မှတ်မိသမျှ ဂယာ
MaMa ရေ
ကျွန်တော်တို့ ဂယာကိုသွားတုန်းက အကြောင်းလေး နည်းနည်းလောက် ပြန်ပြောပြချင်တယ်။ ကိုယ့် ပိုက်ဆံနဲ့ကိုယ်သွားတာမဟုတ်ပါဘူး။ ဟဲဟဲ ဆပွန်ဆာ ဘိုင် ယောက္ခမကြီးလင်မယားပါ။ ကျွန်တော်တို့လင်မယားက ယောက္ခမကြီးလင်မယားကို အဖေါ်အဖြစ်လိုက်ပေး ရတာပေါ့။ သွားတာက နီလာ ဘုရားဖူးအဖွဲ့နဲ့ပါ။ ကျွန်တော့် ယောက္ခထီးကြီးက လမ်းသိတ်မလျှောက်နိုင်တာနဲ့ ဂယာတစ်ခုတည်းကို တစ်ယောက် (၇) သိန်းနဲ့ ဈေးညှိပြီး သွားခဲ့တာပါ။ ပတ်စ်ပို့ရှိပြီးသားဆိုတော့ လေးသောင်းစီလျှော့ပေးပါတယ်။ ဒီကသွားတော့ နီလာ ဘုရားဖူးအဖွဲ့တွေနဲ့ လေဆိပ်မှာ ဓါတ်ပုံတွေ ဗီဒီယိုတွေ မှတ်တမ်းရိုက်ရပါတယ်။ လေဆိပ်မှာ ယောက္ခထီးကြီးအတွက် နီလာက ဝှီးချဲ ငှားပေးပါတယ်။ အခက်အခဲတစ်စုံတစ်ရာမရှိပဲ အိန္ဒိယလေကြောင်းလိုင်း လေယဉ်ပေါ်ကို တက်ခွင့်ရပါတယ်။ နေ့လယ် ၁ နာရီလောက်မှာ လေယဉ်ထွက်ပါတယ်။ ထူးခြားတာက လေယဉ်မယ် ကုလားမကြီးတွေက အသက်တော်တော်ကြီးပါတယ်။ တစ်ခြားလေကြောင်းလိုင်းတွေမှာ တော့ လေယဉ်မယ် ချောချော ငယ်ငယ်လေးတွေထားတယ် ထင်ပါတယ်။ ပြီးတော့ ကုလားမကြီးတွေဟာ ကျွန်တော်တို့ ဘုရားဖူး အဖွဲ့တွေကို သိတ်ဖေါ်ရွေတဲ့ ဟန်မပြပါဘူး။ မျက်နှာတွေကလည်း ခပ်တင်းတင်းတွေနဲ့ပါ။ လေယဉ်ပေါ်မှာ နေ့လယ်စာ ထမင်းဗူးလေးတွေ ဝေပါတယ်။ မလိုင်လုံးတစ်လုံး၊ ရေဗူးလေးတစ်ဗူး၊ ဇွန်းခက်ယင်းတစ်စုံ၊ စတီးဓါးတစ်ချောင်း ပါပါတယ်။ ဟင်းက မဆလာနံ့ နည်းနည်းသင်းတဲ့ ကြက်သား ဟင်းပါ။ အရွက်ကြော်လေးလည်းပါပါတယ်။ ပန်းကန်ပြားနဲ့ ထမင်းကို အားရပါးရ စားတတ်တဲ့ ကျွန်တော့် အတွက်တော့ တော်တော်နည်းတဲ့ ထမင်းဗူးလေးပါ။ ပြီးတော့ အအေး သို့မဟုတ် ကော်ဖီနဲ့ လက်ဖက်ရည် တိုက်ပါသေးတယ်။ လေယဉ်က သက်တောင့်သက်သာနဲ့ စီးလို့ အင်မတန် ငြိမ့်ပါတယ်။ ရာသီဥတုကလည်း နိုဝင်ဘာလကုန် ဒီဇင်ဘာ အဝင်ဆိုတော့ သာယာပါတယ်။ နှစ်နာရီလောက်စီးပြီး ဂယာလေဆိပ်ကိုရောက်ပါတယ်။ ဂယာလေဆိပ်မှာ ထိုင်း လေကြောင်းလိုင်းက လေယဉ်တစ်စီးဆိုက်နေပြီး ယိုးဒယားတွေ ဆင်းနေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ လေယဉ်ပေါ်ကဆင်းပြီး လေဆိပ်ထဲကိုဝင်လိုက်တာနဲ့ ဗုဒ္ဓ ပုံတော်နဲ့ ဖုန်းကြော်ငြာတစ်ခုကို စတွေ့ပါတယ်။ ပုံအပေါ်မှာလည်း အိမ်သာသို့ ဆိုတဲ့ စာတမ်းချိတ်ထားပါသေးတယ်။ နည်းနည်းတော့ ဖီလင်အောက်သွားပါတယ်။ ဂယာ မှာ ဗုဒ္ဓ ဘာသာကိုးကွယ်တဲ့ သူမရှိဘူးဆိုတာ ဒီပုံကြည့်တာနဲ့ လက်ခံလိုက်ရပါတယ်။ လူတွေများနေတဲ့ အတွက် တန်းစီနေရပါတယ်။ ယိုးဒယားတွေကလည်း တစ်တန်းသပ်သပ်စီနေကြပါတယ်။ တစ်နာရီလောက်ကြာတဲ့အထိ ကျွန်တော်တို့ ထွက်ခွင့်မရသေးပါဘူး။ ကျွန်တော့် ယောက္ခထီးကြီးက ဂယာလေဆိပ်က ဝှီးချဲကြီးနဲ့ပါ။ ဒါနဲ့ ကျွန်တော်လည်းလေဆိပ်က ကုလားလေးတစ်ယောက်ကို အင်္ဂလိပ်စကားမတတ်တခေါက်နဲ့ စည်းရုံးလိုက်တာ အောင်မြင်သွားပါတယ်။ ကုလားလေးက ကျွန်တော်တို့ လေးယောက် ကို သပ်သပ်ခေါ်သွားပြီး ပတ်စ်ပို့ စစ်နေတဲ့ ကောင်တာမှာ ဝှီးချဲနဲ့ ယောက္ခထီးကြီးကိုပြပြီး ကုလားလို နည်းနည်းပြောပါတယ်။ ကောင်တာက ကုလားက ကျွန်တော်တို့ ပတ်စ်ပို့တွေကို လိုအပ်တာလုပ်ပေးပြီး ထွက်ခွင့်ပြုလိုက်ပါတယ်။ ကုလားလေးကို ကျွန်တော်က လိုလိုမယ်မယ် မုန့်ဘိုးပေးရအောင်ဆောင်ထားတဲ့ ၁ ဒေါ်လာ မုန့်ဘိုးပေးလိုက်ပါတယ်။ ပထမတော့ ကုလားက အိုကေပါပဲ။ အပြင်ရောက်တော့ ၁ ဒေါ်လာလောက်ထပ်ပေးပါတောင်းတော့ ကျွန်တော့် အမျိုးသမီးက ၁ ဒေါ်လာထပ်ပေးလိုက်မှ ကျေနပ်သွားပါတယ်။
ကျွန်တော်တို့ ထွက်ခွင့်ရပေမယ့် နီလာအဖွဲ့ ထွက်ခွင့်မရသေးတာကြောင့် အပြင်မှာ ရပ်ထားတဲ့ နီလာရဲ့ကြိုဆိုရေးကားကြီးပေါ်ကို တက်ထိုင်ပြီးစောင့်နေရပါတယ်။ ရာသီဥတုက တော်တော်အေးပါတယ်။ ဂယာလေဆိပ်မှာ နှစ်နာရီ ခွဲလောက်ကြာပါတယ်။ ကားပေါ်မှာ လာကြိုတဲ့ လူတွေက ကုလားတွေပါ။ ဒရိုင်ဘာကို အင်္ဂလိပ်လိုပြောကြည့်တဲ့အခါ လုံးဝနားမလည်ပါဘူး။ ဂယာမှာ တစ်ခုသတိပြုမိတာက အင်္ဂလိပ်စကားပြောနိုင်တဲ့လူက တော်တော်ကြီးကို ပြောနိုင်ကြပါတယ်။ မပြောနိုင်တဲ့လူက toilet တောင်မသိကြပါဘူး။ stop တောင်တော်တော် ပြောယူရပါတယ်။ လေဆိပ်က ကိစ္စတွေအားလုံးပြီးလို့ ကားစထွက်တော့ မှောင်နေပါပြီ။ နီလာ က ကြို စီစဉ်ထားတဲ့ အတိုင်း မဟာဗောဓိ ဘုရားကြီးကို အရင် ဦးခိုက်ကြပါတယ်။ ကျွန်တော်တို့ကတော့ ယောက္ခမကြီးတွေ ပင်ပန်းနေပြီဆိုတာနဲ့ မလိုက်တော့ပဲ၊ ကားပေါ်က လက်အုပ်ချီကြပါတယ်။ မနက်မှ စောစော ထပြီးဘုရားဖူးမယ်ပေါ့။ ဘုရားကြီးကိုဦးခိုက်ပြီး တည်းရမယ့်နေရာ မြန်မာ ဘုန်းကြီးကျောင်းကိုရောက်တော့ မှောင်မည်းနေပါပြီ။ ဘုန်းကြီးကျောင်းဆိုပေမယ့် တော်တော်ကြီးပြီး ဘုရားဖူးတွေ သက်တောင့်သက်သာ တည်းခို်နိုင်ဖို့ စီစဉ်ထားတဲ့ သုံးထပ်တည်းခိုဆောင်ကြီးတွေပါ။ ဘုရားဖူးအဖွဲ့တွေ အားလုံး ဘုန်းကြီးကျောင်းတွေမှာ ပဲတည်းခိုဖို့ စီစဉ်ထားတာပါ။ မြန်မာနိုင်ငံကို ပြန်ရောက်သွားသလိုခံစားရပါတယ်။ တချို့အခန်းဆို အဲကွန်းတောင်ရှိပါတယ်။ ဘုန်းကြီးကျောင်းရောက်တာနဲ့ ကိုယ့်မှာပါတဲ့ ပစ္စည်းတွေစစ်ကြရပါတယ်။ နောက် တည်းဖို့ အခန်းရအောင် နီလာအဖွဲ့က တာဝန်ရှိသူတွေနဲ့ စီစဉ်ရပါတယ်။ တစ်ခန်းကိုငါးယောက်ထားတဲ့အတွက် ကျွန်တော်တို့ အခန်းမှာ ကျွန်တော်တို့ လေးယောက်အပြင် အဒေါ်ကြီးတစ်ယောက်ကိုပါ ထည့်ပေးပါတယ်။ အဒေါ်ကြီးကလည်း ခဏပဲနေပြီး အခန်းပြောင်းသွားတဲ့ အတွက် ကျွန်တော်တို့ လေးယောက်တစ်ခန်းကို အပိုင်စားရလိုက်ပါတယ်။ အခန်းထဲမှာ ကုတင်အသေး လေးလုံးကို ယှဉ်ချပေးထားပါတယ်။ နောက်တစ်လုံးကို ခြေရင်းမှာ ထားပါတယ်။ ကျွန်တော်တို့ ကတော့ လေးယောက်ဆိုတော့ ကုတင်လေးလုံးတစ်ယောက်တစ်လုံးယူပြီး ခြေရင်းကကုတင်မှာ အဝတ်အစားအိတ်တွေနဲ့ စားစရာသောက်စရာတွေ တင်ကြပါတယ်။ ရာသီဥတုက တော်တော်အေးတာနဲ့ ရေမချိုးနိုင်ကြတော့ပါဘူး။ နေစရာရတာနဲ့ ဘုန်းကြီးကျောင်းက ကျွေးတဲ့ ထမင်းကို အပြေးအလွှား သွားစားကြရပါတယ်။ ဟင်းက ကြက်သားနဲ့ ဘူးသီး ကာလသားချက်လိုချက်ထားတာပါ။ ဂယာမှာ တစ်ခုစိတ်တိုင်းကျခဲ့တာက ဘုန်းကြီးကျောင်းက ကျွေးတဲ့ ထမင်းနဲ့ဟင်းဟာ အင်မတန်စားလို့မြိန်တာပါပဲ။ ဗမာတွေပဲချက်ပြီး ဗမာတွေပဲ စီစဉ်ကျွေမွေးနေကြတာပါ။ သာဓု သာဓု သာဓု ပါဗျာ။ စားသောက်ပြီးတော့ ထုံးစံအတိုင်း ဖုန်းကဒ်ငှားလို့ရအောင်စီစဉ်ရပါတယ်။ ဂယာမှာ ဖုန်းငှားဖို့ လွယ်ပါတယ်။ ဘုန်းကြီးကျောင်းက အခန်းတစ်ခုထဲမှာ ကုလားလေးတွေက ဖုန်းကတ်လေးတွေငှားပေးပါတယ်။ ကျွန်တော်တို့ နိုင်ငံက gsm ဟန်းဆက်မှာ ထည့်သုံးလို့ရတဲ့အတွက် ဟန်းဆက်ပါသွားတဲ့ကျွန်တော့်အတွက် အဆင်ပြေသွားပါတယ်။ ဖုန်းရတာနဲ့ ရန်ကုန်မှာကျန်ခဲ့တဲ့ မိသားစုတွေကို ချောချောမောမောရောက်တဲ့အကြောင်း လှမ်းပြောရပါတယ်။ ဖုန်းခေါ်ရလည်း လွယ်ပါတယ်။ ရန်ကုန်ဖုန်းတွေလို အော်ဟစ်ပြောဘို့လည်း မလိုပါဘူး။ ဖုန်းခလည်း ဈေးသိတ်မကြီးပါဘူး။ အတိအကျတော့သတိရရင် ရေးပါ့မယ်။ အခန်းထဲမှာဘုန်းကြီးကျောင်းက ခေါင်းအုံးရယ်၊ ဆောင်ရယ်၊ ခြင်ထောင်ရယ်စီစဉ်ထားပေးပါတယ်။ မအိပ်ခင်ယောက္ခမကြီးတွေက ကော်ဖီသောက်ချင်တယ်ဆိုတာနဲ့ ကျောင်းစားသောက်ခန်းမှာ ရေနွေးသွားတောင်းပါတယ်။ လွယ်လွယ်ကူကူပဲ ရပါတယ်။ လဖက်ခြောက်ခတ်ပြီးသားလိုချင်လည်းရပါတယ်။ အဖြူသည် လိုချင်လည်းရပါတယ်။ အခန်းထဲမှာ ရန်ကုန်ကယူခဲ့တဲ့ ကော်ဖီ မစ်ထုတ်တွေဖျော်သောက်ကြပါတယ်။ ရွှေပုဇွန်မုန့်တွေလည်း ယူသွားတဲ့ အတွက် အဆင်ပြေသွားပါတယ်။ ပြီးတော့ နီလာဘုရားဖူးအဖွဲ့က ကျောင်းထိုင်ဆရာတော်ကို စုပေါင်းဂါရဝပြုကြပြီး အိပ်ယာဝင်ကြပါတယ်။
(စိတ်ဝင်စားသူရှိရင် ဆက်ရေးပါဦးမယ်)
12 comments
MaMa
September 12, 2011 at 2:09 pm
ခုလို ရေးတင်ပေးလို့ ကျေးဇူးအထူးပါ blackchaw ရေ။ ရိုက်ထားတဲ့ မြင်ကွင်းတွေက သူများတွေ ရိုက်ထားတာနဲ့ မတူပဲ အမြင်တမျိုးဆန်းတယ်နော်။ အတွေ့အကြုံတွေကို အကွက်စေ့စေ့ရေးသွားတာ စိတ်ဝင်စားစရာပါ။ ဆက်လက်တင်ပေးဖို့လည်း မျှော်လင့်နေပါတယ်။
nozomi
September 12, 2011 at 3:00 pm
ွနောက်ပို့စ် တွေ ဖတ်ချင်ပါသေးတယ် ဒီမှာ မသိသေးတာတွေ အတွေ့အကြုံသစ်တွေ ရပါတယ်
တစ်ယောက်နဲ့ တစ်ယောက် မြင်တာချင် မတူတဲ့အတွက် ဂယာအကြောင်း ရေးတာချင်း တူပေမဲ့ အသားတမျိုးထဲကို ချက်နည်းကွာလို့ စားရတဲ့ အရသာကွာသလို ဖတ်ရတဲ့အရသာလဲ ကွာပါတယ်
ကို blackchaw လဲ ဆက်ရေးပေးပါ၊ မမ ပြန်လာရင်လဲ ရေးပေးပါ
စုံ စုံ
September 12, 2011 at 3:24 pm
စိတ်ဝင်စားပါတယ် ကိုblackchaw ရေ
အခုလိုအသေးစိတ်လေးကအစရေးပေးတော့ ဗဟုသုတအစုံအလင်ရတာပေါ့
manawphyulay
September 12, 2011 at 4:29 pm
ခုမှ လေဆိပ်အထွက်ပဲရှိသေးတယ်လေ… ဆက်ရေးရဦးမှာပေါ့။ ဖတ်တဲ့သူကို လေဆိပ်မှာပဲ ထားခဲ့တော့မလို့လား။ ဘုရားဖူးလည်းခေါ်သွားဦးမှာပေါ့ရှင်
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
September 12, 2011 at 5:16 pm
ကျုပ်လဲ မသေခင်တော့တခေါက်ရောက်ဖူးချင်သဗျို့။ဂါယာလေဆိပ်ကတော့ ဆန်းကြယ်ပါလား။
hmee
September 12, 2011 at 5:38 pm
စိတ်ဝင်စားပါတယ်။ ဆောင်ရန် ရှောင်ရန်လေးတွေပါ ထည့်ရေးပေးပါဦး။ သွားမဲ့သူတွေကို ပြောပြလို့ ရတာပေါ့။
pooch
September 12, 2011 at 6:36 pm
စိတ်ဝင်စားပါတယ် ဆက်ရေးပါ။
weiwei
September 12, 2011 at 6:51 pm
ကျွန်မတို့သွားတုန်းကတော့ နဲနဲထူးခြားတယ် … အဲယားပုဂံနဲ့ သွားတာ …
ဂယာလေဆိပ်ကတော့ ရောက်ဖူးသမျှ လေဆိပ်တွေထဲမှာ အညံ့ဆုံးပဲ … ကျွန်မတို့လေယာဉ်တစ်စီးထဲ ဆိုက်ပြီး လူ ၆ဝ ပဲ ပါတာကို စစ်နေတာတောင် တစ်နာရီကျော်လောက်ကြာတယ် … ဖေဖော်ဝါရီလသွားတာ အရမ်းပူတယ် … ဂယာမြို့မှာ ၆ ည အိပ်ခဲ့ရလို့ မဟာဗောဓိစေတီကိုတော့ ဝအောင် ဖူးခဲ့ရတယ် …
ဆူး
September 12, 2011 at 8:38 pm
ဆူး ရောက်ခဲ့တုန်းကတော့ ကိုးကတ္တား ကို လေယာဉ်နဲ့ စီးပြီး ဂါယာကို ကားနဲ့ ခရီးဆက်ခဲ့ရတာပါ။
လေယာဉ်စိုက်တဲ့ အချိန်က ညဘက်ကြီး အချိန်တော့ မေ့ပြီ.. တညလုံး ကားစီးပြီး ဂါယာကို သွားခဲ့ရတာပါ။ ၁၂လပိုင်းဆိုတော့ ရာသီဥတု တော်တော် အေးနေပါပြီ။ ကားကလည်း တံခါး အလုံပိတ်တော့ မွမ်းကျပ်တယ်… အဲကွန်းဖွင့်ရင် အမြင့်ဆုံးနဲ့ မဖွင့်တာ ၂မျိုးပဲ ရှိတယ် ဆိုတော့.. ရာသီဥတု အေးအေး ကို အဲကွန်းကြီးနဲ့ ကြိတ်မှိတ်ပြီး သွားခဲ့ရတယ်။
လေယာဉ်ပေါ်မှာတော့ အခု ပြောတဲ့ အတိုင်းပဲ ဆာလီ နဲ့ ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့် ကုလားမ ဝတုတ်ကြီးတွေ လေယာဉ်မယ် လုပ်နေကြပါတယ်။
အစားအစာကတော့ ကြက်သား နဲ့ ကြက်ဥ..ဂါယာ ခရီးစဉ်က ပြန်လာတဲ့ လူတိုင်း မမြင်ချင်တော့တာ ၃မျိုး ရှိတယ်တဲ့.. ကုလား ကား ကြက်.. နေရာတိုင်းမှာ ကားတွေ ကြပ်ပြီး ကုလားပဲ မြင်ရတယ်.. ကြက်သားပဲ နေ့တိုင်း စားရတယ်။
စကျင်ကျောက်တွေ ခင်းထားလို့ ရာသီဥတု အေးတဲ့ အချိန်ဆိုရင် အခင်းမပါရင် တော်ယုံမထိုင်နိုင်ပါဘူး။
ကုသိနာရုံ မှာ မှတ်မှတ်ရရ.. တံခါးပေါက် တည့်တည့်မှာ ထိုင်မိလို့ ဘုန်းကြီးက တရားဟော.. လူက ချမ်းပြီးတုန်.. အောက်က ကျောက်ပြားကအေး.. နေရတာ တော်တော် ကို အဆင်မပြေလှဘူး။
ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ.. နောက်ထပ် လာမဲ့ အပိုင်းလေးတွေကို စိတ်ဝင်တစား စောင့်ဖတ်မယ်နော်..
ကြောင်ကြီး
September 13, 2011 at 11:16 am
ဆိတ်ဝင်စားလို့ ခြံတောင်ခတ် ထားရကြောင်းပါဖလ….။
etone
September 13, 2011 at 1:10 pm
စာရေးကောင်းလိုက်တာ ကိုယ်တကယ်ရောက်သွားသလို ကွက်ကွက်ကွင်းကွင်း မြင်မိပါတယ် … နောက်အပိုင်းတွေကိုလည်း ဆက်လက်ရေးပေးပါဦးနော် … ။
စပွန်ဆာဘိုင် ယောက္ခမနဲ့ သွားတယ်တဲ့ … အဟီး မိုက်တယ်နော် … 😀
etone တို့များ … မတော်ရသေးတဲ့ ယောက္ခမကို စပွန်ဆာ တောင်းလိုက်လို့ကတော့ … ………………………………………………………………………………………………………….. ……………………………………………. …………………………………. ……………………………………………………………. သေချာတယ် အပျိုကြီးဖြစ်မှာ 😀 😀 😀
Shwe Ei
September 13, 2011 at 2:34 pm
ဆက်ရေးပါဗျို့ အားပေးနေပါတယ်။