ကံဆိုးမ သွားရာ မိုးလိုက်လို ့ရွာ (၂)
မိဘအိမ်မှာ နေစဉ် အသက်မွေးဝမ်းကြောင်းအတွက် မယ်မယ်ရရ အလုပ်မလုပ်ခဲ့ဖူးသောကြောင့် ပိုက်ဆံရှာရန် ဈေးရောင်းခြင်း တမျိုးသာ လုပ်တတ်သည် ။ ဈေးသည် မျိုးရိုး မရှိသူမို့ ဈေးရောင်းရမှာ မဝံ့မရဲဖြစ်နေခဲ့သည် … သို့သော် …ငါ့ဝမ်းပူဆာ မနေသာ မို့လား ၊ ကလေးတွေမျက်နှာငယ်ရမည့် အဖြစ်မို့ သမ္မအာဇီဝ အလုပ်ဟုသာ စိတ်ပိုင်းဖြတ်ပြီး ဈေးရောင်းခဲ့သည် ။ တတ်လို့ ရောင်းသည် မဟုတ်ပဲ ငတ်လို့ ရောင်းရသည့်အဖြစ်ကြောင့် ဈေးရောင်းကောင်းသော်လည်း အမြတ်စွန်း သိပ်မကျန်ခဲ့ပေ ။ တရိတ်ရိတ်တိုးတတ်လာသည့် အသုံးစရိတ်ကြောင့် ဝင်ငွေ နှင့် ထွက်ငွေ မမျှ ဖြစ်ကာ နွမ်းပါးသည်ထက် ပို နွမ်းပါးလာခဲ့သည် ။ ဒီအတိုင်း ဆက်သွားလျှင် ရှေ့လျှောက် ကျမတို့ မိသားစု ငတ်ပြတ်ကာ တောင်းစားရမယ့်ဘဝ ရောက်လာတော့မည် ။ ကျမမှာ ကလေးတွေ ရှိသေးသည် … သူတောင်းစား မျိုးဆက်တော့ အဖြစ်မခံနိုင်ပါ ။ ယောကျာင်္းဖြစ်သူရှိရာ မြို့တက်ပြီး ရှာမှဖြစ်မည်ဟု စိတ်ကူးမိပြန်သည်… ။ ကလေးတွေကိုတော့ ဘုန်းကြီးကျောင်းခဏအပ်ထားမည်ဟု စိတ်ကူးမိသည် … ။ ဒီလို ညတွေတိုင်း တွေးရင်းမိုးလင်းသွားသည်က များသည် … ဒီညတော့ အိပ်ပျော်အောင် ကြိုးစား အိပ်ရမည် ….
(၄)
” မေမေ … မေမေရေ… အန်တီဝေလာတယ် ထတော့ …..” သားငယ်လေးလာနှိုးသံကြားမှ မျက်စိဖွင့်ကြည့်မိတော့ နေတောင်မြင့်နေပါလား ။ ကျမဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိခင်ပဲ အိပ်ပျော်သွားခဲ့ပြီး နိုးထလာတော့ ညည်းစိစိဖြစ်နေမိသည် ။ ခေါင်းထဲ မူးနောက်နောက်နဲ့ နေလို့လည်း မကောင်း …. ။ ဧည့်သည်လာသည်ဟု ဆိုသဖြင့် အိပ်ယာက ကုန်ကြုံး ထကာ ဆယ်ပေပတ်လည် အခန်းလေးကို အလျှင်စလို ရှင်းလိုက်သည် ပြီးနောက် ပေါက်ပြဲဖွာလန်ကြဲနေသော ဖျာလိတ်ကြီးကို ခင်းပေးရင်း ဗြုတ်စဗြဲလောင်း ဆံပဲတွေကို စုစည်းကာ ပွဲစား တဖြစ်လဲ ကုန်သည် မစန်းဝေ ကို ခရီးဦးကြိုပြုပါသည် ။ မစန်းဝေသည် ကျွန်မနှင့် ဆွေးမျိုးစပ်လျှင် တစ်ဝမ်းကွဲ အမတော်သူလည်းဖြစ်သည် ။
ဧည့်သည်ဖြစ်သူက ရောက်ရောက်ချင်းမှာပင် …. “မိချိုရယ် နင့်မှာလဲ ချို့တဲ့လှချည်လား ၊ ကလေးတွေကလည်း ပိန်လှီနေတာပဲ ဟယ် … ။ နင့်မိဘသိလျှင် ရင် ကျိုးရမှာဟဲ့ … မဖြစ်ပါဘူး ငါ မေမေပြုံးကို ပြောပြပြီး နင်တို့ကို ပြန်ခေါ်ဖို့ ပြောမှပါပဲ ”
” နေပါစေ မဝေရယ် ၊ ကိုယ့်မိုက်ပြစ်နဲ့ ကိုယ်မို့ ၊ မိဘမျက်နှာ ပြန်မကြည့်ရဲတော့ပါဘူး ၊ ဖြစ်သမျှ ကိုယ့်ကံလို့ပဲ မှတ်ယူထားပါတယ် ၊ မဝေ ကျမတို့ရွာဆီ လာလာလည်နေတာ ကျမ မိဘတွေကိုပြန်မပြောပါနဲ့နော်…. ၊ ကျမတို့ အဖြစ်သာ မြင်ကြည့် ကျမမိဘတွေ အဲ့ဒီနေရာမှာတင် သွေးတက်ပြီး သေလိမ့်မယ်…..”
” အေးပါဟယ် မပြောပါဘူး … ဒါနဲ့ ငါလာတဲ့ ကိစ္စက အကြောင်းထူးတယ်အေ့ … ။ ”
” တယ်ဟုတ်ပါလား ဘာထူးတာလဲ မဝေရဲ့ ပြောပါဦး ”
” ညည်းယောကျာင်္း သတင်းကြားလို့ လာပြောတာ … သူအလုပ်လုပ်တဲ့ ဆိုင်ရှင် အမျိုးသမီးက သူ့ကို နိုင်ငံခြားပို့ပေးလိုက်တယ်တယ်အေ … ဒီက သွားသွားချင်း တပတ်လောက်မှာတဲ့… အဲ့ဒါညည်း ဝမ်းသာအောင်လာပြောတာ ။ ”
” ဪ ဒါကြောင့် သူနဲ့ အဆက်သွယ် ပြတ်နေတာကိုး … အဆင်ပြေလျှင်တော့ ကောင်းပေမဲ့ … အခုထိ အဆက်သွယ်မရ ၊ ငွေလည်း မပို့တော့ ကျမတို့သားမိတွေ အတော်လေး ကြပ်တည်းလာတယ် မဝေရေ … ။ ကျွန်မလည်း ရောင်းဝယ်လုပ်တာ အဆင်မပြေပါဘူး ။ မြို့မှာ အလုပ်လေးဘာလေး တက်လုပ်လျှင်ကောင်းမလားလို့ … မဝေ အသိရှိလျှင် ဆက်ပေးပါဦးနော် … ။ အိမ်ဖော်အလုပ်လေး ဖြစ်ဖြစ် ၊ သန့်ရှင်းရေးဖြစ်ဖြစ် ရလည်း လုပ်ပါ့မယ် … ”
“အေးပါ ငါအလုပ်ရှင်တွေနဲ့ ညှိပြီးလျှင် ညည်းကို ပြန်လာခေါ်မယ် … ကဲကဲ ငါပြန်လိုက်ဦးမယ် အလုပ်ရှင်တွေနဲ့ ချိန်းပြီးမှ လာမယ့် စနေနေ့ကျ တခေါက်ပြန်လာခဲ့ဦးမယ် … ညည်း အဆင်သင့်ပြင်ထားနော်… ”
“ဒါနဲ့ မဝေရေ ကျွန်မမှာက ကိုယ်ဝန်ကြီးနဲ့ အလုပ်အကိုင် ရနိုင်ပါ့မလား … ။ ”
“ညည်းကလည်း အေ … မွေးမနေနဲ့ တော့ ငါ့တာဝန်သာ ထား … နောက်နေ့မှ ပြန်လာတော့မယ် အဆင်သင့်ပြင်ထားနော် … ”
ဘု ဘု ဘောက်ဘောက်နှင့်ပြောချင်တာပြောပြီး ထွက်သွားသော မဝေကို ကြည့်ကာ ကျွန်မရင်မောရသည် … ။ “သူ့စကားထဲ မွေးမနေနဲ့တော့ဆိုပါလား … ဘာကို ရည်ညွှန်းပါလိမ့် … ။ ” ယောကျာ်း မြို ့မှ ခဏပြန်လာစဉ် မိချိုတယောက် သားဆက်ခြားရေး ဗဟုသုတမရှိသောကြောင့် ဒီကိုယ်ဝန်ကို ထပ်လွယ်ထားရခြင်းဖြစ်သော်လည်း … ကြပ်တည်းနေသော အချိန်တွင် မလိုချင်မိတာတော့ အမှန်ပင် … ။
ပြောပြောဆိုဆိုနှင့် မဝေပြန်သွားသည် … သူမ နောက်ကျောပြင်ကို ငေးရင်း ကျမသက်ပြင်းရှည် တချက်ချမိသည် ….။ ကျမကလေးတွေကို မိဘအိမ်ပြန်ပို့ဖို့ကလည်း ကိုယ့်မာနနဲ့ ကိုယ်မို့ … ကလေးတွေအတွက် အကောင်းဆုံးသည် ဘုန်းကြီးကျောင်းတွင် နေစေခြင်းပင်ဖြစ်သည် ။ ဆရာတော်ကိုတော့ သေချာ အပ်ထားခဲ့ရမည် … ကလေးတွေ ရှေ့ရေးအတွက် မိဘတစ်ယောက်အနေဖြင့် လုပ်ပေးသင့်တာ လုပ်ပေးရတော့မည် … ။
(၅)
အိပ်နေသော မောင်လေးနှင့် အထုတ်ပြင်နေသော မေမေ့ကို ကြည့်ကာ ကျမရင်ထဲ ဝမ်းနည်းစို့နင့်လာသည် ။ ကျမတို့ဧ။် ပျော်ရွှင်စရာ ကောင်းတဲ့ ကမာ္ဘလေး အဖေ မြို့တက် အလုပ်သွားလုပ်ကတည်းက တစစအေးစက်လာခဲ့သည် ။ ဝင်ငွေနဲ့ ထွက်ငွေမမျှတပဲ ချို့တဲ့လာတဲ့ ကျွန်မတို့ မိသားစု စီးပွားရေး အခြေနေ ကြောင့် ယခုလည်း ကျမအမေ မြို့တက် အလုပ်လုပ်ဦးမည် …. ဘယ်တော့ ပြန်လာမယ်မှန်းမသိ …. အဖေ့လိုမျိုး ကိုယ်လွတ်ရုန်းကာ ပစ်ထားခဲ့ဦးမည်လား မတွေးတတ်တော့ပေ… ။ မည်သို့ပင်ဖြစ်စေ အမေအလုပ်သွားလုပ်နေစဉ်အတွင်း ကျမသည် မောင်လေး နှင့် ညီမလေးကို သွန်သင်စောင့်ရှောက်မည်ဟုပင် ခံယူထားသည်… ။
” ကလေးတွေကတော့ ကျွန်မလို နားလည်မှာ မဟုတ်ဘူးလေ … ကျွန်မကပဲ အမကြီး အမိရာ ဆိုသလို တတ်နိုင်တဲ့ဘက်က စောင့်ရှောက်ပေးရမှာပေါ့ … ။ အဖေရယ် ၊ အမေရယ်ပြီးလျှင် သွေးသားဆိုလို့ ကျွန်မတို့ မောင်နှမပဲ ရှိတော့တာ … ။ မောင်လေး ၊ ညီမလေးတွေကို အကောင်းဆုံး ပြုပြင် ထိန်းကျောင်းပေးရမယ် .. ။ ကျွန်မ ဘဝကြီး ဘယ်လိုဖြစ်ဖြစ်ပါ … မောင်လေးနဲ့ ညီမလေးတွေ အတွက် မိဘနေရာကနေ ထိန်းကျောင်းပေးမယ်လေ … ဒါကျွန်မစိတ်ကူးပါ .. ။ ”
” ဟဲ့ သမီး … ဘာတွေ တွေးနေတာလဲ အမေပြောတာကြားလား … ” ငေးငိုင်နေသော သမီးဖြစ်သူကို မိချို လှမ်းပြောလိုက်သည် … ။
” ရှင် … မေမေ ဘာပြောတာလဲ … သမီး အတွေးလွန်သွားလို့ … ။ ”
” အင်း … ညည်းကတော့ ဖြစ်ရမယ် … အငယ်တွေကို ဦးဆောင်ဖို့ ညည်းမှာ တာဝန်ရှိတယ်နော် ဒီလို ငေး ငေးငိုင်ငိုင် ဖြစ်မနေနဲ့ … ”
” ဟုတ် .. ဟုတ်ကဲ့ အမေ ၊ စိတ်ချပါ သမီး အမွှာ နှစ်ယောက်ကို သေချာ ပြုစု စောင့်ရှောက်မှာပါ … ဒါနဲ့ အမေ ခုဏက ဘာပြောတာလဲ ပြန်ပြောပါဦးနော် … ”
” ဒီလို သမီးရေ … အမေ နဲ့ အဖေ မရှိခင် စပ်ကြား သမီးတို့ကို ဘုန်းကြီး ကျောင်းမှာ ခဏ အပ်ထားခဲ့ရမယ် …. ဝေယျာဝစ္စ ဝိုင်ကူလုပ်ရင်း နေပေါ့သမီးရယ် … ကလေးတွေကိုလည်း လိမ္မာရေးခြား ရှိအောင် သွန်သင်ရမယ်ကြားလား …. ကဲ ရော့ရော ့… ဒီဟာက အမေ ခြစ်ကုတ်စုထားရတာ … မများပေမဲ့ သမီးတို့ အသုံးလိုတဲ့အခါ ၊ နာမကျန်းဖြစ်တဲ့ အခါ သုံးလျှင် သုံးလို့ ရအောင် ယူထား … ”
“ဟုတ် … ဟုတ်ကဲ့ မေမေ … ဒါနဲ့ အမေ့ ကိုယ်ဝန် ကိစ္စကရော … ”
” မဝေနဲ့ တိုင်ပင်ပြီး တစ်ခုခု စဉ်းစားတာပေါ့ …. ဒါ မခက်ခဲပါဘူး အေ …. ညည်းမမွေးခင် တယောက်တုန်းကလည်း အမေတို့ ငြားခါစမို့ …. မရပ်တည်နို်င်သေးခင် ဒီလိုပဲ ဖြေရှင်းလိုက်ရတယ် …. ”
“အင်း ဟုတ်ပါပြီ မေမေ ကြည့်စီစဉ် နိုင်တယ်ဆို သမီး စိတ်မပူတော့ပါဘူး …. ”
စန္ဒာတစ်ယောက် လေးတွဲသော မျက်လုံးအစုံဖြင့် …. မိမိဧ။် မောင်လေးလား ၊ ညီမလေးလား မသိခင် … ဆုံးရှုံးရတော့မည့် မေမေ့ဝမ်းထဲမှ ကိုယ်ဝန်ကို ကြည့်ကာ သက်ပြင်းချမိသည်… ။
” ကလေးရေ … မမတို့ မိသားစုက ဆင်းရဲတယ်လေ … မင်း မလာတာပဲ မင်းအတွက်ကောင်းပါတယ် … ။ ကောင်းရာ သုဂတိလားပါစေလို့ပဲ ဆုတောင်းပေးပါတယ် …. ” စန္ဒာတယောက် ကြေကွဲစွာ ကြိတ်ဝမ်းနည်းနေမိသည် … ။
13 comments
မီးမီး သော်
August 30, 2011 at 11:53 am
မမအိတုံရေ—တကယ်ကိုဝမ်းစရာပါ။ခုလိုဆင်းရဲ ချို ့တဲ့မှု၊အသိပညာမဲ့ခဲ့တာတွေကြောင့် ဖြစ်ပျက်ခဲ့ရတဲ့ ဝမ်းနည်းစာတပုံတပင်ကြီးနဲ ့ဝေးပါစေလို ့လူသားအားလုံးအတွက်ဆုတောင်းပေးပါတယ်
windtalker
August 30, 2011 at 1:16 pm
ဒါမျိုးတွေ လည်း ရှိတယ် ပေါ့ နော် မအီးတုံး
စိတ်မကောင်းပါဘူး ဗျာ
မြန်မာနိုင်ငံအနေ နဲ ့
ပြည်သူများအတွက် ကျန်းမာရေး အသုံးစရိတ် သုံးစွဲခြင်း ကဏ္ဍ ကို
အမြန်ဆုံး တိုးချဲ ့အကောင်အထည် ဖော်နိုင်ပါစေ လို ့
ဆုတောင်းလိုက်ကြရအောင်
koyinmaung
August 30, 2011 at 1:35 pm
အိတုံရယ်..ဇာတ်လမ်းလေးကလဲစိတ်မကောင်းစရာပါ..
အပြင်မှာလဲဒီလိုအဖြစ်မျိုးရှိနေမှာပါ…….
နွယ်ပင်
August 30, 2011 at 3:07 pm
etone ရေ ဇာတ်လမ်းရော အရေးအသားပါ ကောင်းလို့ ပိုစ့် တစ်ပုဒ်လုံးပြီးလို့ပြီးသွားမှန်းတောင် မသိလိုက်ဘူး
နောက်ထပ်ဆက်ရန် ရှိဦးမယ်ထင်တယ် အားပေးနေမယ်နော် …
နီလေး
August 30, 2011 at 4:58 pm
ဆက်ရန်ရှိသေးရင် ထပ်တင်ပေးပါဦးနော် အားပေးမျော်လင့်နေပါ့မယ်
ဆူး
August 30, 2011 at 10:35 pm
တနေ့တခြား အရေးအသားတွေ အရောက်လက်လက်လာတယ်။
အားပေးနေတယ် ညလေးတုံး.. ကြိုးစား..
hmee
August 31, 2011 at 2:23 am
ဆက်ရန်များလို့ တင်းလာပြီနော်..ဟင်း 🙂
etone
August 31, 2011 at 2:30 pm
ဟီးဟီး … မမှီရေ နည်းနည်းတော့ စောင့်ပါဦး … ။
ဒီဇာတ်လမ်းက အစဆုံး ရေးပြီးသွားတာ ကြာပါပြီ … အကုန်လုံးတင်လိုက်လျှင် မျက်စိညောင်းမှာ စိုးတာရယ် …သဂျီးက တနေ့ နှစ်ပုဒ်ပဲ ဆိုလို့ … တနေ့ တလံ ပုဂံဘယ်ရွှေ့မလဲပေါ့နော် ဟိဟိ 😀
ကြောင်ကြီး
August 31, 2011 at 10:18 am
အန်တီဝေဆိုတဲ့ အဒေါ်ကြီးက တော်တော်ဆိုးတာပဲ။ ဒါနဲ့ ကျနော်တို့ အန်တီဝေများလား။ ဟင်း..ပါးစပ်ပြောတော့ ဘုရားဘုရား၊ လက်ကြတော့ ကားရားကားရားနဲ့ 😡
ဆူး
August 31, 2011 at 10:36 am
အဲဒါ ဒေါ်စန်းဝေ.. ဝေချင်းသာ တူချင်တူမယ်..
ဝေပုံ ဝေ နည်း မတူဘူး..
ဟင်းအိုးဝေ တာနဲ့
မုန့်ဝေတာ…
နာတို့ အန်တီဝေက မုန့်ဝေထားတယ်.. ဒါကြောင့် မုန့် မျက်နှာနဲ့ ဘယ်သူမှမထိနဲ့ မီးပွင့်သွားမယ် ဘာမှတ်လဲ..
weiwei
August 31, 2011 at 11:00 am
ဟားဟားဟား … ရီရတယ် …. 😛 😛
အဘနီကပြောထားတယ်လေ … နံမည်တူတာ အရေးမကြီးဘူးတဲ့ အကြောင်းအရာမတူရင် ပြီးရောတဲ့ ..
ဒါနဲ့စကားမစပ် wei က ဝေ မဟုတ်ဘူး …
etone
August 31, 2011 at 3:37 pm
မဝေလားဆိုတော့ .. မဝေမဟုတ်ဘူး မဝိပါတဲ့ .. အခုမှ သတိရတော့တယ် 😛
weiwei
August 31, 2011 at 3:44 pm
ဝိဆိုတော့ မဆိုးဘူး … ဝ ရှိမှ ဝိလုပ်လို့ရတာလေ … 😛 😛