ကော်ဗူးရှူတဲ့ လမ်းပေါ်က ကလေးငယ်များ
မိုးသည်းထန်စွာ ရွာသွန်းနေချိန် နေ့ခင်းနေ့လည် (၁၂) နာရီခန့်တွင် ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာတခုဖြစ်သည့် ကုန်သည်ကြီးများဟိုတယ် ဆင်ဝင်အောက်တွင် ကလေးငယ်တသိုက် တဦးနှင့်တဦး တိုးဝှေ့ထိုင်နေကြသည်။ ကလေးငယ်များမှာ အသက်အရွယ်အားဖြင့် ၁ဝ နှစ်မှ ၁၃ နှစ်အရွယ်ရှိပြီး သူတို့မှာ တခုခုကို လိုလားတောင့်တနေသည့် မျက်လုံးအစုံနှင့်ဖြစ်သည်။ သူတို့ အဓိက လိုအပ်နေသည်မှာ အစားအစာ၊ ဘောလုံးတလုံး၊ တွတ်ပီကာတွန်း ရုပ်ပြစာအုပ်တအုပ်၊ အရုပ် (သို့) ဂိမ်းစက်များ မဟုတ်ဘဲ ဖိနပ်ကပ်ခြင်း၊ ပိုက်ဆက်ခြင်းတို့တွင် အသုံးပြုလေ့ရှိသည့် စိမ်းရွှေရွှေအနံ့ရှိသည့် ကော်ဗူးများသာဖြစ်သည်။
များမကြာမီ ၁၄ နှစ်အရွယ်ရှိ လူငယ်တစ်ဦး ကော်ဗူးတစ်ဗူး ကိုင်ပြီး သူတို့အုပ်စုရှိရာသို့ ပြေးလာသည်။ “ဟေ့ကောင်တွေ ဒီကနေလစ်မယ်။ ငါတို့အတွက်ရိက္ခာပါလာတယ်။ အခြေအနေတော့ သိပ်မကောင်းဘူး” ဟုဆိုကာ ရန်ကုန်ဘူတာကြီးဘက်သို့ မဆိုင်းမတွ ခပ်သွက်သွက်ပင် ထွက်သွားတော့သည်။ ကျန်ရှိနေသည့် ဆယ်ကျော်သက်အရွယ် လူမယ် ၄ ယောက်လည်း ထိုသူသွားရာ လမ်းအတိုင်း ပြေးလိုက်သွားကြသည်။ လူအသွားအလာရှင်းသည့် ရန်ကုန်ဘူတာကြီးနှင့် မနီးမဝေးရှိ သံလမ်းပေါ်တွင်မူ မုန့်ကြွပ် ဟုခေါ်သော ထိုလူငယ်ယူဆောင်လာသည့် ကော်ဗူးကို မုန့်ကြွပ်နှင့် အပေါင်းအပါတစုက တလှည့်စီ အငမ်းမရ ရှုရှိုက်နေကြသည်ကို လှမ်း၍ မြင်တွေ့နေရသည်။
“ကျနော်တို့က ဒီကော်ရှုဖို့ သိပ်များများမလိုဘူးလေ။ ထမင်းစားဖို့ဆုိုရင်တော့ ဒီတအုပ်စုလုံးအတွက်ဆို ပိုက်ဆံကုန်မယ်လေ” ဟု မိမိအလှည့် အရောက်ကို စောင့်နေရင်း မုန့်ကြွပ်က ပြောသည်။ ကော်ကိုရှုရှိုက်ခြင်းဖြင့် ထမင်းဆာလောင်မှု အပါအဝင် လက်ရှိတွေ့ကြုံနေရသည့် ဒုက္ခ၊ ပြဿနာများကိုပါ ခေတ္တ မေ့လျော့သွားစေနိုင်ကြောင်း၊ အိမ်ခြေမဲ့ကလေးငယ်များသာမက အထက်တန်း ကျောင်းသားတချို့ပါ ထိုကော်ဗူးကို မူးယစ်ဆေးသဖွယ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြကြောင်း ရန်ကုန်တိုင်း၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာ နေထိုင်သူ ကျောင်းဆရာမတစ်ဦးက ပြောသည်။
ထိုသို့ကော်ဗူးများကို မူးယစ်ဆေးသဖွယ် ရှုရှိုက်နေကြခြင်းမှာ ဝယ်ယူရန် လွယ်ကူခြင်းနှင့် ဈေးသက်သာခြင်းတို့ကြောင့် ငွေကြေးချို့တဲ့သူ လမ်းဘေး ကလေးငယ်အများစုက အဓိက သုံးစွဲနေကြခြင်း ဖြစ်သည်ဟု သိရသည်။ လမ်းဘေးကလေးငယ် အများစုမှာ ရန်ကုန်မြို့အတွင်းရှိ လမ်းတကာသို့ ဝင်ထွက်သွားလာလေ့ရှိပြီး ပြန်လည်ရောင်းချနိုင်သည့် ပလပ်စတစ်၊ ကော်၊ ဘီယာဗူးခွံ စသည့် စွန့်ပစ်ပစ္စည်းများကို ရှာဖွေကောက်ယူကာ တဆင့်ရောင်းချပြီး ရရှိလာသည့် ငွေကြေးတချို့နှင့် ထိုကော်ဗူးများကို ဝယ်ယူသုံးစွဲနေကြခြင်းဖြစ်သည်။ ထိုကလေးငယ်များ၏ နောက်ကွယ်တွင် အသက် ၂ဝ ကျော်အရွယ် လူငယ်တချို့က ကြိုးကိုင် သင်ကြားပေးခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ကော်သုံးစွဲသူ ကလေးငယ်အများစုတွင် ကြောက်ရွံ့စိတ်မရှိဘဲ ၎င်းတို့ကို သွန်သင်ဆုံးမသူများကိုပင် ပြန်လည်ဆဲဆိုကာ ရန်ပြုခြင်းများ လုပ်လေ့ရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် ၎င်းတို့ကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လူတချို့က ဘေးဖယ်ထားလေ့ရှိသည်။ “ကျန်တော်တို့က နေစရာမရှိ စားစရာမရှိတော့ ပတ်ဝန်းကျင်က နှိမ်တယ်။ ကျွန်တော်တို့ကို အစ်ကိုကြီး တယောက်က ဒီကော်ကိုရှုရင် ကြောက်စိတ်တွေ ပျောက်သွားပြီး လုပ်ချင်ရာ လုပ်နိုင်တယ်လို့ ပြောလို့ရှုတာပါ။ ကျန်တာတော့ မသိဘူး” ဟု မုန့်ကြွှပ်က ပြောသည်။
အုပ်စုထဲမှ ဆယ်ကျော်သက်ရွယ်တဦးမှလည်း “ကျွန်တော်တို့ လမ်းပေါ်လိုက်ပြီး ပလတ်စတစ်ကောက်ဖို့၊ ရေသန့်ဗူးကောက်ဖို့၊ လူမကြောက်ဖို့၊ ထမင်းမဆာဖို့ကို ဒီကော်ဗူးလေးက အကုန်ဖြည့်ဆည်းပေးတယ်။ ဒီကော်ဗူးကတော့ ကျတော်တို့အတွက် အသက်ပဲ” ဟု ဆိုသည်။ ကာလတာရှည် ကော်ဗူးရှုရှိုက် သုံးစွဲခြင်းဖြင့် ဘေးထွက်ဆိုးကျိုးတချို့ဖြစ်သည့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းနှင့် နောက်ဆုံးတွင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း ဆေးပညာမှတ်တမ်းတချို့က ဆိုသည်။
အိန္ဒိယလူမျိုး မြန်မာနိုင်ငံဖွား ကုန်သည် တဦးကလည်း “ India နိုင်ငံ ဒေလီမြို့ပေါ်မှာ ကျနော် သိသလောက်ပေါ့ လမ်းဘေးမှာ နေတဲ့ ကလေးတွေ မိသားစု တွေကို အစိုးရက လိုက်ဖမ်းပြီး ကူညီပေးတယ်။ သူတို ဘဝရပ် တည်မူတွေကို စီစဉ်ပေးတယ်။ နေရာတွေ သတ်မှတ်ပေးတယ်။ အစိုးရ ကူညီတာပေါ့နော်။ ဒီမှာက ဆေးခြောက်နဲ့ ကော်ဗူးရှူတာလောက် ကိုတော့ ဒီလောက် အရေးမထားဘူးလေ မူးယစ်ဆေး စွဲနေတဲ့ ကလေးတွေကို ဆေးရုံ ပိုပြီး လုပ်ပေးတဲ့ အဖွဲစည်းတွေ ရှိ်တယ်လေ။ ရန်ကုန်ကို ခဏခဏရောက် ဖြစ်ပါတယ်။ ဘာကွာလည်းဆိုရင် အုပ်ချုပ်နေတဲ့ အစိုးရ တာဝန်ယူမှုပေါ့။ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက တာဝန်ရှိတာပေါ့။ အခုလို ပစ်ထားတော့ ပိုဆိုးတာပေါ့ ’’
သူက အခုလို ကော်ဗူး ဆေးရှူသုံးစွဲသူ အသက်အရွယ် (၄) နှစ် အရွယ်မှ (၁၄)နှစ်အရွယ် ကလေးငယ်များကို ရန်ကုန်မြို့တွင် ရာဂဏန်းအထက် ရှိနိုင်သည်ဟု သုံးစွဲဖူးသူတဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးအဆင်မပြေမှု၊ ဆင်းရဲမှုနှင့် နိုင်ငံရေး မငြိမ်မသက်မှုများက အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ လမ်းဘေး လဘက်ရည်ဆိုင်များနှင့် စွန့်ပစ်အမှိုက်ကောက်သိမ်း နေရာများသို့ တွန်းပို့နေပြီး ၎င်းတို့၏အရွယ်နှင့် မမျှသည့် အလုပ်များကို လုပ်ကိုင်နေကြရကာ လုပ်အားခ ချိုးနှိမ်ခံရလေ့ရှိသည်။ အချို့ကလေး သူငယ်များမှာ ထိုင်းနယ်စပ်၊ တရုပ်နယ်စပ် တို့တွင် လူကုန်ကူးသူများ၏ ရောင်းစားခြင်းခံရလေ့ရှိသည်။
မြန်မာနိုင်ငံမှ အသက် ၃-၁၆ နှစ်အရွယ်ကလေးသူငယ် ၂၀၀၀ဝ ခန့်သည် ထိုင်းနိုင်ငံတွင် တောင်းစားခြင်း၊ လမ်းဘေးဈေးရောင်းချခြင်း သို့မဟုတ် စွန့်ပစ်ပစ္စည်းများကောက်သိမ်းခြင်းများ လုပ်ကိုင်နေကြပြီး အသက် ၁၂-၁၉ နှစ်အရွယ် အမျိုးသမီးငယ်များမှာမူ ပြည့်တန်ဆာလုပ်ငန်းတွင် တွေ့မြင်နေကြကြောင်း အွန်လိုင်း Youth X Change (YXC) ဝဘ်ဆိုဒ်တခုတွင် ဖော်ပြထားသည်။
ဇော်ရှန်
နယူးဒေလီ၊ အိနိ္ဒယ။
၁၈ ရက်၊ ဩဂုတ်လ၊ ၂၀၁၁ ခုနှစ်
20 comments
weiwei
August 24, 2011 at 2:19 pm
အခုမှ ကြားဖူးတယ် .. အထူးအဆန်းပဲ ..
Shwe Tike Soe
August 24, 2011 at 2:47 pm
အော် ဆင်းရဲချို.တဲ့ တဲ့ ကလေးတွေများကြတော့ ထမင်းမစာအောင် နည်းလမ်းရှာရတာပေါ့… သူတို.ကတော့ မူးရစ်ဆေးအဖြစ်သိလို.လုပ်နေတာတော့မဟုတ်လောက်ဘူးဗျ… တော်တော်ရင်လေးဖို.ကောင်းတယ် နော် လူငယ်တက်သစ်စလေးတွေ.. အခြေအနေမဲ့ပေမယ့် အဲဒီ ကလေးတွေထဲမှာ ထွန်းပေါက်မယ့်သူတွေလဲပါရှာမယ်နော် မြေတောင်မြှောက်ပေးမယ့်သူတွေမရှိတော့လဲ အင်းးးး… မိန်းကလေး ငယ်တွေလဲ ဒီလိုပဲ.. လူကြီးတွေကလဲ လူကြီးတွေပဲ ကလေးငယ်တွေကို အဲလိုတွေဖြစ်အောင် တွန်းပို.သလိုဖြစ်နေတာပေါ့… ပိုက်ဆံချမ်းသာတဲ့ ကလေးတွေကိုသာ သဲသဲလှုပ်လုပ်နေတာ
လမ်းဘေးက ကလေးကို တံတွေးနဲ.တောင်လှည့်မထွေးဘူး…..
မောင်ဘလိူင်
August 24, 2011 at 2:59 pm
ကျွန်တော်ရေးတဲ့ အခြေနေမဲ့ သန်းကြွယ် အပိုင်း(၃၃)မှာ အဲဒါအကြောင်းပါပါတယ်။
http://myanmargazette.net/54649/entertainment
အဲဒီကော်တွေက ဟိုက်ဒရိုကာဘွန်တို ့ အီသနော ဘင်ဇင်း တို့ပါတဲ့အတွက် မူးယစ်ဆေး
လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ဆိုတယ်။
R Ga
August 24, 2011 at 3:01 pm
ကြားရတာ နားဝ မချမ်းသာစရပါပဲဗျာ..။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ဒါတွေမလုပ်ခဲ့ဖူးပါဘူး။ ဗိုက်မဆာ ဘူးဆိုတာတော့ဟုတ်ပါပြီ..။ ဒါပေမဲ့..။ မူယစ်ဆေးလို့ ရော မူးယစ်တွေဝေစေသလားဗျ..။
chitpyae
August 24, 2011 at 3:04 pm
ကော်ရူတာကို ကြားဖူးတာ ကြာပါပြီ …. လူကြီးတွေ ရူတာပဲ သိတာ ။ အခု ကလေး တွေပါ အဲလို တွေ လုပ် လာကြတယ် ဆိုတော့ မကောင်းတော့ဘူးပေါ့ ။ ဒီ့ထက်မဆိုးလာအောင် တတ်နိုင်သလောက် တားရမှာပေါ့။
ကော်ရူတာ မူးတယ်လို့ပြောကြတယ် …. ။ ကော်နံ့ ကြောင့် မူးလဲ သွားတာတော့ မျက်စိရှေ့မှာ တွေ့ဖူးတယ် … 🙁 🙁 🙁
စုံ စုံ
August 24, 2011 at 3:20 pm
ဟိုတနေ့ကဘဲတခြားဆိုဒ်တခုကနေဖတ်လိုက်ရသေးတယ်
ဖတ်ပြီးတခါမှလဲမကြားဖူးလို့အထူးအဆန်းဖြစ်နေတာ
အခုအချိန်မှာတောင်ကော်ဗူးရှုတဲ့ပမာဏကရာဂဏန်းအထက်မှာရှိတယ်ဆိုတော့
နောက်မကြာခင်ဒီထပ်တိုးလာဖို့ဘဲရှိမယ် လျော့မယ့်အနေအထားကိုမမြင်ဘူး
ဘာဘဲဖြစ်ဖြစ်အနာဂတ်လူငယ်တွေအတွက်(ကျန်းမာရေးရှုထောင့်တခုတည်းနဲ့တင်)
ကောင်းတဲ့အလားအလာမဟုတ်တာတော့
အသေအချာဘဲ
နွယ်ပင်
August 24, 2011 at 3:40 pm
ဟုတ်တယ် စုံစုံရေ နွယ်ပင်လဲ ဒီပိုစ့်လေးကို တစ်ခြားဆိုဒ်ကနေဖတ်ပြီး
စိတ်ထဲ တစ်မျိုးခံစားရတာနဲ့ မဖတ်ရသေးတဲ့ သူတွေအတွက် တင်ပေးလိုက်တာပါ
အခြေအနေမဲ့ ကလေးတွေဘဝကိုတွေးရင်း တကယ်စိတ်မကောင်းဖြစ်ရတယ်
တကယ်တော့ ဒီလို လူငယ်လေးတွေဆိုတာ နိုင်ငံတစ်နိုင်အတွက်တော့ အရေးပါတဲ့ လူတွေပါပဲ ……..
ရွှေအိမ်စည်
August 24, 2011 at 3:51 pm
ရန်ကုန်မြို့မှ ကော်ဗူးရှူတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်များ
(ဓာတ်ပုံ The Voice Weekly)
ပုံတော့ပါတယ်……ကောမက်ထဲ တင်မရလို ့လေ…။
ဆောင်းပါးအမည်တော့မေ ့နေတယ်..မြောက်ဒဂုံကကလေးတွေ
အကြောင်းလည်းကောင်းပါတယ်..
http://myanmargazette.net/54649/entertainment
ကသွားဖတ်လိုက်ပါမယ်….
နွယ်ရေ…ဦးဦးမှောဆရာဆီ ကတော့ပုံပါထဲ ့ပေးထားတယ်…
နွယ်ပင်
August 24, 2011 at 3:57 pm
နွယ်ပင်လည်း ပုံပါတင်ပေးထားပါတယ် မမြင်ရဘူးဟင် ………..
pan pan
August 24, 2011 at 3:53 pm
ကြားကြားဖူးပေါင်
ကြုံကြုံဖူးပေါင်
ပျက်စီးကုန်ကြပြီ
မကောင်းတာဆို ရှာကြံ ဖြစ်တယ်နော်
အဲဒီကော်ဗူးတွေရှုရင် ခေါင်းကိုက်မှာပဲ
ဆေးစော်နံမလားမသိ (သင်္ဘောဆေးလိုမျိုး)
ပေါက်ဖော်
August 24, 2011 at 4:08 pm
Japan မှာတော့ အလယ်တန်း အထက်တန်းအရွယ်ကျောင်းသားကျောင်းသူအချို့ Tincture(အရက်ပျံ)ကိုဂွမ်းမှာဆွတ် ပလပ်စတစ်အိတ်ထဲထည့်ပြီးရှူနေကြတာမြင်ဘူးတယ်
ဟိုမှာကတော့ဆင်းရဲလို့ ငတ်လို့ ရှူကြတာမဟုတ်ဘူး၊သက်သက်အပျော်သဘောနဲ့ဥပဒေလက်တလုံးခြား မူးယစ်ဆေးအနေနဲ့ရှူကြတာပါ၊
အခုတော့မြန်မာပြည်မှာပါ စလာပြီဆိုတော့ရင်လေးစရာပါပဲ…
ပုံ/
photobogyi
pooch
August 24, 2011 at 5:51 pm
မြင်ရ တွေ့ရတာ စိတ်မသက်မသာ ရှိလိုုက်တာရှင် …ဖြစ်မှဖြစ်ရလေ …
parlayar46
August 24, 2011 at 6:00 pm
ကော်ရှူတာကြာပြီလေ – နှစ်ပေါင်းကိုတော်တော်ကြာပါပြီ
မူးယစ်ဆေးလိုမျိုးမဟုတ်ပါဘူး။ တအားရှိုက်ရှူလိုက်လို့ ခေါင်းထဲနောက်သွားပြီး ပြန်ကျသွားတဲ့အခါ တငြိမ့်ငြိမ့်နဲ့ ခဏလောက်ဖြစ်သွားတာမျိုးပါ။ ဆက်တိုက်ဖြစ်ချင်ရင် ဆက်တိုက်ရှူပေါ့။ လက်တွေ့သိချင်သူများ လက်တွေ့ရှူကြည့်နိုင်ပါတယ်။ တခါနှစ်ခါလောက်ရှူကြည့်လို့ အန္တရာယ်ဖြစ်မယ့်ပုံမရှိပါဘူး။
ဘယ်- ရာဂဏန်းကလိမ့်မလဲ
တခြားနေရာတွေအသာထား –
မြို့ပါတ်ရထားလမ်းဘေးတလျှောက်ပဲ လှည့်ကြည့်လိုက်ရင် အများကြီးတွေ့ရမယ်။
ဆင်းရဲတာ ထမင်းစားစရာမရှိတာနဲ့ ကော်ရှူတာနဲ့တော့ သိပ်မဆိုင်ဘူး။
ကျုပ်တွေ့ဘူးတဲ့ အထက်ကြည့်မြင်တိုင်လမ်းဘေးက ရပ်ကွက်ထဲနေတဲ့ ကောင်လေးတယောက်ဆို သူ့မိဘက စားနိုင်သောက်နိုင်ပဲ။ သူများတွေ ကောင်းတယ်ပြောလို့လုပ်ကြည့်ရင်း စွဲသလိုဖြစ်နေတာ။
အခုတော့ ဒီကောင်လေး ကော်ဆက်မရှူတော့ပါဘူး။ ဒါ့ထက်ကောင်းတာတွေ လုပ်တတ်သွားပြီ။
လူငယ်ဆိုတာ မိဘကပစ်ထားရင် ဒီလိုပဲ မဖြစ်သင့်တာတွေ ဖြစ်တတ်ပါတယ်။
parlayar46
August 24, 2011 at 11:15 pm
ကော်တိုင်းရှူတာမဟုတ်ပါဘူး။
ရာဘာကပ်တဲ့ကော် ဥပမာ – စက်ဘီးဆိုင်ကယ် ကျွတ်ဖာတဲ့ကော်မျိုး ကိုသာရှူကြတာပါ။
သံဗူးဝိုင်းနဲ့လာတာများပြီး ဓါတ်ဆီနံ့လိုမျိုးနံတယ်။
အဲဒါရှူလိုက် အဖုံးပိတ်သိမ်းလိုက်နဲ့ ကော်တဗူးလုံးခြောက်ပြီး အနံ့ပြယ်တဲ့အထိ ရှူကြတာ။
ogre
August 24, 2011 at 7:20 pm
ထူးထွေတည့်အံရာသော်
အောင်မလေး တစ်ကယ်ပါမိုးကြိုးပွတ်
လုံးဝ မကြားဘူးပါဘူး
ရေပိုက်လေးဘာလေးကွဲ ရင်ဆက်ဘို့ ကော်ဗူးတော့ အိမ်မှာဆောင်ထားတယ်
ဟုတ်မဟုတ်စမ်းကြည့်ရမယ်ဗျ…။။။
ဆူး
August 24, 2011 at 8:51 pm
အခုမှ ကြားဖူးတာပါ.. ဒါနဲ့ မူးယစ်ဆေး လို ဖြစ်နေတော့ အဲဒါက စွဲတတ်လား။
အဲဒီ ဗူးတွေ အနံရရင် မူးကို မကြိုက်ဘူး။ ဓါတ်ဆီ နံလိုလို ဘာလိုလို ထင်တာပဲ.. အနံကြီးက… တချို့က ဓါတ်ဆီ အနံကို မွေးတယ် ဆိုပြီး သဘောကျတဲ့ လူ ရှိတယ်လို့တော့ ကြားဖူးတယ်။
စုန်းထီး
August 24, 2011 at 9:56 pm
ဒီလိုအဖြစ်တွေက လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်လောက်ကတည်းက
ရန်ကုန်မြို့မှာ ရှိတဲ့ တစ်ချို့ တစ်ချို့သော အခြေခံပညာအထက်တန်းကျောင်းတွေမှာ ရှိခဲ့ပါတယ်
နောက်ပြီး ၂၀၁၁ ခုနှစ်ထဲမှာလည်း ကျောင်းသားတစ်ယောက် ဒီကိစ္စနဲ့ ဆက်နွယ်ပြီး သေဆုံးခဲ့တဲ့ အဖြစ်အပျက်မျိုးလည်းရှိခဲ့ပါတယ် ..
အသေးစိတ်ပြောရရင်
အချိန်မရသေးတာမို့ နောက်မှ ရှင်းပြပါဦးမယ် ….
မီးမီး သော်
August 24, 2011 at 11:02 pm
ကော်ဗူးတွေရှုတယ်။ဟယ် ဘယ်လိုကြီးပါလိမ့်။အရင်ကကြားဖူးတာကတော့ ဓါတ်ဆီနံရှုတယ်လို ့တော့ကြားဖူးပါတယ်။ကလေးသူငယ်တွေ အတွက်တိကျတဲ့ ဥပဒေတရပ်ရှိသင့်ပါပီ။အစိုးရမှာ တာဝန်အပြည့်ရှိ၊ယူလဲယူသင့်ပါတယ်။မသိကျိုးကျွံ ့မပြ. ုသင့်တော့ပါဘူးး။
မီးမီး သော်
August 24, 2011 at 11:06 pm
“ကျန်တော်တို့က နေစရာမရှိ စားစရာမရှိတော့ ပတ်ဝန်းကျင်က နှိမ်တယ်။ ကျွန်တော်တို့ကို အစ်ကိုကြီး တယောက်က ဒီကော်ကိုရှုရင် ကြောက်စိတ်တွေ ပျောက်သွားပြီး လုပ်ချင်ရာ လုပ်နိုင်တယ်လို့ ပြောလို့ရှုတာပါ။ ကျန်တာတော့ မသိဘူး” ဟု သူတို ့လေးတွေ စိတ်ထဲမှာ စွဲနေတာ တိုင်းပြည်အနာဂတ်က စိုးရိမ်စရာပါ။ပြန်လည်ထူထောင်ရေးစခန်းတို ့၊ကလေးသူငယ်ပြ ုပြင်ရေးတွေ ထူထောင်သင့်ပါပီ။
Yaekhal.lso
August 26, 2011 at 9:01 pm
အဲ ့ဒါ တွေ လားရှိုး မြို ့မှာ ခတ်စားသွားသေးတယ်။ ၁၈ နှစ်အောက် ကလေး တွေကို အဲ ့လို ကော်ဗူးတွေ မရောင်း ရဘူးလို ့တောင်အမိန် ့ထုတ်ထားသေးတယ်။အဲ ့တာတွေ ကြာကြာရှု ရင်မကောင်းဘူး။