အဟောင်းအသစ်တို့၏ ဝေဒနာ (ရွှေရည်စိုး)
ဝေဒနာသည် စိတ်ခံစားမှုတစ်ခုဖြစ်ပါသည်။ လူအမျိုးမျိုးစိတ်အထွေထွေရှိပါသည်။ အသစ်အသစ်တို့အားမြတ်နိုးခြင်းသည်လည်း ဝေဒနာဖြစ်ပါသည်။
အဟောင်းအဟောင်းတို့ကို စွဲလမ်းခြင်းမြတ်နိုးခြင်းသည်လည်း ဝေဒနာဖြစ်ပါသည်။ အဟောင်းကြောင့်ဖြစ်ပေါ်သောဝေဒနာ ၊ အသစ်ကြောင့်ဖြစ်ပေါ်သော ဝေဒနာ
အကြောင်း ကိုစိုးလူမည်သို့ ခံစားရမည်ကို တွေးဆနေမိသည်။ ဝေဒနာ၏ အပိုင်းအစများကို စဉ်းစားဆင်ခြင်နေမိတော့သည်။
ညှိုးငယ်ခြင်းပုံရိပ်များနှင့် ကြည့်မှန်တစ်ချပ်ကို ကြည့်မိသွားသည်။ ဖုန်ထူနေသော မှန်၏တုန့်ပြန်မှု ရုပ်ပုံလွှာမကြည်လင်ပါ။ ညိုသောမျက်လုံးအစုံနှင့်
ခြောက်သွေ့သောအသွင်သည် ထင်ဟပ်နေသည်။ မပြည့်စုံဟု ခံစားမှုကြောင့် ဖြစ်ပေါ်သောပုံရိပ် ၊ လိုအပ်ချက်ဖေါ်ပြနေသောပုံရိပ် ၊ အကြောင်းအရာတစ်မျိုးမျိုး
သည် မှန်သားပြင်တွင် ထင်ဟပ်နေသည်။ ဤဝေဒနာသည် ပြေးလွှားနေသော ပုံရိပ်ဖြစ်ပါသည်။
တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲသောပုံရိပ်ကို တွေ့ရသည်။ တောက်ပသောမျက်လုံးအစုံ၊ တက်ကြွသောအသွင် ဖုန်အလိမ်းလိမ်းကပ်နေသော မှန်သား
ပြင်တွင် မြင်ရသည်။ စိတ်ခံစားမှု ပဲ့တင်သံများ စကားသံလိုကြားရသည်။
“ မင်းရဲ့ မျက်တောင်ကော့ကော့နှင့် အကြည့်၊ မျက်လုံးအစုံ၏ စူးရှမှုက ရင်ခုန်စရာကောင်းတယ်၊ ချစ်စရာကောင်းတယ်လို့ မပြောတာက ချစ်စရာ
ကောင်းတာထက်ပိုလို့ပါပဲ။ မင်းရဲ့နူးညံ့တဲ့အပြုံး၊ တောက်ပတဲ့မျက်လုံးဟာ ကိုယ့်ရင်ကို ထိမှန်စေလေတော့ ကိုယ့်ရဲ့ညိုမှိုင်းခြောက်သွေ့နေတဲ့ မျက်လုံးတွေဟာ
အာဟာရရှိသော မြေဆီစားရသည့် သစ်ပင်ကဲ့သို့ ပြောင်းလဲနေပေတယ် အဖူး၊ အခက်၊ ရွက်သစ်တွေအားအင်အပြည့် တိုးထွက်ဖို ဟန့်တားမရနိုင်တော့သလိုပါပဲ”
အကြောင်းတရားတစ်ခုကြောင့် အကျိုးတရားဖြစ်ပေါ်သည်ကို သိရှိနားလည်ပါသည်။ အမြင်အာရုံနှင့် စေ့စေ့ကြည့်မိသည်။
“ မင်းကိုစေ့စေ့ကြည့်လိုက်တဲ့အခါ အံ့ဩစရာကောင်းလောက်အောင် ကိုယ့်ရင်တွေခုန်လာတယ်။ တဆက်တည်းမှာပဲ ကိုယ့်ရဲမျက်လုံးတွေဟာ
မင်းမျက်လုံးတွေနှင့် အပြိုင် တောက်ပ ရွှန်းလဲ့လာတော့တယ် ”
ဝေဒနာ၏နောက်ကွယ်တွင် ဆင်ခြင်တုံတရားများရှိပါသည်။ ဝေဒနာနှင့် ဆင်ခြင်တုံတရားတို့ အားပြိုင်ခြင်းသည်လည်း ဝေဒနာတစ်ခုဖြစ်ပါသည်။
တွေဝေငေးမောခြင်းဖြစ်သည်။ ရင်ထဲတွင်မတင်မကျနှင့် ဘဝင်မကျသလို ဖြစ်သည်။ ဖြူစင်ခြင်း ၊ ကြည်လင်ခြင်း ၊ အေးချမ်းခြင်း ၊ တက်ကြွခြင်း တို့သည် သွက်လက်
သော ခြေလှမ်းကလေးများ ဖြစ်ပေါ်စေသည်။ စိတ်ကူးပုံရိပ်ခြေလှမ်းများ လှမ်းလျှက်နေတော့သည်။
“ ရှေ့ကို တစ်လှမ်းတိုးရန် အားယူလိုက်သည်၊ သဲကန္တာရ ခရီးကျော်ဖြတ်ရ၍ ညှိုးနွမ်းခြောက်သွေ့နေသူသည် အေးမြကြည်လင်သောရေအားငတ်မွတ်
နေသူပမာ ဆာလောင်သော ရင်နှင့်အမျှ ကြည်လင်သော ရေရှိရာသို့ တွန်းအားများသော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးလှမ်းနေမိသည်။ ခြေလှမ်းတို့သည် တုတ်နှောင်မှု
တစ်ခုခံစားရသလို ဝေဒနာတစ်ခုဖြစ်ပေါ်လာသည်။ လူနေမှုဘဝ လူသားဝန်းကျင် ဆင်ခြင်မှုသတိတရားတို့သည် လှမ်းနေသော ခြေလှမ်းအင်အားများကို ယုတ်လျော့
သွားစေပေတော့သည်။ ဤဝေဒနာသည် လူ့အဝန်းအဝိုင်း စည်းဘောင်ကို ကျော်လွှားရန် အားအင်ချိနဲ့စေသောဝေဒနာဖြစ်ပါသည် ”
စိုးလူသည် နောက်ပြန်လှည့်ကြည့်သည်။ သွားနေကျလမ်းကလေးများတွေ့ရသည်။ မိမိနေရာဟောင်းကို မြင်တွေ့ရသည်။ အိမ်အဝင်အထွက်တွင်
သောက်ရေအိုးစင်ရှိသည်။ သောက်ရေအိုးစင်သည် ကြာမြင့်စွာရှိနေခဲ့သည်။ရေအိုးတွင် ရေညှိများ တက်နေသည်။ အိုမင်းသောရေအိုး သဘာဝရေများ ယိုစိမ့်နေသည်။
ရေအိုးဖုံးနှင့် နှတ်ခမ်းကွာဟနေသည်။ သောက်နေကျရေသည် ထူးထူးခြားခြား မအေးသလို ခံစားမိသွားသည်။ တစ်ချိန်တည်းတွင် ရေတွင်းထဲကျနေသူတစ်ယောက်
ကဲ့သို့ မွန်းကြပ်စွာ ခံစားလိုက်ရပြန်သည်။ မျှော်လင့်ခြင်းကင်း၍ ညိုဖျော့သော မျက်လုံးများမှိုင်းမှုန်နေတော့သည်။
ပြောင်းလဲမှုတိုင်းသည် မသိမသာမှ သိသိသာသာ သို့ပြောင်းလဲစေသည်။
အနီရောင်သည် ဒေါသလား၊ လောဘလား၊ တက်မက်မှုလား၊ ပြောင်းလဲသောအကြည့်သည် အနီရောင်ကဲပြီး စူးရှရွှန်းလက်သော မျက်လုံးအစုံ
တွေ့လိုက်ရသည်။
“ မင်းကိုကြည့်နေမိတဲ့ ကိုယ့်မျက်လုံးအစုံဟာ ၊ မင်းမျက်လုံးလိုပဲ အရောင်ပြောင်းလဲသွားတယ် ”
ပြောင်းလဲခြင်း၏နောက်ကွယ်တွင် တွေဝေခြင်းရှိတတ်သည်။ ငေးမောခြင်းရှိတတ်သည်။ ရင်ထဲတွင် မတင်မကျနှင့် ဖြစ်တတ်သည်။ သို့သော်
ရပ်တန့်မှုကိုဖြစ်စေရန် လွယ်ကူမည်မဟုတ်ပါ ။
“ ချိုမြသော အပြုံးများသည် ပျားရည်စက်ကဲ့သို့ စွဲမက်ဖွယ်ရှိလှသည်။ ရောင့်ရဲမှုကို ကင်းစေသည်။ ချိုအီမှုအရသာကို အာသာပြင်းစွာ တမ်းတ
ရင်း ခြေလှမ်းများရှေ့သို့တိုးသွားသည်။ ပျားရည်စက်သည် သင်တုန်းဓါးပေါ်ရောက်နေသော ပျားရည်စက်ကဲ့သို့ဖြစ်သည်။ ခုံမမက်မောစိတ်နှင့် စားသောက်လိုသော
ဆာလောင်မှုဝေဒနာသည် ဓါးသွားထက်ထက်ကြောင့် လျာပြတ်ရမည့် ဝေဒနာနှင့် အားပြိုင်နေလေတော့သည် ”
အားပြိုင်မှုသည် တဒင်္ဂသာဖြစ်ပါသည်။ အားပြိုင်မှုတွင် လှုပ်ရှားမှုနှင့် တုန့်ပြန်ပြောင်းလဲမှု ရှိသည်။ တုန့်ပြန်မှု၏ အကျိုးဆက်သည် အကြောင်း
တစ်ခုဖြစ်ပေါ်ရလေတော့သည်။
“ ဒီမှန်ကို မကြည့်ပဲမနေနိုင်တော့ဘူး ။ အရိပ်ကလေးတစ်ရိပ်ထင်ဟပ်လာတယ် ။ ကြည်လင်နေတယ်။ အလို … ဆွဲဆောင်နိုင်စွမ်းရှိတဲ့ မျက်လုံး
တွေနှင့်ပါလား။ ကြည်လင်မှုတွေ ဝေဝါးသွားတယ်။ အို …. အနီးကြည့်တော့ အနီရောင်ကဲပြီး ရွှန်းလက်တောက်ပနေပါလား။ ပို၍ပို၍ ရင်မောဖွယ်ကောင်းအောင်
ဖမ်းစားနိုင်စွမ်းရှိတဲ့မျက်ဝန်းပဲ ။ ငါ … ကြည့်လို့မဖြစ်ဘူး။ စိတ်ဝေဒနာ ခံစားမှုချိုးနှိမ်၍ မျက်စိကို မှိတ်ပစ်လိုက်တယ်။ မျက်စိချက်ခြင်းပြန်ပွင့်လာတယ်။ မျက်နှာလွှဲ
လို့မရအောင် ညှို့ယူခံထားရသလိုပဲ ”
အတွေးနှင့်ဝေဒနာ လွန်ဆွဲ ၊ ဒွန်တွဲနေလေတော့သည်။ သို့ဆိုလျှင် မည်သို့ဖြစ်ချေမည်ကို ကိုစိုးလူစဉ်းစားနေမိသည်။ အတွေးပုံရိပ်များသည်
စိတ်တည်ငြိမ်သူ၏ သဘာဝ၊ စိတ်ခံစားလွယ်သူတို့၏ သဘာဝ၊ စိတ်ဓါတ်ကြံခိုင်သူတို့၏ သဘာဝ၊ စိတ်ပျော့ပြောင်းသူတို့၏ သဘာဝကို လိုက်၍ ပြောင်းလဲမှု ဖြစ်ပေါ်
စေပေမည်။
စိတ်ဓါတ်ကြံ့ခိုင်သူသည် ရှေ့တိုးရန်မသင့်ဟု ဆင်ခြင်သောအခါ နောက်ဆုတ်မှဖြစ်တော့မယ်ဟု စိတ်တည်ငြိမ်စွာဖြင် ခိုင်မာအောင် ကြိုးစား
တော့သည်။
သို့သော် စိတ်ခံစားလွယ်သူ စိတ်ပျော့ပြောင်းသူ သဘာဝတွင် စိတ်စေစားရားသို့ ရေစုန်မျှော၍ ချော်လဲ ရောထိုင်တတ်လေသည်။
“ နောက်ဆုတ်ရန်ခြေလှမ်းများ ပြင်လိုက်သည်။ ခြေလှမ်းများသည် ဆန့်ကျင်ပြီးရှေ့သို့ တိုး၍တိုုး၍ သွားသည်။ ရပ်တံ ့ဟန့်တားရန် စဉ်းစားချိန်
ယူသည် ။ မရပါ ။ ခြေလှမ်းများက တိုး၍တိုး၍ သွားပေသည်။ စည်းဝိုင်းကို ကျော်၍နှောင်ကြိုးမဲ့သွားခြေပြီ ။ ”
စိတ်နှင့်ပက်သက်သော ဝေဒနာအကြောင်းခံ၍ အကျိုးရလာဒ် ဖြစ်ပေါ်လာရသည်။
“ ပူလောင်သောရင်ပြင်ကား တက်မက်မှုနှင့်အမျှ ကွဲအက်စူးရှသောဝေဒနာမှ ထွက်လာသော သွေးစက်များသည် လွန်ကဲမှုနှင့်အမျှ။ တစ်စက်ပြီး
တစ်စက်။ခုနှစ်စက်မက ။ တစ်ရက်ပြီး တစ်ရက်။ ခုနှစ်ရက်မက ။ အထိန်းအကွပ် မဲ့သော တုန့်ပြန်မှုများက အသစ်အသစ်သောဝေဒနာတို့ ဖြစ်ပေါ်စေသည်။ ”
ဖြစ်ပေါ်လာသော ဝေဒနာအကျိုးဆက်သည် အဟောင်းမှအသစ်သို့ အဆင်မပြေနာကျင်မှုများဖြင် ပြောင်းလဲနေပေတော့သည်။ အရှက်သည်
လည်းကောင်း ၊ အသက်သည် လည်းကောင်း၊ ဘဝသည် လည်းကောင်း၊ ဝေဒနာ၏ အကြောင်းအရင်းလေးတစ်ခုသာဖြစ်တော့သည်။
ထို့ကြောင့် ဘဝများစွာ ကျင်လည်ခဲ့ရပေပြီဟု စိုးလူစဉ်းစားမိသည်။ ဝေဒနာကို ကျော်လွှားနိုင်သူသည် နာကျင်မှုမှ လွတ်မြောက်သူဖြစ်သည်။
နာကျင်မှုမှ လွတ်မြောက်သူသည် အဟောင်းအသစ် ဝေဒနာအား ကျော်လွှားပြီးဖြစ်တော့သည်။ ဘဝတစ်ခု၏ ကျင့်ကြံစောင့်ထိန်းအပ်သော သီလ၊ သစ္စာ၊ ခန္တီ၊
မေတ္တာတို့သည် ဝေဒနာ၏ ထွက်ရပ်လမ်းများဟု ဆင်ခြင်စဉ်းစားနေမိပါသည်။ ဝေဒနာကို ကျော်လွှားနိုင်သော ဘဝပိုင်ရှင်များဖြစ်ကြပါစေ………. ။
6 comments
mgmglusoe
August 31, 2011 at 12:20 am
ဝေဒနာ ကိုကျော်လွှားနိုင်အောင် လေ့လာဆန်းစစ်ပီး ကြိုးစားနေဆဲပါ….၊
လောလောဆယ်တော့ နာကျင်မှုတွေနဲ့ဝေဒနာ ခံစားနေရဆဲပါ..။
ကြောင်ကြီး
August 31, 2011 at 10:13 am
အင်း..ရွာမှာ ဝေဒနာသတိပဌာန်တရားကို ငါနဲ့ အပြိုင်လု ပြောမဲ့သူတော့ပေါ်နေပြီ။ ဒင်း မြန်မြန်ပြေးအောင် မြန်မာနိုင်ငံ စာနယ်ဇင်းအဖွဲ့ကို အထောက်အထားနဲ့ တိုင်မှပဲ…။ 👿
Shwe Ei
August 31, 2011 at 11:23 am
တရားသဘောကို တရားဟောသလိုမဟုတ်ဘဲ စိတ်ဝင်စားအောင်ရေးထားတာဘဲ။
ထပ်ထပ်ခါခါ ဖတ်လို့ရအောင်ကော်ပီကူးသွားပါတယ်ဗျာ။
မီးမီး သော်
August 31, 2011 at 12:10 pm
ကောပီလုပ်သွားပါတယ်ဆရာရေ။ကဗျာလေးတွေစပ်ပါဦးနော့။
ကြိ ုက်လို ့ပါ
“””စိတ်ဓါတ်ကြံ့ခိုင်သူသည် ရှေ့တိုးရန်မသင့်ဟု ဆင်ခြင်သောအခါ နောက်ဆုတ်မှဖြစ်တော့မယ်ဟု စိတ်တည်ငြိမ်စွာဖြင် ခိုင်မာအောင် ကြိုးစား
တော့သည်။
သို့သော် စိတ်ခံစားလွယ်သူ စိတ်ပျော့ပြောင်းသူ သဘာဝတွင် စိတ်စေစားရားသို့ ရေစုန်မျှော၍ ချော်လဲ ရောထိုင်တတ်လေသည်။”””
မှော်ဆရာ
August 31, 2011 at 11:33 am
မှော်ဆရာက အုံဖွ အပ်ချလောင်း ဆိုတာပဲ စိတ်ဝင်စားတယ်..
အုံဖွ….သူယောင်မယ်လေး တစ်ယောက်ရောက်စေ…..
တာနော
August 31, 2011 at 12:06 pm
ဟယ်………….. ငါ့ကိုဘယ်သူခေါ်သတုန်း……….
ငါ့ကွဲ့ တာနောယက္ခ … အဲလေ သူယောင်မယ်ကိုခေါ်သလား….
မအားသေးဘူးတဲ့….