Field ထဲက Feel (1)
၂၀၀၉ခုနှစ် အစောပိုင်း (နာဂစ်မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးကာလများ)
ဒီတခါတော့ သင်တန်းဆရာမဘဝကနေ တဆင့်တက်ပြီး Project တာဝန်ခံဘဝရောက်သွားပါပြီ။ အလှူရှင်က ASEAN Humanitarian Task Force ကပါ။ ဘိုကလေးပတ်ဝန်းကျင်ကဘဲ အစ်စလမ် ဘာသာဝင်တွေများတဲ့ ရွာနဲ့ အနီးပတ်ဝန်းကျင်ရွာလေးရွာ ပေါင်း ၅ရွာအတွက် ထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ရွေးလိုက်ပါတယ်။ သင်တန်းပေးရတဲ့ဘဝကတော့ မလွတ်သေးပါဘူး။ ထောက်ပံ့ရေးနဲ့ အတူသင်တန်းပေးရေးဘဝက နောက်ဆက်တွဲ နည်းနည်းပါနေပါသေးတယ်။
Field ထဲကိုကျွန်မရောက်သွားတဲ့ အချိန်က အတော်လေး အထိုင်ကျနေပြီဖြစ်တဲ့ သုံးပင်၂ခန်း (ချောင်းစပ်တွင်ဆောက်ထားသော)ရုံးနဲ့ ကမ်းရိုးတန်းအထိုင်ဖုံး (ဖုန်းခွက်မရှိသောကြောင့် Speaker မှအော်ပြောရသည်။)၊ ပြီးတော့ လက်ဆွဲမီးစက်တလုံးစတဲ့ Facility တွေကိုအားတက်ဖွယ်တွေ့ရပါတယ်။ ASEAN Volunteer (ထိုင်းမတယောက်၊ မလေးရှားမတယောက်၊ ကန်ဘောဒီးယား သားတယောက်) တွေကို လည်းရွာသားများနဲ့ အတော်ရင်းနှီးနေပြီဖြစ်တာတွေ့ရလို့ ဝမ်းသာမယ်ကြံကာရှိသေး ဇာတ်လမ်းကဒီလိုစလာပါတယ်။
ပထမဆုံး ထိုင်းညီမလေးက (ကျွန်မထက် ၂နှစ်လောက်ငယ်သည်) မေးခွန်းထုတ်လာပါတယ်။ Project ဆိုပြီးဘာလို့ဒီအတိုင်း အိပ်လိုက်စားလိုက် နေကြရတာပါလဲတဲ့။ ဘာသာပြန်ကိုကိုက ရွာစဉ်လှည့်ပြီးလျှောက်ခေါ်တဲ့နောက် လိုက်ရလို့ ၅ရွာလုံးတော်တော်နှံ့နေပါပြီတဲ့။ ရွာခံတွေကလည်း ပိုက်ဆံပေးမဲ့လူတွေလာတယ်ထင်ပြီး ဝမ်းသာအားရ ထမင်းချက်ကျွေးကြလို့ အစားအသောက်လည်း အတော်အဆင်ပြေပုံရပါတယ်။ ခက်တာက သူတို့ကို ပရောဂျက်နဲ့ပတ်သတ်ပြီး ဘာမှစကားမစသေးတာကို နားမလည်နိုင်ဖြစ်နေတာပါ။ သူပြောမှ အခြေနေကိုနည်းနည်းသဘောပေါက်ထားတဲ့ကျွန်မ ဘာပြန်ဖြေရမှန်းမသိအောင် စိတ်ညစ်သွားပါတယ်။ ရန်ကုန်ရုံးက ဆရာမှာလိုက်တာလေးပြန်ပြောချင်ပါတယ် ”ASEAN Volunteer တွေကိုပျော်အောင်ထားပါ၊ ဘာအလုပ်မှမခိုင်းပါနဲ့၊ ဘာမှလည်းမပြောကြပါနဲ့တဲ့”။ ကဲ ဘာသဘောလည်း။ ကျွန်မလည်းသေချာနားမလည်ပါဘူး၊ ဒီပရောဂျက်ကို ကိုယ့်လက်ကိုယ့်ခြေသဘောမျိုး Run ချင်တယ်ထင်ပါရဲ့။ သို့သော် ဒီစကားကြီးကို ကိုယ့်ပါးစပ်ကပြန်ထွက်ဖို့ကြလည်း ေ-ာက်တလွဲ စကားကြီးဖြစ်နေတော့ ပြောလို့မဖြစ်။ ဒီလိုနဲ့ ဟိုလှည့် ဒီပတ် လျှောက်ပြောလိုက်တာ ဆရာမှာလိုက်တဲ့ အဓိပ်ပါယ်နဲ့ ထပ်တူကျလုနီးနီး ဆင်တူတဲ့အဖြေတခုထွက်လာပါတယ်။
ကိုင်း ဒီလိုဆိုတော့လည်း ပြသနာတခုရှင်းရတာလွယ်သားလို့ တွေးနေတုန်း ဆရာမက ဘိုကလေးကို ကျွန်မတို့အားလုံး ပြန်တက်ရမဲ့ရက် (တပတ်တခါ Report ပြန်တင်ရသည်။) လဲရောက်ရော ရန်ကုန်ကို ဆရာ့ဆီတိုက်ရိုက်ဖုန်းခေါ်ချင်တယ်လို့ ပြောလာပါရော။ ဆရာမှာထားတဲ့နောက် မှာတမ်းတခုက ASEAN Volunteer တွေသူ့ဆီကတိုက်ရိုက်ဖုန်းခေါ်ခွင့် လုံးဝမပြုရတဲ့။ သေပြီဆရာဘဲ။ သို့သော် ပြသနာရှင်းတဲ့နေရာမှာ ဆရာကျတဲ့ ကျွန်မ ဒီလိုအကြံပေးလိုက်ပါတယ် ”ဆရာ့ဆီတော့ တိုက်ရိုက်မခေါ်နဲ့၊ ဆရာ့မိန်းမဆီခေါ်” လို့။ အဲဒါလည်းပြီးရော ကျွန်မတို့တဖွဲ့လုံး(မြန်မာ Volunteer များ) ရန်ကုန်မှာ အမှုစစ်ခံရပါတော့တယ်။ အကြံပေးသူကျွန်မထုချေလွှာတင်ပြီး Field ထဲပြန်ရောက်လာတော့ အခြေနေတွေပြောင်းလဲနေပါပြီ။ ရွာခံတွေက ဒီဇင်ဘာကတည်းကရောက်နေပြီး ဇန်နဝါရီကုန်ခါနီးထိ ဘာမှမဘာသေးတဲ့ ကျွန်မတို့ ပရောဂျက်ကို အယုံအကြည်မရှိတော့ပါဘူး။ Field ထဲမှာရှိနေတဲ့ ASEAN Volunteer ၃ယောက်နဲ့ မြန်မာ Volunteer ၃ယောက် ပြီးတော့ ဘာသာပြန်တယောက်တို့ဟာ ခေါက်ဆွဲပြုတ်နဲ့ အသက်ဆက်နေရပါပြီ။ အကြောင်းမှန် မသိသေးတဲ့ ကျွန်မကို ဆယ်အိမ်ခေါင်းလင်မယားက ထမင်းတရက်ကျွေးပါတယ်။ တရက်ပါဘဲ။
နောက်တပတ် ဘိုကလေးကပြန်ရက်ရောက်တော့ ရုံးမှာ Plan အသစ် ကိုယ့်သဘောနဲ့ကိုပြန်ဆွဲပြီး အဖွဲ့ဝင်အားလုံးတာဝန်ပြန်ခွဲကြပါတယ်။ Project မ run နိုင်သေးသော်လည်း တတ်နိုင်သလောက် အိမ်ထောင်စုစာရင်းပြုစုတာတွေ၊ ဝေခြမ်းရေးတောင်းခံထားတဲ့ ပစ်စည်းစာရင်းတွေကို အချောသတ်နောက်တကြိမ် ထပ်ကောက်ကြမယ်ပေါ့။ အဲဒီမှာ အရေးကြီးတာက စားစရာကိတ်စ။ ဂက်စ်မီးဖိုအသေးလေးရှိပေမဲ့ ချက်ပြုတ်စားဖို့ လုံးဝစိတ်မကူးကြတဲ့ ကျွန်မအပါအဝင် (ထိုင်း+မလေး) ၃ယောက်တို့နဲ့ ကျန်အမျိုးကောင်းသား ၄ယောက်တို့ဟာ ခေါက်ဆွဲပြုတ်ကိုဘဲ အားကိုးကြဖို့ မတိုင်ပင်ထားဘဲ ဆုံးဖြတ်လိုက်ကြပါတယ်။ တောပြန်ဆင်းရမဲ့နေ့ရောက်တော့ ခေါက်ဆွဲခြောက်ထုပ် တပွေ့တပိုက်နဲ့ တောဆင်းမဲ့ကျွန်မစတိုင်ကို ကျန်အဖွဲ့သားတွေ လက်ညှိုးထိုးပြီး ဟားကြပါသေးတယ်။ သူတို့က အစောကြီးထဲက ဝယ်ပြီးသား၊ သိမ်းပြီးသားလေ။
ခေါက်ဆွဲခြောက်အားကိုးနဲ့ တလလောက်အသက်ဆက်လို့အပြီးမှာတော့ ကျွန်မတို့အဖွဲ့ ASEAN Head Office (ရန်ကုန်-Chatrium) မှာ အစည်းအဝေးတက်ရပါတယ်။ Project အကြောင်းဘာမှ တင်ပြစရာမရှိတဲ့ဘဝမှာ ခေါက်ဆွဲပြုတ်အကြောင်းတင်ပြရပါတော့တယ်။ ဒီနေရာမှာ Cambodia သားက အားကိုးရပါတယ်။ ရွာခံတွေဆီကသင်လာတဲ့ ဗမာစကားမတောက်တခေါက်ကို အသုံးချပြီး သူ့ရဲ့ Presentation မှာ ခေါက်ဆွဲပြုတ်နှင့်တကွ ဘဲဥ၊ ကြက်ဥကို ဗမာလိုထည့်ရှင်းသွားပါတယ်။ သူဗမာစကားတတ်သွားတာ အကျိုးရှိပါတယ်။ အစည်းအဝေးပြီးလို့ တောပြန်တော့ ထမင်းစရိတ်ပါ ထုတ်သုံးခွင့်ရခဲ့ပါတယ်။ နောက်တခုက ကျွန်မတို့အဖွဲ့အတွက် ခေါက်ဆွဲခြောက်အလှုရှင်ပါ ပေါ်လာတာပါဘဲ။
ကျွန်မတို့ ဆရာရဲ့ Idea ထူးပုံလေးနောက်တခုက အသက်အာမခံကြေးကို အာဆီယံ ဗော်လန်တီယာတွေ အတွက်သွင်းပေးပြီး မြန်မာ ဗော်လန်တီယာတွေကိုတော့ လူမှုရေးလုပ်ငန်းဖြစ်တဲ့အတွက် ကိုယ့်အသက်ကိုမနှမြောကြဘဲ အားသွန်ခွန်စိုက်ကြိုးစားကြပါလို့ အမှာတော်ပါးလိုက်ပါတယ်။
(ဆက်ရန်)
Shwe Ei
22nd Aug 2011
7 comments
nozomi
August 22, 2011 at 5:35 pm
မရွှေအိ ရေ အခုဟာက ၁ ဆိုတော့ နောက်ဟာတွေ လာဦးမယ်ထင်တယ် မျှော်နေပါမယ်
အဲဒါမျိုးတွေနဲ့ ပတ်သက်လို့ ကြားဖူးပါတယ် အခြေအနေမှန် သေချာမသိပါ ကာယကံရှင်တွေက ပြောပြမှပဲ အမှန်အကန်လဲသိရ ဗဟုသုတလဲ ရပါတယ်
pooch
August 22, 2011 at 9:07 pm
စိတ်ဝင်စားပါတယ် စောင့်ဖတ်နေပါ့မယ်..ဗဟုသုတပေါ့
မီးမီး သော်
August 22, 2011 at 11:24 pm
“””ကျွန်မတို့ ဆရာရဲ့ Idea ထူးပုံလေးနောက်တခုက အသက်အာမခံကြေးကို အာဆီယံ ဗော်လန်တီယာတွေ အတွက်သွင်းပေးပြီး မြန်မာ ဗော်လန်တီယာတွေကိုတော့ လူမှုရေးလုပ်ငန်းဖြစ်တဲ့အတွက် ကိုယ့်အသက်ကိုမနှမြောကြဘဲ အားသွန်ခွန်စိုက်ကြိုးစားကြပါလို့ အမှာတော်ပါးလိုက်ပါတယ်။””
ဒါကဘာလိုကြောင့်လဲဟင်။နောက်ပို ့စ်တွေမှရှင်းပြမှာလား။
Foreign Resident
August 23, 2011 at 3:21 pm
According to Insurance Law,
insured subject must have certain value,
if not, that property cannot be insured.
မြန်မာအသက် are valueless,
So, မြန်မာအသက် cannot be insure. 😛
Shwe Ei
August 23, 2011 at 9:06 am
အဲ၊ ဘယ်လိုရှင်းပြရမလဲ။ ပြောချင်တာက ကိုယ့်ဝန်ထမ်းကို ခိုင်းဖို့ကလွဲပြီး တခြားခံစားခွင့်တွေပေးဖို့ အာရုံမရတာကို ချပြလိုက်တဲ့သဘောပါ။ မီးမီးသော်(မော်မော်သီး) ေ၇။ 😛
ကြောင်ကြီး
August 23, 2011 at 10:02 am
အဟတ်အဟတ်.. မကျေနပ်ရင် တပ်ထဲဝင် စစ်သမီးလုပ်ဗျာ… အနည်းဆုံးတော့ ဗျောက်ခါးကြားထိုးပြီး ရွာထဲကကြက်လုစားလို့ရမယ်…..
Shwe Ei
August 23, 2011 at 10:22 am
ဦးကြောင်ကလည်း ရွာမှာနေရတာ သာသာယာယာဖြစ်နေပြီဗျ။ ဘာမှလုစားစရာမလိုတော့ဘူး။
ရန်ကုန်ရုံးက Facility လောက်တော့ပျင်းသေး။ ရွာမှာ တံခါးတချပ်မှမရှိလို့ လေဝင်လေထွက် အင်မတန်ကောင်းတဲ့အိမ်နဲ့၊ စပီကာပေါက်ကနေဖင်ထောင်အော်ရတဲ့တယ်လီဖုန်းနဲ့၊ လက်မောင်းပြုတ်အောင် ဆွဲ၊ ဆွဲနှိုးရတဲ့မီးစက်နဲ့ ရေဒီယိုပိစိကွေး တလုံးတောင်ရှိသေး။အဟိ