ကြွက်ထောင်ချောက် by ဆရာဖေမြင့်
တစ်ခါတုန်းက….
ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက
ဟနေတဲ့နေရာ အကြားကနေ ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား
အထုပ်တစ်ထုပ်ဖြေနေတာ တွေ့ရတယ်။
အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့
စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊
လားလား..စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။ အဲ..စကားအဖြစ် ပြောတာ၊
တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ
အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တဝါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကို
ရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ် ချက်နှင့် မြို့ကဝယ်လာတဲ့
ကြွက်ထောင်ချောက်။
မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ
ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့
ခွေးသွားစိပ်ကြားမှာ ညပ်ပြီးသေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး
ကြက်သီးမွှေးညင်း ထသွားတယ်။
ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက်လုပ်တော့မယ်။
အားလုံးကိုသတိပေးထားမှပဲဆိုပြီး ကြွက် ကခြံထဲလျှောက်ပြေးပြီး အော်တယ်။
“အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊
အိမ်ထဲမှာ ကြွက်ထောင်ချောက်ရောက်နေပြီ”
အဲဒီလိုအော်ရင်း ကြက်မနားရောက်တော့ ပါစပ်ကတကွပ်ကွပ်မြည်ရင်း
ဖုန်ထဲသဲထဲမှာ စားစ ရာယက်ပြီး ရှာနေတဲ့ ကြက်မက…
“ဒီလောက်တောင် အော်မနေနဲ့ ကိုကြွက်ရယ်၊ ရှင့်အတွက်တော့
စိုးရိမ်စရာဖြစ်တာ မှန်ပါ တယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှမဆိုင်တာ၊
ဘာကိုသတိထားရမှာလဲ” လို့ ဆိုတယ်။
ကြွက်က ဝက်ခြံနားသွားပြီ ဝက်ကိုပြောပြန်တော့ ဝက်က…..
“ငါမင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့်
ဒီကစ္စက ငါတတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး၊ အလွန်ဆုံးဘုရားမှာ
ဆုတောင်းရုံလောက်ပဲ တတ်နိုင်တယ်၊ ညဘက် ဘုရားရှိခိုးတဲ့အခါ မင်းအတွက်
ထည့်ပြီး ဆုတောင်းပေးပါ့မယ်ကွာ” လို့ ချွေးသိပ်တယ်။
ခြံထဲမှာ နွားတစ်ကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး
ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။
“ဟ ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို
ငါ့အတွက် အန္တာရာယ်ပဲ၊ ခြေမ ညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။
ကြွက် အတော်ခံရခက်ပြီး ပြန်လှည့်လာတယ်။ သူက အိမ်ထဲမှာနေတဲ့သူ၊
အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့အရေး လို့
မယူဆ၊ ကိုယ်တစ်ယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲ သတိထားရမယ်။ တကယ်တော့
နာမည်ကိုနှိုက်ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။ အဲဒီထောင်ချောက်မှာ
တပ်ထားမယ့် အနံ့ကလည်း မွှေး၊ အရသာလည်း ရှိပြီး ကြွက်မှန်သမျှ
သွားရည်တများများ ကျစေမယ့် အစာကို အနား သားလေးတောင်ဖဲ့ မစားမိအောင်
ဝေးဝေးက ရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆ တိုက်မိ တယ်ဆိုတာမျိုး
မဖြစ်အောင်လည်း အထူးသတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး
အိမ်ထဲကို သတိဝီရိယ ကြီးစွာနဲ့ ပြန်ဝင်လာခဲ့တယ်။
အဲဒီည သန်းကောင်ယံမှာပဲ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့အသံ
ကျယ်လောင်စွာ ပေါက်ထွက်လာပြီး ကတည်းက သတ္တဝါတွေ အားလုံး လန့်နိုးကြတယ်။
“ဖိုးရွှေကြွက် တစ်ကောင်တော့ သွားရှာပေါ့” လို့ ဝက်က ဆိုတော့
ကြက်မက “စိတ်မ ကောင်းဘူး၊ ဒီလောက်မြန်မြန်ကြီး ဖြစ်လိမ့်မယ် မထင်လို့”
မနက်က သူမစာမနာ ပြောလိုက်မိတာ ပြန်တွေးပြီး အာနာနေတယ်။
နွားကြီးကတော့ “စောစောသေ တော့လည်း ကြောက်ရတဲ့ဒုက္ခ
စောစောငြိမ်းတာပေါ့ကွာ” တဲ။ ကိုယ်သေတာ မဟုတ်တော့ သူကပေါ့ပေါ့ဆဆ ပြောတယ်။
အမှန်တော့ ကြွက်လည်း သေသွားတာတော့ မဟုတ်ဘူး။ ထောင်ချောက်မိတာ
သူမှ မဟုတ်တာ။ ဂျိုင်းခနဲ မြည်သံကြာတော့ သူလည်း သူကိုယ်တိုင် မိသလောက်
လန့်သွားတာ။ နောက်တော့ မှ ငါမဟုတ်ဘူး။ ဘယ်သူများပါလိမ့် ဆိုပြီး
ထချောင်းကြည့်တော့ မြွေတစ်ကောင်။
မြွေက ကြွက်ထောင်ချောက် ဆိုတာ ဘာလုပ်တတ်မှန်းမသိတော့
ကြွက်စာအနံ့ မွှေးမွှေးကို သူ့အစာ အောက်မေ့ပြီး သွားခဲတာ။
မောင်းတံရိုက်တဲ့အချိန် ဘယ်လိုဘယ်လို လုပ်လိုက်မှန်းမသိ၊ ခေါင်းပိုင်းကို
မထိဘဲ အမြီးပိုင်းက ညှပ်နေတယ်။
ကြွက်က တုန်တုန်ယင်ယင်နဲ့ ကြည့်နေတုန်း
မီးအိမ်လေးမှိန်မှိန်နဲ့ အိမ်ရှင်မ ထွက်လာတာ မြင်ရတယ်။ မိန်းမက
အိပ်ချင်မူးတူးနဲ့ ကြွက်ထောင်ချောက်ကို သွားဆွဲတဲ့အခါ မြွေက လှမ်းပေါက်
လိုက်တယ်။ အဲဒီအခါ အလန့်တကြား ထအော်တော့ လယ်သမား ပြေးလိုက်တာတယ်။
မီးအိမ်ပို လင်းအောင် မီးစာမြှင့် ကြည့်လိုက်တော့ သူ့မိန်းမကို
ကိုက်ပြီးတဲ့နောက် ပါးပျဉ်းထောင်နေသေးတဲ့ မြွေကိုမြင်ပြီး
နီးရာတုတ်တစ်ချောင်းနဲ့ လက်မြန်ခြေမြန် ကောက်ရိုက်လိုက်တာ ပွဲချင်းပြီးသေ
သွားတယ်။
အဲဒီမြွေက အတော်အဆိပ်ပြင်းတဲ့မြွေမျိုး ဖြစ်နေတယ်။ လယ်သမား
အတော်ခေါင်းနားပန်း ကြီးသွားတယ်။ အဲဒါနဲ့ အိမ်နီးနားချင်းတွေ
လှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာဝန် သွားပင့်ပေးဖို့ အကူညီတောင်းတယ်။
မနက်မလင်းခင် ဆရာဝန် ရောက်လာပြီး သူ့ရှိသမျှ ဆေးဝါးနဲ့ ကုသပြီး
ပြန်သွားတယ်။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ်အရှိန်နဲ့ ဖျားပြီး
ညည်းနေတယ်။ တစ်နေလုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း
ဘာမှမစားချင်ဖြစ်နေတယ်။ အဲဒါနဲ့ အစာမဝင်ရင် ကိုယ်ခံအားနည်းမယ်။
အဲဒါဆိုရင် မြွေဆိပ်ဒဏ် ပိုမခံနိုင် ဖြစ်မယ်ဆိုပြီး အားရှိသွားအောင်
ကြက်စွပ်ပြုတ် ကျွေးပါလို့ ဝိုင်းဝန်း အကြံပေးကြတော့ လယ်သမားက
သူမွေးထားတဲ့ တစ်ကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သား
စွပ်ပြုတ်လုပ်တယ်။ ဆရာဝန်က နောက်နေ့တွေလည်း ဆက်ပြီး လာကြည့် ပါတယ်။
ဒါပေမယ့် လူနာက မသက်သာဘူး။ အဆိပ်က အတော်ပြင်းတာကိုး။
လယ်သမားမယား မြွေကိုက်ခံရတဲ့ အကြောင်း ကြားရတော့ ဆွေမျိုး
မိတ်သင်္ဂဟတွေ လူမမာ သတင်း လာမေးကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့
ချက်ချင်း မပြန်နိုင်ကြဘူး။ တစ်ညလောက်အိပ်ပြီး စောင့်ကြည့်ကြတယ်။
လူမမာအခြေအနေ မကောင်းတော့ သားချင်းတချို့ လည်း အနီးကပ်ပြုစုလို့ရအောင်
ဆိုပြီး အိမ်မပြန်ကြတော့ဘူး။
အဲဒီတော့ အိမ်ရှင် လယ်သမားမှာ ဧည်ခံဖို့၊ ကျွေးမွေးဖို့
လိုပြန်တာပေါ့။ အဲဒီအတွက် ဝယ်ဖို့ခြမ်းဖို့ လိုပြန်တာပေါ့။ ဒီအတွက်
ဝယ်ဖို့ ခြမ်းဖို့ရော၊ ဆရာဝန်ပေးဖို့ပါ ငွေကြေးက လိုနေတာ ဆိုတော့
အိမ်မှာရှိတဲ့ဝက်ကို သတ်ပြီး အိမ်မှာစားဖို့အသားတချို့ယူ၊ ကျန်တာကို
ရွာထဲလျှောက် ရောင်းခိုင်းလိုက်ရတယ်။
ဆရာဝန်ရော အရပ်ကပါ ဝိုင်းပြီးပြုစု စောင့်ရှောက်ကြပေမယ့်
လယ်သမား မယားဟာ ပြန်နာလန်ထူ မလာဘူး။ မြွေကိုက်တဲ့ ဒဏ်နဲ့ပဲ
အသက်ဆုံးသွားခဲ့တယ်။
အသုဘချ၊ ရက်လည်ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတစ်ကောင်တည်း
ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူလုပ်လိုက်ရတယ်။
ရက်ပို်င်းအတွင်း ဆက်တိုက်ဖြစ်သွားခဲ့တဲ့ အဲဒီအခြင်းအရာတွေကို
မျက်ဝါးထင်ထင် မြင်လိုက် ရတဲ့ ကြွက်ဟာ အကြီးအကျယ် ထိတ်လန့် အံ့ဩသလို၊
ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက် လဲ ဆိုတာကိုလည်း စဉ်းစားမရနိုင်အောင်
ဖြစ်နေတယ်။
ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်း ကြောက်နေတုန်းက
ကိုယ်နှင့်မဆိုင်သလို နေခဲ့ကြတဲ့ ကြက်၊ ဝက်၊ နွား အပါအဝင် သတ္တဝါ ၅ဦး
အသက်ဆုံးရုံးသွားပြီး တဲ့နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက်
ပိုပြီး အကြောက်ကြီး ကြောက်သွားခဲ့တယ်။
ဆရာဖေမြင့်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် ၅၆
၁၈- ဩဂုတ်လ -၂၀၁၁
11 comments
shwe ni
August 30, 2011 at 11:29 pm
ကိုခိုင်ရေ
ဆရာဖေမြင့်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် ၅၆ ရဲ့ စာလေးကောင်း လို့တင်ပေးလိုက်တာ ဆင်ဆင်တူတဲ့ ပိုစ်တွေ့ရတယ် ဒါပေမဲ့ ရေးသူက ဆရာဖေမြင့်မဟုတ်တော့ ဘယ်လိုလဲတော့မသိဘူး ။ creating writing ဆိုပြီးတင်ထားတာလဲတွေ့တယ် .
Nan Shin
August 31, 2011 at 2:42 am
သေချာတာတစ်ခုကတော့ ဒီကြွက်ထောင်ချောက်ဟာ ဘာသာပြန်စာပေတစ်ခုဆိုတာပါပဲ။
pan pan
August 31, 2011 at 9:24 am
ဟိုတလောက အဲဒီကြွက်ထောင်ချောက်ကိစ္စ ရွာထဲမှာဖတ်လိုက်ရတယ်နော်
ဆူး
August 31, 2011 at 9:46 am
ဒီရွာမှာ ကြွက်ထောင်ချောက်တွေ တော်တော် များတာ..
ညောင်မြစ်တူး ရင် ဘာပေါ်တယ်ဆိုလား…
မလိုအပ်ပဲ ပွဲ မဆူ အောင် တိတ်တိတ်လေး နေပေးတာများလာကြတာပါ။
ဖတ်တဲ့ လူတိုင်းကတော့ သိကြပါတယ်။
ကြောင်ကြီး
August 31, 2011 at 10:49 am
ကြောင်တွေကို သွယ်ဝှိုက်ဆော်ကားထားတဲ့ ပို့စ်ပဲ၊ လုံးဝ မနှစ်သက်ပါ။ ဖြစ်နိုင်ရင် သူတပါးကို ထိခိုက်နစ်နာစေတဲ့ ဒီလိုပို့စ်မျိုးကို ဖိုရမ်မှာ တင်သင့်ပါတယ်။
char too lan
August 31, 2011 at 2:31 pm
ဆရာဖေမြင့်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် ၅၆
၁၈- ဩဂုတ်လ -၂၀၁၁
အဲ့နေ့စွဲက ဆရာဖေမြင့်ရေးတဲ့နေ့စွဲလားမသိဘူး
kai
August 31, 2011 at 3:09 pm
ခရက်ဒစ်..။ ဝန်ခံချက်မပေးပဲ တင်ထားတာ ၂ပုဒ်တွေ့တယ်..။
ဖျက်လိုက်ပါတယ်..။
zaw min
August 31, 2011 at 3:09 pm
ဒီထောင်ချောက် ဘာထောင်ချောက်လဲတော့မသိဘူး…(08.08.2010)နေ့မှာ Cobra ကရေးခဲ့တယ်။နောက် (09.09.2010)နေ့မှာ Char Too Lan ကရေးပြန်တယ်..ယခုတခါ Shwe ni ကရေးပြန်တယ်…
pan pan
August 31, 2011 at 3:28 pm
ဒီကနေ့ကတော့ ၃ဝရက် ၃ဝလတော့ မဟုတ်ပေဘူးပဲ 😀
shwe ni
August 31, 2011 at 6:20 pm
ကျမ မရေးပါဘူး ရေးတာဖေမြင့် လို့ပါပြီးသားပါ . ဆရာကြီးဦးမြင့်ရေးတဲ့ စာတမ်းထဲက ဒိလိုတင်လို့ရမရ မေးပြီးမှတင်တာပါ
naywoonni
August 31, 2011 at 8:23 pm
အဲဒိ ကြွက်ထောင်ချောက် ပုံပြင်က ခုလောလောဆယ် စာပေဟောပွဲ အတော်များများမှာ မန္တလေးက ဆရားဖုန်း(ဓါတု) ပြောနေတာ တွေ့ရတယ်…။ ဆရာဖေမြင့် ကိုတော့ မတွေ့ဘူးပါ..။ နယ်မှာက စာအုပ်ရှားတယ်လေ…….။ ပုံပြင်တွေ ဘာသာပြန်တာလည်း ဖြစ်နိုင်ပါတယ်..။