှိစေရန် ကူညီပံ့ပိုးပေးရန်၊ စီးပွားရေးနှင့် လူမှုရေး အကျိုးကျေးဇူးဖြစ်ထွန်းစေသော ထင်သာမြင်သာသည့် ပရိုဂျက်များကို ဘဏ္ဍာရေး ထောက်ကူပေးရန်၊ အိမ်ထောင်စုများ၏ ဆုံးဖြတ်ချက်ချမှတ်နိုင်မှုတွင် ဝင်ငွေက အရေးပါသည်ဖြစ်ရာ အမျိုးသမီးများ၏ ဝင်ငွေ အခွင့်အလမ်းများ တိုးတက်များပြားလာခြင်းဖြင့် ကျားမတန်းတူညီမျှမှု ရရှိလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးရန်၊ တပိုင်တနိုင် ကိုယ်ပိုင်လုပ်ငန်းလေးများမှ အိမ်ထောင်စုအတွက် လိုအပ်မျှတသော ဝင်ငွေများ ရရှိလာစေရန် နှင့် လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရန် စတာတွေ ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဆောင်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူ ဖြစ်စေပါတယ်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် အကျိုးသက်ရောက်မှုများ
Microfinance ကို development tool တခုအနေနဲ့ အသုံးပြုခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် အကျိုးသက်ရောက်မှု ရှိကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျေးရွာ အချို့မှာ Microfinance အသုံးပြုခြင်းအားဖြင့် ရရှိလာတဲ့ အကျိုးသက်ရောက်မှုတွေကို ပညာရှင် Khandker ဆိုသူက လေ့လာခဲ့ကြရမှာ ငါးနှစ်အတွင်းမှာ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း ငါးရာခိုင်နှုန်းနှင့် ဆယ်ရာခိုင်နှုန်းအကြား ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ကမ္ဘာ့ဘဏ်မှ ပညာရှင် Marguerite Robinson ဆိုသူက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဘဏ္ဍာရေး ဝန်ဆောင်မှုများ ပေးခြင်းအားဖြင့် အိမ်ထောင်စုများ၏ ဘဏ္ဍာရေး စီမံခန့်ခွဲနိုင်စွမ်း တိုးတက်မှု ရှိလာခြင်း၊ ထုတ်လုပ်နိုင်စွမ်း မြင့်မားလာခြင်း၊ သေးငယ်သော စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်လာနိုင်ခြင်း၊ ဝင်ငွေတိုးပွား လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်တာကြောင့် Microfinance ဟာလဲ အခြား စက်မှုတော်လှန်ရေး (Industrial Revolution) နဲ့ အိုင်တီတော်လှန်ရေး (IT Revolution) စတာတွေလိုပဲ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် ပေါ်ထွက်လာတဲ့ တော်လှန်ရေးတရပ်ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။
ယူကေနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးလေ့လာမှုသိပ္ပံမှ ပညာရှင်များဖြစ်ကြတဲ့ Neil McCulloch နဲ့ Baulch တို့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ဝင်ငွေအတက်အကျဖြစ်မှု (income fluctuations) ကို ထိန်းသိမ်းခြင်းအားဖြင့် ရေတိုကာလမှာ ဆင်းရဲနွမ်းပါးမှုကို လျော့ကျစေနိုင်တဲ့အတွက် Microfinance ကို အသုံးပြုရန် လိုအပ်ကြောင်းနဲ့ ရေရှည်ကာလမှာ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရေးအတွက် လူသားအရင်းအမြစ် (Human capital) ပေါ်ထွက်လာအောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အာဖရိကတိုက်၊ ဇင်ဘာတွေနိုင်ငံမှာ Microfinance အသုံးပြုမှုကို လေ့လာခဲ့ကြတဲ့ Carolyn Barnes နဲ့ Erica Keogh ဆိုသူတို့ကလဲ Microfinance ကို အသုံးပြုသူများရဲ့ လစဉ်ဝင်ငွေဟာ အသုံးမပြုသူများရဲ့ လစဉ်ဝင်ငွေထက် နှစ်ဆခန့် ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ လက်တင်အမေရိကတိုက်၊ ပီရူးနိုင်ငံမှာ Microfinance အသုံးပြုမှုကို လေ့လာခဲ့တဲ့ Elizabeth Dunn ဆိုသူကလဲ Microfinance ကို အသုံးပြုသူများရဲ့ လစဉ်ဝင်ငွေဟာလဲ အသုံးမပြုသူများရဲ့ လစဉ်ဝင်ငွေထက် ငါးဆယ်ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး၊ Below the poverty line မှာ Microfinance အသုံးပြုသူ နှစ်ဆယ့်ရှစ်ရာခိုင်နှုန်းသာရှိပြီး၊ အသုံးမပြုသူ လေးဆယ့် တစ်ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
စုဆောင်းရေးက ပထမ လား၊ အကြွေးက ပထမ လား (Savings First Vs Credit First)
(၁၉၅၀) ကာလတွေမှာတုန်းက ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် စုဆောင်းငွေရှိရေးက အရေးကြီးတယ် ဆိုတဲ့ အယူအဆနဲ့ savings mobilization တွေ ကမ္ဘာတဝှမ်းမှာ ခေတ်စားခဲ့ပါတယ်။ (၁၉၈၀) နှောင်းပိုင်း ကာလတွေရောက်တော့ အကြွေးက အရေးကြီးတယ် ဆိုတဲ့ အယူအဆသစ်တွေ ခေတ်စားလာခဲ့ပြီး၊ အသုံးပြု ဖော်ဆောင်သူတွေနဲ့ လေ့လာသူတွေအကြား အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းရှည်ကြာစွာ အငြင်းပွားမှုတွေ ရှိလာခဲ့ကြပြီး၊ နောက်ဆုံးမှာတော့ နည်းလမ်းနှစ်ခုစလုံးမှာ သက်ဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေ ရှိတယ်ဆိုတာကို လက်ခံလာကြတာနဲ့အမျှ နှစ်မျိုးစလုံးကို အသုံးပြုတဲ့ အင်စတီကျူးရှင်းတွေ ပါ ပေါ်ထွက်လာခဲ့ပါတော့တယ်။
စုဆောင်းရေးကို ပထမဦးစားပေးခြင်းအားဖြင့် သတင်းအချက်အလက်များ ရရှိခြင်း၊ အကြွေးကဲ့သို့ ပြန်လည် ပေးဆပ်ရမည့် ရက်များ သတ်မှတ်ချက် မရှိခြင်း၊ စုဆောင်းသူများနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ အကြားတွင် ငွေစုသူများ အနေဖြင့် စတင်ခြင်း၊ စုဆောင်းမှုများမှ အတိုးများ ရရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်ပါတယ်။ အကြွေးကို ပထမဦးစားပေးခြင်းအားဖြင့် အလှူငွေများရယူကာ ဘဏ္ဍာရေးဝန်ဆောင်မှုများ စတင်ပြုလုပ်နိုင်ခြင်း၊ အများပြည်သူအကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးနိုင်ခြင်း၊ ဝန်ဆောင်မှု များအား ချဲ့ထွင်နိုင်ခြင်း၊ စုဆောင်းခြင်းနဲ့ ဆက်စပ်တဲ့ transaction costs ကြီးမြင့်မှုများကို ထိန်းချုပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ဒီလို အကျိုးကျေးဇူးတွေနဲ့ တပြိုင်နက်တည်းမှာပဲ အားနည်းချက်တွေလဲ ရှိနိုင်ပါတယ်။ အကြောင်းအရာတိုင်းဟာ ဒင်္ဂါးပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ။ အားနည်းချက်တွေ ရှိသလို အားသာချက်တွေလဲ ဒွန်တွဲ ရှိနေနိုင်ပါတယ်။ စုဆောင်းရေးကို ပထမဦးစားပေးခြင်းအားဖြင့် ဝင်ငွေအသင့်အတင့်ရှိသော middle income စီးပွားရေးသမား များကို ဆင်းရဲနွမ်းပါးသူတွေထက် ပိုပြီး အကျိုးကျေးဇူးရှိစေနိုင်ပါတယ်။
ကနဦးအနေနဲ့ ယုံကြည်မှု တည်ဆောက်မှု၊ ပါဝင်သူများကို ပညာပေးမှု၊ ပဏာမ စုဆောင်းငွေရှိလာစေရန် အချိန်အတိုင်းအတာ တခုယူရမှု စတာတွေကြောင့် တည်ထောင်ဖို့ ပြင်ဆင်ရတဲ့ အချိန်ကာလကလဲ ပိုပြီး ကြာနိုင်ပါတယ်။ ရရှိလာတဲ့ စုဆောင်းငွေများကို စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး စုဆောင်းငွေလုံခြုံရေး၊ အလွဲသုံးစားမှု၊ voting inequities စတဲ့ ပြဿနာတွေ တက်နိုင်ပါတယ်။ စုဆောင်းငွေများကို လွှဲပြောင်းမှု၊ လိုက်လံ သိမ်းယူမှုတွေနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေလဲ များပါတယ်။
အကြွေးကို ပထမဦးစားပေးခြင်းအားဖြင့် အလှူငွေ (donor funding) များ၊ ဖောင်ဒေးရှင်းများ၊ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် (Investment funding) များကို တည်မှီလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးတွေဖြစ်တဲ့ ထုတ်ချေးရန် ချေးငွေများ အလုံအလောက်မရှိမှုနဲ့ ငွေကြေးမတည်ငြိမ်မှု ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဆင်းရဲနွမ်းပါးသူများရဲ့ လူ့အဖွဲ့အစည်းအတွင်းကို တိုက်ရိုက်ဝင်ရောက်အကူအညီပေးမှု၊ empower လုပ်ပေးမှု၊ ပညာပေးသင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပပေးမှု စတာတွေမှာ အုပ်ချုပ်ရေးယန္တရားက ထိန်းချုပ်မှုတွေ ပြုလုပ်လာတာတွေ ရှိနိုင်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် Microfinance ဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပြီးပြည့်စုံသော Development tool တခုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် အခြား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူနည်းလမ်းတွေဖြစ်တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှု အခွင့်အလမ်းများ တိုးမြှင့်ခြင်း၊ လူမှုအရင်းအနှီး (social capital) များပြားခြင်း၊ လူမှုဝန်ဆောင်မှု (social services) များဆောင်ရွက်ခြင်း စတာတွေနဲ့ တပြိုင်တည်း ပေါင်းစပ်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုနဲ့ နောက်ဆက်တွဲ ပြဿနာများကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၁၊ ၈၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။
Barnes, Carolyn and Keogh , Eric (March 1999) An Assessment of the Impact of Zambuko’s Microenterprise Program in Zimbabwe: Baseline findings. Working Paper. Management Systems International (MSI).
Dunn, Elizabeth. (June 1999) Microfinance Clients in Lima, Peru: Baseline Report for AIMS Core Impact Assessment. University of Missouri-Columbia.
Khandker, Shahid. (2001) Does Micro-finance Really Benefit the Poor? Evidence from Bangladesh, Paper delivered at Asia and Pacific Forum on Poverty: Reforming Policies and Institutions for Poverty Reduction held by the Asian Development Bank, Manila.
McCulloch, Neil and Bob Baulch. (2000) Simulating the impact of Policy upon Chronic and Transitory Poverty in Rural Pakistan, Journal of Development Studies, 36 (6)
Robinson, Marguerite. (2001) The Microfinance Revolution: Sustainable Finance for the Poor, World Bank. Washington.
7 comments
Shwe Ei
August 22, 2011 at 3:08 pm
အစိုးရကတော့ ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုပြီး ကျောင်းဆရာမတွေကို မယူမနေရ ပိုက်ဆံငါးသောင်းစီ ချေးပြီး လစဉ်ပြန်ဖြတ်ပါတယ်တဲ့။ ဒေါ်ခင်မမမျိုးပြောတဲ့ Microfinance နဲ့သဘောတရားချင်းတူပေမဲ့ ရည်ရွယ်ချက်ဘာလဲဆိုတာခန့်မှန်းလို့မရတာကြောင့် နည်းနည်းရှင်းပြပေးစေချင်ပါတယ်။
Harumoto
August 22, 2011 at 5:11 pm
ကောင်းမွန်တဲ့ အစီစဉ်တွေ ဖေါ်ထုတ်ပေးကြတဲ့ ပညာရှင်တွေကို လေးစားပါတယ်။
မကောင်းတွေးပြီး ကန့်လန့် မတိုက်ကြဘဲ ဝိုင်းကူကြဘို့လိုပါတယ်။
“ဒီလို အကျိုးကျေးဇူးတွေနဲ့ တပြိုင်နက်တည်းမှာပဲ အားနည်းချက်တွေလဲ ရှိနိုင်ပါတယ်။ အကြောင်းအရာတိုင်းဟာ ဒင်္ဂါးပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ။ အားနည်းချက်တွေ ရှိသလို အားသာချက်တွေလဲ ဒွန်တွဲ ရှိနေနိုင်ပါတယ်။ ”
ရိုးသားပြီးဆင်းရဲတဲ့ လူတွေကြားမှာ လူလည်တွေ အခွင့်ရေးသမားတွေ ကြောင့်တခါတခါ ကောင်း
မွန်တဲ့ အစီအစဉ်တွေ ပျက်ပျက်သွားတတ်တော့ အဲဒါလေးတွေလဲ ထဲ့စဉ်းစားကြပါ ခင်ဗျား။
ကျေးဇူးတင်ပါတယ်။
alinsett
August 22, 2011 at 6:56 pm
သိပ်ကောင်းတဲ ့ စာတွေကို သာ အမြဲ တင်ပေးနေလို ့ ကျေးဇူးလည်းတင်… လေးလည်းလေးစားရပါတယ် ……kai ရေ…။
ဆင်းရဲ မှုကို တိုက်ဖျက်မယ်လို ့ ့ဆိုတဲ ့ အစိုးရသစ်ရဲ ့ စကား ကို မျှော်လင့်ချက် အပြည့်နဲ ့စောင့်နေပါတယ် ။
pyinlepyaw
August 22, 2011 at 7:02 pm
မူ ကတော့ ကောင်းပါတယ်၊ ပြောစရာ ငြင်းစရာ တစ်ကွက်မှ မရှိပါ၊
မူကို အကောင်အထည်ဖေါ်တော့မဲ့ လူ ကသာ အရေးကြီးတာနေမှာ၊
စောင့်ကြည့်ကြသေးတာပေါ့ဗျာ။
forever
August 22, 2011 at 8:26 pm
ခုတလောအလုပ်ကလဲမအားရတဲ.ကြားမှာ
ရွာထဲမှာလဲ တကယ်.ဆရာတွေကပိုစ်တွေတင်ထားတာနဲ.တိုးနေတယ်
နော်ဝေးအခန်းဆက်ကလဲ ကိုသွားရင်တောင်ဒီလောက်စုံအောင်မရောက်နိင်တော.
မလွတ်တန်းဖတ်ရတယ် တခါ ဗိုလ်ချုပ်ရဲ.သမိုင်းမတင်ထားတဲ.အကြောင်း
ကလဲဖတ်လို.ကောင်းဗျား
အခုသဂျီး တင်တဲ.ပို.စ်ကလဲအသေးစိတ် လေ.လာကြည်.ရမယ်.
ခေတ်စားနေတဲ.အကြောင်းအရာဘဲ ကျေးဇူးပါ
weiwei
August 22, 2011 at 9:43 pm
အခုတလော တော်တော်ခောတ်စားနေတဲ့ အကြောင်းအရာတစ်ခုပဲ …
လုပ်ငန်းရှင်တွေကို အစည်းအဝေးခေါ်ပြီး ငွေထည့်ခိုင်းတယ် … တစ်ဦးကို ၅ သိန်းနဲ့ လုပ်ငန်းရှင် ၁၀ဝ လောက်က သိန်း ၅၀ဝ မတည်နိုင်တယ်ဆိုရင် အစိုးရကလည်း နောက်ထပ် (ဘယ်နှစ်ဆလဲတော့ မမှတ်မိတော့ဘူး) ထပ်ပြီး မတည်ပေးပါတယ် … အဲဒီနောက် အဖွဲ့ဖွဲ့ပြီး ဆင်းရဲတဲ့သူတွေကို ငွေချေးပေးနေကြပါတယ် … ဒါပေမယ့် တစ်ဦးကို ငွေ သုံးသောင်းလောက်ပဲ ချေးနိုင်တာတွေ့ရတယ် …. ၂ ကျပ်တိုးပေးရပါတယ် …. ဆင်းရဲသားတွေကတော့ လူတိုင်းချေးငွေသွားထုတ်ကြတယ် …
တစ်ချို့ရပ်ကွက်တွေမှာတော့ ၅ ယောက်တစ်ဖွဲ့ချေးပေးပြီး အပြန်အလှန် အာမခံလက်မှတ်ထိုးပေးရတယ်လို့ကြားတာပဲ …
ချေးငွေက ရင်းနှီးစားသောက်လောက်အောင် လုံလောက်တဲ့ပမာဏမဟုတ်တော့ အသုံးစရိတ်ထဲပါသွားပြီး ပြန်ဆပ်ဖို့ဒုက္ခရောက်ကြအုန်းမယ် ထင်ပါတယ် ..
MaMa
August 23, 2011 at 6:29 am
ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေရတာတော့ ဝိုင်းကြီးချုပ် နောက်ကျောချင်းခိုင်း စနစ်ဆိုပြီး လူ၅ယောက်လောက် တစ်ဖွဲ့ကို ရပ်ကွက်လူကြီက အာမခံရင် စာရင်းတင်ပြီး ချေးလို့ရတယ်လို့ ပြောသံကြားတယ်။ ဘာအာမခံမှ ပေးစရာမရှိ၊ ပေးစရာမလိုပေမယ့် အမှန်တကယ် လုပ်ငန်းအတွက် လိုအပ်သူ ဟုတ်မဟုတ် စစ်ဆေးပြီးမှ ထုတ်ပေးဖို့ လိုတယ် ထင်တာပဲ။ ဒါမှ မဟုတ်ရင်တော့ လွယ်လွယ်ရ၊ လွယ်လွယ်သုံးနဲ့ ဆင်းရဲတွင်းပိုနက်မှာတောင် ကြောက်ရတယ်။