မပီဝိုးတဝါး အိမ်မက်များ

weiweiAugust 24, 20111min53021

ကျွန်မတို့တွေ ကလေးဘဝကထဲက ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အိမ်မက်မက်ခဲ့ကြတယ်။ တစ်ချို့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပေမယ့် တချို့ကတော့ ဝိုးတဝါးနဲ့ ပျောက်ပျက်သွားလေ့ရှိပါတယ်။ ကျွန်မကတော့ စိတ်ကူးယဉ်တတ်သူဖြစ်လေတော့ အိမ်မက်တွေနဲ့ အကျွမ်းတဝင်ဖြစ်နေခဲ့ပါတယ်။

မွေးရာပါဗီဇစိတ်ထဲက အနုအရွအလှအပလေးတွေနဲ့ အသန့်အပြန့်ကြိုက်တတ်တဲ့ကျွန်မက တစ်အိမ်လုံးကုန်ခြောက်တွေ လှောင်ထားပြီး ဈေးရောင်းထွက်ရတဲ့ မိသားစုထဲမှာ မွေးဖွားခဲ့ပါတယ်။ မီးသွေးလဲရောင်းလို့ အိမ်ဘေးကပ်လျက်ဂိုဒေါင်ထဲမှာ မီးသွေးတွေအပြည့်လှောင်ထားလေ့ရှိပါတယ်။ ခြေထောက်တွေ အမြဲတမ်းမဲနေသလို အသားအရည်တွေတောင် မီးသွေးအရောင်ဓါတ်ကူးလို့ မဲနေတာများလားလို့တောင် ထင်ခဲ့ဖူးတယ်။ ကျွန်မရဲ့ကလေးဘဝ ပထမဆုံးအိမ်မက်က အလွန်သန့်ရှင်းလှပပြီး မွှေးကြိုင်နေတဲ့ အိမ်ကလေးတစ်လုံးထဲမှာနေချင်ခဲ့တယ်။

အလယ်တန်းကျောင်းသူအရွယ်ရောက်တော့ တီဗီလဲပေါ်နေပြီးနေ့စဉ်ကြည့်နေရတဲ့အချိန်မှာ နိုင်ငံခြားဇာတ်လမ်းတွဲတွေထဲက အဝတ်အစားဒီဇိုင်းတွေကို စိတ်ဝင်စားခဲ့ပါတယ်။ ဘိုမတွေဝတ်တဲ့အဝတ်အစားတွေ အဲဒီခောတ်တုန်းက မြန်မာပြည်မှာ အဝတ်အစားအဆန်းမရှိသေးတဲ့အချိန်ပေါ့။ ကျွန်မရဲ့ ဒုတိယအိမ်မက်က ဂါဝန်လေးတွေ၊ ဘောင်းဘီအတို အရှည်လေးတွေကို အရောင်စုံ ဒီဇိုင်းလှလှလေး ဝတ်ချင်ခဲ့တယ်။

အသက် ၁၄ – ၁၅ လောက်ရောက်တော့ မိဘဘိုးဘွားတွေ ဆုံးမပဲ့ပြင်မှုတွေရှိလာချိန်မှာ မလွတ်လပ်တဲ့ခံစားမှုဖြစ်လာခဲ့ပါတယ်။ မိသားစုဝင် ၉ ယောက်ရှိတဲ့ အိမ်ကြီးထဲမှာနေရတာ စိတ်ကျဉ်းကြပ်လွန်းလို့ ရန်ကုန်မြို့လိုနေရာက တိုက်ခန်းတစ်ခန်းထဲမှာ တစ်ယောက်ထဲသွားပြီးနေချင်လိုက်တာလို့ တတိယမြောက်အိမ်မက် မက်ခဲ့ဖူးပါတယ်။

ကြီးလာရင် ဘာလုပ်မလဲဆိုတဲ့ အိမ်မက်ကတော့ တစ်နေ့တစ်မျိုးမက်ခဲ့တယ် ..
ကျောင်းက အတန်းပိုင်ဆရာမကို အရမ်းသဘောကျတဲ့နှစ်တွေမှာ ကျောင်းဆရာမလုပ်မယ်လို့ စိတ်ကူးခဲ့တယ်။ နေမကောင်းလို့ ဆေးခန်းသွားရတဲ့အခါ ဆရာဝန်ကိုအားကျစိတ်နဲ့ ကြီးလာရင် ဆရာဝန်လုပ်မယ်လို့ စိတ်ကူးခဲ့တယ်။ ၈ တန်းနှစ်လောက်တုန်းက ဖေဖေ့မိတ်ဆွေတစ်ယောက် စစ်ဗိုလ်ဆရာဝန်နဲ့ စစ်ဗိုလ်ဆရာဝန်မ မင်္ဂလာဆောင်တစ်ခုကို လိုက်သွားခဲ့ရဖူးတယ်။ အင်းလျားလိတ်မှာ စစ်ဗိုလ်ဝတ်စုံနဲ့ သူတို့ကိုဂုဏ်ပြုတဲ့ အခါတော်ပေး ဦးစိန်လွင်လေးရဲ့ အသံတွေကိုကြားပြီး အရမ်းအားကျခဲ့ဖူးသေးတယ်။ ယူနီဖောင်းကို ကြိုက်လွန်းလို့ အဲဒီလို အမျိုးသမီးစစ်ဗိုလ်လုပ်ချင်လိုက်တာလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ကျွန်မငယ်ငယ်တုန်းက သန်လျင်ရေနံချက်စက်ရုံနားမှာနေခဲ့ရလို့ စက်ရုံဝင်းထဲက အရာရှိတွေကို အားကျခဲ့ဖူးတယ်။ အင်ဂျင်နီယာအရာရှိမမတွေကို အထင်ကြီးတဲ့စိတ်နဲ့ ကြီးလာရင် အင်ဂျင်နီယာလုပ်ရင် ကောင်းမယ်လို့လဲ စိတ်ကူးခဲ့ဖူးတယ်။ ၁ဝ တန်းနှစ်မှာ ထူးထူးခြားခြား စာစီစာကုံးနဲ့ ဆောင်းပါးရေးခြင်းကို စိတ်ဝင်စားလာပါတယ်။ ဝတ္ထုတွေ အဖတ်များခဲ့လို့ စာရေးဆရာလုပ်ချင်စိတ်တွေလည်း ပေါ်လာခဲ့ပါသေးတယ်။ ဖြစ်ချင်တာတွေ အမျိုးမျိုးရှိခဲ့ပေမယ့် တန်းတန်းစွဲ ဒါမှဒါ ဆိုတာမျိုး မဖြစ်ခဲ့ပဲ မရေမရာ ဝေဝေဝါးဝါးနဲ့ တစ်တန်းပြီးတစ်တန်း ဆယ်တန်းအထိ ရောက်လာခဲ့တယ်။

၁ဝ တန်းနှစ်မှာ ၈ လေးလုံးနဲ့ကြုံတော့ တစ်နှစ်အနားရလိုက်ပါသေးတယ်။ တစ်နှစ်လုံး ဈေးထဲမှာ ဈေးထိုင်ရောင်းရင်းနဲ့ စိတ်ထဲမှာသေချာလာတာတစ်ခုကတော့ ကြီးလာရင် ဈေးရောင်းတဲ့အလုပ်တော့ ဘယ်တော့မှမလုပ်ဖူးလို့ ဆုံးဖြတ်ခဲ့တယ်။ တစ်နေရာထဲမှာ နေ့စဉ်တစ်မျိုးထဲကို လုပ်နေရတာ ငြီးငွေ့စရာကောင်းတယ်လို့ မြင်ခဲ့မိတယ်။ အသိဉာဏ်နဲနဲမြင့်လာတာနဲ့အမျှ ဆရာဝန်နဲ့ အင်ဂျင်နီယာအလုပ် ၂ ခုထဲက တစ်ခုကို ရွေးသင့်တယ်လို့ တွေးလာခဲ့ပါတော့တယ်။ တွေးသာတွေးတာ တကယ်တမ်းတော့ စာကိုအသေအလဲမကြိုးစားခဲ့ပါဘူး။ ဖြစ်ချင်တာတွေ များခဲ့တဲ့သူဆိုတော့ တစ်ခုမဖြစ်လဲ နောက်တစ်ခု ဖြစ်နိုင်တာပဲဆိုတဲ့အတွေးနဲ့ ခပ်ပေါ့ပေါ့ပါပဲ။

ဆယ်တန်းဖြေပြီးတော့ ၃ နှစ်လောက် နားရပြန်တော့ ဗဟုသုတစုံအောင် စာပေပေါင်းစုံလေ့လာဖတ်ရှုခဲ့ပါတယ်။ တစ်ခုခုကို ဘယ်တော့မှ ဆုံးခန်းတိုင်အောင် မလေ့လာပဲ ဟိုစပ်စပ် ဒီစပ်စပ်ပဲ။ ဘာသာရေးမှာလဲ အခြေခံအဆင့်၊ ကွန်ပျူတာပညာမှာလဲ အာပလာ၊ မီးဖိုထဲမှာလဲ အချိုးမပြေ၊ အကျီချုပ်သင်ပေမယ့် ထမီနဲ့ပုဆိုးပဲ ချုပ်တတ်ခဲ့တယ်။ ဘာသာစကားကိုစိတ်ဝင်စားလို့ တရုတ်စာနဲ့ ဂျပန်စာသင်ခဲ့ပေမယ့် ထမင်းစားရေသောက်နဲ့ပဲ သင်တန်းဆင်းခဲ့တယ်။

အသက် ၁၈ နှစ်လောက်စလို့ ကိုယ့်အရည်အချင်းကို စပြီးသိခဲ့တယ်။ ဘာမှအသုံးမကျတဲ့သူပဲဆိုပြီး ခပ်လျှိုလျှို ခပ်နှိမ်နှိမ်ပဲနေထိုင်ခဲ့ပါတယ်။ သူများတွေဆီကနေ အတုခိုးခြင်း အတတ်ပညာနဲ့ ရသလောက် လေ့လာမိပေမယ့် ကိုယ်ကပြန်ပြီး ဆရာလုပ်နိုင်တဲ့အဆင့် ဦးဆောင်ဆွေးနွေးနိုင်တဲ့အဆင့် မရှိခဲ့တာ ယနေ့အထိပါပဲ။ ကံကောင်းထောက်မလို့ အင်ဂျင်နီယာပညာရပ်သင်ကြားခဲ့ရပေမယ့် အတန်းထဲမှာ ဘိတ်ချီးအဆင့်နဲ့ ဘွဲ့ရခဲ့သူဖြစ်လေတော့ အင်ဂျင်နီယာအလုပ်နဲ့လုပ်စားဖို့ မဝံ့မရဲဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လဲ ဘယ်တတ်နိုင်မလဲ ကြည့်လုပ်တာပေါ့ဆိုပြီး အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးခဲ့ပေမယ့် ဝိုးတဝါးအိမ်မက်ဖြစ်ခဲ့တဲ့ စာရေးချင်တဲ့ပိုးကလေးကတော့ ငုပ်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ … မန္တလေးဂေဇက်ထဲမှာ မရဲတရဲစပြီးရေးမိတုန်းက ရင်တွေတောင်တုန်တယ်။ အားပေးကြတဲ့သူတွေကြောင့် အားတွေရှိလာပြီး နဲနဲချင်း ရေးလိုက်တာ အခု ပို့စ် ၁၇ဝ တောင်ကျော်သွားတယ်။ ကျွန်မအနေနဲ့ ပီတိဖြစ်ခဲ့ရပေမယ့် တကယ့်အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ကျွန်မအလုပ်ကို ထိခိုက်နစ်နာမှုတွေရှိလာခဲ့ပါတယ်။ ကျွန်မရဲ့အလုပ်က စဉ်ဆက်မပြတ် ခောတ်နဲ့အမှီ နည်းပညာတွေကို အသုံးပြုနေရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ အလုပ်ချိန်သတ်မှတ်ချက်မရှိတဲ့ ၂၄ နာရီအလုပ်ဖြစ်ပါတယ်။ ရွာထဲလည်ပြီးကထဲက နည်းပညာအသစ်တွေကို မဖတ်ဖြစ်ခဲ့ဘူး။ လုပ်ငန်းထဲမှာ စိတ်ပါဝင်စားမှုလည်း အားနဲလာပါတယ်။ ကျွန်မအရွှီးကောင်းနေလို့ လူကြီးတွေက သတိမထားမိပေမယ့် ကိုယ့်ဟာကိုယ် သတိထားမိလာပါတယ်။ တစ်ခါတစ်လေများဆို အလုပ်ကနေအပြီးနားပြီး စာပဲထိုင်ရေးချင် တွေးချင်နေလောက်အောင်ကို ဝါသနာပိုးလေးက နိုးထနေတတ်ပါတယ်။

စာတစ်ပုဒ်ရေးဖြစ်ဖို့ အတွေးတွေ တသီကြီးတွေးရပါတယ်။ ရိုးသားမှုရှိမရှိကို အဓိကထားပြီး စဉ်းစားပါတယ်။ စာလုံးတွေချောမွေ့အောင် ပြန်စီရပါတယ်။ စေတနာပါတာသေချာရဲ့လားလို့ စီစစ်ရပါတယ်။ သတင်း၊ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ခံစားမှု စတဲ့ ရသ တစ်ခုခု ပေးတာသေချာရဲ့လားလို့ ပြန်စမ်းစစ်ပါတယ်။ အရေအတွက်က အဓိကမဟုတ် အရေအသွေးသာ အဓိကဖြစ်တာမို့ ရေးပြီးတိုင်းလဲ မကြိုက်ရင် ပို့စ်အနေနဲ့ မတင်ဖြစ်ခဲ့ပါဘူး။ ကျွန်မပြောချင်တာကတော့ ဂေဇက်အတွက် ကိုယ်ပိုင်အချိန်တွေ အများကြီးပေးခဲ့တာကို မြင်သာစေချင်လို့ပါ …

ငယ်စဉ်က မက်ခဲ့တဲ့အိမ်မက်တစ်ချို့ အကောင်အထည်ပေါ်ပြီးဖြစ်ပေမယ့် တချို့ကတော့ ဝေဝါးဆဲ .. တချို့တလေကတော့ လုံးဝပျောက်ကွယ်သွားခဲ့တယ်။ လုပ်ချင်တာနဲ့ လုပ်သင့်တာကြား ချိန်ဆရင်း balance ဖြစ်အောင် ထိန်းခဲ့ရတယ်။ အခုအသက်အရွယ်မှာ ဝါသနာကဘာလဲဆိုတာ သိသလိုလိုရှိလာပေမယ့် တကယ်ဘာလုပ်သင့်တယ်ဆိုတာကိုလဲ သိနေပြီဖြစ်လို့ ပို့စ်ရေးတာ ကွန်မန့်ပေးတာတွေ နဲနေရင် ခွင့်လွှတ်နားလည်ပေးပါလို့။ ဝိုးတဝါးအိမ်မက်တွေကို ဆက်လက်မက်နေမှာဖြစ်ပေမယ့် မိုးလင်းရင်တော့ အိမ်မက်ကနိုးရမှာ ဓမ္မတာမို့ စားဝတ်နေရေးအတွက် လက်တွေ့ဘဝထဲကို ပြန်ဝင်ရပါအုန်းမယ်။

အိမ်မက်နဲ့ဘဝ တစ်ထပ်ထဲများကျရင် ဘယ်လောက်ကောင်းလိုက်မလဲနော် ….

21 comments

  • MaMa

    August 24, 2011 at 2:09 pm

    ဝေဝေရေ-
    မပီဝိုးတဝါး အိမ်မက်များကို မက်ပြီး အောင်မြင်တဲ့ ဘဝခရီးလမ်းပေါ် ရောက်နေတယ် မဟုတ်လား။ “လူတိုင်းကိုယ်စီ အိပ်မက်ရှိကြသည်။” လို့ပဲ ပြောရမယ် ထင်တယ်။ ဘဝတွေဟာ အိမ်မက်တွေရဲ့ မောင်းနှင်မှုနဲ့ အောင်မြင်မှုတွေကို ရရှိလာကြတာပေ့ါ။ အိမ်မက်ကောင်းများစွာဖြင့် မနက်ဖြန်ပေါင်းများစွာမှာ အောင်မြင်မှုပေါင်းများစွာကို ရရှိခံစားနိုင်ပါစေ…….

  • wathanmin

    August 24, 2011 at 2:31 pm

    sis
    လူတိုင်းမှာ အဲ့သလို အိမ်မက်တွေက နောက်နှစ်ပေါင်း များစွာလဲ မပီဝိုးတဝါး နဲ့ ဆက်ပြီး မက်နေရဦးမယ်လို့ပဲ ထင်မိပါတယ်။ ဒါပေမယ့်လဲ များစွာသောအိမ်မက် တွေထဲက အကောင်းဆုံးဖြစ်မယ်ဆိုတာတွေကိုပဲ စဉ်းစားရင်းနဲ့…….

  • နွယ်ပင်

    August 24, 2011 at 2:41 pm

    အိပ်မက်တွေကတော့ လူတိုင်းမက်နေကြတာပါပဲ ..
    မက်ခဲ့တဲ့အိမ်မက်လေးကို အကောင်အထည်ဖို့ ကြိုးစားရတာ
    တကယ့်တကယ်မှာ အရမ်းကိုခက်ခဲတာကိုလည်း တွေ့ရပါတယ်
    ဒါပေမယ့် ဒီလို မပီဝိုးတဝါးနဲ့ အိမ်မက်အကြီးကြီးတွေကို မက်ရင်း
    လမ်းတွေကို ဆက်လျှောက်နေရတာပါပဲ … မဝေရေ ……….

  • hmee

    August 24, 2011 at 3:33 pm

    ငယ်ငယ်ကတော့ စိတ်ကူးရင်အိမ်မက်တွေ များမှများ။ နောက်တော့ ဘာဖြစ်ချင်နေမှန်း ကိုယ့်ဘာသာ မသိတော့ပါဘူး။ လောလောဆယ်တော့ စာရေးတာက ကိုယ့်ဝါသနာ အစစ်အမှန်ဖြစ်မယ်လို့ ယုံကြည်နေပြန်ရော။

  • စုံ စုံ

    August 24, 2011 at 4:16 pm

    ဒီလိုပါဘဲမဝေရယ်
    လူတိုင်းမှာအိမ်မက်ရှိတယ်
    ဒါပေမယ့်အိမ်မက်နဲ့ဘဝထပ်တူကျဖို့တော့ခက်ပြန်ပါတယ်
    ထပ်တူမကျတော့လဲတကယ့်ဘဝကိုဘဲအောင်မြင်တဲ့ပန်းတိုင်ရောက်အောင်
    ချီတက်ရင်းနဲ့ အိမ်မက်တွေကိုအိမ်မက်ထဲမှာဘဲဆက်မက်နေကြရတာပါဘဲ

  • pan pan

    August 24, 2011 at 4:42 pm

    အိပ်မက်တွေနဲ့ပဲ အသက်ရှင်နေရတာပါပဲ
    တစ်ခုဖြစ်လာတော့လည်း နောက်တစ်ခုပေါ်လာတာပါပဲ
    ဝေဝါးသွားတာ ပျောက်ကွယ်သွားတာရှိသလို
    မက်စရာအိပ်မက်တွေလည်း အသစ်အသစ် မရိုးနိုင်အောင်……………..။

  • manawphyulay

    August 24, 2011 at 4:59 pm

    မမဝေရေ………… အိပ်မက်ကို အကောင်အထည်ဖော်ဖြစ်နေပြီလား…. တကယ့်ဘဝမှာ အိပ်မက်နဲ့ဘဝက တစ်ထပ်တည်းကျဖို့ဆိုတာမလွယ်လှပါဘူး။ လက်ရှိရောက်ရှိနေတဲ့နေရာကနေ ပိုမိုအောင်မြင်ပြီး စိတ်ချမ်းသာနေရင် အိပ်မက်က ဝိုးတဝါးဆိုပေမယ့် လက်တွေ့ဘဝက ပျော်မွေ့နေပါပြီလေ….

  • nozomi

    August 24, 2011 at 5:37 pm

    မဝေ ရေ ကွက်တိပဲလို့ အော်ရမလို ဖြစ်နေတယ်

    ရွာထဲမှာ နေရတာက ဘယ်သူမှ ခိုင်းတာမဟုတ်ပေမဲ့ ဝါသနာ နဲ့ နွယ်တဲ့ အလုပ်လို ဖြစ်နေတော့ တနေ့လုံးနီးနီးလောက် ရွာထဲမှာ ရှိနေတယ် ပျော်နေတယ် ကြာလာတော့ သတိထားမိတာ ပင်မအလုပ်မှာ တော်တော် အားနည်းလာတယ် အဲဒီလို ဆိုတော့ MG ကမကောင်းသလို ဖြစ်နေဦးမယ်

    တကယ်က အချိန်ခွဲဝေအသုံးချမှု မှာ စကားပြောသွားတာ သိတော့သိတယ် မလုပ်နိုင်ဘူးဖြစ်နေတယ်
    နောက်ပိုင်း အချိန်လေး သတ်မှတ်ပြီး လည်မှရမယ် ကြာရင် ……….

    • weiwei

      August 24, 2011 at 6:57 pm

      ဟုတ်တယ် nozomi ရေ …
      ဝါသနာပါပေမယ့်လဲ ဝါသနာက အိမ်မက်ဖြစ်နေပြီး လက်တွေ့ဘဝက လက်တွေ့ကျနေတော့ ခက်ခဲနေပုံလေးကို ရေးပြလိုက်တာပါ ….

  • pannu

    August 24, 2011 at 7:28 pm

    တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်နေရရင်း ဟောဒီရွာလေးထဲကို ရံဖန်ရံခါ အလည်လာ နေရတာလဲ အ်ိပ်မက်
    လိုပါ ၊ တစ်ခါတစ်လေတော့လဲ စိတ်ထဲရှိပေမဲ့ အခြေအနေအရ မရောက်နိုင်ပြန် ၊
    ဒါတွေအားလုံးဟာ မမဝေ ပြောသလို မပီးဝိုးဝါး အိပ်မက်များ ပါ ။

  • ဆူး

    August 24, 2011 at 8:18 pm

    ဆူး လည်း ရွာကို စွန့်ခွာချင်တာ အဲဒီ အကြောင်းတွေ ပါတယ်။
    ရွာထဲကို စိတ်ဝင်တစား ဝင်ရေးနေတဲ့ အတွက် အချိန်တွေ အများကြီး ပေးရပါတယ်။
    အချိန်တွေ ပေးနေရတဲ့ အတွက် အလုပ်မှာ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်လာနိုင်တယ်။
    အာရုံစူးစိုက်မှု လျော့နည်းလာတယ်။ လူ့ဘဝ ဆိုတာ တနေရာထဲ ရပ်နေတာ မဟုတ်တော့ တခု မဟုတ် တခု လုပ်ဖို့ ကြိုးစား အားထုတ်ရမယ်။ အဲဒီ အတွက် ရွာထဲမှာ အချိန်ပေးလွန်းမိနေပြီး မဝင်ရရင် မနေနိုင် ဖြစ်တဲ့ စိတ်ကို နိပ်ကွပ်ချင်လို့ မရေးတော့ဘူး ဆိုပြီး တွေးထားတာပါ။
    ညည ကိုယ်ပိုင် အချိန် သုံးတာ များတော့ အိပ်ရေးပျက်လို့ လူတောင် အိုစာသွားပြီး အရင်လို မလှတော့သလို ခံစားရတယ်။ ဟိဟိ

  • forever

    August 24, 2011 at 8:52 pm

    လက်တွေ.ဘဝမှာ မဖြစ်နိင်တာတွေ
    အိမ်မက်ထဲမှာဖြစ်အောင်လုပ်လို.ရတယ်
    တကယ်.ဘဝထဲမှာ မွန်းကျပ်လာရင်
    အိမ်မက်လေးထဲခဏ လာပြီးဘဝအမောကိုဖြေလျော.လိုက်စမ်းပါ

  • စာဖတ်တာ ကြာလာတော့ ကိုယ်ပါရေးချင်လာတယ်လေ။
    ပုံလေးတွေကြည့်တာကြာတော့ ကိုယ့်အမြင်နဲ့လဲ ခံစားလို့တင်ပြချင်လာပြ်န်တယ်။
    ဒါလေးတွေကို အကောင်အထည်ဖော်မိတော့
    ကိုယ်ပိုင်အချိန်တွေ ခြစားခံရသလို့ တစတစ်နဲ့ပါသွားတာ တစ်ခါတစ်လေနှမျောမိတယ်။
    ဒါပေမယ့်………………………..
    ကိုယ်တင်ပြသမျှ ခံစား………..
    ကြိုက်တာ မကြိုက်တာအပထား…………………
    အားပေးသူတွေ များများလာရင်
    ပီတိတွေဖြာလို့ …………………
    ထပ်ခါ ထပ်ခါ ထပ်ခါ ထပ်ခါ ထပ်ခါ ထပ်ခါ………………………………………..

  • မီးမီး သော်

    August 24, 2011 at 11:15 pm

    “”ငယ်စဉ်က မက်ခဲ့တဲ့အိမ်မက်တစ်ချို့ အကောင်အထည်ပေါ်ပြီးဖြစ်ပေမယ့် တချို့ကတော့ ဝေဝါးဆဲ .. တချို့တလေကတော့ လုံးဝပျောက်ကွယ်သွားခဲ့တယ်။ လုပ်ချင်တာနဲ့ လုပ်သင့်တာကြား ချိန်ဆရင်း balance ဖြစ်အောင် ထိန်းခဲ့ရတယ်။ “”
    ဖြစ်ချင်တိုင်းတော ့ဖြစ်ခွင့်မရှိပေမယ့် မဝေရေ မဝေဆီက အတွေးမျိုးလေးတွေအများကြီးသင်ယူရဦးမှာပါ။

  • pooch

    August 25, 2011 at 1:06 am

    မမဝေရေ လူတိုင်းမှာ အိမ်မက်တွေ ရှိတတ်ကြပါတယ် ..သူတူူတူ ကိုယ်တူတူပါပဲ အကောင်ထည်ပေါ်နိုင်တာရော မပေါ်နိုင်တာရောပေါ့လေ အနော်လည်း ရွာလည်လွန်းလို့ အိပ်ရေးပျက်ရတဲ့ ညတွေ များနေလို့ ရပ်လိုက် မအားလို့ ရပ်လိုက် သတိရလို့ ဝင်ကြည့်လိုက်နဲ့ ဒီသံသရာ ဝဲဂယက်ကြီးထဲ က ရုန်းမရ ဖြစ်နေလို့ အခုတော့ စည်းကမ်းလေး နဲ့ နေကြည့်မလို့ ကြိုးစားကြည့်ရမှာပဲလေ
    မဝေရဲ့ စာရေးချင်တဲ့ ဝါသနာလေးကတော့ အောင်မြင်စပြုနေပါပြီ ဆက်ရေးပါအုန်းနော် အားပေးနေပါတယ် ကိုယ့်ရဲ့ စီနီယာတစ်ယောက်အနေနဲ့……

  • windtalker

    August 25, 2011 at 1:29 am

    ငယ်က နားထောင်ဖူးတဲ့ သီချင်း တစ်ပုဒ် ကို သတိရမိတယ် ဗျာ
    ` မှောင်ရီ ဝိုးတစ်ဝါး
    ညအမှောင်ထဲ….
    အိပ်မက်ကလေး တစ်ခု မက်နေတယ်….
    ကိုယ့်ရင်ခွင်ထဲ မင်းရောက်လာပါ အချစ်ရယ် ´

  • Yin Nint

    August 25, 2011 at 1:55 am

    ဒါဆိုရင် တင်ထားတဲ့ပို့စ်တွေကိုဖတ်ပဲဖတ်လိုက်ပေါ့ ကိုယ်တိုင်မတင်နဲ့လေ အချိန်ပေးနိုင်မှတင်ပေါ့ ကျွန်တော်ဆို အဲ့လိုပဲ တင်ချင်ပေမဲ့လည်းပျင်းလို့ 🙂 အရင်တုန်းကတော့ ဘလော့တစ်ခုမှာ အချိန်ပေးပြီး
    ရေးဖြစ်တယ် ခုတော့မရေးတာကြာတော့ပျင်းသွားပြီ မရေးချင်တော့ဘူး 😛

  • ကြောင်ကြီး

    August 25, 2011 at 9:47 am

    အိမ်မက်..
    မက်ခဲ့ဖူးတယ်
    ပျော်ခဲ့ဖူးတယ်
    ဗြုန်းခနဲလန့်နိုးတော့ (ဆောင့်အကန်ခံရလို့)
    ငုတ်တုပ်
    အော်..မိုးချုပ်တော့မှာပါလား..။

  • တညင်သား

    August 25, 2011 at 11:13 am

    “ဝါသနာကဘာလဲဆိုတာ သိသလိုလိုရှိလာပေမယ့် တကယ်ဘာလုပ်သင့်တယ်ဆိုတာကိုလဲ သိနေပြီဖြစ်လို့ “… အရင်က တင်ဘူးခဲ့တဲ့ပို့စ် တစ်ခုရဲ့ အဖြေပေါ့နော် ..လုပ်ချင်တာနဲ့ လုပ်သင့်တာ ဘယ်ဟာကို ဦးစားပေးရမလဲ ဆိုတာရှင်းသွားပြီပဲလေ… 🙂

  • moethidasoe

    August 25, 2011 at 11:40 am

    ဒို့ ငယ်ငယ်တုန်းက ဘာဖြစ်ချင်မှန်း မသိခဲ့ပါဘူး .. တကယ် စိတ်ပါဝင်စားတာက သချင်္ာ .. ဘယ်အချိန် ထ တွက်ခိုင်းတွက်ခိုင်း မညီးတမ်း တွက်တယ် .. မှန်မှ ထိုင်ရာက ထ တယ် ..
    ဆယ်တန်းမှာ တွက်မရတဲ့ ပုစာ္ဆ ဆိုရင် ဆရာမ အိမ်ကို လိုက်ပြီး မေးတယ် (အဲဒီတုန်းက နယ်မှာ)
    ဒေသကောလိပ်ဆိုတာကြီးက ဒို့ရဲ့ စိတ်ဝင်စားတာကို ဖဲ့ထုတ်သွားခဲ့တယ် ..
    ဒို့ အဖေက ပညာတတ် အကြီးကြီး ဖြစ်စေချင်ခဲ့တယ် .. သူ့အတွေးက သူတို့က စစ်အတွင်းမှာ ကြီးပြင်းလာတော့ မိဘတွေ တတ်နိုင်ပေမယ့် ကျောင်းကို ကောင်းကောင်း မနေဖြစ်ခဲ့တာကို သားသမီးတွေ တတ်စေချင်လို့ (အဲဒီအကြောင်းကိုလဲ အမြဲ ပြောနေတတ်တယ်)
    ဒါကြောင့် သူ အတင်းတိုက်တွန်းလွန်းတော့ ဘိုင်အို ဆိုတဲ့ ထိုင်ငိုရတဲ့ ဘာသာတွဲကို မယူချင်ပဲ ယူခဲ့ရတယ်
    ဒါနဲ့ပဲ လက်ရှိ ဘဝကို ရောက်လာတယ် ဆိုပေမယ့် .. သချင်္ာ .. ဆောက်လုပ်ရေးတွေကို အခုထိ ဝါသနာ ပါနေတုန်း .. ရယ်စရာပြောရရင် အဖေ့အိမ် ဆောက်တာတောင် အင်ဂျင်နီယာကို ဆရာလုပ်ပြီး ပုံစံ ထုတ်ခဲ့ဘူးတယ် ..
    ဒါပေမယ့်လေ .. အိပ်မက် .. ဝါသနာတိုင်းက အကောင်အထည်ဖြစ်လာဖို့ ခက်ပါတယ် ..
    ရောက်နေတဲ့ လက်ရှိဘဝကို ကျေနပ်နေဖို့ပဲ အရေးကြီးတယ် မဟုတ်လား ..
    (ဖြစ်ချင်တာ ဖြစ်ခွင့်မရလို့လဲ မိဘတွေကို မကျေနပ်တော့ မဖြစ်ပါဘူး)

  • နီလေး

    August 25, 2011 at 3:36 pm

    အိပ်မက်တွေက ဝေဝါးဆဲ မပီဝိုးတဝါးပဲ

Leave a Reply