အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၄၅)
“ဗျာ..အာဗင်း က ဘာဖြစ်သွားလို့လဲ..သူက ဘာလုပ်တာလဲ”
“သူလား..သူက ဒီ စူရီးယား စက်မှုလုပ်ငန်းကြီးရဲ ့ပိုင်ရှင်..အင်း ..သူ့နေရာ ငါအစားမယူခင်ထိပေါ့”
“ဪ..ခင်ဗျားက ဘာလို့ သူ့နေရာ ယူလိုက်ရတာလဲ..အဲ..ဒီမှာ ကျွန်တော် တစ်ပက်လောက် ငှဲ့ပေးမယ်နော်..
စကော့ဝီစကီ..စကော့တလန်က တိုက်ရိုက်လာတာဗျ..”
“အေး..အေး.. ကျေးဇူးပဲကွာ..အနံ့လေးကတော့ သင်းသား..မော်ရေးရှပ်စ် ကို ပျားရည်ဆမ်း ထွက်တုန်းက
ပို့တ်လူးဝစ် မှာ ဒီလို စင်ဂယ်မော့လ်တ် စကော့ဝီစကီကို စ မြည်းဖူးတာပဲ..”
“အင်း..ဆရာ ပြောနေတာ ဆရာ့အစ်ကို နေရာကို ဆရာ ယူလိုက်ရတယ်ဆိုတယ်နော်…”
ကျွန်တော်လည်း စကားအမျှင်မပြတ်အောင် ပြောလိုက် ..အရက်လေးငှဲ့လိုက်နဲ့..။သူ့လည်း ဆရာခေါ်လိုက် ခင်ဗျားခေါ်လိုက်နဲ့။
“ဪ..အေး..ဟုတ်တယ်..ငါ့အစ်ကိုက သိပ်တော်တဲ့လူ သိပ်ကောင်းတဲ့လူတစ်ယောက်ပါကွာ…ဒါပေမဲ့ သူ့နေရာကိုလွှဲပေးလိုက်
ရတာကတော့..သူ..သူ.. ရူးသွားလို့..”
“ဗျာ..ရူးသွားလို့..ဘယ်လိုဖြစ်တာလဲ…ဪ..ဒီမှာသီဟိုဠ်စေ့လှော်လေး လုပ်ပါဦး..”
အမြည်းကလေးလည်း မလွတ်စေရဘူး။တွန်းရတာပဲ။မန်နေဂျာက လှမ်းရှိုးတယ်။ရာအူး က သီဟိုဠ်စေ့လေးတစ်စေ့ ကောက်ဝါးပြီး..
“ဇာတ်လမ်းကတော့ ရှည်တယ်ကွာ..ဒီမှာ..”
“ရိုစီထည့်ပေးတာလေးတောင် မကုန်သေးဘူးနော်…ညဉ့်လည်း ဒီလောက်မနက်သေးဘူး..ပုလင်းကလည်း
အပြည့်ပဲ..ဟုတ်လား..ကဲ..ဆရာ ပြောလို့ရပါတယ်ဗျ..”
မန်နေဂျာကို ကျွန်တော်လှမ်းကြည့်တယ်။အောင်မယ်..သူက မျက်နှာမာကြီးနဲ့ ခေါင်းလေး ဆတ်ပြတယ်။ ဂွတ်ဂျော့ဘ် ပေါ့လေ။ ကိုယ့်ဆရာ ရာအူးက
တော့ ဒါတွေ မသိဘူး။ဂရုမစိုက်ဘူး။မျက်လုံးလေး ရီဝေဝေနဲ့ –
“ဒီမယ်..ငါ့ညီ..မင်း ငါ့ဘော်ဒါ ဖြစ်ပြီပေါ့ ဟုတ်လား..”
ကျွန်တော်လည်း သွားဖြဲလေးနဲ့-
“ဟုတ်တာပေါ့..ကျွန်တော် ဆရာနဲ့ ဘော်ဒါ ဖြစ်သွားပြီ..”
“အိုခေ..ဟုတ်ပြီ..ဒီလိုဆိုတော့ ငါ့ဇာတ်လမ်းကို ပြောပြရတော့မှာပေါ့ ဘော်ဒါလေးရ..ငါမူးတယ်နော်..ငါ့ညီ မင်းသိပါတယ်..မူးတဲ့လူတွေက
အမှန်အတိုင်း ပြောတတ်ကြတယ်တဲ့..ဟုတ်ရဲ့လား..ဘော်ဒါလေး..”
ဘော်ဘော် လား ညီလေး လား။ထားပါတော့။
“ဟုတ်ပ..ဟုတ်ပ..”
“အေး..ဒီလိုကွ…ငါ့အစ်ကို..ငါ့ချစ်ကိုကြီး အာဗင်းက တကယ်တော်တဲ့ စီးပွားရေးသမားတစ်ယောက်ကွ..ဒီ စူရီးယားစက်မှုလုပ်ငန်းကြီးကို
ဟိုး..အောက်ခြေကစလို့ တဖြည်းဖြည်းနဲ့ ထူထောင်လာခဲ့တာပဲ..အရင်က တို့တွေ ဟိုက်ဒရာဘတ် က လဒ်ဘဇား ဈေးမှာ ပုတီးလေး
တွေ ရောင်းရတာ..သိတယ်မို့လား..ချာမင်နာ နားမှာလေ…အဲလိုမျိုး ဘဝကို ကြမ်းကြမ်းတမ်းတမ်း ရုန်းကန်ပြီးမှ ခုလို ဖြစ်လာတာပဲ..”
“ဒါပေမဲ့ ဆရာက ဆရာ့အစ်ကိုရဲ့ အလုပ်ကို ကူညီရမှာပဲ..”
“အေး..နည်းနည်းပါကွာ..ငါ မှား ခဲ့တာ..အင်း…ငါ အထက်တန်းမပြီးခင်မှာပဲ ငါ့အစ်ကိုက သူ့အလုပ်ထဲ ငါ့ကို ခေါ်သွင်းလိုက်တယ်…
အရောင်းဌာန ဘက်မှာ လုပ်ရတာပါ..ငါလည်း အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တာ..တတ်စွမ်းသမျှ ကြိုးစားခဲ့တာ..ဒီလိုနဲ့ အစ်ကိုကြီး
က ငါ့ကို ယုံကြည်လာပြီးတော့ ရာထူးတိုးပေးတယ်..နောက်..နယူးယောက်က ရုံးခွဲမှာ ထိုင်ခိုင်းတော့တာပဲ..”
“နယူးယောက်..ဟား…မိုက်တာပေါ့ဗျ..”
“အေး…နယူးယောက်က တကယ့်နေရာပဲ..ဒါပေမဲ့ ငါ့မှာ လည်ချိန်ပတ်ချိန် မရှိလောက်အောင်ကို အလုပ်က ရှုပ်တာ..များတာ..
နေ့နေ့ညည နားရတယ်မရှိဘူး..”
“ဪ..အင်း.. နောက်တော့ ဘာဆက်ဖြစ်သေးလဲ..အဲ..ခဏနော် ကျွန်တော် ဆရာ့အတွက် အမဲစဉ်းကောကင်လေး ထပ်ယူ
ပေးဦးမယ်..”
ကျွန်တော် အမဲစဉ်းကော ကင် တစ်ပန်းကန် ယူလာပြီး ချပေးလိုက်တယ်။
“ကျေးဇူးပဲ ဘော်ဒါလေး..နယူးယောက်မှာ ငါ ဂျူလီ နဲ့တွေ့တာပဲ…”
“ဂျူလီ..သူက ဘယ်သူတုန်းဗျ”
“သူ့နာမည် အရင်းက အာဇူလီ ဒီ ရွန်ဆာရေး တဲ့ကွ..ဒါပေမဲ့ လူတိုင်းကတော့ ဂျူလီပဲ ခေါ်ကြတာ..အသားမဲမဲ..ဆံပင်ကောက်ကောက်
နှုတ်ခမ်းက ထူထူ..ခါးက သိမ်သိမ် နဲ့။သူက ငါရုံးခန်းငှားနေတဲ့ အထပ်မှာ သန့်ရှင်းရေးလုပ်တာ..ဟေတီကနေ ခိုးလာတာ..တရားမဝင်
နေထိုင်သူပေါ့..ကြားဖူးလား ဟေတီ နိုင်ငံ..။”
“ဟင့်အင်း..ဘယ်နားကလဲ..”
“နိုင်ငံသေးသေးလေးပါ..မက္ကစီကို နိုင်ငံနားက ကာရေဘီယန် ကျွန်းစုမယ် ရှိတာ..”
“အိုခေ..ဒီတော့ ဂျူလီနဲ့ ဆရာနဲ့တွေ့ပြီ..”
“အေး..သိပ်တော့ရင်းရင်းနှီးနှီး မဟုတ်သေးဘူးပေါ့ကွာ..အပြန်အလှန်တွေ့တဲ့ အခါ ပြုံးပြ နှုတ်ဆက်လောက်ပါပဲ..တစ်ရက်ကျတော့
အိုင်အန်အက်စ်[1] က သူ ဂရင်းကဒ် မရှိဘဲ အလုပ်လုပ်နေတာ မိသွားပါရော..အဲဒါနဲ့ သူက သူ့ကို ငါ့ဝန်ထမ်း တစ်ယောက်ပါလို့
ထွက်ဆိုပေးခိုင်းတယ်..အဲဒါမှ ဒီမှာ သူပုံမှန်ဆက်နေနိုင်မယ်ပေါ့..အေး..ငါလည်း စေတနာဗရပွနဲ့ သူ့ကို စပွန်ဆာ ပေးလိုက်ပါရော
ဆိုပါတော့ကွာ..အပြန်အလှန်အနေနဲ့ သူက ငါ့ကို အချစ်ပေးတယ်..ရိုသေလေးစားမှုပြုတယ်..ပြီးတော့..ရမ္မက်ပြင်းတဲ့အချစ်..တစ်ခါမှ
မကြုံဘူးလောက်အောင်ပဲ..ရူးခါသွားလောက်တယ် ငါ့ဘော်ဒါလေးရေ..တကယ်..ငါ..မူးတယ်နော်..မူးတဲ့လူဆိုတာ အမှန်ကိုပဲ ပြောတယ်
ဟုတ်..”
“အင်း..ဟုတ်..ရော့ နောက်တစ်ပက်လောက် ထည့်ပါဦး..စကော့ဝီစကီလေးကလည်း တကယ် ကောင်းမို့လား..နော..”
“ကျေးဇူးကွာ..နော်..ဘော်ဒါလေး..မင်းက သိပ်အလိုက်သိ ကြင်နာတတ်တဲ့ကောင်လေး..ဂျူလီ့ထက်တောင်သာသေးသကွာ..
အင်း..ဂျူလီ့အတွက်တော့ ငါဟာနွား..နွားပဲ..ငါ့ကိုနဖားကြိုးထိုးပြီး လိုသလို လုပ်နေတာ…သိတယ်မို့လား..ငါ့အားနည်းချက်
ကို အမြဲရှာပြီး ချုပ်ကိုင်ထားတာ..အဲဒီမြို့ကြီးမှာ ငါဟာ အထီးကျန်တဲ့လူတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေခဲ့တော့တာ..နောက်
ဆုံးမတော့.. သူ့ကို လက်ထပ်တာနဲ့ အဆုံးသတ်ပြီး..ငါ့ဘဝဟာ သူ့လက်ထဲလုံးလုံးကျသွားတော့တာပဲကွာ…”
“အဲဒါနဲ့ ဆရာတို့ ပို့တ်လူးဝစ်ကို ဟန်းနီးမွန်း ထွက်ရောပေါ့ ..ဟုတ်လား..”
“ဟုတ်ပ..ဟန်းနီးမွန်း..ပျားရည်ဆမ်းကာလလေးကတော့ သိပ်ကို ချိုမြိန်ခဲ့သပေါ့..နောက်တော့..ပျားသကာအောက်မှာ ခါးတမာ
ရောက်နေတာ ငါတွေ့လာတာပဲ…”
ကိုယ့်ဆရာက ကဗျာဆန်နေပြန်ပြီကော..။
“လက်ထပ်ပြီး သူ့အခန်းကို ပထမဆုံးအကြိမ်ရောက်ဖြစ်တော့ နည်းနည်း အံ့အားသင့်သွားတယ်..သူ့အခန်းထဲမှာ ထူးထူးဆန်းဆန်း
တွေ တွေ့ရတာကိုး..ရမ်ပုလင်းတွေကိုလည်း ဆီးကွင့်တွေ ပုတီးစေ့တွေနဲ့ အလှဆင်လို့ဆင်..ဘာမှန်းမသိတဲ့ အရုပ်ကလေးတွေလည်း
အများကြီးပဲ..ကျောက်တုံးပုံစံအမျိုးမျိုး..လက်ဝါးကပ်တိုင်တွေ..ဂျောက်ဂျက်လိုလို ပလုပ်တုပ်လိုလိုဟာတွေ..မြွေရေခွံနဲ့ လုပ်ထားတဲ့
ပုရပိုဒ်တွေ..နောက် ဘို့စ်ဆူး လို့ခေါ်တဲ့ သောက်မြင်ကပ်စရာကောင်းတဲ့ ကြောင်နက်တစ်ကောင်ရယ်..ဘာတွေမှန်းကို မသိဘူး..”
ဇာတ်လမ်းစပြီထင်တယ်။
“ပထမဆုံးအကြိမ် အဖြစ် ဂျူလီ့ကို တအံ့တဩ ဖြစ်မိတာတစ်ခုက ဒီလိုကွ..ဘရွန့်စ် မှာ လုယက်တဲ့ ငနဲတစ်ကောင်က ဓားနဲ့ထောက်
ပြီး လုတာ ကံကောင်းလို့ အသက်နဲ့ကိုယ်အိုးစားမကွဲဘဲ လွတ်လာတာ..ဒါပေမဲ့ ဓားဒဏ်ရာကတော့ လက်မောင်းမှာ အနက်ကြီးပဲ..
ဟို..ဓားပြကောင် ဆော်ထည့်လိုက်တာလေ…ဂျူလီက ငါ့ကို ဆေးရုံမသွားခိုင်းပဲနဲ့ သူကုပေးမယ်လို့ပြောတာ..ငါလည်း အလုပ်မရှုပ်
ပြီးရောဆိုပြီး သူ့ကို ကုခိုင်းလိုက်တာ..ငါ့ဒဏ်ရာကို ဆေးမြစ်ဆေးရွက်တွေနဲ့ အုံပြီးတော့ ဂါထာတွေလား မနာ္တန်တွေလားမသိဘူး
ရွတ်ဖတ်ပေးလိုက်တာ..ဟား..ဘော်ဒါလေးရေ..ပြောမယုံကြုံဖူးမှသိ..နှစ်ရက်နဲ့ ငါ့ဒဏ်ရာပျောက်သွားတာ အမာရွတ်တောင် မ
ကျန်ခဲ့ဘူး..အဲ..သူပြောတာက သူက ဗူးဒူး သီလရှင် တဲ့..”
“ဗူဒူး..အဲဒါ ဘာတုန်းဗျ”
“အေး မင်းသိချင်မှာ မဟုတ်ပါဘူးကွာ..ဗူဒူးဆိုတာ သူတို့ ဟေတီ မယ်တော့ ဘာသာရေးတစ်ခုလိုပဲဆိုပါတော့..သူတို့က လိုအာ လို့
ခေါ်တဲ့ နတ်တွေကို ကိုးကွယ်ဆည်းကပ်ကြတယ်..စကြာဝဠာကြီးမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပက်သက်မှု ရှိတယ်လို့ယုံကြည်ကြ
တယ်။ဘယ်ဟာမှ တိုက်ဆိုင်လို့ မတော်တဆဖြစ်လို့ ဆိုတာ မရှိဘူးတဲ့..အားလုံးက သူ့ဟာနဲ့သူ ကြောင်းကျိုး ဆက်စပ်မှု ရှိသတဲ့ကွ..
ဘာမဆိုဖြစ်နိုင်သတဲ့ကွ..ဒါ့ကြောင့် ဗူဒူး မှော်ဆရာတွေက အံ့အားသင့်စရာ မဖြစ်နိုင်တာတွေ လုပ်ပြနိုင်ကြတယ်တဲ့..လူသေကို အ
အသက်သွင်းတာမျိုးပေါ့..”
ကျွန်တော်ပြုံးလိုက်တယ်။
“မနောက်ပါနဲ့ ဆရာရယ်..”
“အာ..ဘယ်ကနောက်ရမှာလဲ ..မနောက်ပါဘူး..အဲဒီလို အသက်ပြန်သွင်းထားတဲ့ ဖုတ်ကောင်တွေကို ဇွမ်ဘီ လို့ခေါ်သတဲ့..ငါပြောခဲ့တယ်
နော်..ငါ မူးနေတယ်..မူးနေတဲ့သူက အမှန်ပဲပြောတယ်..ဟုတ်တယ်ဟုတ်..”
“ဟုတ်ပါတယ်ဗျာ..”
သူ့ဇာတ်လမ်းမှာ ကျွန်တော် စ မျောပြီ။အရက်လေး ငှဲ့ပေးဖို့ ..အမြည်းကုန်ရင် သွားယူပေးဖို့တောင် မေ့သွားတယ်။
“ဂျူလီက ငါ့ဘဝကို ဂျွမ်းထိုးမှောက်ခုံ ဖြစ်အောင် လုပ်ပစ်တာပဲကွာ…သူက အရင်တုန်းက ဆင်းဆင်းရဲရဲ နေလာတာပါ..နောက်တော့..
အထက်တန်းလွှာထဲမှာ ဝင်ဆန့်ချင်လာတယ်..သူမေ့နေတာက သူလက်ထပ်ထားတာ ကုမ္ပဏီ ပိုင်ရှင်မှ မဟုတ်တာ..ပိုင်ရှင်ရဲ့ညီဆို
တာလေ..ပိုက်ဆံလည်း တအားမက်တာ..အားအားရှိ ပိုက်ဆံပဲ တောင်းနေတာ..ကုမ္ပဏီပိုက်ဆံက ငါ့ပိုက်ဆံမှမဟုတ်တာ..သူနားမ
လည်ဘူး..”
“အင်း..အင်း..”
“သူက ငါ့ကို ခိုးခိုင်းတာ.. နေ့ရှိသ၍ နားပူနားဆာ လုပ်..အဲဒါနဲ့ လက်ဦးတော့ အသေးအဖွဲလေးတွေက စမိတာပဲ..တက်စီခ တို့
ဘာတို့ ပိုတင်ပေါ့..နောက်တော့ ပိုများတာ လိမ်တယ်..ခိုးတယ်..။ဖောက်သည်ဆီက ရတဲ့ပိုက်ဆံ လယ်ဂျာထဲ မထည့်ဘူး..။
ကန်ထရိုက်က လက်မှတ်ထိုးပြီး စရံတွေ ဘာတွေရလည်း ရုံးချုပ်ကို မလွှဲဘူး..အင်း..ဒီလိုနဲ့ အလွဲသုံးစားလုပ်ထားတဲ့ငွေက
တဖြည်းဖြည်း ဒေါ်လာ သန်းဝက်လောက် ရှိလာတာရော..နောက်တော့ ဒီ မွမ်ဘိုင်းမှာ ရုံးထိုင်တဲ့ ငါ့အစ်ကိုက သိသွားပါလေ
ရော..”
“ဟောဗျာ..ခင်ဗျား တော့ အကျိုးနည်းပြီပေါ့..နောက် ဘာထပ်ဖြစ်တုန်းဗျ..”
“ဟေ..မင်းက ဘယ်လိုထင်တုန်း..ငါ့အစ်ကိုဆိုတာ အကြီးအကျယ် ဒေါသူပုန်ထတော့တာပေါ့ကွာ..သူလုပ်ချင်ရင် ငါ့ဖမ်းပြီး
ထောင်ထဲထည့်လို့ရတာပဲ..ဒါပေမဲ့ သူမလုပ်ပါဘူး..သွေး..သွေးပေါ့ကွာ..ညီအစ်ကို အရင်းကြီးဆိုတော့..ငါလည်း သူ့ကို
လူးလှိမ့် တောင်းပန်တော့..သူကလျှော့လိုက်တယ်..ငါ့ကို အမေရိက ကနေ ဟိုက်ဒရာဘတ်က ရုံးခွဲသေးသေးလေးကို ပို့ပစ်
ပြီး အလွဲသုံးစားလုပ်ထားတဲ့ ငွေတစ်ဝက်ကို လစာထဲက ပြန်ဖြတ်မယ်တဲ့..နှစ်ဆယ့်တစ်နှစ်ကြာအောင် ဆပ်ရမှာ..”
“ငါလည်း ထောင်မကျ ပြီးရော ပျော်ပျော်ကြီး လက်ခံလိုက်တာပေါ့..အေး…ဒါပေမဲ့..ဒီတစ်ခါ ဒေါသူပုန်ထတာက ငါ့မိန်းမ..
ဂျူလီ..ရှင့်အစ်ကိုက ဘယ့်နှယ်လုပ်လိုက်တာတုန်း..ညီအစ်ကိုအရင်းကြီးကို ဒီလောက်ရက်စက်ရလား..ဒီကုမ္ပဏီက ရှင်
လည်း ပိုင်တာပေါ့..ရှင့်ရပိုင်ခွင့်အတွက် ရှင်လုပ်ရမှာပေါ့..ဘာညာနဲ့ ..အို..စုံနေတာပဲ တို့ညီအစ်ကိုကြားသွေးထိုးတာပေါ့..”
“သူ အဲဒီလို မကြာခဏပြောလွန်း..နှဲ့လွန်းတော့ ငါလည်း ယိုင်လာတယ်ကွ..ငါ့အစ်ကိုက ငါ့အပေါ်မကောင်းဘူး..ငါ့ကျ အရိုးအရင်းလေးပဲ
ပေးတယ်..ဘာညာနဲ့တွေးမိလာတော့တာ..တစ်ရက်တော့ ဟိုက်ဒရာဘတ် က ငါ့ရုံးကို သူရောက်လာပြီး စာရင်းစစ်တော့ ငွေကွာနေတာ
တွေ..စာရင်းလိမ်ထားတာတွေ တွေ့ပါလေရော..ဟား…ဒီတစ်ချီတော့ ငါ့အစ်ကို ရုံးဝန်ထမ်းတွေရှေ့မှာကို ငါ့ကို လှိမ့်ဆဲတော့တာပဲဟေ့..
ငါ့လို ဘာမှသောက်သုံးမကျတဲ့ကောင် ကုမ္ပဏီက ထုတ်ပစ်မှ အေးမယ် ဆိုပြီး ပြောတော့တာ..”
“ငါလည်း ဝန်ထမ်းတွေရှေ့ ရစရာမရှိအောင်အပြောခံရ…ရှက်တာလည်း မပြောနဲ့တော့..အဲဒီအချိန်မှာ ငါ့အစ်ကိုကို ထိုးချင်ကြိတ်ချင်စိတ်
တောင်ပေါ်လာတယ်..စိတ်ထဲ မခံနိုင်လွန်းလို့ အိမ်ရောက်တော့ ဂျူလီ့ကို ပြောမိတော့တာပဲ..အေး..သူလည်း ငါ့အဖြစ်ကြားပြီးရော ဒေါသ
တွေ ဟုန်းဟုန်းထ လာလိုက်တာ ငါတောင် လန့်တယ်..နောက်တော့ သူက ဒေါသတကြီးနဲ့..ကိုင်း..ဒီတစ်ခါတော့ ရှင့်အစ်ကို ကို သင်ခန်း
စာပေးဖို့ အချိန်ကျပြီ တဲ့..ရှင့်အစ်ကို ကို ရှင် လက်စားမချေချင်ဘူးလားတဲ့..ငါလည်း သွေးပူနေတုန်းဆိုတော့ သွက်သွက်ကြီးခေါင်းညိတ်
လို့ အေး.. လုပ်မှာ..ချေမှာ ဘာညာပြောတာပေါ့..အဲဒီတော့ သူက ..ကောင်းတယ်..အဲဒီလိုဆို ရှင့်အစ်ကိုရဲ့ မလျှော်ရသေးတဲ့ အင်္ကျ ီက
ကြယ်သီးတစ်လုံးရယ်..သူ့ဆံပင်နည်းနည်းရယ် ကျွန်မလိုချင်တယ်..ရှင်ရအောင်လုပ်ပေတော့လို့ ဆိုတာ..ငါလည်း သူ့ဆံပင်တော့
ဘယ့်နှယ်လုပ်ရပါ့မလဲ ဆိုပြီး ပြောမိတော့ ဒါရှင့်ကိစ္စ ရှင်ဖြစ်အောင်သာလုပ် ကျန်တာ ကျွန်မလုပ်မယ်လို့ပြောတာ..ဟေး..လုပ်ပါဦး
တစ်ပက်လောက်ထည့်ပါဦးဟ..”
အဲ..ဟုတ်သား..။ကျွန်တော်လည်း သူ့တော်ကီမှာမျောနေတာနဲ့ သူ့ခွက်ကုန်နေတာ သတိမထားမိဘူး။ခပ်မြန်မြန်လေး ထည့်ပေးလိုက်တယ်။
“အဲဒီတော့..ခင်ဗျား သူ့ကြယ်သီးနဲ့ ဆံပင်ကို ဘယ်လိုရအောင်လုပ်သလဲ..”
“လွယ်ပါတယ်ကွာ..ဒီလို..မွမ်ဘိုင်းမှာ ရှိတဲ့ သူ့အိမ်ကို တစ်ရက်သွားလည်တယ်..ပြီးတော့ သူ့အလစ်မှာ လျှော်ဖို့ အဝတ်ဟောင်းခြင်း
ထဲက အကျင်္ ီတစ်ထည်ကနေ ကြယ်သီးတစ်လုံးဖြုတ်လိုက်တာပေါ့..နောက်ပြီး..သူညှပ်နေကျ ဆံပင်ညှပ်သမားကို နောက်တစ်ခါ
ငါ့အစ်ကို ဆံပင်ညှပ်ရင် သူ့ဆံပင်နည်းနည်းလောက်သိမ်းထားပေးပါလို့..တီရူပဿီမှာ ရှိတဲ့ ဗန်ကတရွှဝါရာ ဘုရား မှာ သူ့ဆံပင်
လှူပေးမလို့ ဆိုပြီး ပြောထားတာပေါ့..”
[1] Immigration and Naturalization Service
One comment
Shwe Ei
September 28, 2011 at 1:28 pm
ဒီပို့စ်နဲ့ အဆက်အသွယ်ပြတ်နေတာကြာဘီ။ အခုမှ စိတ်ဝင်တစား ဖတ်မိလို့ ရပ်လို့မရတော့ဘူးဖြစ်နေတယ်။