မဆုံးတဲ့….သီချင်း—၂၉
မိမာ အဆောင်ကိုရောက်သွားတော့ သိမ်းလို့ ဆည်းလို့ မပြီးနိုင်သေးဘူး..။ အဆောင်ရှေ့က ဆိုက္ကားဂိတ်က ဆိုက္ကားခေါ်ထားပြီးသားတဲ့…။ အဆောင်ရှေ့က ခုံတန်းလေးကနေ ထိုင်စောင့်နေလိုက်တယ်..။ နာရီဝက်လောက်ရှိမှာ သေတ္တာကြီး တစ်လုံးကို ပုရွက်ဆိတ် ချီသလို ကျောင်းသူလေးငါးယောက် မနိုင်မနင်း ဝိုင်းမပြီး အဆောင်ပေါ်ကနေ ဆင်းလာကြတယ်..။ အဲဒါနဲ့ နေဝန်းနီလည်း အဆောင်လှေကားရင်း ကနေ သေတ္တာကို ဆီးပြီး ယူလိုက်ရတာပေါ့..။ နေဝန်းနီ ဝင်မလိုက်တော့ ကောင်မလေးနှစ်ယောက်က ဖယ်ပေးတယ်..။ တစ်ဖက်က ကောင်မလေးသုံးယောက် မလာရတာ လျှာထွက်မတတ် ဖြစ်နေပြီ…။ အဲဒါနဲ့ သေတ္တာကြီးကို လှေကားရင်းမှာ ပဲ ချထားပြီးတော့ အဆောင်ရှေ့က ဆိုက္ကားတစ်စီးခေါ်ခိုင်းလိုက်ရပါတယ်..။ ဆိုက္ကားရောက်လာတော့ ဆိုက္ကားသမားနဲ့ နေဝန်းနီတို့ နှစ်ယောက် သေတ္တာဝိုင်းမရတော့တာပေါ့..။ သေတ္တာထဲ ဘာတွေ ပါနေသလဲတော့ မသိဘူး..။ တော်တော်တော့ လေးသား…။ ဆိုက္ကားသမားကတော့ ကျောက်ပြင် ဘယ်နှစ်ချပ်ထည့်လာခဲ့သလဲ လို့မေးတယ်..။ ဒါနဲ့ပဲ ဆိုက္ကားပေါ် သေတ္တာကြီးတင်ပြီး ဘူတာကို ထွက်ခဲ့ကြတယ်..။ ဘူတာလမ်းက ဆိုက္ကား ဝင်လို့ မရပါဘူး….။ ဒါကြောင့် လမ်းကြားတွေကနေ ပတ်ဝင်ရပါတယ်..။ ဘူတာကြီးကို ရောက်တော့ လည်း စင်္ကြန် လေး အထိ ဝင်ရသေးတယ်…။ စင်္ကြန်တစ်နဲ့ နှစ် က အဝင်စ အရှေ့ဘက်ဆုံးမှာ …။ သုံးနဲ့လေးက ဟိုးအတွင်းမှာ…။ အံမာ အဲဒိမှာ နယ်ဘူတာလေးတွေလို လက်မှတ်ရုံလေးလဲ ရှိသေးဟ…။ အင်းလေ…လော်ကယ်ရထားဆိုတော့…။ ကျောင်းပိတ်ချိန်မို့လား ပုံမှန်အတိုင်းလားတော့မသိဘူး..။ လူတော်တော်ရှုပ်တယ်..။ လူတွေကလည်း ပိုပြီးစုတ်လာတယ်..။ ဟိုဘက်က အမြန်ရထားစင်္ကြန်လို မဟုတ်ဘူး…။ ဆူလိုက်တာလည်းတစ်အားပဲ..။ ဘာသံမှ သဲသဲ ကွဲကွဲ မကြားရဘူး…။ အသံအားလုံးကိုလွမ်းထားထားတာကတော့ ရေသည်လေးတွေရဲ့အသံပဲ…။ “ ရေရမယ်….ရေ” ဆိုတဲ့အသံပဲ…။ သောက်ရေပေါပါတယ်ဆိုတဲ့ တိုင်းပြည် ……။ ဘယ်ဘူတာရောက်ရောက် ရေသည်နဲ့ မလွတ်ဘူး…။ နော့…။
အစကတော့ မိမာကို ဘူတာလိုက်ပို့ပြီးရင် ပြန်မလို့ပါပဲ…။ ဘူတာအခင်းအကျင်း ကိုကြည့်ပြီး နေဝန်းနီကော လိုက်ပို့တဲ့ သူငယ်ချင်းတွေကော.. တစ်ယောက်ထဲ မထားရစ်ခဲ့ပြန်ဘူး..။ ဒါကြောင့် ရထားထွက်တဲ့အထိ စောင့်နေပေးလိုက်တယ်…။ ရထားက သုံးနာရီထွက်တယ်သာ ပြောတယ်…။ တစ်ကယ်ထွက်သွားတော့ သုံးနာရီ လေးဆယ်မိနစ်ရှိပြီ…..။ ရထားထွက်လို့ ဘီးစလိမ့်မှပဲ လိုက်ပို့တဲ့သူတွေ အသက်ရှူ ရှောင်သွားတော့တယ်..။ အလာတုန်းက နေဝန်းနီက မိမာ သေတ္တာတင်တဲ့ ဆိုက္ကားနဲ့လိုက်လာတာလေ…။ မိမာ သူငယ်ချင်း နှစ်ယောက်က စက်ဘီးနဲ့ မိမာကို တင်နင်းလာတာ…။ ပြန်ရမှာဆိုတော့ နေဝန်းနီက ခြေလျင်ပေါ့…။ ဒါပေမဲ့ မိမာ သူငယ်ချင်းက ဇွတ်ခေါ်တာနဲ့ သူ့စက်ဘီးနဲ့လိုက်ဖြစ်တယ်..။ ယောက်ျားလေးနဲ့ မိန်းကလေးဆိုတော့ နေဝန်းနီက နင်းရတာပေါ့…။ အံမာ နာမယ်တောင်မသိဘူး..။ သူနဲ့ ပါလာတဲ့ကောင်မလေးကပြောတယ်..။
“ အဲဒိကောင် ကို နင်းခိုင်းပါ့လား အလာတုန်းကလည်း မိမာနင်းတာ နောက်ကနေထိုင်လိုက်လာတာ”
တဲ့လေ…။ အဲဒိတော့ စက်ဘီပိုင်ရှင်ကောင်မလေးက ရယ်ကျဲကျဲနဲ့…။
“ ငါနင်းမလို့ပဲဟ သူက နင်းမယ်ဆိုလို့”
နေဝန်းနီက ကြားကနေဝင်ပြောလိုက်တော့ ရယ်ကုန်ရော………
“ မလုပ်ပါနဲ့ဟာ…။ အမြင်မတော်ပါဘူး… ။မိန်းကလေး ကနင်းပြီး နောက်ကနေစီးရမှာ ငါက ရှက်တယ် တော်ကြာမြင်တဲ့သူတွေက ငါ့ ကြွက်ပျင်းလို့ ပြောနေရင် ဘယ်လိုလုပ်မလဲ”
လို့လေ…….။ နေဝန်းနီ နောက်က ကောင်မလေးက ဆက်ပြောတယ်…..။
“ ဟုတ်တယ်…။ ဟုတ်တယ်…။ တို့ အကိုက ကြွက်ပျင်းမဟုတ်ဘူး..။ ကြွက်တွင်း.”
တဲ့..။ ဟိုက်ရော….။ မလွယ်ပါ့လား ..။ ငလောင်လေးတွေ…။ ချွေးပြန်လာတော့ ကောင်မလေးကို အားနာလာတယ်..။ လေကိုဆန်ပြီးနင်းနေရတော့ အရက်ချွေးနံ့က တော်တော်ဆိုးမှာ…။ အရက်သောက်တဲ့ သက်တမ်းတစ်လျှောက် ငါလုပ်နေတာဟုတ်မှဟုတ်ရဲ့လားလို့ ပထမဆုံးတွေးမိခြင်းပဲ..။ ဟုတ်တယ်လေ…။ အရက်သောက်ပြီးရင် အရင်က ဒီလိုလျှောက်သွားနေတာမှမဟုတ်တာ…။ သွားလဲ ယောက်ျားလေးတွေနဲ့ချည့် ..။ အဲဒိတော့ အားနာရမှန်းမသိတာ အမှန်…။ တွေးကိုမတွေးဖြစ်တာ…။ ကိုယ့်ချွေးနံ့ သူများ အနှောက်အယှက်ဖြစ်မှာကို…။ အဲဒါနဲ့ စက်ဘီးကို မြန်မြန်နင်းပြိး သူတို့ အဆောင်ကို လိုက်ပို့ပြီး ကိုမြင့်ဇော်တို့ ရှိမဲ့နေရာကို ထွက်လာခဲ့တယ်…။ 36×84 လမ်းက ဘုံဆိုင်လေးလေ……..။ အစိုးရအရက်ဖြူဆိုင်လေးပါ…။
စောစောက အကြောင်း ကို ကိုမြင့်ဇော်တို့ကို ပြောမိတော့…။ ကိုမြင့်ဇော်က ပြုံးပြုံးကြီးကြည့်ပြီးတော့ ဘာပြောတယ်ထင်သလဲ?
“ အဲဒါ ဖို စိတ်ကွ..။ နေဝန်းရ မှတ်ထား….။ ယောက်ျားလေးချင်းကျတော့ အဲဒိလိုစိတ်မဖြစ်ဘူး…။ ယောက်ျားလေးချင်းပဲ…။ နံချင်နံပလေစေပေါ့..။ ဟုတ်တယ်မဟုတ်လား…။ မိန်းကလေးတွေနဲ့ကျတော့ ကိုယ့်ဆီက အနံ့ဆိုး သူ့ဆီရောက်သွားမှာကြောက်တယ်..။ အားနာတယ်ပေါ့ကွာ…။ သူအထင်သေးသွားမှာကြောက်တယ်…။ တစ်ဘက်က မိန်းကလေးက ရုပ်လှသည်ဖြစ်စေ မလှသည်ဖြစ်စေ ပေါ့ကွာ…။ လှတဲ့ ကောင်မလေးဆိုရင် ပိုလို့တောင်ဆိုးသေးတယ်…။ ယောက်ျားလေးချင်း အထင်သေးချင် သေးပလေ့စေ မိန်းကလေးက အထင်သေးမှာ ကြောက်တာ ဖို စိတ်ကွ”
တဲ့လေ…..။ ကိုမျိုးက မောင်နေတို့ တိုးတက်လာပြီ..။ ဆက်လုပ်တဲ့…။ ဘာကိုဆက်လုပ်ရမယ်မသိ
နေဝန်းနီ
4 comments
ကြောင်ကြီး
September 12, 2011 at 10:08 am
ဖိုစိတ်တွေ
ယိုဖိတ်
အပျိုရှိတ်တာ
သဘာဝ..
အဆင်ပြေရင်
နှာပွ
လူလိုတော့
အာဝါဟဝိဝါဟ..။
windtalker
September 12, 2011 at 1:31 pm
ဖိုစိတ်တွေ ကြောင့်
အပျို တွေ ့ရင်
သွားမဆိတ်လိုက်လေနဲ ့
လျှိုတိတ်စွာ ထား…။
Shwe Ei
September 12, 2011 at 1:40 pm
ဆက်လုပ်ဆိုတာ ဖွန်ကြောင်ဖို့ အရှိန်ယူခိုင်းတာဖြစ်ရမယ်။ 😀
manawphyulay
September 12, 2011 at 2:35 pm
ဒါနဲ့ အရက်က ပြတ်သွားရောလား… ပိုသောက်ဖြစ်တယ်မလား…