လိပ်ပြာခွဲချိန်….
အိမ်ရှေ့ခန်းမှာ အဖွားကြီးတသိုက် ချိန်ခွင်တခုနဲ့ အလုပ်တွေ ရှုပ်လို့။ “ကလေးအင်္ကျ ီတထည် ထပ်ပေးဦး” “ဘယ်ဟာ ပေးရမတုန်း” “မူးစိ အင်္ကျ ီဖြစြ်ဖစ် တထည်ထပ်ပေးဟယ်” ချိန်ခွင်ထဲကို ထပ်ပေးတဲ့ အင်္ကျ ီ ထည့်လိုက်တော့ ချိန်ခွင်လျှာက ဒီဘက်က သာပြန်ရော။ သူတို့ဘာသာသူတို့ တိုးလိုက် လျှော့လိုက်နဲ့ ခဏနေတော့ အဆင်ပြေသွားပါတယ်။ ဒီဘက်ဘေးကို လှမ်းကြည့်လိုက်တော့ ဦးလေးကြီးက ဧည့်သည်တွေနဲ့ စကားပြောနေတယ်။ “ဟေ့ကောင်တွေ.. အဲ့ဒီ ရေဗူးတွေ ဒီထဲလာထည့်ပါကွ ဒီမှာ မပြည့်သေးဘူး” မောင်လေးနဲ့ သူ့သူငယ်ချင်းတွေ အပြန်အလှန်ပြောသံ အလုပ်လုပ်နေတဲ့ အသံတွေက တချက်တချက် အိမ်ပေါ်ကို ပြန့်လွင့်လာပါတယ်။ ညီမလေးကတော့ အိမ်ရှေ့ထွက်လာလိုက် နောက်ဖေးဘက် ပြန်ဝင်သွားလိုက်နဲ့ ဘာတွေ အလုပ်ရှုပ်နေမှန်း မသိပါဘူး။ ကိုကြီးကတော့ ကားတွေယူဖို့ ရုံးဆီကို မနက်ကတည်းက ထွက်သွားလေရဲ့။ အမေ၊ ကြီးကြီး၊ မမလေး လူကြီးတွေကတော့ လှေကားတက်တက်ခြင်း ဦးတိုက်နေရာမှာ ထိုင်ရင်း စကားပြောလို့။ အိမ်ရှေ့ထောင့်မှာ ရှိနေတဲ့ အမဓါတ်ပုံကို တချက်လှမ်းကြည့်ရင်း စိတ်ထဲကနေ “အမရယ်… အမသွားတဲ့နေ့က ဒီလောက် မြန်မြန်ကြီး ထွက်သွားမယ် မထင်လို့ အမလာခေါ်တာကို မလိုက်နိုင်တဲ့ ကျွန်မကို ခွင့်လွှတ်ပါလို့” လှမ်းပြောတော့ အမက ပြုံးပြီး ပြန်ကြည့်နေသလိုပါပဲ။
အမေ့ညီမ ဝမ်းကွဲမို့ အဒေါ်ဝမ်းကွဲပေါ့။ ဒါပေမဲ့ အသက်ကလည်း သိပ်မကွာလို့ ဖြစ်မယ် ကျွန်မတို့ မောင်နှမအားလုံး အမလို့ပဲ ခေါ်ကြတယ်။ မြို့မှာ ကျောင်းတက်ရင်းနေဖို့ အိမ်ဝယ်တော့ ဆွေမျိုးနှစ်ယောက်ကြားက ခြံလေးက အဖေ့အတွက် မျက်စိကျစရာပေါ့။ အမတို့အိမ်နဲ့ ကျွန်မတို့အိမ်က ကျောခြင်းကပ်လျှက် တလမ်းဆီကို မျက်နှာပြုလို့။ ကျွန်မတို့ အိမ်ရှေ့လမ်း တဘက်ခြမ်းမှာတော့ အမေ့အစ်ကို ကျွန်မတို့ ဘကြီးအိမ်။ ဘကြီးအိမ်က လမ်းဖြတ်ကူးတာနဲ့ ရောက်ပေမဲ့ အမတို့ အိမ်ကို သွားမယ်ဆို ရှေ့ဘက်ကနေ ပတ်သွားရလို့ ခရီးက နဲနဲလှမ်းတယ်။ ဒါနဲ့ပဲ အစ်မတို့အိမ်နဲ့ ကျွန်မတို့ အိမ်ကြားက ခြံစည်းရိုးမှာ လူဝင်ပေါက်လေး တပေါက် ဖေါက်ဖို့ ဖြစ်လာပါတော့တယ်။ တနေ့တနေ့ ဟိုဘက်အိမ် ဒီဘက်အိမ် ကူးတာ ချောင်းပေါက်မတတ်။ ကျွန်မအိမ်က မီးဖိုချောင်မှာ ဘာပြတ်လဲ ပြတ်တာ အမဆီ လှမ်းချေး။ အမလည်း သူလိုတာလာယူပေါ့။ တခါတလေ ဈေးမသွားချင်ရင် “အမရေ..ဘာလေး ဝယ်ခဲ့ပါဦး” နောက်ဖေး တံခါးကနေ လှမ်းအော်ရုံပဲ။ ခဏနေ ဈေးက ပြန်လာတာနဲ့ သူကလည်း “ဟဲ့..ကောင်မလေးတွေ နင်တို့မှာတာ ပါလာတယ် လာယူ” လို့ အော်တာနဲ့ သွားယူ ပိုက်ဆံ နောက်မှ ပေးချင်ပေး မပေးဖြစ်လည်း နောက်တခါ သူဈေးမှာမှ ခုလိုက်ရုံပဲ။ များသောအားဖြင့် ကျွန်မတို့က ဗိုလ်ကျတာ များပါတယ်။ နောက် အမ ဒုတိယကလေး ကိုယ်ဝန်ကြီး ရှိလာတာ။ မွေးတာလည်း ကျွန်မတို့ မျက်စေ့ရှေ့တင် ကလေးကဆိုတော့ ကျွန်မတို့ အထုအထောင်း နှိပ်စက်သမျှ ကျီစယ်သမျှ ခံပြီးလူဖြစ်လာတာပဲ။ အဲ့လို တရင်းတနှီးကို နေတာ။ ကျွန်မတို့ ကျောင်းတက်တုန်းက ဘဏ်တွေမှာ ငွေလွှဲတာ မတွင်ကျယ်သေးဘူး။ အမေတို့က ငွေပို့မယ်ဆို လူကြုံရှိမှ။ တခါတလေများဆို လူကြုံက ရှားသမို့ တလတလ ရှေ့ပိုက်ဆံနဲ့ နောက်ပိုက်ဆံ အလျှင်မမှီချင်။ နှစ်စ ကျောင်းဖွင့်ချိန်ဆို အမေက ဆန်၊ဆီ၊ ကြက်သွန်မှ အစ မီးသွေးအဆုံး ရိက္ခာတွေ အပြည့်။ လေး၊ငါး၊ ခြောက်လစာလောက် ဝယ်ပေးခဲ့တာ။ အဲ..ပိုက်ဆံ ပြတ်ချိန်ဆို အဲ့ဒီ ပစ္စည်းတွေကလည်း တိုင်ပင်ထားသလို ထင်ရအောင် တခုပြီးတခု ကုန်တော့တာပဲ။ ဝင်ငွေမရှိ ထွက်ငွေပဲရှိတဲ့ အမောင်ကျောင်းသားတစု လူကြုံမရှိသမျှ မျက်ဖြူစိုက်ကိန်း ကြုံပါတော့တယ်။ မွေးကတည်းက စပါးကျီ ခြေကန်၊ ဆီပီပါခေါင်းအုံး ကြက်သွန်တွေဆို ဘောကန်သလို ကန်နေတဲ့အုပ်စု ဘယ်ကလာ ဈေးမှာ တိုတိုထွှာထွှာ ဝယ်ရဲပါ့မလဲ။ ငယ်လည်းငယ်သေးတော့ ရှက်စရာလို့ ထင်တာလည်းပါတာကိုး။ ဆန်တပြည် သွားဝယ်မဲ့သူကို ရွေးရတာ သူရဲကောင်း ရွေးရတာထက် ခက်သေး။ ဆီလေ (၅၀)သား ဝယ်ဖို့ကို သူတပါးပစ္စည်း ခိုးတာကြနေတာပဲ ဘယ်သူမှ ခိုင်းမရဘူး။ ကိုယ်ကရော ပိုဆိုး မသွားရဲလို့ အငယ်တွေ ခိုင်းတာပေါ့။ လူကြုံမလာသမျှ အခက်ပွေပေါ့။ ဒါကို ဘယ်သူဖြေရှင်းပေးသလဲဆို အမပဲရှိတာ။ တခါကပေါ့ ကျွန်မအတွက် ဘယ်တော့မှ မမေ့နိုင်စရာ အမှတ်တရ။ အဲ့တုန်းကတော့ တော်တော် နင့်နင့်နဲနဲ ခံစားခဲ့ရတာ အခုများ ပြန်ပြောတိုင်း ရီမိတာ မျက်ရည်ထွက်တဲ့အထိ။ လက်ထဲမှာ ငွေဆိုလို့ အကြွေ (၁၃) ကျပ်ပဲကျန်တယ်။ ဆန်ကမရှိ ပစ္စည်းတွေက အကုန်ပြတ် အမက “ဟဲ့..ကောင်မလေးတွေ ငြိမ်လှချည်လား။ ကျောင်းမသွားကြဘူးလား” ဆိုပြီး လာမေးမှ “ပိုက်ဆံ မရှိတော့ဘူး ဆန်ပါ ပြတ်နေပြီ” ပြန်ပြောတော့ “ ငါလည်း လကုန်ခါနီးကြီးဟယ်။ လကုန်မှ နင်တို့ ဦးလေးကြီးက ပိုက်ဆံအပ်မှ ချေးလို့ရမှာ ငါ့လည်း သိပ်မကျန်တော့ဘူး” အမယောက်ကျားက အမထက် (၁၀)နှစ် ကြီးလို့ ကျွန်မတို့က ဦးလေးကြီးလို့ ခေါ်တယ်။ “နေဦး ဆန်တပြည်နဲ့ ပိုက်ဆံ နည်းနည်း ယူထား လူကြုံလည်း လာခါနီးပါပြီ” ဆိုပြီး ဆန်တပြည်နဲ့ ငွေနည်းနည်း ချေးပါတယ်။ ဒါနဲ့ ကျွန်မလည်း ထမင်း ထချက်တယ် ကံဆိုးချင်တော့ မွေးထားတဲ့ ကြောင်လေး မီးပူမှာ စိုးလို့ လှမ်းဆွဲလိုက်ပါတယ် ထမင်းအိုး မှောက်ပါရော။ ငိုချင်လိုက်တာများ ပြောမပြောချင်ဘူး။ ဒါနဲ့ ကျန်တာလေး ထပ်တည်ခဲ့ပြီး မောင်လေးကို ပြောပြီး ဈေးဝယ်သွားတာ ပြန်လာတော့ သူကမေ့နေလို့ ဆန်ပြုတ် ဖြစ်ပါရော စိတ်ညစ်ညစ်နဲ့ ငိုပြီး ဖင်ထိုင်ချတော့ မီးဖိုက စင်လာတဲ့ မီးကျီရဲရဲကို ဖင်ခုထိုင်မိလို့ မီးလောင်ပြန်ပါတယ်။ အကုသိုလ်များ ဆက်တိုက်ကို ဝင်တာပါ။ ကျွန်မလည်း စိတ်ညစ်လွန်းလို့ အော်ပြီး ငိုပါတော့တယ်။ အမက ကြားပြီး “ငါ့နှယ်နော် နင်တို့ အဖြစ်ကလည်း” ဆိုပြီး သူပါ နောက်ဖေးမှာ ငူငူကြီး လာထိုင်နေတာပေါ့။ အေးအတူ ပူအမျှ ဒုက္ခခံတာကို ပြောပြချင်တာပါ။ ခဏနေတော့ “နင့် လက်ကောက်တကွင်း ချွတ်ပေး” “ဟာ..အမကလည်း ဘာလုပ်မလို့တုန်း” “ရှိတန်ဆာ မရှိဝမ်းစာဟယ်။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် မလုပ်နဲ့ ငါ သွားထားပေးမယ်” တဲ့ ကျွန်မလည်း ရုတ်တရက် အဖြေတွေ့သလို ဝမ်းသာအားရ လက်ကောက်တကွင်း ချွတ်ပေးလိုက်တယ်။ ခဏနေတော့ ပြန်လာတယ် “ရော့..တသောင်း ယူလာတယ်” တဲ့။ အမခမျှာ လည်း ယောက်ကျားက ဈေးဖိုးပဲ ပေးပြီး လိုအပ်တာ သူပဲ အကုန်ဝယ်ပေးတာမို့ အမလက်ထဲ ငွေပို ငွေလျှံမရှိတော့ ကြံဖန်လုပ်ပေးရှာတာပါ။ ဖြစ်ချင်တာများ ပြောပါတယ် နောက်နေ့ ကြတော့ လူကြုံရောက်လာပြီး အမေတို့ ပေးလိုက်တဲ့ ဆန်၊ဆီ၊ ပိုက်ဆံတွေ လာပေးသွားပါတယ်။ တရက်တည်းနဲ့ ကျွန်မမှာ အတိုးတော့ ပေးလိုက်ရတာပေါ့။ ဒါပေမဲ့ အခက်အခဲ ကြုံတော့ ကူညီတဲ့ အမကို ပိုအားကိုးမိလာတယ်လေ။ ဒါဟာ မိဝေး ဖဝေးမှာ ကျောင်းနေရတဲ့ ဒုက္ခတွေထဲက တခုပေါ့။
နောက် အမက အပြင်မှာ အလုပ်မလုပ်လို့ အိမ်မှာပဲ အနေများသူ။ သူ့ယောက်ကျားက အလုပ်လုပ်ခွင့်မပေး တာလည်း ပါတယ်။ ဒါပေမဲ့ ရပ်ကွက် သာရေး၊ နာရေး မှာတော့ အမြဲ လုပ်အားပေးသူ။ ဘုန်ကြီးကျောင်းမှာ လိုအပ်ရင် အမြဲ ကူညီတတ်လို့ ကိုရင်လေးတွေ ကျောင်းလာတက်တဲ့ ကျောင်းသားလေးတွေ အမကို အတော်ခင်ကြတယ်။ ခင်သာခင်တာ ကျွန်မတို့ညီအမကို စရင်တော့ သူမကြိုက်ဘူး အရမ်းကို စိတ်ဆိုးတယ်လို့ သူနဲ့ တွဲဖော်တွဲဖက် အဖွားကြီး တစုက ပြန်ပြောပြတယ်။ ကိုရင်လေးတွေ စာမေးပွဲဖြေ သွားဖို့ လမ်းစရိတ်မရှိရင် သူပဲ ကျွန်မတို့အိမ်၊ ကြီးကြီးအိမ် သူနဲ့ သိတဲ့လူတွေ ဆီက အလှုခံပေးရှာတယ်။ တခါက ကိုကြီးက မွေးနေ့မှာ သင်္ကန်းလှုချင်တယ်ပြောတော့ သူက “ ကျောင်းမှာ သင်္ကန်းတွေများပုံလို့။ နင်လှုချင်ရင်နေဦး ငါမေးပေးမယ်” လို့ ပြောပြီး ညနေကြတော့ စာရင်းစာရွက်တရွက်နဲ့ ပြန်လာတယ်။ ကိုရင်တွေ လိုအပ်နေတဲ့ စာအုပ်တွေ ဝယ်လှုလိုက်တဲ့ လိုအပ်တာလှုတော့ နင် ကုသိုလ် ပိုရတယ်”တဲ့လေ။ အဲ့လိုလည်း နိဗ္ဗာန်ဆော်လည်း လုပ်တတ်သေးတယ်။ ကျွန်မတို့ကို ချစ်လည်းချစ် အားလည်းကိုးရှာတယ်။ သူက ဆယ်တန်းတောင် မအောင်တော့ ဘွဲ့ရပညာတတ် တူ၊တူမတွေကို သူ့အတွက် အားကိုးထိုက်တဲ့ ပညာတတ်တွေ ထင်ပုံပါပဲ။ တခုခုဆို အားကိုးတကြီး တိုင်ပင်ရှာတယ်။ သူမလုပ်တတ်တာကို ဖြေရှင်းပေးလိုက်ရင် တပြုံးပြုံးနဲ့ ” ကျွန်မ တူမတွေ လုပ်ပေးတာ”နဲ့ ဂုဏ်ယူမဆုံးဘူး။
နောက် ကျွန်မ ကျောင်းပြီးသွားတော့ ဆိုင်ဖွင့်ဖို့ ကြိုးစားနေချိန်မှာ အမမှာ နောက်ထပ် ကိုယ်ဝန်ရှိနေပြန်ပြီတဲ့လေ။ ပထမကလေးနဲ့ ဒုတိယ ကလေးက (၇) နှစ်ကွာသလို တတိယကလေးနဲ့လည်း (၇)နှစ် ကွာပြန်ပါတယ်။ ကျွန်မတို့က မမွေးလောက်တော့ဘူးတောင် ထင်ထားတာ။ အမအသက်လည်း လေးဆယ်ကျော်ပြီလေ။ ဘာပဲဖြစ်ဖြစ် ကလေးချစ်တတ်တဲ့ ကျွန်မတို့တွေကတော့ နှိပ်စက်စရာ ထပ်ရလို့ ပျော်နေကြတယ်။ အနီးကပ် အမျိုးဆို ဒါပဲရှိတာလေ။ ကျွန်မလည်း တနေ့ တနေ့ ဆိုင်ကိစ္စပဲ လုံးပန်းနေရလို့ အိမ်တောင် သိပ်မကပ်ဖြစ်ဘူး။ မနက်မိုးမလင်းခင် ဆိုင်ထွက် ညဘက်လည်း ဆိုင်သိမ်းတော့ မိုးက အတော်ချုပ်နေပြီ အမနဲ့ မတွေ့သလောက်ပဲ။ တခါတလေ ဆိုင်ဘက်ကို ဗိုက်ကြီး ကော့ကော့နဲ့ ရောက်လာမှ တွေ့ဖြစ်တော့တယ်။ သူ ဆိုင်မှာ ရှိနေချိန် ဈေးဝယ်သူက သူ့ အသိဆို “ဒါ ကျွန်မ တူမ ဆိုင်လေ ”နဲ့ သူကပဲ မိတ်ဆက်ကြွားလေး ကြွားသေးတာ။
အငယ်လေးကတည်းက သူ့မျက်စိရှေ့တင် ကျောင်းလာတက် ဘွဲ့တွေရ ပြီးတော့ တည်တည်တန့်တန့် ဆိုင်နဲ့ကနားနဲ့ ကုန္ဒြေရနေတာကို သူက ကိုယ့်ထက် ပိုဝမ်းသာ သလိုပါ။ နောက် သိပ်မကြာခင် ညဘက်ကြီး ( ၁၁နာရီလောက်) အိမ်ဘက် ကူးလာပြီး “ငါ မွေးချင်ပြီ တူတယ်။ ဆေးရုံသွားမလို့ လိုက်ခဲ့ဦး” ဆိုတာနဲ့ ကျွန်မလည်း အငယ်မကို မှာစရာရှိတာတွေ မှာပြီး ကမန်းကတန်းလိုက်သွားရပါတယ်။ ဒါပေမဲ့ အဲ့ဒီနေ့က မမွေးပဲ နောက်နေ့ မနက်မှ မွေးတယ် ယောက်ကျားလေး။ အမလည်း ဆေးရုံက ဆင်းကတည်းက တရှောင်ရှောင်နဲ့။ ကလေးလေးလည်း နို့ဗူးလေးပဲ စို့ရရှာပါတယ်။ သုံးလလောက်ကြာတော့ အမ တော်တော်နေမကောင်းဘူးလို့ အငယ်မက ပြောတာနဲ့ ဆိုင်စောစောသိမ်းပြီး သွားကြည့်တော့ အမကိုမြင်မှ ကျွန်မစိတ်မကောင်း ဖြစ်မိတယ်။ ဒီလောက်နီးနေတာကို မရောက်နိုင်အောင် တာဝန်ပျက်ကွက်နေတဲ့ ကျွန်မကိုယ် ကျွန်မ အပြစ်တင်မိပါတယ်။ အမနေမကောင်းတဲ့အကြောင်း အမမိဘတွေကို အကြောင်းကြားတော့ အမညီမ မမလေးချက်ချင်းရောက်လာပါတယ်။ အဘိုးတို့ကတော့ အသက်အတော်ကြီးနေပြီမို့ လိုက်မလာနိုင်ဘူး။ ဆေးခန်းတွေပြ ဆေးတွေ စစ်တော့မှ အမရဲ့ ကျောက်ကပ် ပျက်စီးနေမှန်းသိရတယ်။ နှလုံးကလည်း အတော်ကြီးနေပြီတဲ့။ ဆရာဝန်နဲ့ သေချာ ကုသမှုခံယူတော့ ပြန်ကောင်းလာပြီး ဆိုင်ဘက်တောင် လမ်းတွေ ဘာတွေ လျှောက်လာလို့။ ဒါနဲ့ မမလေး ပြန်သွားပြီး ကျွန်မလည်း ဆိုင်အလုပ်ကို စောက်ချပြီး ပြန်လုပ်ပေါ့။ တရက်မှာ မနက်အစောကြီး အမသမီး အလတ်မက လာခေါ်တယ် “အမေက ခေါ်ခိုင်းလို့”တဲ့ “ဟဲ့…ငါက ဆိုင်သွားရဦးမယ်။ ညနေမှ လာခဲ့မယ်လို့ အခုတောင် နောက်ကျနေပြီ။ အငယ်မရေ အမဆီသွားလိုက်ဦး” ကျွန်မလည်း အိမ်ပေါ်ကို လှမ်းအော်ပြီး ပြောပြောဆိုဆို ဆိုင်ဖွင့်ဖို့ ထွက်လာလိုက်မိတယ်။ ဆိုင်မှာ ဆိုင်ခင်းပြီးကာစ ဈေးတောင် မရောင်းရသေးဘူး မောင်လေး ရောက်လာပြီး လာပြောတာက “အမ ဆုံးပြီ” တဲ့လေ။ ကျွန်မလေ ရင်ထဲမှာ နာလိုက်တာ။ ဆိုင်ကို “မောင်လေး နင်သိမ်းလိုက်တော့” လို့ ပြောပြီး အိမ်ပြန်လာတော့ အိမ်မှာ အမမရှိဘူး။ ကြားလိုက်ရတဲ့ စကားတွေက ဓါးတွေအဖြစ် ရင်ထဲကို တချောင်းပြီးတချောင်း စိုက်ဝင်နေသလိုပါပဲ။ မနက်က မူးစိလာခေါ်တာက (မိစုကို ကျွန်မတို့က မူးစိလို့ ခေါ်တာပါ) အမ နေလို့ဆိုးလာလို့ ဆေးရုံသွားဖို့ ကျွန်မကို လာခေါ်တာတဲ့။ ကလေးစကားကို ဆုံးအောင်နားမထောင်ပဲ ထွက်လာခဲ့တဲ့ အဖြစ်ကို နောင်တရလို့ မဆုံးဘူး။ ဆေးရုံရောက်ရောက်ခြင်း ဆရာဝန်က မရတော့ဘူး ပြောပြီး သိပ်မကြာခင်ပဲ အငယ်မ လက်ပေါ်မှာပဲ အသက်ထွက်သွားပါတယ်တဲ့။ တချက်ကလေးမှ မငြီးငြူ ၊ နာကျင်ဟန်တောင် မပြပါဘူးတဲ့။ သူအားကိုးတဲ့ ကျွန်မ၊ အသုံးမကျတဲ့ ကျွန်မ သူ့ နောက်ဆုံးအချိန် အနားမှာ နေမပေးနိုင်ခဲ့လို့ အခုထိ ကိုယ့်ကိုကိုယ် အပြစ်တင်တုန်းပါပဲ။ ကျွန်မလေ မဖြစ်နိုင်မှန်း သိပေမဲ့ မေးချင်လိုက်တာ “အမရယ် ကျွန်မကိုများ စိတ်ဆိုးသွားသလား” လို့ပါ။
“ဟဲ့…ဘယ်သူတောင်းဖို့ ကျန်သေးလဲ” ချိန်ခွင်ကို ကိုင်ထားတဲ့ အဖွားရဲ့ အသံကြောင့် ကျွန်မလည်း ရုတ်တရက် အသိပြန်ဝင်လာပါတယ်။ လှမ်းကြည့်လိုက်တော့ လိပ်ပြာခွဲတဲ့ အနားမှာ အမျိုးတွေ စုပြုံတိုးလို့။ အမရဲ့ သားလေး (၆)လ သားလေးက ဦးလေးကြီး ရင်ခွင်ထဲမှာ အလတ်မကတော့ အမေ့ရှေ့မှာ ထိုင်လို့။ အကြီးဆုံးသားကတော့ တာဝန်နဲ့ အဝေးမှာမို့ မိခင် အသုဘတောင် မမှီရှာပါဘူး။ မိခင်သေဆုံးသွားလို့ ကလေးငယ်ငယ်လေး ကျန်ရစ်ခဲ့တာမို့ မိခင်က တမလွန်မှာ စိတ်ချရဖို့ လိပ်ပြာခွဲနေကြတာလေ။ ဘယ်တုန်းက ဘယ်သူက စခဲ့မှန်းမသိပေမဲ့ ဓလေ့တခုလို ဖြစ်နေတာမို့ စိတ်သန့်အောင် လုပ်လေ့လုပ်ထကလည်း ရှိတာကိုး။ ချိန်ခွင်တဖက်မှာ မိခင်ရဲ့ အင်္ကျ ီကို ထည့်ထားပြီး ကျန်တဖက်မှာ ကလေးတွေ အင်္ကျ ီကိုထည့်ကာ လျှာညီအောင် ညှိရတယ်။ ချိန်ခွင်လျှာ ညီတော့မှ လိပ်ပြာခွဲတာ စပြီပေါ့။ အမရဲ့ ယောက်ကျားက စတောင်းပေမဲ့ မပေးပါဘူး။ သူပေးချင်ရင် ချိန်ခွင်လျှာက ကလေးတွေ အင်္ကျ ီဘက် အလေးသာပြတယ်တဲ့။ အမေတောင်းတော့လည်း မပေးသလို ကြီးကြီးတောင်းတာလည်း မရပါဘူး။ အမျိုးတွေလည်း ငိုနေတာ ပွက်လောကို ရိုက်လို့။ သေသူက မပေးဘူးဆို မကြာခင် ကလေးတွေကိုပါ စိတ်မချလို့ အပါခေါ်ချင်တာလို့ သတ်မှတ်တာဆိုတော့ ပြာယာကို ခတ်နေကြပါပြီ။ မမလေးကလည်း “အမရယ် ငါ့ကို ပေးခဲ့ပါ။ စိတ်ချပါလို့” ပြောပြောပြီး ငိုနေပြီ။ ဦးလေးကြီးလည်း ယောက်ကျားကြီး ဖြစ်ပေမဲ့ မရှက်နိုင်ဘူး မျက်ရည်တွေနဲ့။ ဘယ်သူမှ တောင်းလို့ မရပဲ တင်းခံနေတာ အတော် ကြာပြီတဲ့လေ။ အနားမှာထိုင်နေတဲ့ အမနဲ့ ကျောင်းမှာ ကူညီလုပ်ကိုင်ဖော် အဒေါ်ကြီးတယောက်က “ကောင်မလေး ညည်းတောင်းကြည့်ပါလား” ပြောတာနဲ့ ကျွန်မလည်း လူတွေ ရှေ့ကို တိုးပြီး “အမရေ ကျွန်တော်ကို ပေးခဲ့ပါလား” လို့ ပြောပြီးပြီးခြင်း ချိန်ခွင်တဖက်ဟာ ဒုန်းဆို အောက်ကို ကျလာတော့ “ဟဲ့…ဖမ်းလိုက် ဖမ်းလိုက်” လို့ ဝိုင်းအော်သံကြောင့် ကျွန်မလည်း ကျလာတဲ့ ချိန်ခွင်ထဲက ကလေးအင်္ကျ ီကို ဖမ်းယူ လိုက်ရင်း အိမ်အပြင်က မိုးနဲ့ အပြိုင် အားပါးတရ ငိုလိုက်မိပါတယ်။ ဘာလို့လဲဆို အမ ကျွန်မကို စိတ်မဆိုးလို့ ကလေးတွေကို ကျွန်မလက်ထဲ အပ်ခဲ့တာလို့ ထင်လိုက်လို့ပါပဲရှင်။
16 comments
akswe
August 31, 2011 at 5:56 am
မှီရေ … ဖတ်ပြီး ရင်ထဲမှာနေ လို့မကောင်းတော့ဘူး….အရင်ကသိပ်မခံစားတတ်ပေမယ့် အသက်ရလာတော့ မကြားရက်ဘူး..
အကြောင်းအရာ ကလဲ တစ်ကယ့် အဖြစ်…
အရေးအသားကလည်း အနှစ် ပါ…
ချစ်စရာ ကလေး သေးသေးလေး ကိုလဲ သနား…
ဘဝခြား သွားသူ အတွက် လည်း စိတ် မကောင်း….
ရှေးဟောင်း အယူ လိပ်ပြာခွဲတယ် ဆိုတာလည်း မကြားဘူးတော့ အံ့ဩ…
အဘတော့ …..ဟူးးးး …. ဖတ်ရတာ ရင်မော သွားပြီကွယ်…..
မှော်ဆရာ
August 31, 2011 at 9:19 am
လိပ်ပြာခွဲတယ်ဆိုတာ တကယ်ရှိပါတယ်….
မှော်ဆရာကိုယ်တိုင် မြင်ဘူူးပါတယ်….
၁ နှစ်မပြည့်တပြည့်ခလေးလေးကို စိတ်မချသေးလို့ လိပ်ပြာခွဲရတာပါ…
တခြားသူတွေ တောင်းတော့ မပေးတဲ့အပြင်ကိုင်ထားသူရဲ့ လက်ကို ဆွဲခါလို့ ကျွန်တော်ကိုယ်တိုင် ဝင်ထိမ်းကိုင် ပေးခဲ့ရပါတယ်…
ချိန်ခွင်ပေါ့ပေါ့လေးကို အရမ်းလေးနေ ခါနေလို့ မနည်းကိုင်ခဲ့ရတယ်…
နောက်ဆုံး သူ့မောင်လေး တောင်းခါမှ ချိန်ခွင်လျှာ သိသိသာသာ စောင်းကျသွားတာ မြင်ခဲ့ရတယ်..
အဲဒီလိုစောင်းလဲစောင်းရော ချက်ချင်းချိ်န်ခွင်ကို သိမ်းပြီး အိမ်ပေါ်ကို တက်ပြေးရပါတယ်။
နောက်ကို လုံးဝလှည့်မကြည့်ရဘူးတဲ့..
အခုဆိုရင် အဲဒီလို လိပ်ပြာခွဲခဲ့တဲ့ သမီးငယ်လေး ၄နှစ်ကျော် ဖြစ်နေပါပြီ..
ကြုံခဲ့ဖူးတဲ့ အမှတ်တရလေးပါ…မမြင်ဘူးတဲ့သူတွေ ယုံတောင်ယုံပါ့မလား မသိဘူး….
nozomi
August 31, 2011 at 9:22 am
ဖတ်ရတာ စိတ်တောင် မကောင်းဘူး
မြန်မာပြည်ထဲမှာ နေနေပေမဲ့ ဒေသတစ်ခုနဲ့ တစ်ခု ဓလေ့ မတူကြတော့ ကိုယ်မကြားဘူး တဲ့ အဖြစ်တွေက အများသားရယ် ဒါမျိုး လိပ်ပြာခွဲတာဆို အခုမှ ကြားဖူးတာ ၊ အဲဒီကလေးလဲ အခုဆို အရွယ်ရောက်ပြီပေါ့
အဲဒီတုန်းက ငါဒါလေး လုပ်လိုက်ရမှာ ဆိုတာမျိုး ကြောင့် ရတဲ့ နောင်တ က တော်တော်ဆိုးတယ် အစကတဲက မရမိအောင်နေ ရမိသွားရင်လဲ စိတ်ထဲက အမြန်ဆုံး ထုတ်ပစ်နိုင်မှ နို့မို့ နောင်ထက်နောင်တတွေ ထပ်ရသွားတတ်လို့
အခေါ်အဝေါ်နဲ့ ပတ်သတ်လို့ ကလေးတွေက မိဘတွေ ခေါ်သလို နုတ်ကျိုးနေကြတာများတယ် ကျွန်တော့် အမေ က သူ့အဒေါ်ကို ဒွေးစန်း တဲ့ ကျွန်တော်တို့ ကျတော့လဲ ဒွေးစန်းပဲ ဖြစ်သွားရော ပြင်လို့မရတော့ဘူး
hmee
August 31, 2011 at 1:53 pm
အဘဆွေရေ ပြန်တွေးတိုင်း အခုထိ စိတ်မကောင်း ဖြစ်ဆဲပါ။ နိုဇိုမီရေ အဲ့တုန်းက မလုပ်ပေးလိုက်ရလို့ အခုထိ လိပ်ပြာမလုံဘူး။ ကလေးတွေကို မတွေ့တာကြာရင် အမက မူးစိကို လက်စွဲ၊ အငယ်လေးကို ခါးတစ်ခွင်လျှက် ဘေးမှာ လာရပ်နေသလို အိမ်မက်ထဲကို ရောက်လာတတ်တယ်။ မမှီကိုယ်က အစွဲအလန်းကြီးတာပါမယ်။ အကြီးမကတော့ (၁၀)တန်းရောက်လောက်ပြီ။ ကလေးလေးက အခုဆို လေးတန်းပေါ့။
ကြောင်ကြီး
August 31, 2011 at 9:50 am
ရွာဦးကျောင်းဆရာတော် နှာချေစဉ် သဂျီးရဲ့ သရဲတစ္ဆေမရှိဆိုတဲ့ လေလှိုင်းသံနဲ့အတူ ရွာရိုးကိုးပေါက်လျောက်မူး လမ်းသလားနေတဲ့ ထန်းသမား ဂျော်နီအောင်ဘုရဲ့ သီချင်းသံတို့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ပေါင်းဆုံလို့ အပြင်က လေပြင်းမွေ့ပြီး ချိန်ခွင်ထဲက ခလေးအဝတ်အစား ပြုတ်ကျတာရော မဖြစ်နိုင်ဘူးလားခင်မျာ..။
hmee
August 31, 2011 at 1:57 pm
မဟုတ်ဘူး ဦးကြောင်ရဲ့ အဝတ်အစားက အောက်ကို ပြုတ်ကျတာ မဟုတ်ဘူး။ ချိန်ခွင်လျှာ သာလာပြီး ကြမ်းပြင်ကို ဒုန်းဆို တိုက်လိုက်မှ ချိန်ခွင် တဖက်ထဲက ကလေးအင်္ကျ ီကို ဆွဲထုတ်ရတာ။ အင်္ကျ ီက ငြိနေလို့ အတင်းဆွဲထုတ်ရတာ။ လိပ်ပြာလည်း ခွဲပြီးရော အသုဘ ပို့ ကားတွေ စထွက်ရရော။
weiwei
August 31, 2011 at 10:34 am
လိပ်ပြာခွဲတာကို ကြားဖူးတယ် … ငယ်ငယ်တုန်းကဆိုတော့ လူကြီးတွေကအဲဒီလိုနေရာတွေကို သွားမကြည့်ခိုင်းလို့ မမြင်ဖူးဘူး …
မှီ့အဖြစ်အပျက်က စိတ်မကောင်းစရာ ကောင်းလိုက်တာ … ဖတ်ရတာ ရင်ထဲ ဆို့လာတယ် …
စုံ စုံ
August 31, 2011 at 10:50 am
လိပ်ပြာခွဲတယ်ဆိုတာကြားဘဲကြားဖူးတာ
အခုမမှီရေးပြမှဘဲသေချာသိတော့တယ်
အခုစာအရဆိုရင်မမှီကဒီကလေးကိုရခဲ့တာပေါ့နော်
မသိလို့တခုမေးပါရစေ.. ကိုယ်ရခဲ့တဲ့ကလေးကိုဘယ်အချိန်ထိထိန်းသိမ်း
စောင့်ရှောက်ရလဲဟင်
hmee
August 31, 2011 at 2:04 pm
ကလေးအဖေက ကလေးကို တကယ်မပေးပါဘူး။ အစဉ်အလာရသာ လုပ်ကြတာပါ။ မမှီတို့နဲ့ အိမ်နီးတော့ စောင့်တော့ စောင့်လျှောက်ရတာပေါ့။
Shwe Ei
August 31, 2011 at 11:01 am
အီး၊ ငိုတောင်ငိုချင်တယ်(လိပ်ပြာခွဲတဲ့ ဇာတ်လမ်း အိမ်မှာလဲကြုံဘူးလို့)။ မမှီအရေးအသားတွေကတော့ ကျောင်းတက်တုန်းက ဘဝတွေကို ကောင်းကောင်းအမှတ်ရအောင်လုပ်နိုင်တယ်။ ကျွန်တော်တို့ဆို အပေါင်ဆိုင်ကလူနဲ့ မိတ်ဆွေကိုဖြစ်လို့။
တာနော
August 31, 2011 at 11:57 am
တုန်းတယ်ပဲ ဆိုဆို. .တစ်ခါဘူးမှ မကြားဖူးဘူး.. အံ့ဩ ရပါတယ်…
မီးမီး သော်
August 31, 2011 at 12:06 pm
မြနိမာပြည်အထက်ပိုင်းနဲ့အညာဒေသတွေမှာဘဲရှိမယ်ထင်တယ်။ကြားဖူးပေမယ့်ခုမှဘဲရှင်းရှင်းလင်းလင်းဖြစ်သွားတယ်မမှီရေ။ဖတ်ရင်းနဲ ့ငိုချင်လာတယ်။
hmee
August 31, 2011 at 2:07 pm
မီးမီးသော်ရေ အခုအဖြစ်အပျက်က ရန်ကုန်မှာပဲ ဖြစ်ခဲ့တာနော်။ အလွန်ဆုံးကြာမှ (၁၀) နှစ်လောက်ပေါ့။
ကိုပေါက်(မန္တလေး)
August 31, 2011 at 7:01 pm
ဒီလို စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေကို မဖြစ်နိုင်ဘူးလို့ ပြောမရပါဘူး။
တကယ်မြင်တွေ့ဘူးသူတွေကတော့ လက်ခံမယ်ထင်ပါတယ်။
ကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးတစ်ဦးဆုံးရင် ဒီလိပ်ပြာခွဲတဲ့ ကိစ္စ က မလွဲမသွေလုပ်ရတာပါ။
မြန်မာ့ဓလေ့ထုံးစံထဲက တစ်ခုပေါ့။
ဆူး
August 31, 2011 at 7:28 pm
ဖတ်ရတာ စိတ်မကောင်း ဖြစ်အောင် ရေးထားတယ်။
လိပ်ပြာခွဲတယ် ဆိုတာ မကြားဖူးပါဘူး။
လိပ်ပြာခေါ်တာတော့ ကြားဖူးတယ်။
မသိသေးတဲ့ ဗဟုသုတ တခု ရသွားပြီ အမ ရေ ကျေးဇူးပဲနော်။
nature
August 31, 2011 at 9:11 pm
ဖတ်ရင်းနဲ့မျက်ရည်တောင်ဝဲမိပါတယ်မှီရေ။