နောက်ဆုံးလက်နက်

etoneMay 13, 20101min2791

ရှုံးနိမ့်မှုတို့ အကြိမ်ကြိမ်ရင်ဆိုင်ရသောအခါ စိတ်ဓာတ်ကြံ့ခိုင်သူတို့ပင် တွေဝေတွန့်ဆုတ်သွားတတ်ကြသည်။ ငါတတ်နိုင်သမျှတော့ ကုန်ပြီဟု လက်လျှော့အရှုံးပေးတတ်ကြသည်။ ငယ်စဉ်က သင်ခန်းစာတွင် သင်ခဲ့ရသော “မပုကြွယ်နှင့် ခရုငယ်”လိုပုံပြင်မျိုးက အားငယ်နေချိန်တွင် အားဆေးတစ်ခွက်ဖြစ်သည်။ “The Prince five-weapons and sticky-hair monster” ပုံပြင်ကို မကြာခဏ
ပြောပြဖြစ်သည်။ စင်စစ်ဤပုံပြင်မှာ တရားဓမ္မကျင့်ကြံပွားများမှုမှအားလျှော့အရှုံးပေးတော့မည့် ရဟန်းတော်များအား ဘုရားရှင် ဟောကြား ခဲ့သောအားပေးစကားဖြစ်သည်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း စိုးစံစဉ်က မိဖုရားခေါင်ကြီးတွင် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုမင်းသားသည်နောင်တွင်
လက်နက်ငါးမျိုးကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်လိမ့်မည်ဟုပုဏ္ဏားတော်များက နိမိတ်ဖတ်၍ ပဉ္စဝုဓမင်းသား (ပဉ္စ – ငါး + ဝုဓ – လက်နက်)ဟုအမည်ရသည်။ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံတွင် ပညာသင် ကြား ၏။ ပညာစုံ၍ နေရပ်သို့ပြန်သော် ဆရာကြီးက ပဉ္စဝုဓမင်းသားအားလက်နက်ငါးမျိုး ပေးအပ်လိုက်သည်။ ထိုလက်နက်တို့ကို ယူ၍မွေးရပ်မြေသို့ပြန်လာသော် တောအုပ်တစ်ခုကို ဖြတ်ရသည်။

ဤတောအုပ်တွင် စေးကပ်သော အမွှေးရှိသည့် ဘီလူး (သိလေသလောမယက္ခ) တစ်ကောင်ရှိ၍ ထိုဘီလူးသည်မြင်မြင်သမျှ လူတို့ကို သတ်ဖြတ်သောကြောင့် ဤတောကိုဖြတ်၍ မသွားရန်လူအချို့က တားမြစ်ကြသည်။ သို့သော် ရဲရင့်၍ မိမိကိုယ်မိမိ
ယုံကြည်ချက်အပြည့်ရှိသော ပဉ္စဝုဓမင်းသားက မဆုတ်ပဲ တောကိုဖြတ်၏။တောအုပ်အလယ်တွင် ထန်းပင်မျှမြင့်သော ဘီလူးနှင့် တွေ့ကာ “ရပ်လော့….။ သင်သည်ငါ၏အစာဖြစ်ပြီ”ဟု အသံနက်ကြီးဖြင့် ဟန့်တားသည်။ မင်းသားကား မကြောက်။ အဆိပ်လူးမြား ဖြင့် ပစ်ခတ်သည်။ မြားတစ်စင်းပြီး တစ်စင်းပစ်သော်လည်းမြားအားလုံးသည် ဘီလူး၏ အမွှေးအမျှင်များတွင်သာ ကပ်ငြိ၍ နေလေသည်။ ဘီလူးကကိုယ်ကို လှုပ်ရမ်း၍ ကပ်နေသော မြားများကို ခါချပြီး မင်းသားအနားသို့ကပ်သည်။ ထိုအခါ မင်းသားက သံလျှက်ဖြင့် ခုတ်၏။ သံလျှက်လည်း ဘီလူး၏ အမွှေး၌သာကပ်၍ နေသည်။ မင်းသားက လှံဖြင့် ထိုး, တင်းပုတ်နှင့်ထုသော်လည်း
လက်နက်အားလုံးတို့သည် ဘီးလူး၏ အမွှေးတို့တွင်သာ ကပ်ငြိနေပြန်သည်။

ထိုအခါ မင်းသားက
“ငါသည် ပဉ္စဝုဓအမည်ရသော်လည်း လေးမြားလက်နက်တို့ကို အားကိုး၍ ဤတောအုပ်သို့ ဝင်လာခြင်းမဟုတ်။ မိမိကိုယ်ကို အားကိုး၍ ဝင်လာခြင်းဖြစ်သည်။ငါသည် သင့်အား အမှုန့်ချေပစ်အံ့” ဟု ကြုံးဝါးကာ ဘီလူးအား လက်သီးဖြင့်ထိုးနှက်၏။ လက်ယာ လက်သည် ဘီလူးတွင် ကပ်၍ ပြန်ခွာမရသောအခါ လက်ဝဲလက်ဖြင့်ထိုးနှက်၏။ ပြန်ခွာမရ။“ ငါသည် သင့်အား အမှုန့်ချေပစ်အံ့” ဟုကြုံးဝါးကာဒူးနှစ်ဖက်နှင့် တိုက်၏။ ဦးခေါင်းဖြင့် တိုက်၏။ ခြေလက်ဦးခေါင်းငါးမျိုးလုံးသည် ဘီးလူးတွင် ကပ်၍သာ နေသည်။

သို့တိုင် မင်းသားသည် မတုန်လှုပ်၊ မကြောက်ရွံ့။ ဤသို့ ရဲစွမ်းသတ္တိရှိသူမျိုး မကြုံဖူးဟူ၍ဘီလူးကသာ တုန်လှုပ်စပြုလာသည်။ “အသင် ဘာကြောင့် သေမှာ မကြောက်သလဲ” ဟုမေးသော်မင်းသားက “ဘီလူး ဘာကြောင့် ကြောက်ရမည်နည်း။ တစ်ဘဝတွင် တစ်ကြိမ်သာသေရိုးထုံးစံရှိသည်။ ထို့အပြင် ငါ၏ ဝမ်း၌ ဝရဇိန်လက်နက်ရှိ၏။ အသင် ငါ့အားစားသော်လည်း ဤဝရဇိန်လက်နက် သည် ကျေပျက်မည်မဟုတ်။ သင်၏ အူ, အသည်းတို့သာအပိုင်းပိုင်း ပြတ်တောက်ကာ သင်လည်း ငါနှင့်အတူ သေအံ့” ဟု ပြန်လည်ကြိမ်းဝါးသည်။ ထိုအခါ ဘီလူးလည်း မစားရဲတော့ပဲ မင်းသားအားပြန်လွှတ်ပေးလိုက်လေသည်။

ပဉ္စဝုဓမင်းသား၏ နောက်ဆုံးလက်နက်သည်ကား ပြင်ပမှ လေးမြား ဓားလှံ လက်နက်များ မဟုတ်။ မိမိ၏ ယုံကြည်မှုပေါ်တွင်
ကြံ့ကြံ့ခံရပ်တည်နိုင်သည့် စိတ်ဓာတ်ပင် ဖြစ်သည်။ အသိဉာဏ်နှင့် ယှဉ်သည့်
မကြောက်တရား ဖြစ်သည်။ မတွန့်ဆုတ်မှုဖြစ်သည်။

စာညွှန်း

ဇာတက-၅၅၊ ဧကကနိပါတ်-ပဉ္စာဝုဓဇာတ်

ယော အလီနေန စိတ္တေန၊ အလီနမနသော နရော။
ဘာဝေတိ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊
သဗ္ဗသံယောဇနက္ခယန္တိ။
(ဇာတက-၅၅၊ ဧကကနိပါတ်-ပဉ္စာဝုဓဇာတက)

မတွန့်မဆုတ်သော စိတ်နှလုံးရှိသည်ဖြစ်၍
အနှောင်အဖွဲ့ထမ်းပိုး (ယာဂ)မှ
လွတ်ရန်
ကောင်းမှုတို့ကို ပွားများသူသည်
အလုံးစုံသော နှောင်ကြိုး(သံယောဇဉ်)များ ကုန်ရာသို့
အစဉ်အတိုင်း ရောက်ရှိနိုင်သည်။

ယောက်ျားကောင်းမှန်က မြတ်သော ရည်မှန်းချက်ထားရာ၏။ ကြိုးစားလုံ့လပြုရာ၏။
မပျင်းရိရာ။အခြားမကြည့်လင့်။ သမုဒ္ဒရာမှ လွတ်မြောက်၍၊ မိမိ
အလိုရှိသည့်အတိုင်း
မင်းအဖြစ်သို့ရောက်သော ငါ့ကိုပင် သက်သေထား၍ ဆိုသတည်း။

ဆင်းရဲဒုက္ခ ကြုံတွေ့ရသော်လည်း ရည်မှန်းချက်ကို မစွန့်ရာ။
ဆင်းရဲကို သည်းခံ၍ မလျော့သော လုံ့လပြုရာ၏။
‘ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်’ဟူသော လောကဖြစ်မြဲဓမ္မတာကို နှလုံးမမူပဲ၊
ပျင်းရိခြင်းကို ရှေ့တန်းတင်ကာ လုံ့လလျော့သူတို့သည် သမုဒ္ဒရာတွင်
ငါးလိပ်စာသာဖြစ်ကြရသည်။
ဆင်းရဲမှ မလွတ်ကင်းနိုင်။

လောကတွင် လူတို့သည် မကြံစည်ပဲ ဖြစ်လာတတ်သည် ရှိသလို၊ ကြံစည်တိုင်းလည်း ဖြစ်မလာတတ်။
လုံ့လရှိသူတို့သာ အထမြောက်အောင်မြင်နိုင်သည်။

မြတ်ဗုဒ္ဓ
http://www.sonata-cantata.co.cc

One comment

  • susunosuki

    May 16, 2010 at 5:03 am

    ကံကို ယုံကြည်ပြီး ဝီရိယ စိုက်ထုတ်သူဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်
    ကံကိုလည်းယုံတယ် အတိတ်နိမိတ် ကိုလည်းယုံတဲ့သူဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်မဖြစ်တော့ဘူး
    ဗြမဏဘာသာဝင်သာဖြစ်တယ်။

Leave a Reply