“မှန်တာပြောရင် မနာနဲ့”
မနေ့ညက လူတစ်ယောက် ဝင်လာပြီးပြောတယ်။ သူပြောတာတွေကို နားထောင်ပြီးတော့ မသောက်ပဲ မူးရပြန်ရော။ သူနဲ့လည်း ကျနော်က ဝေဖန်ဆွေးနွေးမှုတွေကို ကြာရှည်မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်က ညံ့တာကိုး။ သူကပြောတယ်။ တစ်ချို့ဆိုရိုးစကားပဲဖြစ်ဖြစ်၊ ပုံပြင်ပဲဖြစ်ဖြစ် အဆင်အလာအတိုင်းလက်မခံပါနဲ့တဲ့။ ဒီလိုဆိုတော့ ကျနော်ကလည်း ပြန်ပြောတယ် ရှေးထုံးလည်းမပယ်သလို ဈေးသုံးလည်း မလွယ်ပါဘူးလို့။ အဲဒီလ ိုပြောတော့ သူကပြောတယ် ကိုယ်တိုင် သုံးသပ်ပြီး သေချာပြီဆိုမှ တစ်ချို့ကို ယုံတဲ့။
တစ်ချို့ပုံပြင်တွေဆိုရင် ပေးချင်တဲ့ message ကို ပေါ်လွင်အောင်ပေးတတ်ပေမယ့် တစ်ဖက်လှည့်နဲ့ပြန်တွေးကြည့်ရင် အဲဒီ message ကမလှတော့ဘူးလို့ သူကပြောတယ်။ ဘာနဲ့ ဥပမာပြသလဲဆိုရင် ယုန်နဲ့လိပ် ဥပမာကို ထုတ်ပြီးပြောပြတယ်။ ခုကလေးတွေကိုမေးကြည့်တဲ့။ ယုန်နဲ့လ ိပ်အပြေးပြိုင်တာ ဘယ်သူနိုင်သလဲဆိုရင် ကလေးတွေက လွယ်လွယ်ကူကူနဲ့ လိပ်နိုင်တာပေါ့လို့ဖြေလိမ့်မယ်တဲ့။ ဘာကြောင့်လဲဆိုရင် လိပ်နိုင်တာကိုပဲ သိလို့ပေါ့တဲ့။ တကယ်တော့ ပုံပြင်ရဲ့ ဆိုလိုရင်းက ဇွဲလုံ့လ ကိုအခြေတည် ကြိုးစားရင် မဖြစ်နိုင်တာမရှိ်ဘူးဆိုတာကိုပါ။
ယုန်ရဲ့ တစ်ဖက်သားကို အထင်သေးတဲ့စိတ်မျိုးမရှိအောင် ပြတယ်။ လိပ်ရဲ့ မဆုပ်မနှစ်ကြိုးစား အားထုတ်မှုကိုပြတယ်။ အဲဒီအထိမှန်တယ်တဲ့။ဒါပေမယ့် ယုန်ကရော တစ်ခါရှုံးလို့ နောက်ထပ်ရော ပြန်မပြိုင်တော့ဘူးလားတဲ့။ ယုန်ကလိပ်ကိုပြောတဲ့ စကားကရောအမှန်တရားကိုမပြဘူးလားတဲ့။ သူပြန်ပြောပုံက တစ်ခွန်းတည်းပါ။
“အဆွေလိပ် သင်သည် အသွားနှေးသည်” ဆိုတဲ့ စကားဟာ မမှန်ဘူးလားတဲ့။ မှန်တာပေါ့။ဒါဆိုရင် လိပ်က အဲဒါကိုရော ဆတ်ဆတ်ခါ နာစရာလားလို့မေးတယ်။ ဟုတ်တာကိုပြောရင် နာတတ်ကြတာ လူတိုင်း။ အနာပေါ်ဒုတ်ကျလို့ မခံချင်စိတ်နဲ့ လိပ်က ကြိုးစားလိုက်တာ လိပ်နိုင်သွားတယ်။ နိုင်တာက လိပ်။ ရှုံးတာက ယုန်။ ယုန်ဘာကြောင့်ရှူံးလဲဆိုပြီး သူကပြန် ထောက်ပြပြန်တယ်။
တစ်ဖက်သားကို အထင်သေးလို့တဲ့။ ဒါပေမယ့် သူပြန်ကြိုးစားရင် အမြဲတမ်း အပြေးမြန်တဲ့ယုန်ကို အသွားနှေးတဲ့လိပ်က နိုင်နိုင်ပါ့မလားဆိုတာ ဘယ်သူပြောမလဲတဲ့။ ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံရှိမပေါ့ ဆိုတဲ့ စကားအတိုင်း အသွားနှေးတဲ့လိပ် ယုန်လို မြန်အောင်ပြေးလာနိုင်ပါ့မလားဆိုကို သူပြောပြတာ။ သူတော့မသိဘူး ကျနော်တော့ ချာချာလည်သွားတာပေါ့အမှန်။
ပုံပြင်ကို ပုံပြင်အတိုင်းသင်မယ်ဆိုရင် ကလေးတွေ ဘယ်လိုနေမလဲဆိုတာကို သူကပြောချင်တာလား ဆိုတာကို စဉ်းစာရတယ်။ ကလေးတွေ စဉ်းစားဆင်ခြင်ဉာဏ်ရှိလာအောင် တွေးတောလာအောင် ဘယ်လိုလုပ်မလဲဆိုတာကို ပြောချင်နေတာလို့ ကျနော်ကထင်တယ်။ ကျနော်တို့ ငယ်စဉ်က ကျောင်းမှာစာသင်ရတဲ့အခါ ဗလာစာအုပ်ထဲမှာ ရေးမှတ် အိမ်ရောက်ရင် ကျက်လာခဲ့ဆိုပြီး ဖတ်စာအုပ်ထဲကနေ သင်ပုန်းပေါ်မှာ ရေးပြလိုက်တာပါပဲ။ ဖတ်စာထဲကအတိုင်း ဖတ်ပြပြီး ရှင်းလားလို့ ဆရာတွေ ဆရာမတွေကနေမေးကြတယ်။ အဲတော့ ကလေးတွေကလည်း ရှင်းတယ်ပေါ့။
ဒီလိုနဲ့ အတန်းတွေကြီးလာတော့ ကျူရှင်ဆိုတာကြီးကို ကြားလာရတယ်။ အဲဒီမှာ ဆရာမတစ်ယောက်နဲ့ကြုံရတယ်။ အဲဒီဆရာမက စာသင်တိုင်း ကျောင်းဖတ်စာကိုမကိုင်ပဲ အထူးထုတ်ကိုကိုင်ပြီးသင်တယ်။ အထူးထုတ်ထဲကအတိုင်း သဝေမသိမ်းသင်တယ်။ ဖတ်ပြတယ်။ ရှင်းတယ်။ ကျောင်းမှာ ဘယ်သူရှင်းရှင်းမရှင်းရှင်း အရေးမကြီးဘူး။ အရေးကြီးတာက ဆရာမအိမ်ရောက်ရင် ကျူရှင်မှာသင်တဲ့ အချိန်က အရေးအကြီးဆုံးပဲ။ အဲဒီလိုဆိုတော့ အဲဒီဆရာမ သင်တဲ့စာတွေမှာ တွေးတောစရာလေးတွေပါလာရင်တောင် ကျောင်းသားကျောင်းသူတွေက မတွေးတောတတ်တော့ဘူး။ ဘာကြောင့်လဲဆိုရင် အလွယ်နည်းနဲ့ ဤသည်မရွေးသင်သွားလို့ပဲ။ စောစောကပြောသလို တစ်ဖက်လှည့်နဲ့ ပြန်လည် စဉ်းစားတတ်ဖို့ရာ အများကြီးလိုသွားတယ်။
နောက် ဆရာတစ်ယောက်ကျတော့ စာသင်ချိန်မှာ ရော့အင့်ဆိုပြီ အထူးထုတ်စာအုပ်ကို ကျောင်းသားအတန်းခေါင်းဆောင်ကိုပေးပြီး အော်ခေါ်ခိုင်း ကျန်ကျောင်းသားတွေကို လိုက်ရေး စေတဲ့နည်းနဲ့ စာသင်နှစ်ပြီးသွားတယ်။ အဲတော့ ကျောင်းသားတွေက ဘယ်လိုလုပ်သလဲဆိုရင် အဲဒီဆရာကိုင်တဲ့ အထူးထုတ်ကို သက်နိုင်နိုင်မနိုင်နိုင် ရအောင်ဝယ်ဆောင်ထားလိုက်တယ်။ အဲဒီဆရာအချိန်ဆိုရင် လိုက်ရေးစရာမလိုတော့ဘူး။ အားလုံးက ထိုင်နေရုံသာ။ ဆိုတော့ အဲဒီဆရာသင်တဲ့ ဘာသာရပ်အပေါ်မှာ စိတ်ဝင်စားမှုနည်းသွားပြီး တလွဲဆံပင်ကောင်းသွားကြရော။
ကျောင်းသားတွေ ဘာတွေးတတ်သလဲ။ ဘာမှမတွေးတတ်တော့ဘူး။ ကျောင်းသားတွေ ဘာသာရပ်တစ်ခုကို စိတ်ဝင်စားဖို့ရာ ဆရာ/ဆရာမတွေမှာ အဓိကကျပါတယ်။ စာထဲမှာပါတဲ့အတိုင်း ဤသည်မရွေး သင်တယ်ဆိုရင်တော့ ဖြစ်နေတာကိုပဲ လက်ခံပြီး ဖြစ်သင့်တာကို မစဉ်းစားတတ်တဲ့ ကျောင်းသားတွေ မဖြစ်ကုန်ဘူးလား။ အခန်းထဲကလူက သူကြုံတွေ့ရတာလေးတွေကို ပြောပြသွားတယ် ။ သူကတော့ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေရတယ်။
ကျနော်ကိုယ်တိုင် ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လာသလဲဆိုရင် ငါတို့ရော ဘယ်လို ကြီးပြင်းခဲ့ရသလဲဆိုတာကို မသိခဲ့ပဲ ပညာတတ်ဘွဲ့ရတစ်ယောက်လို့ ခံယူခဲ့ပါလားဆိုတာကို မြင်လိုက်ရတယ်။အဲဒီယုန်နဲ့လိပ် ပုံပြင်ကိုသင်ရတုန်းက ယုန်ကို အပြစ်ပဲမြင်တတ်ခဲ့ပေမယ့် ဟုတ်မှန်တာကို ယုန်ကပြောခဲ့တာကိုတော့ လိပ်လည်း မငြင်းနိုင်သလို ကျနော်လည်း မငြင်းနိုင်ပါဘူး။ ဘာလို့လဲဆိုရင်တော့
“အဆွေလိပ် သင်သည်အသွားနှေးသည်”ဆိုတာ နှေးလို့နှေးတယ်ပြောတာကြောင့်ပါပဲ။အဲဒီစကားက ဘွဲ့ရ ဘာဘွဲ့ရတာလဲလို့ ကျနော်ကို အဲဒီလူ လာပြီးမေးလိုက်သလိုပါပဲ။
သော်ဇင်(လွိုင်ကော်)
29-8-2011
9 comments
windtalker
August 29, 2011 at 9:10 pm
ကျုပ် ကြုံဖူးတာကြ တော့
၁ဝ တန်း ကျောင်းသား တုန်း က ပေါ့
ဂိုက်ဆရာ က အားပေးပါတယ်
တက္ကသိုလ်ရောက် ရင် စာကျက်စရာ လုံးဝ မလိုတော့ဘူး တဲ့
ဒီ ၁ဝတန်းလေး ပဲ ကျက်ရတာ တဲ့
ကြိတ်ထား တဲ့ဗျာ
၁ဝတန်းလဲ အောင် ရော
တက္ကသိုလ် လဲ ရောက်ရော
စာကို ကျက်စရာ မလို ဘူး လို ့ကို ထင်တော့တာပဲဗျို ့
ကျက်တော့ လဲ
စိတ်ကို မပါတော့တာ
ကျလိုက်ရတဲ့ စာမေးပွဲ က တဘုံးဘုံး
forever
August 30, 2011 at 9:24 am
ကျွန်တော.သား တတန်းကျောင်းသားကို
မေးကြည်.တယ်
ယုန်နဲ.လိပ် အပြေးပြိုင်တာဘယ်သူနိင်လဲပေါ.
ကျွန်တော်ထင်ထားတဲ.အဖြေနဲ.တော်တော်လွဲသွားတယ်
ကျွန်တော.သားဖြေပုံက….
အဖေဒါလေးတောင်မသိဘူးလားတဲ.
ကျောင်းကဆရာမဆီမှာ ကျူရှင်လာယူအုံးတဲ….
ရာမညသား
August 30, 2011 at 9:37 am
ကျနော်တို့ နိုင်ငံ ရဲ့ ပညာရေးစနစ်လေဗျာ ဘွဲံ့ရကျောင်းသားတစ်ယောက် ဟာ ကျောင်းတော်က သင်ပေးလိုက်တဲ့ထုံထုံတိုင်းထိုင်း အသိဉာဏ်တွေပဲ ရတယ်လေ၊ အကုန်လုံးကို မဆိုလိုပါဘူး၊ ဒါပေမဲ့ တကယ်တော်တဲ့ကျောင်းသားတစ်ယောက်ဟာ ကျောင်းတော်က သင်ပေးလိုက်တာ မဟုတ်ပါဘူး ၊ ကိုယ့် ဘာသာကိုယ် လေ့လာ သင်ယူနိုင်လို့ တော်တာပါ၊ ကျောင်းက သင်ပေးတာ အဖြစ်သဘောလောက်ပါဘဲ၊
မြန်မာနိုင်ငံ ပညာရေး စနစ်လေဗျာ အရမ်းကောင်းတာ လေ နော့် …..လူကြီးမင်းလည်းအသိပဲလေ ဟဲဟဲ………….. 🙂
blackchaw
August 30, 2011 at 10:43 am
မြန်မာကျောင်းတွေက စာကိုသာ သင်ပါတယ်။ သမိုင်းသင်ရင်လည်း သမိုင်းအဖြစ်အပျက်တွေပေါ်က ဘယ်လိုသင်ခန်းစာယူရတယ်ဆိုတာမျိုးတွေကို မသင်ပါဘူး။ အဖြစ်အပျက် အချက်အလက်တွေကို အလွတ်ကျက်ခိုင်းတဲ့နည်းနဲ့ သင် တာပါ။ စိတ်တွေဘယ်လိုထားရမယ်၊ အပြုသဘောဆောင်သောစိတ်ဓါတ်တွေ ဖွံ့ဖြိုးလာအောင် သင်ပြတာမျိုး၊ အနစ်နာခံတတ်သော စိတ်ဓါတ်တွေ များလာအောင် သင်ပြတာမျိုး မတွေ့ဘူးပါဘူး။ ကိုယ်တိုင်လေ့လာမှုနဲ့ သာ လူဖြစ်အောင်ကြိုးစားကြစေချင်ပါတယ်ဗျာ။
မီးမီး သော်
August 30, 2011 at 11:39 am
ဟုတ်ပါတယ်။ခုလိုစာသင်ကြားတဲ့နေရာမှာ ပေါ့တိပေါ့ပျက်ဖြစ်လာရတာက ဒီနေ ့ခေတ်ကျောင်းဆရာတွေဆရာမ တွေစာကောင်းကောင်းမတတ်ခဲ့ကြလို ့ပါ။သူတို ့ကိုယ်တိုင်က အထူးထုတ်ကိုကိုင်သင်တယ်။အထူးထုတ်တွေမှာ အမှားပါနေရင် သူတို ့ကအမှားကိုအမှားလို ့ခွဲခြားမသိဘဲ ကလေးတွေကိုအမှားတွေဆက်သင်ပါတယ်။ဘယ်လောက်ရင်လေးစရာလဲ. စဉ်းစားကြည့်ကြပါဦး
Shwe Ei
August 30, 2011 at 11:56 am
မမီးပြောမှ ဆရာနေဝင်းမြင့် ဟောပြောပွဲက အကြောင်းအရာလေးသတိရသွားတယ်။
ကျွန်မတို့ ငယ်ငယ်ကသင်ရတဲ့ ”ဗောဓိရွှေကျောင်း” ကဗျာထဲက စာသားလေ။ ”မမလေးတို့ ပျိုဥယျာဉ်” ဆိုတာမှားနေတယ်တဲ့။ တောဓလေ့အရ သာမဏေအရွယ်ကို ကိုရင်၊ ဦးပဇင်း အရွယ်ကို ”ဦးရင်” လို့ခေါ်တဲ့သဘောကို ပုံနှိပ်စာအုပ်မှာ ”ဥယျာဉ်” လို့မှားရိုက်တာတဲ့ဗျာ။
pan pan
August 30, 2011 at 2:59 pm
ကျွန်မသိတာတော့ မောင်ရင်ဆိုရင် ကိုယ့်ထက်ငယ်တဲ့အမျိုးသားကို ခေါ်တာ
ကိုရင်ဆိုရင် ရွယ်တူ
ဦးရင်ဆိုရင်တော့ ကိုယ့်ထက်ကြီးသူတဲ့
(ဟိုတစ်ခါကမန့်လိုက်တာက ကိုဘီလူးကို ကိုရင်လို့မန့်လိုက်တာ၊ ကိုရင်လို့မခေါ်ဘဲ ဦးရင်လို့ခေါ်ရမှာ )
Shwe Ei
August 30, 2011 at 11:48 am
ထူးချွန်တဲ့ ကျောင်းသားအများစုကတော့ စာကျက်တာထက် စာဖတ်တာကို ပိုအားသန်တယ်ထင်တာဘဲ။ လေ့လာမှုအားကောင်းတာလည်း ပါမယ်ဗျ။ သင်သလောက်ကျက်ပြီး ဖြေတဲ့လူနဲ့ ကိုယ်တိုင်လေ့လာမှတ်သားပြီး ဖြေတဲ့လူနဲ့ တက်ကသိုလ်ရောက်ရင် မေဂျာတူတာတောင် အဆင့်ကွာသွားတတ်တယ်။ ကလေးတွေကတော့ ကျောင်းကပုံစံခွက်ထဲကနေ ထွက်လို့မရတော့ မပြောသာဘူး။
manawphyulay
August 30, 2011 at 12:13 pm
ဪ… ဆရာ အော်ပီကျယ် သူ့သားကို မေးသလိုပေါ့ သား မင်းရဲ့အဖေက ဦးဘပဲလား….ဆိုတော့ သားက ပြန်ပြောတာကိုလည်း ကြည့်ဦးလေ… အဖေက ဘာသိလို့လဲ သားရဲ့သူငယ်ချင်းအဖေလည်း ဦးဘပဲလေတဲ့…. အဲလိုဖြစ်နေပြီလေ…