သေခါနီးမှာ ဘာအရေးကြီးဆုံးလဲ နိဂုံး
နောက်ဆုံးသေခါနီးမှာပြုလုပ်သောကုသိုလ်သည် အဘယ့်ကြောင့်အရင်အကျိုးပေးသလဲဆိုရင် သေခါနီးပုဂ္ဂိုလ်ရဲ့စိတ်သည် ယုံကြည်မှုအပြည့်နဲ့ပြုလုပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ထို့ပြင် သဘာဝတရားနဲ့ကြည့်မယ်ဆိုရင်လည်း နောက်မှလုပ်တဲ့အလုပ်သည် အရင်အကျိုးပေးတတ်တဲ့ သဘောကြောင့်လည်း ပါပါတယ်။
ဥပမာ-နွားခြံထဲမှာ နွားသွင်းတဲ့အခါ ငယ်ရွယ်ပြီးခွန်အားရှိသော နွားကလေးများသည် အိုမင်းရင့်ရော်နေသော နွားကြီးများကို တိုးဝှေ့၍ ရှေ့ကနေ အရင်ဝင်နေကြသောအခါ နွားအိုကြီးများသည် နောက်ဆုံးမှဝင်ရသောကြောင့် နွားခြံတံခါးဝ၌သာ နေရာရတတ်ပါတယ်။ သို့သော် နွားခြံအပြင်သို့ ထွက်ရသောအခါ နောက်မှဝင်ရသော နွားအိုကြီးများက အရင်ထွက်ကြရပါတယ်။
အဲဒီဥပမာလိုပဲ နောက်ဆုံးသေခါနီးမှလုပ်သောကုသိုလ်သည် သေခါနီးဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းလဲတော့မည့် အနာဂတ်ဘဝသစ်တွင် သေခါနီးမှလုပ်သော ကုသိုလ်က အရင်အကျိုးပေးလိုက်တာပါ။ ဒီသဘောတရားကို သိထားပြီးဆိုလျှင် အယူမှားခြင်း သံသယဖြစ်ခြင်းများ ကင်းဝေပါလိမ့်မယ်။
တစ်ချို့က အဖေမုဆိုးသားသတ်သမားကြီးကို သားဖြစ်သူရဟန္တာက ကောင်းမှုလုပ်ပေး၍ မုဆိုးကြီးနတ်ပြည်ရောက်သွားသည့် တရားဇာတ်လမ်းတစ်ခုကို ဖတ်ကာ သံသယဖြစ်နေကြတာ တွေ့ရပါတယ်။ မုဆိုးကြီးသည် သေခါနီး(၁)လလောက် အလိုမှ သားဖြစ်သူရဟန္တာမထေရ်ထံ ရောက်လာပြီး ရဟန်းဝတ်ကာ တရားအားထုတ်ခဲ့ပါတယ်။ သေခါနီးနောင်တတရားရ၍ တရားအားထုတ်သော်လည်း သူလုပ်ခဲ့အကုသိုလ်တွေက များသောကြောင့် အဲဒီအကုသိုလ်တွေကိုပဲ စိတ်ကအာရုံရောက်ပြီး အကုသိုလ်တရားများက သူကိုလာခြောက်နေသလို ဖြစ်နေသောကြောင့် မုဆိုးရဟန်းကြီးဟာ တရားအားထုတ်လို့ မရရှာပါဘူး။
ဒီလိုနဲ့ သေခါနီးလည်းရောက်ရော မုဆိုးကြီးဟာ မကောင်းတဲ့နိမိတ်ဖြစ်တဲ့ ခွေးဆွဲတာတွေ ခွေးကြီးတွေလိုက်နေတာတွေမြင်ပြီး အော်ဟစ်နေပါတယ်။ အဲဒီအခါမှာ သားဖြစ်သူရဟန်းက အင်း-ငါ့ခမည်းတော်တော့ သူလုပ်ခဲ့သောမကောင်းတဲ့ အကုသိုလ်တွေကြောင့် မကောင်းတဲ့နိမိတ်တွေမြင်ကာ အပါယ်ကိုသွားရတော့မှာပဲ။ ငါလို သားရဟန်းတစ်ပါးရှေ့မှာ ဒီလိုမကောင်းတဲ့နိမိတ်တွေမြင်ပြီး အပါယ်ကိုမသွားရအောင် ငါလုပ်ပေးမှဖြစ်မယ်ဆိုပြီး သားရဟန်းက သူဖခင်မုဆိုးကြီးကို စေတီရင်ပေါ်သို့မရွေ့၍ ပန်းများရှာပြီး ဖခင် ဒီပန်းများသည် ဖခင်အတွက် ပူဇော်ပေးခြင်းဖြစ်တယ်။ ဖခင် ပန်းများကို မြတ်ဗုဒ္ဓအား ပူဇော်နေတယ်လို့ အာရုံပြုပေးပါဟု ပြောလိုက်သောအခါ မုဆိုးကြီးသည် သားဖြစ်သူပြောတာကို အာရုံစိုက်၍ ပန်းများဖြင့် မြတ်ဗုဒ္ဓအား ပူဇော်ပါတယ်လို့ စိတ်ထဲမှာ အာရုံပြုလုပ်တဲ့အတွက်ကြောင့် ကုသိုလ်စိတ်ဖြစ်ကာ နတ်ပြည်မှ နတ်သမီးလာခေါ်တဲ့ ကောင်းတဲ့နိမိတ်ကိုမြင်ပြီးလျှင် ကောင်းသောနတ်ပြည်သို့ နတ်သားသွားဖြစ်ပါတယ်။
ခဏတာဘုရားလှူတဲ့ အာရုံလေးပြုမိတာနဲ့ ကောင်းတဲ့နတ်ပြည်ကိုရောက်သွားတဲ့ မုဆိုးကြီးကိုကြည့်ပြီး လူတစ်ချို့က ကောင်းကံ မကောင်းကံတို့ရဲ့ အကျိုးပေးကို သံသယမရှင်း ဖြစ်နေကြပါတယ်။ အဲဒါကို ရှင်းပြပေးချင်လို့လည်း ဒီပို့စ်ကို ပြီးအောင် ရေးလိုက်တာပါ။ တကယ်တော့ မုဆိုးကြီးဟာ နောက်ဆုံးပြုလုပ်တဲ့ ကောင်းမှုကံလေးကြောင့် နတ်ပြည်ကိုရောက်သွားတာ မှန်ပါတယ်။ ဒါဟာလည်း အထက်က နွားခြံဥပမာလို သဘာဝတရားအတိုင်း ဘဝတစ်ခုရဲ့နောက်ဆုံးကုသိုလ်က အရင်အကျိုးပေးလိုက်လို့ပါ။
မုဆိုးကြီးနတ်ပြည်ရောက်သွားပေမဲ့လည်း နတ်ပြည်မှာ ကြာကြာအသက်ရှည်ဖို့ စိမ်းစိမ်ချမ်းသာပြည့်စုံဖို့အတွက် သူ့မှာမရှိပါဘူး။ ခဏနေပြီးရင် သူ့ဟာနတ်သက်ကြွေရမှာပါ။ နတ်သားတွေရဲ့ သက်တမ်းဟာ ပုံမှန်ရှိသော်လည်း လျှပ်တပြတ်သေနိုင်တဲ့ အကြောင်းတွေလည်းရှိပါတယ်။ ဥပမာ-နတ်စာစားရမဲ့ချိန် မစားလျှင်၊ နတ်ပန်းညိုလာလျှင်၊ နတ်ပြည်မှာ ပျော်မွေ့မှုမရှိလာလျှင် နတ်တွေဟာ နတ်သက်ကြွေကြပါတယ်။
သားဖြစ်သူရဟန်းသည် သူ့ဖခင်ဟာ သူနောက်ဆုံးလုပ်ပေးတဲ့ ကုသိုလ်ကံ ကြောင့်သာ နတ်ပြည်ရောက်တာ၊ မကြာခင်နတ်သက်ကြွေတော့မှာဆိုတာကိုသိလို့ သူ့ဖခင်ရှိရာ နတ်ပြည်သို့သွားကာ တရားဟောပေးပါတယ်။ သားဖြစ်သူရဲ့တရားကို နာကြားရလိုက်တဲ့အခါ မုဆိုးကြီးဟာ သောတာပန်အရိယာဖြစ်သွားပါတယ်။
အပိုင်း(၂)ပို့စ်မှပါတဲ့ နတ်သားသည် ဂတိနိမိတ်(၃)မျိုးတွင် ဘယ်နိမိတ်ထင်တယ်ဆိုတာကို မရှင်းမလင်းဖြစ်နေသူများအတွက် အဲဒီနတ်သားသည် တရားအားထုတ်နေချိန်တွင် ထွက်သက်ဝင်သက်သော်လည်းကောင်း ခန္ဓာကိုယ်ကြီးရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတရားများကိုလည်းကောင်း ရှု့မှတ်သော ဝိပဿနာကုသိုလ်ကို အာရုံပြုနေသော ကုသိုလ်ကံနိမိတ်ထင်လျက် ဘဝပြောင်းသွားခြင်း ဖြစ်ပါတယ်။
အပိုင်း(၃)၌ စာရေးသူအား ကော်မန်းပေးရာတွင် တစ်ချို့ အယူမှားနေသောသူများက (အရှင်ဘုရားဘလော့မှာ ဖတ်ရတာက ရခဲတဲ့လူ့ဘဝကို ယခုရနေခြင်းကြောင့် ယခုဘဝအတွက် အဓိကမထားဘဲ နောက်ဘဝများစွာအတွက် အဓိကထားလုပ်ရမယ်လို့ ရေးထားပါတယ်ဘုရား။ နောက်ဘဝ ကောင်းစားဖို့အတွက် ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေ လုပ်သင့်တယ်လို့ ဖတ်ရပါတယ်။ တပည့်တော်တွေးတာကတော့ နောက်ဘဝက လူဖြစ်ဖို့တောင် မသေချာဘူး။ အဲတော့ လူဖြစ်တုံးလေး ကိုယ်နေချင်သလို နေလိုက်မယ်လို့ စဉ်းစားထားပါတယ်ဘုရား)လို့ ရေးလာကြတာ တွေ့ရပါတယ်။ အဲဒီလို အယူတစ်မျိုးဖြစ်နေသူများအား စာရေးသူပြောချင်သည်မှာ
လူ့ဘဝကို ကောင်းမှုကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာ ပြန်လည်ရရှိနိုင်ပါတယ်။ ဒီဘဝပဲ ပျော်အောင်နေတော့မယ်လို့ စိတ်ကူးထားပြီး ကောင်းမှုများမလုပ်ဘဲ မကောင်းမှုများကိုပဲလုပ်တာကမှ အပါယ်လေးပါးမှလွတ်ဖို့ ခဲယဉ်းသွားပါမယ်။ လူ့ဘဝမှာ ဒါနရော သီလရော ဝိပဿနာပါလုပ်မယ်ဆိုရင် လူ့ဘဝကိုရဖို့က အလွယ်လေးပါ။ မိမိမှာသာ အယူမှားခြင်း၊ အမိသတ်၊ အဖသတ်၊ ဘုရားပြစ်မှား၊ ရဟန္တာကို သတ်တာ စော်ကားတာ၊ ရဟန်းတွေသင်းကွဲအောင်လုပ်တာဆိုတဲ့ ကုသိုလ်ဖြင့် ချေဖျောက်လို့မရသော ဒီအပြစ်တွေမရှိဘူးဆိုရင် ဒီဘဝနဲ့ နိဗ္ဗာန်ရောက်အောင်ထိ လုပ်လို့ရပါတယ်။ ကျန်တဲ့ လူ့ပြည် နတ်ပြည်ဆိုတာကတော့ ပိုတောင် လွယ်ပါသေးတယ်။ တကယ်လို့ မိမိသည် အရင်က မသိတတ်နားမလည်လို့ဖြစ်စေ၊ နားလည်ပြီး မိုက်မဲခဲ့လို့ဖြစ်စေ မကောင်းမှုများ လုပ်မိခဲ့သည်ရှိသော် ထိုမကောင်းမှုများကို မိမိသိတတ်နားလည်ချိန်၊ တရားသဘောသိချိန်တွင် ကောင်းမှုလုပ်ကာ ချေဖျက်ရင် ရပါတယ်။ ရေများရေနိုင် မီးများ မီးနိုင်ဆိုသလို မကောင်းမှုရှိခဲ့လျှင် အဲဒီမကောင်းမှုထက် ကောင်းမှုများအောင် လုပ်ပေးလျှင် ရပါတယ်။
အထက်ဖော်ပြခဲ့ပါ မုဆိုးကြီးသည်လည်း မကောင်းမှုများလုပ်ခဲ့ပါတယ်။ သို့သော် သူလုပ်ခဲ့သောမကောင်းမှုများသည် အပြစ်ကြီးမားပြီး ချေဖျက်လို့မရသော အပြစ်များမဟုတ်၍ ရိုးရိုးအပြစ်များကို အရိယာမဂ်ဖြင့် ပယ်သတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ထို့ကြောင့် မိမိတို့လူသားများသည်လည်း အထက်ဖော်ပြပါ ချေဖျက်လို့မရသော အပြစ်(၆)မျိုး မရှိပါက ဝိပဿနာအားထုတ်ခြင်းဖြင့် ရိုးရိုးအကုသိုလ်များကို ချေဖျက်လို့ ရပါတယ်။ သို့ဖြစ်၍ ရခဲလှသော ဘုရားသာသနာ၊ လူ့ဘဝ၊ ဗုဒ္ဓအသိဉာဏ်ရှိချိန်၊ အသက်ရှင်စဉ်လေးမှာ ဒီဘဝလေးခဏတာ ကောင်းစားရေးကိုကြည့်ပြီး မကောင်းမှုများကို မလုပ်ဘဲ ကောင်းမှုများကိုသာ အဓိကထားလုပ်ကာ အအေးချမ်းဆုံးဖြစ်သော နိဗ္ဗာန်ကိုလျင်မြန်စွာရရှိအောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဤမျှနဲ့ပဲ နိဂုံးချုပ်ရင်း နှုတ်ဆက်ခဲ့ပါတယ်။
http://www.sanninaymin.com/
2 comments
phyo1980
September 2, 2011 at 3:35 pm
ကျွန်တော့အဖွားအဖြစ်အပျက်လေးကိုလည်းပြောချင်ပါတယ်။ကျွန်တော့အဖွားကအသက် ၉၂ နှစ်မှဆုံးသွားခဲ့တာပါ။သူဟာလူ့ဘဝမှာထဲက သီလလုံအောင်နေထိုင်ပါတယ်။အသက်၉ဝကျော်ထိဘာရောဂါမှမရှိပါဘူးကျမ်းကျမ်းမာမာနဲ့ပါဘဲ။သူသေခါနီးမှာ အဖွားကဆေးရုံပေါ်မှာမျောနေပါတယ်။ဆရာဝန်တွေစစ်ကြည့်တဲ့အခါသူ့ကလီစာတွေတစ်ခုမှအလုပ်မလုပ်တော့ဘဲ ဝိဉာန်ချုပ်ဘို့ဘဲရှိတော့တာပါ။ဒါပေမဲ့သူတစ်ခုခုကိုပြောချင်နေတာကိုအားလုံးသိပါတယ်။သူဘာပြောချင်မှန်းလည်းမသိပါဘူး။နောက်တော့ သူမသေခင်မှာဆရာတော်တစ်ပါးဆီမှာ သူ့ရဲ့နားကပ်နဲ့လက်စွပ်ကိုဘုရားထီးတင်ရင်ဌာပနာဘို့ပြောထားတာရှိပါတယ်။အဲ့ဒါကိုသတိရပြီး သူ့လက်စွပ်နဲ့ နားကပ်ကို ချွန်ပြီး ချက်ခြင်းဘဲ သရဏဂုံရွတ်ပြီးရေစက်ချပေးလိုက်တော့ လုံးဝကလီစာတွေအလုပ်မလုပ်ဘဲမျောနေတဲ့အဖွားက ပါးစပ်ကအသံထွက်ပြီး သာဓု၃ကြီမ်ခေါ်ပြီးမှဝိဉာန်ချုပ်သွားတာပါ။နောက်တော့သံလျှင်ကဆရာတစ်ယောက်ဆီသွားမေးကြည့်တော့ သူနတ်ပြည်ရောက်နေတယ်ဆိုတာပြောပြပါတယ်။သားသမီးနာမည်တွေ မြေးနာမည်တွေအားလုံးကိုလည်းပြောပြပါတယ်။(ဒါတွေကခုခောတ်နဲ့လက်တွေ့တော့သိပ်မဆန်ဘူးပေါ့…တစ်ကယ်ကြုံဘူးမှဘဲ သိနိုင်ပါတယ်)။
Shwe Ei
September 2, 2011 at 5:14 pm
အရှင်ဘုရားပို့စ်တွေဖတ်ရတာ ဗဟုသုတလဲရ အသိညာဏ်လဲပွင့်ပါတယ်ဘုရား။ ဆက်ရေးဖို့ ကောင်းပါတယ်ဘုရား။