ဟောင်းပေမယ့် သုံးနေရဆဲ
အလုပ်ကိစ္စတွေ အဆင်မပြေဖြစ်တာများလာတာနဲ့အမျှ အလုပ်မလုပ်ချင်တာနဲ့ ကုလားထိုင်ပေါ်မှာ ထိုင်နေရင်း တောင်စဉ်းစား မြောက်စဉ်းစားနဲ့ မျက်စိရှေ့တည့်တည့်က စားပွဲကြီးကို ကြည့်နေမိတယ်။ စားပွဲကြီးက ကြီးလွန်းပြီး လေးလွန်းတယ်။ လူ ၄ ယောက်လောက်မမှ ကြွတယ်ဆိုရုံလေးဖြစ်ပြီး အခန်းအပြင်ကို ထုတ်လို့မရပါဘူး။ ကြည့်ရတာတော့ လက်သမားဆရာက အခန်းထဲမှာပဲ အဲဒီစားပွဲကြီးကို လုပ်ခဲ့တာဖြစ်ပါလိမ့်မယ်။ စားပွဲမှာပါတဲ့အမှတ်အသားအရ ကျွန်မထက် အသက်ကြီးတဲ့ စားပွဲကြီးဖြစ်နေပါတယ်။ နာဂစ်တုန်းက ခေါင်းမိုးလန်သွားလို့ တစ်ခန်းလုံး ရေကြီးသွားတာတောင်မှ မပျက်စီးပဲ ကြံ့ကြံ့ခိုင်နိုင်တဲ့ ဒီစားပွဲက တော်ရုံထုထည်တော့ မဟုတ်ပါဘူး။ စားပွဲပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းပြီး အခုတော့ ကျွန်မစားပွဲဖြစ်နေရှာတယ်။ လူနဲ့စားပွဲနဲ့မလိုက်ပေမယ့် အပြင်ထုတ်မရတဲ့ပြသနာကြောင့် ကျွန်မကပဲ အမွေဆက်ခံခဲ့ရပါတယ်။ စားပွဲပေါ်က ခပ်စုတ်စုတ်ကွန်ပျူတာနဲ့ စားပွဲနဲ့တော့ လိုက်ဖက်နေသား …အလုပ်ရှုပ်ချင်ယောင်ဆောင်ဖို့ တမင်ရှုပ်ထားတဲ့ စာရွက်ပုံတွေကလဲ စားပွဲပေါ်မှာ ဖရုံဖရဲနဲ့ … ဘိုးတော်ဘုရားလက်ထက်က တယ်လီဖုန်းကြီးကလဲ ကလင်ကလင်နဲ့ တစ်ခါတစ်လေ ထမြည်တတ်သေးတယ်။
အခန်းပတ်ပတ်လည်ကို ကြည့်မိတော့လဲ သန့်ရှင်းရေးလုပ်ထားပေမယ့် အိုဟောင်းနေတဲ့ ဇရာကိုတော့ ဖုံးဖိလို့မရရှာပါဘူး။ ဒီအခန်းလဲ ကျွန်မထက် အသက်ကြီးတယ်လေ။ အပြင်မှာအေးရင် အရမ်းအေးတတ်ပြီး အပြင်မှာ ပူနေရင် သူကလဲ လိုက်ပူတတ်တဲ့ အဲယားကွန်းအိုကြီးကတော့ ကျွန်မထက်တော့ အသက်ငယ်မှာ သေချာပါတယ်။ နာဂစ်ဒါဏ်ခံလိုက်ရတဲ့ သစ်သားဘီဒိုတွေကတော့ ရုပ်တောင်မပေါ်တော့လို့ အပျက်အစီးတွေသိမ်းတဲ့ အခန်းထဲမှာ စံမြန်းနေလေရဲ့။ အဟောင်းတွေနေရာမှာ အသစ်တွေအစားထိုးတဲ့ အစီအစဉ်မရှိလို့ အခန်းထဲမှာ ဘီဒိုမရှိတာလဲကြာပေါ့။ တိတ်ဆိတ်ငြိမ်သက်မှုကတော့ တရားရိပ်သာတောင် ကျွန်မအခန်းကို မှီနိုင်မယ်မထင်ဘူး။ အလုပ်အကြောင်းမစဉ်းစားပဲ တရားအားထုတ်နေတာပိုကောင်းမယ်လို့ အကြိမ်ကြိမ်တွေးမိခဲ့ပေမယ့် အလုပ်ကတော့ အလုပ်ပါပဲ …
အခန်းနဲ့စားပွဲတင် ဟောင်းတာလားဆိုတော့ … ပတ်ဝန်းကျင်က လူတွေလဲ အိုမင်း ဟောင်းနွမ်းနေပါတယ်။ ဇရာထောင်းနေတဲ့ ဝန်ထမ်းတွေကလဲ လှုပ်လီလှုပ်လဲ့နဲ့ စိတ်မပါလက်မပါ ရုံးဆင်းချိန်ကိုသာ မျှော်လင့်နေကြတယ်။ စာကြည့်မျက်မှန်ထူထူကြီးတွေတပ်ပြီး လျှပ်စစ်နဲ့သုံးရတဲ့ ဂဏန်းပေါင်းစက်အဟောင်းတွေနဲ့ စာရင်းစစ်နေကြတဲ့ ရုံးအုပ်အဖိုးကြီး အဖွားကြီးတွေကလဲ သူတို့ကျွမ်းကျင်ရာကို မစွန့်လွှတ်နိုင်ကြသေးဘူး။ ကွန်ပျူတာနဲ့ စာရင်းတွေကို တွက်ချက်တာ အမှားအယွင်းမရှိပါဘူးဆိုတာကို မယုံနိုင်ကြသေးတဲ့ သူတို့ရဲ့အတွေးအခေါ်အဟောင်းတွေကလဲ မှိုတွေတက်လို့ …
စိတ်ဓါတ်တွေကိုကြည့်လိုက်တော့ ဟောင်းလွန်းလို့ ဆွေးမြေ့နေပြီ။ အပြောင်းအလဲကိုမလိုလားတဲ့ အတ္တစွဲလေးတွေကိုယ်စီနဲ့ ကိုယ်မှန်တယ်ထင်တဲ့အယူကို ဆုပ်ကိုင်ထားကြဆဲ။ software နဲ့တွက်ရင် ငါးမိနစ်အတွင်း အဖြေထွက်နိုင်ပေမယ့် လက်နဲ့ချတွက်ရင် တစ်လလောက်တွက်ရတဲ့ အတွက်အချက်တွေကို လက်နဲ့မှတွက်ချင်တဲ့ ကျွန်မရဲ့ဆရာကလဲတစ်မျိုး။ ကျွန်မက ငါးမိနစ်နဲ့တွက်ပေးပြီး အဖြေထွက်ပေးထားတာကို သူကမယုံလို့ ပြန်စစ်တာ တစ်လကြာတယ်လေ။ အဲဒီတစ်လလုံးလုံး အိုဗာဒိုင်တောင်ဆင်းပြီး လုပ်ရရှာတဲ့ ဆရာ့အဖြစ်ကလဲ သနားစရာတော်တော်ကောင်းတယ်။ ကုန်ကုန်ပြောရရင် excel ကိုတောင် မသုံးတတ်တဲ့သူက ကျွန်မဆရာဖြစ်နေတော့ … calculator နဲ့ စာရွက်ပေါ်မှာ လက်နဲ့ရေးလို့ တွက်ချက်နေလိုက်တာ ဆံပင်တွေလဲဖြူလို့ …
ဆရာ့အတွေးအခေါ်တွေသိပ်ဟောင်းနေပါပြီလို့ ကျွန်မမှာ ပြောပိုင်ခွင့်မရှိပြန်ဘူးလေ။ သူအလုပ်လုပ်ခဲ့တဲ့သက်တမ်းက ကျွန်မအသက်နဲ့အတူတူပဲ။ ကျွန်မကိုတောင် သူကသင်ပေးခဲ့တဲ့ ကျွန်မဆရာလေ … အဲဒီလိုဆရာတွေ အများကြီးရှိလေရဲ့ … ဆရာနဲ့ရွယ်တူသူငယ်ချင်းတွေ ပင်စင်အသက်ပြည့်တာတောင်မှ ဝါရင့်တွေမို့လို့ သူတို့ကို ဆက်သုံးနေကြသေးတာ လက်တွေ့ပဲ။
ကျွန်မမျက်စိထဲမှာ အရာအားလုံး ဟောင်းနွမ်းနေပါတယ်။ ဒါပေမယ့် အဲဒီအဟောင်းတွေကိုပဲ သုံးနေကြရတယ် …
အဟောင်းတွေကို အသုံးပြုပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံတော်ကြီးကို ဘယ်လိုများ ချီတက်ရမှာပါလိမ့် ….
ပြေမယ့်သာပြောရတာ … ကျွန်မလဲ တော်တော်ဟောင်းနေပါပြီ …. ရှေးဟောင်းပြတိုက်ထဲရောက်ဖို့ နီးနေပြီ …. 😛
21 comments
weiwei
September 9, 2011 at 9:50 am
ကျွန်မသူငယ်ချင်းထိုင်တဲ့ ရုံးခန်းထဲမှာ နေ့တစ်ဝက်လောက် သွားထိုင်မိရင်း သူ့ကိုယ်စား တွေ့မြင်ခံစားရတဲ့အတိုင်း ရေးလိုက်တာပါ ….
nozomi
September 9, 2011 at 10:07 am
အသစ်တစ်ယောက်ကို အတွေးအခေါ်အသစ်တစ်ခု ထည့်ပေးရတာ လွယ်ပေမဲ့
စွဲနေတဲ့ အတွေးဟောင်းနဲ့လူကို အသစ်ပြောင်းရတာတော့ တော်တော်ခက်တယ် တစ်ခါတစ်ခါ ပြောင်းလို့တောင် မရဘူး
နွယ်ပင်
September 9, 2011 at 10:23 am
မဝေရေ အဟောင်းတွေနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံတော်ကြီးကို
ဘယ်လို ချီတက်နေလဲဆိုတာကို ဥပမာပြောရရင် … ဂျုံးဂျုုံးကျနေတဲ့ ဗိုက်ပူသစ်သားကားကြီးနဲ့
အမေရီကားကို ခရီးထွက်နေသလိုမျိုးပေါ့ . သွားရမယ့် ပန်းတိုင်ကိုတော့ သိပါရဲ့ သွားနေတဲ့ ကားက
ခရီးမရောက်ဘူးဆိုတာလဲ သိပါရဲ့ လဲပေးစရာကားကမရှိတော့ ဒီလိုပဲ ခရီးဆက်နေကြရတာပေါ့ ..
တစ်နေ့နေ့တော့ ရောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့လေ … 🙁
Moe Z
September 9, 2011 at 10:33 am
ရှေးဟောင်းပစ္စည်းကိုမှ တန်ဖိုးထားဈေးကြီးပေးတဲ့သူတွေရှိပါတယ် မမဝေရယ် 🙂
MaMa
September 9, 2011 at 10:41 am
ဟောင်းနွမ်းပေမယ့် မဆွေးမြေ့သေးတော့လည်း သုံးလို့ ရသလောက် သုံးနေရသေးတာပေ့ါကွယ်။ ရုပ်ဝတ္ထုကအစ အတွေးအခေါ်အဆုံး အရာရာကို ဆုပ်ကိုင်ထားတတ်ကြတာ၊ အလွယ်တကူ မစွန့်လွှတ်နိုင်ကြတာကို မြင်အောင် ရေးပြလိုက်တာ ဝေဝေရဲ့ သစ်လွင်သော အတွေးအရေးများပေ့ါနော်။ 🙂
kai
September 9, 2011 at 10:41 am
အစိုးရမှာ ဘက်ဂျက်မရှိတဲ့ ပြဿနာလို့ထင်တယ်…။
ဘက်ဂျက်ရှိရင်.. အဲဒီဝန်ထမ်းအိုတွေကို.. သင်တန်းခေါ်ပေးမယ်ပေါ့..။
ပင်စင်ပေးရင်ပေး..မပေးနိုင်သေးရင်.. ဂျောင်ထိုးလိုက်ပြီး… အဲဒီနေရာတွေကို.. ကွန်ပျူတာနားလည်တဲ့.. လူသစ်(ဂျန်နရေးရှင်းအသစ်)နဲ့.. အစားထိုးမယ်ပေါ့..။
ဆိုတော့… ဒီလိုဖြစ်နေတာတွေကို… ဘက်ဂျက်ကိုင်ရတဲ့.. ဥပဒေပြုလွှတ်တော်အမတ်မင်းများ.. သိအောင်အော်ကြရမှာပဲ..။
–
အခုတင် တီဗီကြည့်နေတာ…
ယူအက်စ်သမ္မတအိုဘားမားလည်း.. အလုပ်လက်မဲ့တွေကိုကယ်ဖို့.. လွှတ်တော်က.. ဘက်ဂျက်အတင်းတောင်းနေတာ တွေ့ရတယ်..။
လွှတ်တော်ဥက္ကဌက.. သူ့ပါတီကမဟုတ်ပဲ.. အတိုက်အခံရီပါ့ဗလစ်ကင်ကဖြစ်နေတော့က… အခြေအနေတော့ သိပ်ဟန်ပုံမရသေးဘူး..။
နိုင်ငံရေးအရ..ညစ်တွန်းလေးလုပ်ပေးလိုက်ရင်… နောက်၂၀၁၂ မှာ အိုဘားမားအပြုတ်ပဲ..
တောင်းတဲ့ငွေကလည်း… နည်းနည်းနောနောတော့မဟုတ်.. ဘီလီယံ ၄၄ရတဲ့..။ 🙂
Obama to Congress: Pass my $447 billion jobs plan now
MiamiHerald.com – 45 minutes ago
US President Barack Obama waves as he arrives to address a Joint Session at the US Capitol September 8, 2011 in Washington, DC. Obama addressed both houses of the US legislature to highlight his plan to create jobs for millions of out of work Americans …
weiwei
September 9, 2011 at 11:22 am
သိသင့်သလောက်လည်း သိကြပါတယ် ….
စားရင်းဇယားတွေအရ နိုင်ငံတော်ဘတ်ဂျက်က အနှုတ်ပြနေပါတယ်တဲ့ …
အသေးစိတ်နားမလည်တဲ့အပိုင်းမို့ မရေးချင်လို့ပါ ….
ကိုပေါက်စကားငှားသုံးရရင်တော့ အတွေးပါးပါးလေးပေါ့ … 😛
စုံ စုံ
September 9, 2011 at 11:06 am
မဝေရဲ့ပို့စ်ကိုဖတ်ပြီး ဟိုအရင် စာရင်းစစ်အဖွဲ့မှာပညာယူခဲ့ရတာကိုသွားအမှတ်ရမိတယ်
စာရင်းစစ်ဦးလေးကြီးအဒေါ်ကြီးတွေနဲ့ရုံးခန်းအိုဟောင်းဟောင်းကြီးတွေကြားမှာနေပြီး
ကွန်ပျူတာဆိုတာဘယ်မှာမှန်းမသိဘဲ စာရွက်တွေဘောပင်တွေcalculator တွေ
ကြားမှာဘဲအလုပ်လုပ်ခဲ့ရတာကိုပြန်မြင်မိတယ်
ကိုယ်တွေကလူငယ်တွေဆိုတော့ လူငယ်အမြင်နဲ့သူတို့ကိုဆွေးနွေးရင်လက်မခံနိုင်ဘူး
သူတို့အမြင်သည်သာအမှန်လို့ယူဆနေတုန်းဘဲ
အလုပ်သင်လူငယ်တွေဆွဲလိုက်တဲ့စာရင်းက မှန်မှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန်ပြီးသွားရင်လဲ
မုဒိတာမပွါးနိုင်ကြဘူးလေ 🙁 (ဒါပေမယ့်လည်းသူတို့ဆီကယူတတ်ရင်ပညာအများကြီးရပါတယ်)
Zawana
September 9, 2011 at 11:09 am
မြန်မာပြည်က ရုံးတွေရဲ့ပုံစံကို မျက်စိထဲ ကွက်ကွက် ကွင်းကွင်း မြင်လာအောင် ရေးပြတတ်တာကို ချီးကျူးပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံတော်သစ်ကို ချီတက်ဖို့ ဆိုရင် အတွေးအခေါ် သစ်လွင်တဲ့ လူငယ်တွေ စက်ပစ္စည်းတွေနဲ့ အစားထိုးမှ ဖြစ်နိုင်မှာပါ။ အခုခေတ် မြန်မာပြည်က ရုံးတွေမှာက လူ နှစ်ယောက်စာ အလုပ်ကို လူ ၁ဝ ယောက်လောက်က ဝိုင်းလုပ်နေကြသလိုပဲ။
ကြောင်ကြီး
September 9, 2011 at 11:10 am
အဲဒီ စားပွဲအဟောင်းအကြီးကြီးတွေသည် ဟိုးခေတ်က ရာထူးပါဝါကို ညွှန်တဲ့ပြယုဒ်ဗျ။ စားပွဲကြီးလေ၊ ခုံကြီးလေ ရာထူးကြီးလေပဲ။ အပြင်ထုတ်မရမဲ့အတူတူ အကြံပေးလိုက်မယ်၊ စားပွဲကြီးကို ပေါလစ်နာနာသုတ်လိုက်၊ ကိုယ်ရုပ်ကိုယ်ပြန်မြင်ရလောက်အောင် ပြောင်လက်တောက်ပြောင် သွားလိမ့်မယ်။ ဟိုးတုန်းကဆိုတော့ ကျွန်းပျဉ်းကတိုးသား ဖြစ်ဖို့များတယ်။
weiwei
September 9, 2011 at 11:33 am
စားပွဲကြီးပြောင်လက်သွားရင် တခြားအပြင်အဆင်တွေနဲ့ သဟဇာတမဖြစ်ပဲ ဖြစ်နေလိမ့်မယ် (အထူးသဖြင့် စားပွဲပိုင်ရှင်နဲ့) …. ဒီအတိုင်းပဲ ကောင်းပါတယ် …. 🙂
manawphyulay
September 9, 2011 at 11:22 am
တော်တော်ဟောင်းတဲ့ထဲက ပြတိုက်ထဲမထားပဲ။ အသုံးချရင် ရွှေတောင်ဖြစ်နိုင်တာပဲ။ သေချာ ကပ်ထားမှနဲ့တူတယ်။
etone
September 9, 2011 at 11:45 am
ရှေးခေတ်ကလူတွေက ကွန်ပျူတာ မသုံးတတ် .. ဒီခေတ်လူတွေကျတော့လည်း … calculator တောင် သေချာမသုံးတတ်တဲ့လူတွေရှိတယ် .. ဟဲဟဲ .. etone ဆို အပေါင်း အနှုတ်တောင် မနည်းပြူးကြည့်ပြီး သုံးနေရတယ် .. square တွေတင်လျှင်တော့ .. ကွန်ပျူတာထဲ ထည့်တွက်တာ ပိုလွယ်မယ် … ။ calculator သုံးခဲ့ဖူးတာ ကျောင်းတက်တုန်းက … ဒါတောင် အပေါင်းနှုတ်လောက်ပဲ သိတယ် 😛 😛
(((ကျွန်မလဲ တော်တော်ဟောင်းနေပါပြီ …. ရှေးဟောင်းပြတိုက်ထဲရောက်ဖို့ နီးနေပြီ ))) လို့ပြောပြီး …
(((ဟောင်းပေမယ့် သုံးနေရဆဲ ))) ဆိုတဲ့ ခေါင်းစဉ်ဖတ်ပြီး … ဟီးဟီး … မဝေတစ်ယောက် ဘာများပြောတာပါလိမ့်လို့ အတွေးများသွားပါတယ် … 😀
chitlay
September 9, 2011 at 2:08 pm
(အပြင်မှာအေးရင် အရမ်းအေးတတ်ပြီး အပြင်မှာ ပူနေရင် သူကလဲ လိုက်ပူတတ်တဲ့ အဲယားကွန်းအိုကြီး)
ကျွန်မတို့ရုံးက အဲယားကွန်းကြီးကိုများ စောင်းပြောနေရော့သလား … 😛
Shwe Tike Soe
September 9, 2011 at 2:21 pm
ကောင်းလိုက်တဲ့ စာသား အင်း စဉ်းစားစရာတစ်ခု ရသွားတာပေါ့
အထက်လူကြီးက ကွန်ပျူတာ မသုံးတတ်တော့ ကွန်ပျူတာသုံးတတ်တဲ့ ဝန်ထမ်းတွေက မသုံးရဘူးဆိုတော့ တော်တော် တိုးတက်အုံးမယ်.. အခွင့်အရေးမပေးတာလဲ ပါတယ်.. လူငယ်တွေကို နေရာမပေး အရေးမပေးတာလဲ ပါတယ် သူတို.သိ သူတို.တက် တွေကလဲ အများကြီး…..
အဲဒီတော့ တစ်ခုပဲပြောတော့မယ် ……. ဘာလုပ်ကြရင်ကောင်းမလဲ…
မီးမီး သော်
September 9, 2011 at 8:11 pm
အသစ်တည်ဆောက် အဟောင်းပြ ုပြင်ပါတဲ့ မမဝေရေ။သူတို ့ဆောင်ပုဒ်နော်။
ဆူး
September 9, 2011 at 8:34 pm
ဂဏန်းပေါင်းစက်နဲ့ သင်္ချာတွက်တို်င်း ဒီဂဏန်းတွေ ကွန်ပြူတာထဲ ထည့်ပြီး တွက်ရရင် ကောင်းမယ်လို့ တွေးမိတယ်။
အလုပ်မှာ ကွန်ပြူတာ လက်လှမ်းမှီတဲ့ နေရာ ရှိလည်း အဆင်သင့် ဖွင့်မထားတော့ တခါမှ မသုံးဖြစ်ဘူး။
ဂဏန်းပေါင်းစက် အားကိုးနဲ့ သင်္ချာတွက်တာလည်း တော်တော် ညံ့သွားတယ်။
ကိုပေါက်(မန္တလေး)
September 9, 2011 at 9:35 pm
စာရင်းကိုင်တစ်ယောက်နဲ့အခြေအတင်စကားပြောရဘူးပါတယ်။
နှစ်ချုပ်စာရင်းဆွဲတော့ သူတို့ရဲ့ ထရိုင်ဘဲလင့်မှာ မဖြစ်စလောက်ငွေလေး ကွာနေပါတယ်။
ကျနော်က စာရင်းးညီအောင်ညှိလိုက်ပါလား ရှာမနေနဲ့ အချိန်ကုန်တယ် အသုံးစရိတ်တစ်ခုခုပြလိုက်ပေါ့
လို့ ဝင်လျှာရှည်မိတော့
စာရင်းဆိုတာ တစ်ကျပ်တောင်မကွာရဘူးလို့ ပြန်ပက်ပါတယ်။
ကျနော်က ဒီတစ်ကျပ်တစ်ပြား မဖြစ်စလောက်လေးကွာတာကို အချိန်ကုန်ခံပြီးရှာ၊အိုဗာတိုင်ကြေးတွေကုန်၊
ပြန်တွေ့တော့လဲ ဘာများအကျိုးပိုရှိလာမလဲ လို့ပြန်မေးတာပေါ့။
အဲလိုငွေတစ်ကျပ်လောက်ကွာတာကို နေ့စဉ်အလုပ်တွေကို ရပ်ထားပြီးရှာတဲ့ခေတ်က ဒိတ်အောက်နေပြီလို့
ပြောလိုက်မိပါတယ်။
အဲလိုပြောလိုက်မိတဲ့အကျုးိကတော့ မျက်စောင်းလှလှလေးတစ်စုံလက်ဆောင်ရလိုက်တာပါဘဲ။
အဟောင်းက အတွေးဟောင်းကို အားလုံးပစ်ပယ်စရာမလိုပေမယ့် စွန့်သင့်ရင်တော့ စွန့်ရမှာအမှန်ဘဲဗျာ။
ဘယ်လိုလုပ်တာ လက်တွေ့ပိုအသုံးဝင်သလဲက အဓိကကျတယ်လို့ ထင်ပါတယ်။
parlayar46
September 9, 2011 at 10:26 pm
သိပ်မကြာသေးခင်က ကျုပ်တာဝန်ယူထားတဲ့ ငွေစာရင်းတခုမှာ ကျုပ်ပြုစုထားတဲ့စာရင်းနဲ့ စာရင်းစစ်အဖွဲ့က လုပ်ထားတဲ့စာရင်း သုံးသိန်းနီးပါး ကွာနေတယ်။ အဲဒိငွေပမာဏဟာ ကျုပ်လို ကပ်စီးကုပ်တယောက်အတွက် မနည်းလှဘူး။ ကျုပ်ကလဲ ကျုပ်မှန်တယ်ပဲထင်တယ်။ တော်တော်ပြန်ရှာ ပြန်စစ်ရမှာဖြစ်ပေမယ့် ပြန်ရှာရင်တွေ့မယ်လို့ ကျုပ်တကယ်ယုံကြည်တယ်။ ဒါပေမယ့် အချိန်ကုန် ခေါင်းရှုပ်မခံချင်တော့ဘူး။ ကျုပ်ရဲ့သဘာဝကလဲ နောက်ပြန်လှည့်ကြည့်ရတာ သဘောမကျဘူး။ ဒီတော့ တခြားဟာမှာလျှော့သုံးဖို့ဆုံးဖြတ်ပြီး စိုက်ထည့်လိုက်တယ်။
အဲဒီလုပ်ရပ်မှားလား မှန်လားတော့မသိဘူး ။ ကျုပ်စိုက်လိုက်မယ်လို့ ဆုံးဖြတ်လိုက်ကတည်းက စိတ်ထဲ ပေါ့ပြီး ရှင်းသွားတော့တယ်။
ကိုပေါက်(မန္တလေး)
September 10, 2011 at 8:31 am
အဲလောက်များများစားစား ကွာရင်တော့ ရှာမှာပေါ့။
ကျနော်ဆိုလိုတာက တစ်ထောင်လောက်ကွာတာကို
တစ်သောင်းဘိုးလောက် သုံးပြီး ပြန်ရှာတာမျိုးကို ရည်ရွယ်တာပါ။
parlayar46
September 10, 2011 at 9:34 am
ကိုပေါက်လိုပြောတာ ၆ ယောက်ရှိပြီ-
ဟုတ်တော့ ဟုတ်တယ် ။ နှစ်ပတ် သုံးပတ်လောက် အပင်ပန်းခံလိုက်ရင် ကွန်ပျူတာတလုံးဘိုးလာက် ထွက်လာမှာနော် …. 🙁