အမည်ခံထေရဝါဒမှ တကယ့်ထေရဝါဒဗုဒ္ဓဘာသာသို့
သင်္ဂါယနာတင်တယ်ဆိုတာ – – – – –
ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ်ဟု ယုံကြည်လက်ခံလို့ရသော တရား ဓမ္မများကို ရဟန်းသံဃာမထေရ်အများက သဘောတူ အတည်ပြု မှတ်တမ်းတင်သော အစည်းအဝေးလုပ်ငန်းဖြစ်ပါတယ်။ ဒီနေရာမှာ သဘောတူရမည့်သံဃာသည် တစ်ပါး၊ နှစ်ပါးတည်း မဟုတ်ရသလို လုပ်ပိုင်ခွင့် ရနေသော အစုအဖွဲ့ တစ်ခုတည်းလည်းမဖြစ်သင့်ပါ။ သင်္ဂါယနာတင် (အစည်းအဝေး) ပြုနေတဲ့ အချိန်အခါမှာ ရှိနေကြသော သံဃာအများ (သို့မဟုတ်) ဒီသံဃာအများက သဘောတူရွေးချယ်ထားသော သံဃာကိုယ်စားလှယ်အများစုရဲ့ သဘောတူညီသော (ဗုဒ္ဓဘုရားဟောကြားခဲ့ပါသည်ဟု လက်ခံ ယုံကြည်ရသော) တရားဓမ္မများကိုသာ အတည်းပြု မှတ်တမ်းတင်မှသာ သမာသမတ်ကျသော အစည်းအဝေး(သင်္ဂါယနာ )ဟု ဆိုရမည် ဖြစ်ပါသည်။
ထေရဝါဒဗုဒ္ဓဘာသာသင်္ဂါယနာကို မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါ ယနာနှင့် ဦးနု ( ဖဆပလ ) အစ်ိုးရလက်ထက်တွင် ဆဋ္ဌမ သင်္ဂါယနာဟု မြန်မာနိုင်ငံတွင် နှစ်ကြိမ် တင်ခဲ့ကြပါတယ်။ အဆိုပါ သင်္ဂါယနာ (၂) ကြိမ်နှင့် ပတ်သက်၍ စိစစ်ကြည့်သည့်အခါမှာ – – – – – – – – – – – -။
ပဉ္စမသင်္ဂါယနာ
မင်းတုန်းမင်းထက်တွင် ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ် (ကိုယ်သိတာမှ ဘုရားဟောအစစ်) ဟု အသီးသီးယူဆ၊ ဟောပြော၊ ရေးသားနေကြမှုကို အကြောင်းပြု၍ သင်္ဂါယနာတင်ရခြင်းဖြစ်သည်။
တင်ပုံတင်နည်းကား – – – – – – ။
ပထမဦးစွာ – – – – ၁၂၂၂ – ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁) ရက်နေ့မှ စတင်၍ မင်းတုန်မင်း၏ စီမံမှုဖြင့်
(၁) တောင်ဆောင်မိဖုရားကြီး ကိုးကွယ်သော ဦးဇာဂရာဘိဝံသဆရာတော်၊
(၂) မြတောင်မြို့စား၊ သေနတ်ဝန်ကြီးကိုးကွယ်သော ဦးနရိန္ဒာဘိဓဇ ဆရာတော်၊
(၃) စီးတော်မြင်းဝန်တိုက်ဆရာတော် ဦးသုမင်္ဂလသာမိ ဘုန်းကြီး(၃)ပါးမှ ၎င်းတို့က ဘုရားဟောဟု ယုံကြည်လက်ခံသော ပေစာများကိုသာ ကျောက်ထက်အက္ခရာ တင်စေရာ
(၁) အတွင်းဝန် ခန်းပတ်မြို့စားမင်းကြီး၊
(၂) အတွင်းဝန် ယောမြို့စားမင်းကြီး၊
(၃) ခင်မမင်းဝန် မိုင်းခိုင်းမြို့စား၊
(၄) သံတော်ဆင့်၊
(၅) အမိန့်တော်ရေးနှင့်
(၆) အသုံးစာရေး စသည့် လူပုဂိ္ဂုလ် (၆)ဦးတို့မှ ကြီးကြပ်၍ ကျောက်ထက်အက္ခရာတင်ကြရာ (၇) နှစ်၊ (၆) လနှင့် (၁၃)ရက်ခန့်အကြာ ၁၂၃၀-ခုနှစ်၊ ကဆုန်လဆန်း (၁၄)ရက်နေ့၌ ရေးထွင်းပြီးကြ၏။
ထိုကဲ့သို့ ကျောက်စာချပ်ပေါ် အခိုင်အခန့် ရေးထိုးပြီးမှသာ ကျန်ရဟန်းသံဃာတို့ကို ဖိတ်ကြား၍ ထိုကျောက်စာများပေါ်တွင် ရေးထိုးပြီးနေသော တရားများသာလျှင် ဘုရားဟောအစစ်ဖြစ်ကြောင်း (ဘုရင့်အမိန့် အာဏာ)အားကိုးဖြင့် သဘောတူအတည်ပြုခြင်းကို
ကျောက်စားထွင်းထုပြီး (၃) နှစ်ခန့် အကြာ ၁၂၃၃- ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၁) ရက်နေ့မှ စတင်၍ နှုက်ဖြင့်ရွက်ဆိုအတည်ပြုစေရာ (၅) လနှင့်၊ (၃)ရက်အကြာ ၁၂၃၃- ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၄) ရက်နေ့တွင် ပဉ္စမသင်္ဂါယနာ (အစည်းအဝေး)လုပ်ငန်းပြီးဆုံးလေ၏။
အထက်ပါ ပဉ္စမသင်္ဂါယနာ (အစည်းအဝေး) ဖြစ်စဉ်သည်
(၁) အစည်းအဝေးဆုံးဖြတ် အတည်ပြုချက်ကို အရင်ပြုလုပ်ပြီးမှ အစည်းအဝေးခေါ်ယူပြုလုပ်သည့် သဘောမျိုးဖြစ်နေသည့်အတွက် တကယ့် သမာသမတ် နည်းလမ်းမှန်သော သင်္ဂါယနာ (အစည်းအဝေး)ဟု ဆိုလို့ ရနိုင်ပါ့မလား။
(၂) ပေစာမူကွဲများကို ကျောက်စာအဖြင့် ထွင်းထုဖို့ ဗုဒ္ဓဘုရားဟောအစစ်ဟု ရွေးချယ်ခြယ်အတည်းပြုခြင်းမှာလည်း ထေရဝါဒအရ မထေရ်အများသဘောဆန္ဒမပါပဲ ဘုရင်အားကိုးဖြင့် လုပ်ပိုင်ခွင့်ရနေသော ဘုန်းကြီး (၃)ပါးရဲ့ သဘောဆန္ဒသာဖြစ်နေသည်။
(၃) ထိုပဉ္စမသင်္ဂါယနာတင်သည့်အခါတွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ လုပ်ပိုင်ခွင့်ရ ဘုန်းကြီး (၃) ပါးရဲ့ ရွေးချယ်မှုသာဖြစ်ပြီး ကျန်ထေရဝါဒနိုင်ငံများ ဖြစ်ကြသည့် ယိုးဒယား၊ သိရီလင်္ကာ၊ ကမ္ဘောဒီယားနှင့် လာအိုစသော ထေရဝါဒနိုင်ငံများမှ ရဟန်းသံဃာများသဘောထား မပါဝင်သည့်အတွက် ထေရဝါဒဗုဒ္ဓဘာသာတစ်ခုလုံးကို ကိုယ်ပြုသည့် သင်္ဂါယနာ ဖြစ်နိုင်ပါ့မလား စသည့် အချက်အလက်တို့ မှာ စဉ်းစားစရာတွေ ဖြစ်နေပေ၏။
(တကယ့်ထေရဝါဒဗုဒ္ဓဘာသာ အစစ်အမှန် ပေါ်ဖို့ လိုပေပြီ။)
ပဉ္စမသင်္ဂါယနာ (အစည်းအဝေး)အစည်းအဝေး ပြုခဲ့သည်ကို ခြုံငုံသုံသပ်ကြည်ရလျှင် မင်းတုန်းမင်းလက်ထက်၌ သုဓမ္မာဆရာတော်များက သူတို့ယုံကြည်တဲ့ ပေစာများကသာ ဘုရားဟောအစစ်၊ ပထမရွှေကျင်ဆရာတော်ကြီးလိုပုဂ္ဂိုလ်မျိုးကလည်း သူသိထားတာမှ ဘုရားဟောအစစ်ဟုဆိုသလို ဓါတ်ဆရာ ဆရာပိုလို ပုဂ္ဂိုလ်မျိုးတွေကလည်း ဘုရားဟောဆိုတာ ဒီပေစာတွေပဲဟု အသီးသီး ကိုယ့်ဟာကို ကိုယ်အမှန် ဟောပြော၊ ရေးသာနေမှုများကြောင့် ဘုရင်မျက်နှာသာပေးခြင်းခံနေရသော
ဦးဇာဂရာဘိဝံသစသော သုဓမ္မာဆရာတော် (၃) ပါးမှ သူတို့ ယုံကြည်ယူဆထားသော ပေစာတွေသာလျှင် ဗုဒ္ဓဘုရားဟောအစစ်ဟု ယူဆစေလိုသည့် (အယူစွဲ)စိတ်ထားတွေကြောင့် မထေရ်အများ သဘောဆန္ဒကို တိုင်ပင် ညိနှိုင်းခြင်းမပြုပဲ ကိုယ့်ဆန္ဒကို ဦးစားပေးသည့်လုပ်ရပ်သည် ထေရဝါဒ လမ်းစဉ် မဟုတ်လို့ တကယ့်ထေရဝါဒ သင်္ဂါယနာ (အစည်းအဝေး) လို့ ဆိုလို့ မရနိုင်ပါ။
ဇာဂရာဘိဝံသဝါဒ သင်္ဂါယနာ (သို့မဟုတ်) မင်းတုန်းမင်း သင်္ဂါယနာ ဟု ခေါ်ဆို သတ်မှတ်ထိုက်ပါတယ်။
ဆဋ္ဌသင်္ဂါယနာ
ပဉ္စမသင်္ဂါယနာနှင့် အလားတူစွာ ဦးနု (ဖဆပလ) အစိုးရ လက်ထက်တွင်လည်း ဘာသာခြားအင်္ဂလိပ်များအုပ်ချုပ်ခဲ့မှုကြောင့် ဘာသာငြိုးနွမ်းနေခြင်း၊ ပါဠိ၊ အဋ္ဌကထာမူကွဲများဖြစ်နေခြင်းစသည့် အကြောင်းပြကာ ဝန်ကြီးချုပ်ဦးနု၏ စီမံမှုဖြင့် မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်တို့မှ ကြီးမှုးကာ သင်္ဂါယနာတင်ကြလေ၏။
ထိုသင်္ဂါယနာမတင်မီ ဝန်ကြီးချုပ်ဦးနုက မြန်မာပြည်အရပ်ရပ်ရှိ ဆရာတော်တွေထံ သွားရောက်လျှောက်ထာခဲ့ရာတွင်
အမရပူရမြို့ရှိ မိုးကုတ်ဆရာတော်ကြီးအား လျှောက်ထားရာ မိုးကုတ်ဆရာတော်ကြီးမှ “သင်္ဂါယနာတင်တယ်ဆိုတာ ကိုယ်တိုင် သာသနာတည်အောင် (ဘုရားဟောကို သိအောင်) အရင်လုပ်ရတယ်”ဟု ပြောကြာလိုက်သည့် အတွက် ဦးနုမှ အလိုမကျကာ သင်္ဂါယနာတင်ပွဲတွင် မိုးကုတ်ဆရာတော်ကြီးလိုပုဂ္ဂိုလ်မျိုးတွေကို ဖိတ်ကြားခြင်း မပြုဟု သိရှိရ၏။
တောင်တွင်းကြီး ဆရာတော်ရှင်ဥက္ကဋ္ဌသို့ ဦးနုမှ လျှောက်ထားရာတွင်လည်း ဦးဥက္ကဋ္ဌမှ ဆဋ္ဌသင်္ဂါယနာကို ဘယ်ပုံ၊ ဘယ်နည်း တင်မှာလဲဟု မေးမြန်းရာ ဦးနုမှ မင်းတုန်းမင်းရေးထိုးခဲ့တဲ့ ကျောက်စာများကို ပြန်လည်ရွက်ဖတ်မှာဖြစ်ကြောင်း ပြောကြားသည့်အတွက် ဦးဥက္ကဋ္ဌက “ဒါဆိုရင် ငါတို့က ဘာလာလုပ်ရမှာလဲ၊ ဘာလို့ သင်္ဂါယနာထပ်တင်နေမှာလဲ” ဟု ပြောကြားခဲ့ကြောင်းလည်း သိရ၏။
တကယ်တော့ ဆရာတော်ဦးဥက္ကဋ္ဌသည် သမိုင်းနှံ့စပ် သိမြင်သည်မို့ မင်းတုန်းမင်းတင်ခဲ့သော ပဉ္စမသင်္ဂါယနာသည် သမာသမတ် မကျသည့်အတွက် ပဉ္စမသင်္ဂါယနာတင်ကျောက်စာများအပေါ် မထေရ်အများရဲ့ ဆန္ဒပြန်ယူကာ ထေရဝါဒနည်းလမ်းမှန် ပြန်လည်စိစစ်ရွေးချယ် အတည်ပြုစေလိုပုံရပေသည်။
သို့ရာတွင် ဝန်ကြီးချုပ်ဦးနုသည် ဗုဒ္ဓတရားအစစ်အမှန်ပေါ်ထွန်းရေးထက် သူ့ နိုင်ငံရေးဩဇာကြီးထွားစေရန် သင်္ဂါယနာတင်ပုဂ္ဂိုလ်ဖြစ်လိုနေသည်ဟု အဲဒီခေတ် သတင်းဆောင်းပါးများက ဝေဖန်နေကြတဲ့ကြားက အတင်းအကောင်အထည်ဖော်၏။
ထိုအချိန်အခါက မြန်မာပြည်သည် ထူထောင်နေဆဲကာလဖြစ်နေသည့်အတွက် တိုင်းပြည်စီးပွားရေးက ပို၍အရေးကြီးနေတာမို့ ငွေကုန်ကြေးကျများသော ဒီသင်္ဂါယနာအစီအစဉ်ကို မလုပ်သင့်သေးကြောင်း အမျှော်အမြင်ကြီးစွာ ပြောဆိုမိသော ဦးသန့်အား ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် နိုင်ငံခြားသို့ ပထုတ်လိုက်လေ၏။
မှန်ပေ၏။ ထိုဆဋ္ဌသင်္ဂါယနာ၏ ရလဒ်ကား သုံးနှစ်ကြာအောင်တင်ခဲ့ရသည်မို့ တိုင်းပြည်က ကုန်ကျမှုမှာ တန်ကြေး ရွှေကျပ်သားတစ်သိန်း (ပိဿာချိန် တစ်ထောင်)ခန့် ကုန်ခဲ့သည်ဟု သိရပေသည်။ မင်းတုန်းကျောက်စာတွေကို စာရွက်ပေါ်ပြန်ပုံနှိပ်နိုင်တာလေးအတွက် ကုန်ကျမှုမှာ မတန်တဆဖြစ်နေသည်ဟု ဆိုရပေမည်။ ဦးနု၏ နိုင်ငံရေးဩဇာကြီးထွားဖို့ အတွက် လုပ်ရပ်ကား တိုင်းပြည်နစ်နာခဲ့ကြောင်းကို သင်ခန်းစာ ယူသင့်ပေသည်။
ဝန်ကြီးချုပ်ဦးနုမှလည်း သူ့အတွက် နိုင်ငံရေးအမြတ်ထုတ်ခဲ့သလို မထေရ်အများဆန္ဒမပါပဲ မင်းတုန်းမင်းကိုးကွယ် ဘုန်းကြီး (၃)ပါးလုပ်ခဲ့သော ကျောက်စာများအပေါ် မထေရ်အများဆန္ဒရယူကာ ပြန်လည် စိစစ်ခြင်းမပြုပဲ
ပရိသတ် ဗိုလ်ပုံအလယ် မင်းတုန်းကျောက်စာများကို အလွတ်ကျက် မေးမြန်း၊ အလွတ်ကျတ် ပြောဆိုနိုင်တာကို အဓိကထားခဲ့တဲ့ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်တို့ ကြီးမှုးခဲ့သော ဆဋ္ဌသင်္ဂါယနာ (အစည်းအဝေး)သည်လည်း တကယ့်ထေရဝါဒဗုဒ္ဓဘာသာလမ်းစဉ် ဖြစ်ထိုက်ရဲ့လား။
(ပဉ္စမသင်္ဂါယနာ) ဇာဂရာဘိဝံသဝါဒ သင်္ဂါယနာ (သို့မဟုတ်) မင်းတုန်းမင်း သင်္ဂါယနာကဲ့သို့ မဟာစည်၊ မင်းကွန်းဝါဒ သင်္ဂါယနာ (သို့မဟုတ်) ဦးနု သင်္ဂါယနာဟုသာ ခေါ်ဆိုထိုက်ပေသည်။
(တကယ့်ထေရဝါဒဗုဒ္ဓဘာသာ ပျောက်ကွယ်နေပေပြီ။)
အဆိုပါ ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ကျန်ထေရဝါဒ (၄)နိုင်ငံမှ ရဟန်းများအား ပင့်ဖိတ်သော်လည်း ထိုနိုင်ငံ (၄)နိုင်ငံ၏ သဘောထားမပါခဲ့သော ပဉ္စမသင်္ဂါယနာ မင်းတုန်းကျောက်စာများကိုသာ အတည်ပြု အလွတ်ကျက် ရွတ်ဆိုတာသာ ပြုလုပ်ပြီး ကျန်ထေရဝါဒနိုင်ငံများမှ သံဃာများ သဘောထားနှင့် ညှိနှိုင်း တိုင်ပင် ပြင်ဆင် တည်းဖြတ်ခြင် မပြုသည့်အတွက် ထိုနိုင်ငံများမှ ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ဖိတ်ကြားချက်အရ တက်ရောက်ကြသော်လည်း ထေရဝါဒသင်္ဂါယနာအဖြစ် သဘောတူ အသိအမှတ်မပြုကြပါ။
ထိုကဲ့သို့ အသိအမှတ်မပြုကြောင်းကို ထေရဝါဒနိုင်ငံများထဲက ငွေကြေးတတ်နိုင်သော ထိုင်းနိုင်ငံမှ ဘုရင်ကိုယ်တိုင်ကြီးမှုကာ ထိုနိုင်ငံရှိ ရဟန်းများဖြင့် ယှဉ်ပြိုင်ထေရဝါဒသင်္ဂါယနာ ထပ်တင်ဟု သိရပေသည်။
မင်းတုန်းမင်း သင်္ဂါယနာတုန်းက သူတို့မှ မပါခဲ့တာကိုး – – – – – ။
မင်းတုန်းမင်းနှင့် အပေါင်းအပါ ဘုန်းကြီးတို့သည် ၎င်းတို့ သဘောကျသော တရားများကိုသာ ဘုရားဟောဟု လုပ်ခဲ့သလို
အားကျမခံ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ကလည်း ဘုရားဟော မဟုတ်ပါပဲနဲ့ ၎င်းတို့ သဘောကျသော အဋ္ဌကထာ (အဖွင့်ကျမ်း)တို့ကိုသာ ဦးနုအစိုးရအားကိုးဖြင့် အတည်ပြုစေကာ ဘုရားဟောနှင့် ထပ်တူပဲ၊ ဗုဒ္ဓအလိုကျပဲဟု လုပ်လိုက်ကျပြန်လေ၏။
၎င်းတို့ အသိအမြင်နှင့် မကိုက်ညီသော သဘောမကျသော အဋ္ဌကထာ (အဖွင့်ကျမ်း)တို့ကို ဘုရားဟောနှင့်မညီဟု ဆိုကြလေ၏။
ဘုရားထက်တောင် ကြီးနေကြပါတကား – – – – – ။
ထိုလုပ်ရပ်များကြောင့် ယနေ့ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာလောကတွင် မဟာစည်၊ မင်းကွန်းဝါဒသင်္ဂါယနာ (ဆဋ္ဌသင်္ဂါယနာ)တွင် အတည်ပြုခဲ့သော
အဋ္ဌကထာ (အဖွင့်ကျမ်း)တို့သာလျှင် တရားဝင်သလို ဖြစ်နေပေ၏။
တရားနည်းလမ်းကျကျ အတည်ပြုမှသာ တကယ့်တရားဝင်စစ်စစ်ဖြစ်မှာပါ။
တရားနည်းလမ်းမကျရင်တော့ ဘယ်လိုပဲ အတည်ပြုခိုင်း၊ ပြုခိုင်း တကယ့်တရားမဝင်သာ ဖြစ်နေပါလိမ့်မည်။
ယနေ့အခါ အဆိုပါ (တကယ့်တရားမဝင်) အဋ္ဌကထာများနှင့် မင်းတုန်းကျောက်စာများကို ပေတံထားပြီး ဓမ္မ၊ အဓမ္မဆိုပြီး လုပ်နေကြသည်မှာလည်း တကယ့် တရားနည်းလမ်းကျ၊ မကျဆိုသည်ကလည်း စဉ်းစားဖို့ ကောင်းပေပြီ။
ကိုင်တွယ်တဲ့ ဓမ္မပေတံ မှန်ကန် တိကျမှလည်း ဆုံးဖြတ်ချက်ဟာ သမာသမတ်ကျသည်ဟု ဆိုရပေမည်။
ပေတံလွဲနေသမျှ၊ မတိကျသမျှ ဆုံးဖြတ်ချက်များဟာလည် ဘယ်တော့မှ တရား(ဓမ္မ)အစစ် မဖြစ်နိုင်ပါ။
ဒါဆိုရင် မတရား (အဓမ္မ)များသာလျှင် ဖြစ်နေပေမည်။
ဒါကြောင့် မတိကျသည့် ပေတံများဖြင့် ပြုလုပ်နေကြသည့် အဓမ္မဝါဒ ဖော်ထုတ်နေခြင်းသည် လူဆိုးကိုယ်တိုင်က ရဲဖြစ်နေပြီး ထိုရဲမှ လူဆိုးကို လိုက်ရှာနေသလိုဖြစ်နေပေသည်။
ဒါ့ကြောင့် စစ်မှန်သည်ဟု ယုံကြည်လက်ခံလို့ ရနိုင်သော ဓမ္မပေတံ အစစ်ပေါ်ထွန်းအောင် (တကယ့်ထေရဝါဒ ပြန်လည်ပေါ်ထွန်းအောင်) ပြုလုပ်နိုင်ကြမှသာလျှင် တကယ့် ဗုဒ္ဓဓမ္မအစစ်ထွန်ကားပေမည်။
ထိုကဲ့သို့ တကယ့်ထေရဝါဒကျကျ သင်္ဂါယနာတင်ပုံ နည်းမှန် လမ်းမှန်နဲ့ မထေရ် အများဆန္ဒကို အလေးထားကာ ပြုလုပ်သော အစည်းအဝေးမျိုးဖြင့် ဓမ္မများအား အတည်ပြု ရွေးချယ်မှသာလျှင် တကယ့်ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်သည်ဟု ခေါ်ဆိုထိုက်ပေသည်။
ဒါ့ကြောင့် အမည်ခံထေရဝါဒမှ တကယ့်ထေရဝါဒဗုဒ္ဓဘာသာသို့ ဖော်ဆောင်ဖို့ လိုအပ်ပါကြောင်း နှိုးဆော်လိုက်ပါတယ် တကယ့်ထေရဝါဒီ အို – – – သူတော်ကောင်း အပေါင်းတို့ – – – – – – – -။
(တတိယသင်္ဂါယနာနှင့် စတုတ္ထသင်္ဂါယနာအကြောင်း ဆက်လက်ဖော်ပြပါဦးမည်။)
(အဓမ္မဝါဒဖော်ထုတ်ရေး ဖိတ်ခေါ်စာမူပြိုင်ပွဲဝင်ဖို့ စာမူ (post) ဖြစ်ပါသည်။)
22 comments
parlayar46
September 15, 2011 at 12:34 am
သူများနဲ့မတူအောင် ပြောဦးမယ်။
ဘာသာတရားဆိုတာ ဓါတ်ခွဲခန်းအဖြေ မဟုတ်ပါ။ သုတေသနစာတမ်း မဟုတ်ပါ။ လူကသတ်မှတ်ထားတဲ့ စံချိန်စံညွှန်း အတိုင်းအတာ အချင်အတွယ် စည်းမျဉ်းနည်းလမ်းများကို လိုက်နာလိမ့်မည်ဟု မမျှော်လင့်အပ်ပါ။ အဲဒီလိုမျှော်လင့်သူဟာ မည်သည့်ဘာသာတရားကိုမျှ သေသေချာချာ ယုံကြည်မည်မဟုတ်ပါ။ ဘာသာမဲ့ဖြစ်ပါမည်။ သို့မဟုတ် သူ့စဉ်းစားဉာဏ် သူ့သိမြင်နိုင်သလောက်ကိုသာ မှန်သည်ထင်သော ကိုယ့်ကိုယ်ကို ကိုးကွယ်သူသာဖြစ်ပါမည်။ (ဤစကားသည် အတ္တာဟိ အတ္တနော နာထော ဟူသော စကားရပ်နှင့် ဘာမျှမဆိုင်ပါ)။ ဤသို့ဖြစ်လျှင်လဲ ၎င်းကို အပြစ်ဆိုရန်မရှိပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာပေါ့…..။
ဘာသာတရားဟူသည် လူတစုစီ၏ ယုံကြည်မှု့သာဖြစ်ပါသည်။ ၎င်းယုံကြည်မှု့များကို ပူးပေါင်း၍၎င်း ညှိနှိုင်း၍၎င်း ဒီမိုကရေစီနည်းကျ ဆုံးဖြတ်လျှက် အများဆန္ဒရယူပြဌာန်းအပ်သော အများဆန္ဒအရ ပြုပြင်တည်းဖြတ်ရသော ကိစ္စမျိုးမဟုတ်ပါ။ တဦးစီကပင်လျှင် ကိုယ်ကြိုက်သလို ယုံကြည်နိုင်တာပါ။
ယနေ့မှာ ဗုဒ္ဓဝါဒဟာ ဂိုဏ်းပေါင်း အယူပေါင်းများစွာ ကွဲပြားလျှက် ရှိပြီးဖြစ်ပါသည်။ ကွဲပစေပေါ့။ အဲဒါက ဖြစ်တတ်တဲ့သဘာဝအတိုင်း ဖြစ်တာပဲ။ မဖြစ်တတ်တာတွေ ဖြစ်တာမှမဟုတ်တာ။ အဲဒီတော့ ကိုယ်က ဘယ်အစု ဘယ်ဂိုဏ်း ဘယ်ဝါဒ အထဲပါချင်သလဲ။ ကိုယ်တိုင်ဆုံးဖြတ်ရုံပါပဲ။ သူ့ဟာသူဖြစ်နေတဲ့ အစုတခု(ဥပမာ-မြန်မာပြည်၏ထေရဝါဒ) ကို ကိုယ့်သဘောနဲ့မတိုက်ဆိုင်လျှင်
အဲဒီအစုရဲ့ အပြင်ကနေပြီး-
ဒီအယူဝါဒကိုမကြိုက်ဘူး ဒီအယူဝါဒဟာမမှန်ဘူး ဟုပြောလိုက ပြောနိုင်ပါပေ၏။
သို့သော်-
အဲဒီအစုရဲ့ အတွင်းကဝင်ပြီး
ဒို့အယူကဒီမှာမှားတယ်၊ ဒို့အယူက ဒီမှာလွဲတယ်၊ ဒို့အယူကို ဒီလိုပြင်ရမယ်လို့ ပြောလျှင်တော့ အဲဒါစည်းကျော်သွားပါပြီ။
ဗုဒ္ဓဘာသာရဲ့အရင်းခံ ဘုရားဟောအစစ်ဆိုတာ သက်သေပြစရာ ဗီဒီယိုရိုက်ထားတာ အသံသွင်းထားတာမရှိပါ။
တကယ်တော့ အရှင်အာနန္ဒာ ပြန်ပြော/ပြန်ဟော/ပြန်ရွတ်ဆိုပြတာတွေဟာတောင် ဘုရားနှုတ်ထွက် လုံးစေ့ပတ်စေ့ ဖြစ်နိုင်စရာမရှိပါ။ ဘုရား ၄၅ ဝါလုံးဟောသမျှ အတိအကျ ပြန်ပြောရင် သင်္ဂါယနာတင်တာ ၄၅ နှစ်ပြန်ကြာမှာပေါ့။ တကယ်တော့ ဒါ့ထက်တောင်ပိုကြာမှာပေါ့။ အရှင်အာနန္ဒာမထေရ်မြတ်ကြီးက သူမှတ်မိတာကို သူနားလည်တဲ့အတိုင်း အတိုချုပ် ပြန်ပြောပြတာကနေ ပထမသင်္ဂါယနာမူ ဆိုတာဖြစ်လာတာပါ။ အဲဒါ နှစ် နှစ်ထောင့်ငါးရာကြာပြီးမှ မူပေါင်း အရာအထောင်ကွဲပြီးမှ ဘယ်ဟာဘုရားဟောဖြစ်တယ် လို့ အပေါ်စီးကမပြောထိုက်ပါ။ ဘယ်ဟာဒို့ယုံကြည်တဲ့ဘုရားဟော – လို့ပဲ ပြောထိုက်တာပါ။ ကြိုက်တဲ့အစုက ကြိုက်သလိုယုံကြတဲ့အခါ သူတို့ယုံကြည်တဲ့ ဘုရားဟောအသီးသီး ရှိပါလိမ့်မယ်။
ထေရဝါဒဆိုရာမှာ မြန်မာပြည်ကလက်ခံတာရယ် အခြားထေရဝါဒလေးနိုင်ငံက လက်ခံတာရယ် ဆိုပြီး နှစ်မျိုးထဲကွဲနေတယ်ထင်ကြပါသလား။ အခြားထေရဝါဒလေးနိုင်ငံက လက်ခံတာဟာ အညီအညွတ် တမူထဲလို့များ ထင်ကြပါသလား။ ကျုပ်တော့ (ဖတ်ဘူးကြားဘူးတာကိုထားလို့) ထင်တာတခုထဲပြောရရင်တောင် –
ထေရဝါဒနိုင်ငံအသီးသီးမှာကို အယူအမျိုးမျိုး မူအမျိုးမျိုး ရှိနေနိုင်ပါတယ်။ ထေရဝါဒရဲ့ ဇတ်လိုက်ကျော် သီရိလင်္ကာကို ရောက်ဘူး လေ့လာဘူးသူများ ဝင်ပြောသင့်ပါတယ်။
မြန်မာပြည်ရဲ့ သင်္ဂါယနာ ၂ကြိမ်ပါ ကျမ်းစာများကိုစီစစ်ခြင်း၊ ဝေဖန်သန့်စင်ခြင်းများကို ရဟန်းပညာရှိလူပညာရှိများ ပြုလုပ်ခဲ့ပြီးကြသည်မှာ များလှပါပြီ။ ဘယ်သူမှတော့ ကိုယ့်ကိုယ်ကို ဘုရားလုပ်ပြီး “ဗုဒ္ဓဓမ္မအစစ်က အဲဒါတွေမဟုတ်ဘူး ငါပြောမယ့်ဟာတွေကွ” လို့ ပြောဆိုရေးသားကြတာ မတွေ့ဘူးသေးပါကြောင်း။
koyo
September 16, 2011 at 3:03 pm
ဘာဖြစ်ချင်ကြလို့ ဘာကိုပြောနေကြတာလဲ။ သူ့ဂိုဏ်း၊ ကိုယ့်ဂိုဏ်း၊ သူ့ဘုရား၊ ကိုယ့်ဘုရားဆိုပြီး
ဘာဖြစ်လို့ ဘုရားလုနေကြတာပါလိမ့်နော်။ ကမ္ဘာပေါ်က ရှိရှိသမျှဘုရားတွေကိုပယ်လိုက်ကြရ
အောင်။ လူကိုဗဟိုပြုတဲ့ လူ့ငြိမ်းချမ်းရေး အတွေးအမြင်တွေကိုပဲ ဖော်ထုတ်တာကိုလုပ်ကြဖို့ကောင်းပြီ။
lionking
September 16, 2011 at 4:14 pm
အမှန်တော့ koyoရေ ဘုရားတွေကို မျှော်စင်ကျွန်းပို့ပြီး တွေ့ဆုံဆွေးနွေးစေတာက ကောင်းမယ် ထင်တယ်ဗျ။
kai
September 15, 2011 at 12:51 am
ဆက်ဖတ်နေပါ့မယ်..။
အင်္ဂလိပ်တွေနဲ့..တရုတ်တွေက.. မှတ်တမ်းတင်တတ်ကြတဲ့ လူမျိုးတွေဖြစ်တာမို့.. သူတို့စာတွေကိုးကားနိုင်ရင် ပိုကောင်းမယ်ထင်မိပါတယ်..။
ပညာရှင်ဆန်စွာ.. အစွဲမကပ်ပဲ.. အထောက်အထားကျမ်းကိုး.. (ရနိုင်သလောက်) ပြသ..ညွှန်းဆို..ရေးစေလိုပါကြောင်း..။
lionking
September 16, 2011 at 3:39 pm
အထောက်အထားကျမ်ကိုး ကိုးမှပညာရှင်ဆန်သလား။ မကိုးရင်ပညာရှင်မဆန်တော့ဘူးလား။ တဆိတ်လောက်မေးပါရစေ။ သိဒ္ဓတ္ထဂေါတမ ပညာရှင်ဟုတ်ရဲ့လားဆိုတာကိုပေါ့။ ကျမ်းကိုးကျမ်ကားပြုတိုင်းပညာရှင်ဆန်တယ်ဆိုတာ မဟုတ်ပါဘူး။ လူသေလူဖြစ်ဝါဒါနုဝါဒကို နိုင်ငံ တော်သံဃာ့မဟာနာယကက ဆုံးဖြတ်တုန်းက ကျမ်ကိုးကျမ်ကား တွေအဖြစ် ပါဠိတော်တွေ သမိုင်းအထောက်အထားတွေပြကြပေမယ့် ဘယ်သူ ကမှ ပညာရှင်လို့ မသတ်မှတ်တဲ့အပြင် ကြောက်စရာလန့်စရာအဖြစ်တောင် ထင်လိုက်ကြပါသေး ရောလား။ သူ့တပည့်တွေကပဲ လက်ခံနိုင်ကြတာမဟုတ်လား။ တကယ်တော့ လုပ်နေ ပြောနေ ပြုနေတဲ့လုပ်ရပ်တွေဟာ လူတွေနဲ့ အံဝင်ခွင်ကျတယ်လို့ လူတွေသုံးသပ်နိုင်အောင် ပြောတာတွေဟာ လူအတွက်ဖြစ်တယ်လို့ သိရင် ဘာကျမ်းကိုးမှ မလိုသလို ဘာဘုရားမှလည်း သက်သေလိုက်ခိုင်းဖို့မလိုပါဘူး။ ဒီအတိုင်းတာဆိုရင် ကမ္ဘာကြီးသာ ပျက်သွားမယ် ကျမ်းကိုးလို့မဆုံး ဖြစ်နေတော့ မပေါ့ဗျာ။
realman
September 23, 2011 at 8:11 pm
ကျေးဇူးပါပဲ kai ။ post လေးနေမှာစိုးလို့ ကျမ်းတွေ မကိုးတော့တာပါ။ ကျမ်းတွေကပြောမှ လက်ခံတာထက် ဖြစ်နေတဲ့ဖြစ်စဉ်တွေပေါ်မှာ ကိုယ်တိုင် ဝေဖန်မိနိုင်ကြဖို့နဲ့ တစ်ဖတ်သတ်ပြောဆို ရေးသားကြတာတွေနဲ့တင် တင်းတိမ်မနေပဲ အသိဉာဏ်တွေနိုးကြားလာစေဖို့ကိုပဲ အဓိကရည်ရွယ်တာပါ။
True Answer
September 15, 2011 at 8:27 am
ပဉ္စမ နဲ့ ဆဌမ သင်္ဂါယနာကို မယုံကြည်ပါက စတုတ္ထသင်္ဂါယနာ ပါဠိတော်-အင်္ဂလိပ်ဘာသာပြန်များ အင်တာနက်တွင် အကုန်ရှိပါသည်။ အင်္ဂလိပ်လို နားလည်ပါက တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။
အဖြူအမဲ ဆန့်ကျင်ဘက်အနေအထား ကွဲလွဲနေမှု လုံးဝ မတွေ့ရပါ။ တွေ့ရှိပါက မြန်မာလိုနှင့် အင်္ဂလိပ်လို ယှဉ်တွဲဖော်ပြပေးပါ။
http://www.accesstoinsight.org/
http://www.palitext.com/
http://www.tipitaka.org/
သဒ္ဓါလွန်တော့ ကွန့်သည်။
ပညာလွန်တော့ ကောက်ကျစ်သည်။ (ပညာလွန် = too much knowledge)
Without honesty, Without right understanding. (Sayadaw U Jotica)
ရိုးသားမှုသည် အမှန်တရားကို သိနားလည်ဖို့ အတွက် အဓိကအကြောင်းတရားဖြစ်သည်။
lionking
September 16, 2011 at 3:55 pm
ပါဠိတော်ကို အင်္ဂလိပ်လိုရေးတာနဲ့ မြန်မာလိုရေးတာပဲကွာတာပါ ။ အားလုံးကတော့ အတူတူနဲ့ အနူနူပါပဲ။ ဘာတဲ့ ကုလားကြီးနဲ့ အရာကြီး ဆိုတာလိုမျိုးပါပဲ။ နိုင်ငံတော်သံဃမဟာနာယကဘုန်း တော်ကြီးတွေ ရဟန်းနဲ့ ဒကာမ အတူတကွဆက်ဆံပေါင်းသင်းမေထုန်မှီဝဲမိလို့ စစ်ဆေးတဲ့အခါကြတော့ အမျိုးသမီးအင်္ဂါဇာတ်က ထွက်တဲ့ သွေးကို(ရာသီသွေး) အညစ်အကြေးလို့သုံးမိရေးမိလို့ အညစ်အကြေးဟာသွေးမဟုတ်ဘူး သွေးဟာလည်း အညစ်အကြေးမဟုတ်ဘူးဆိုပြီးငြင်းကြခုန်ကြ ဖြစ်ကြသတဲ့။ အဲသလောက် အတာလို့ပြောရင် နာဦးမယ်။ ဒီတော့ ပါဠိတော်ကိုဘယ်ဘာသာနဲ့ရေးရေး ရေးချင်သလိုရေး တင်ခဲ့ပြီးတဲ့ သင်္ဂါယနာ အတိုင်းဆိုရင်တော့ မြင့်မိုရ်တောင်ရှာသလိုမျိုး ယုန်ကိုချိုရှာသလိုမျိုး လိပ်ကိုအမွေးရှာသလိုမျိုး ပုဇွန်ကိုမှသွေးရှာသလိုမျိုး ချေးကိုတတောင့်ထွာလည်းဖြစ်ရမယ် အခေါင်းလည်းပွာရမယ် ဆိုတာမျိုးလို ဖြစ်နေတော့မပေါ့ဗျာ။ ဟား …ဟား…ဟား။
Realone
September 15, 2011 at 10:25 am
စာပေအထောက်အထား သမိုင်းအထောက်အထားတွေ ဘယ်လောက်ကိုးကိုးပါ ……
အဲဒီ သမိုင်းအထောက်အထားတွေကကော ဘယ်လောက်ခိုင်မာလို့လဲ … ဘယ်လောက် တိကျမှာလဲ …
သမိုင်းဆိုတာ အမှန်လဲ ဖြစ်နိုင်သလို အမှားလဲ မဖြစ်ဘူးလို့မပြောနိုင်ပါဘူး ….
realman က ကိုယ်ထောက်ပြတဲ့သမိုင်းမှ အမှန်လို့ တထစ်ချမဖြစ်စေချင်ပါဘူး …
ဘယ်ဘာသာ ဘယ်ဝါဒမဆို အားလုံးမှာ မတူကွဲပြားတဲ့ အယူအဆပေါင်းများစွာ ရှိပါတယ် …
အားလုံး တူညီအောင် တသားတည်း လုပ်ဖို့ဆိုုတာ မဖြစ်နိုင်ပါဘူး …
ကွဲပြားပါစေ … ဒါသဘာဝပါ … အဲဒီ မတူကွဲပြားတာကတည်းက တူညီတာ တစ်ခုပါစမြဲပါ …
အဲဒါ ကိလေသာငြိမ်းမှုကို ဦးတည်နေတာပါပဲ …. ဦးတည်ရာကို သွားတဲ့လမ်းတွေကတော့ အမျိုးမျိုး
ရှိစမြဲမို့ တမျိုးတည်းဖြစ်စေခြင်းဟာ မိုက်မဲရာကြပါတယ် …. သမိုင်းအထောက်အထားတို့ အတွေးအခေါ် လေးနဲ့တော့ ကိုယ်တင်ပြတာ အမှန်လို့တစ်ထစ်ချ မသုံးသပ်စေချင်ပါဘူး …
အသိနဲ့ အကျင့် တစ်ထပ်တည်းကျလာရင် ကိလေသာပါးမှု ကုန်မှုဟာ ဖြစ်လာစမြဲပါပဲ …
မိုးကုုတ်ဆရာတော်ကြီး … မဟာစည်ဆရာတော်တို့ ဟောတဲ့တရားမှာ ကိလေသာငြိမ်းမှုကိုသာ
စောင်းပေးထားတာ …. ပွားစည်းကြောင်းတွေ မပါပါဘူး …. အနတ္တပါတယ် …. သစ္စာပါတယ် …. ဒါလိုရင်း အချုပ်ပဲလေ … သမုတိသစ္စာ ပရမတ္ထသစ္စာ အရိယာသစ္စာ ဆိုပြီး အားလုံးကို ကွဲကွဲပြားပြား သိစေတာပါပဲ … ထေရဝါဒမှာက အစကတည်းက အရိယာသစ္စာ ရှိပြီးသားပါ … ပရမတ္ထတစ်ခုတည်း ကျင့်သုံးတာမဟုတ်ပါဘူး … ပရမတ္ထက အရိယာသစ္စာကို သိမြင်ရေး အခြေခံပါပဲ ….
ဒါကြောင့် သင့်ရဲ့ ထေရဝါဒပရမတ္ထသစ္စာ အစွဲစွပ်စွဲချက်ကို စွန့်မှသာ ထေရဝါဒ အနှစ်အသားကို သိမြင် နိုင်မှာပါ … မိုးကုတ်ဆရာတော် မဟာစည်ဆရာတော် စသည့် ထူးခြားသည့်ဆရာတော်အပေါင်း ဟာ အရိယာသစ္စာပေါက်ပြီးသူများဖြစ်ကြောင်း ပရမတ္ထသက်သက်ဝါဒီတွေ မဟုတ်ကြောင်း သင်သဘော ပေါက်လာပါလိမ့်မယ် …
realman
October 1, 2011 at 8:29 pm
Realone ခင်ဗျာ သမိုင်းကိုလေ့လာတဲ့အခါမှာနှိုင်းယှဉ်လေ့လာကြဖို့အတွက်ကရေးကြီးပါတယ်။ ပရမတ္တသစ္စာတွေလေ့လာတိုင်းသာ တရားပေါက်ရမယ်ဆိုရင် အိန္ဒိယက ဆာဒူးတွေ ဟာရဟန္တာတွေဖြစ်နေကြမှာပေါ့။ သူတို့လည်းဒီပရမတ်တွေ လုပ်နေကြတာပဲ။ ဒီပရမတ်သစ္စာ သာ ဗုဒ္ဓရဲ့တရားပဲဆိုရင် ဗုဒ္ဓသူကိုယ်တိုင်ရှာတွေ့တာမဟုတ်ဘူး ဖြစ်သွားပါလိမ့်မယ်။ ဒီပရမတ်တရားတွေက ဗုဒ္ဓမပွင့်ခင်ကတည်းရှိနေပြီးသာပဲ။ ဗုဒ္ဓက ပဋိစ္စသမုပါ္ပဒ်ကို အခြေခံပြီး အရိယသစ္စာလေးပါးကို ကိုယ်တိုင်တွေ့သွားတာပါ။ ဒါ့ကြောင့် ဗုဒ္ဓရဲ့အရိယသစ္စာလေးပါးကို ပရမတ်တွေနဲ့ ရောမချလိုက်ပါနဲ့လို့ သုတေသီပညာရှင်တွေက ပြောနေကြတာဖြစ်မှာပါ။။ ထပ်ပြီး သမိုင်းဆရာတစ်ချို့ကလည်း ဒီပရမတ်သဘောကို ဇောင်းပေးတဲ့ တရားတွေဟာ ဗုဒ္ဓဘာသာထဲကို ဟိန္ဒူတို့၊ ဂျိန်းတို့ဆီကနေ နောက်မှ ဝင်လာတာလို့ သုံးသပ်ကြတာပေါ့။ ( မိုးကုုတ်ဆရာတော်ကြီး … မဟာစည်ဆရာတော်တို့ ဟောတဲ့တရားမှာ ကိလေသာငြိမ်းမှုကိုသာ
စောင်းပေးထားတာ ) ဆိုတော့ အိန္ဒိယက ဆာဒူးတွေလည်း ကိလေသာပွားဖို့ လုပ်နေတယ်များထင်နေသလား။ သူတို့လည်း ကိလေသာငြိမ်းဖို့ လုပ်နေကြတာပဲ။ နှိုင်းယှဉ်ကြပါ။ ကိလေသာဆိုတာဘာဟာလဲ၊ ဘယ်ကို ရှုမှကိလေသာငြ်ိမ်းမှာလည်း၊ အဲဒါ post တစ်ခု ရေးလိုက်ပါဦးမယ်။ အဲဒီကျမှ စိတ်ဝင်စားရင် အကျယ်ဆွေးနွေးကြတာပေါ့။ ဘာဟာမှန်တယ်၊ မှားတယ်ဆိုတာထက် နှိုင်ယှဉ်လေ့လာပြီး ဘာဟာဖြစ်သင့်တယ်ဆိုတာ စာအုပ်တွေမှာ လမ်းမဆုံးပဲ ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်ကြည့်ပေါ့ဗျာ။
မီးမီး သော်
September 15, 2011 at 2:39 pm
ဝင်ရောက်ဆွေးနွေးဖို ့ရာဉာဏ်မမီပေမယ့်။တတ်နိုင်သလောက်တော့ စောင့်ဖတ်ပေါ့မယ်။ဘယ်လို ဖြစ်ဖြစ်ကောင်းပါတယ်။များများရေးပေးပါ။
ရင်နင့်
September 15, 2011 at 11:15 pm
ခရစ်ယာန်ဘက်ဘဲပြောင်းရင်ကောင်းမလား ဘာသာမဲ့ဘဲလုပ်ရင်ကောင်းမလားမသိဘူး
ခရစ်ယာန်ဘက်ကိုလေ့လာလိုက်ဦးမယ်
mggwa
September 17, 2011 at 6:13 pm
ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်တွေဟာ ကိုးကွယ် ယုံကြည်ဖို့အတွက် မဟုတ်ဘူး။ လူသားတွေအားလုံးနဲ့ သက်ဆိုင်တဲ့၊ မည်သူမဆို ကျင့်သုံးလို့ရတဲ့ လူ့ငြိမ်းအေးမှု လမ်းစဉ်တွေပဲ။ ဗုဒ္ဓမရှိတော့တဲ့နောက် အစွဲကြီးတဲ့ တပည့်တစ်ချို့က ဗုဒ္ဓရဲ့လမ်းညွှန်ဓမ္မ(ပညာရပ်)တွေကို အပိုင်သိမ်းပြီး ကိုးကွယ်၊ ယုံကြည်ရမယ့် ဘာသာအဆင့်အတန်းရောက်အောင် လုပ်ပစ်လိုက်ကြတော့ တကယ့် အဖိုးတန်အသိပညာရပ်တွေဟာ နတ်ကိုးကွယ်မှုသာသာလောက်ဖြစ်သွားတာ။ ဒါဟာ realman ရေးသလို အစွန်းရောက်ဘာသာရေးသမားတွေရဲ့လက်ချက်ပဲ။ ဘာသာရေးပုံစံဖြစ်သွားတော့ ပြောတာကို ယုံရမယ်ဆိုပြီး ဘာမှ မစိစစ်ရဲတော့ဘူး။ မယုံရင် ငရဲကြီးမှာဆိုတော့ ကြောက်ကြတာပေါ့။ တကယ်တော့ ဘာသာရေးပုံစံတွေဟာ လူတွေရဲ့ အသိဉာဏ်တွေကို ပိတ်နေစေပါတယ်။ ကဲ ရင်နင့်ရေ ဘာသာရေးပုံစံတွေကနေ ကျော်နိုင်အောင်ကြိုးစားကြဖို့ မကောင်းလား။
JUDGEMENT
September 16, 2011 at 8:32 am
သိပ်ကောင်းတယ်ဗျာ။ဘာပဲဖြစ်ဖြစ် ဒီနေ့လူငယ်တွေထဲမှာ ဒီလိုဘာသာရေးနှင့်ပါတ်သတ်ပြီး
တိတိကျကျပြောနေသူတွေပေါ်လာတာကို Welcome ပါ။
မှားချင်လဲမှားမယ် ၊ မှန်ချင်လဲမှန်မယ်။ဒါက ကိုယ့်အမြင်ကို တင်ပြတာပဲ စောင့်ဖတ်မယ်ဗျာ။
ယုံတဲ့သူက ချင့်ယုံပေါ့။စဉ်းစားပေါ့။ ကျုပ်တို့လူမျိုးက တရားတော်နဲ့ပါတ်သတ်လာရင်
ဆက်မတွေးရဲတော့ဘူး ။ အရင်ဟာတွေမှန်တယ်ပဲပြောကြတာ ။ဒါက ဘာသာရေးလေ။တွေးရမှာ ။
ရင်နင့်ပြောတာလေးကို သတိပြုနော်။ လွတ်လပ်စွာပြောနိုင်တဲ့နေရာမှာ သိပ်တန်ဖိုးရှိတယ်။
ကြိုက်တယ်ရင်နင့်ရေ ။ အမြင်တွေကို လွပ်လပ်မှန်ကန်စွာဖွင့်ချပါ။
realman ရေ။
ရဲဘော် ဆက်လုပ် ။ Good Idea For ထေရဝါဒ ။
maungmoenyo
September 19, 2011 at 7:32 am
ဧဟိပဿိကော၊ ဩပါနေရိကော..တဲ့။ လေ့လာကြည့်ကြပါ။ ငါပြောတာကိုမယုံနဲ့ …ကျင့်လှည့်ကြံလှည့်လောတဲ့…ဒါကဂေါတမရဲ့ ဆိုခဲ့တဲ့စကား…သုတ္တာန်လာစကားမို့ ရှင်ကဿဖ လက်ထက် ပဌမသဃာင်္ယနာ ကစပြီးမူးပြောင်းမယ်မထင်ပါဘူး။ ရှေးရိုးစဉ်လာမိရိုးဖလာဗုဒ္ဓအယူ တွေကလည်း အလွဲကြီးလွဲနေကြတဲ့ ကိစ္စတွေအများကြီးရောပြွန်းနေပါတယ်။
သဃာင်္ယနာတင်ကြသူတွေအဆက်ဆက်က ရာဇဝင်ဆရာတွေနဲ့ မခြားပါဘူး။ ဘယ်သူတွေပါဝင်ဆွေးနွေးကြသလဲ၊ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြသလဲ။ အဲ့ဒီအပေါ်မူတည်ပါတယ်။ တင်ခဲ့သမျှ သဃာင်္ယနာတွေက ကိုယ်ပရိဿတ်နဲ့ကိုယ့်ဇာတ်ဆရာနဲ့ ဖြစ်ခဲ့တာမို့…flawless မဟုတ်တာတော့သေခြာပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ scholars တွေကိုရောပါဝင်ခွင့်ပြုသလား။………… မထင်။
ဘယ်လိုဘဲဖြစ်ဖြစ် ဆွေးနွေးကြတယ်ဆိုရင်ဘဲ…တော်သေးတာပေါ့နော…။
မိုက်ကယ်ဂျော်နီအောင်ပု
September 23, 2011 at 9:35 pm
မြတ်စွာဘုရားရှင် ပွင့်တော်မမူစဉ်က အယူလွဲတာက တစ်မျိုး ( သူဘုရားငါဘုရား )
မြတ်စွာဘုရားရှင် ပွင့်တော်မူပြီး ထိုမြတ်စွာဘုရားရှင်တော်(တရား)ကို ယုံကြည်သူ မယုံကြည်သူ တစ်မျိုး
မြတ်စွာဘုရားရှင် လွန်တော်မူပြီး ထိုမြတ်စွာဘုရားရှင်တော်ကိုမယုံကြည်သူ တစ်မျိုး (ဒါက အလွတ်ဖြစ်သွားပြီ)
မြတ်စွာဘုရားရှင် လွန်တော်မူပြီး ထိုမြတ်စွာဘုရားရှင်တော်(တရား)ကိုယုံကြည်သူတွေမှာ
ထို တရားတော်ကို ကွဲလွဲနေကြ သည်က တစ်မျိုး
ဒါက အခု ခင်ဗျားတို့ဖြစ်အင်
ဆိုတော့ကာ
လိုင်းကွဲသွားတဲ့ မယုံကြည်သူတွေ ကိုတော့ မပြောလိုတော့ပါဘူး
ယုံကြည်တယ် သို့သော် ဒါမြတ်စွာဘုရားဟောတရားတော်ဟုတ်တယ် မဟုတ်ဘူး ဒီလိုငြင်းခုန်ကြတယ်
သေခြာတာကတော့ ထိုမြတ်စွာဘုရားရှင်ကို ယုံကြည်တာခြင်းတူတယ် ဒီလိုလား ကျုပ်ကို လာဝါးမပြနဲ့
ဘယ်သော မြတ်စွာဘုရားရှင်ဟောတော်မူသော တရားတော်ကို လက္ခံလို့
ခင်ဗျားတို့ မြတ်စွာဘုရားရှင်တော်ကို ယုံကြည်ကြတာလည်း
မြတ်စွာဘုရားရှင်တော်ကို လုံးလုံးမယုံသေးဘူး လေ့လာနေတာ ဒီလိုလား
ဘုမသိဘမသိ ဘုရားထိဓါးကြည့် အဲ့သည်သတ္တဝါတွေ နားထား
ကျုပ် အထူးဆိုလိုတာက ဘယ်ဟာက မြတ်စွာဘုရားဟော တရားဟုတ်တယ် မဟုတ်ဘူးဆိုတာ အသာထား
ခင်ဗျားတို့ ဘယ်သော မြတ်စွာဘုရားဟောသောတရားတော်ကို ယုံကြည်ပြီး
မြတ်စွာဘုရားကို ယုံကြည်တာလည်း
ဘာဖြစ်လို့ ကျုပ်ကဒီမေးခွန်းကိုမေးရတာလည်းဆိုတော့
ဒီထည်းမှာ ဟိုကျမ်းကိုးဒီကျမ်းကိုးနဲ့ နောက်ဆုံး မြတ်စွာဘုရားကိုမယုံဘူးလို့လိုင်းပြောင်းနေသလိုလို
ကျမ်းကိုပြိုင်နေကြသလို ဖြစ်နေတယ်လို့တော့ ကျုပ်ကထင်တာဘဲ
ဒါ့ကြောင့် ခင်ဗျားတို့ကို ကျုပ်ကပြတ်ပြတ်သားသားမေးနေတာ
ခုခင်ဗျားတို့က ကိုယ်ယုံကြည်တဲ့ တရားဘက်ကနေ ဖြေရှင်းနေတာလား
ဒါမှမဟုတ် ကာလမသုတ်တော်ကြီးကို ဘန်းပြပြီးလုပ်နေကြတာလား
သို့မဟုတ် မြတ်စွာဘုရားရှင်တော်ဟောခဲ့တယ်ဆိုတာကို ရုတ္တိမရှိဘူး ဒီလိုလား
ခင်ဗျားတို့တွေ တော်တော်လေး အခန်းကျော်နေသလားဘဲ
မစွတ်စွဲဘူးနော် အထင်
ထမင်းစာလို့ စားပြီးတဲ့ခါတိုင်း စားပြီးတော့လည်း ဘာမှမဟုတ်ပါလား
ရေငတ်လို့သောက်ပြီးတဲ့အခါတိုင်း သောက်ပြီးတော့လည်း ဘာမှမဟုတ်ပါလား
ရွှေငွေ အသုံးဆောင်ပစ္စည်းတွေ ရပြီးတော့လည်း ဘာဖြစ်လည်း ဘာမှမဖြစ်ဘူး
တစ်လောကလုံးငါ့ဥစ္စာလို့စိတ်ကူးကြည့် ငါ့ဥစ္စာတွေ ဖြစ်သွားတော့ ဘာဖြစ်လည်း
ထားပါတော့ ဟိုကောင်မလေး ချောတယ်လှတယ် ဘာပြုခြင်တယ်ညာပြုခြင်တယ်
ပြုပြီးတော့ရော ဘာဖြစ်သေးလည်း ဘာမှမဟုတ်ဘူး
ဒီနေရာမှာ တစ်ခါပြီးတစ်ခါ တစ်ဖန်ပြန်လိုခြင်နေတဲ့ သဘောလေးကိုသွားတွေ့တယ်
အဲ့သည်လိုခြင်မှု့တွေကို ဆင်ခြင်ကြည့်တဲ့အခါ
တစ်ကယ်ရပြီးတဲ့အခါ ဘာမှမဟုတ်ဘူး အဲ့သည်ဘာမှမဟုတ်တာကိုဘဲ တစ်ခါပြန်ကြိုးစားကြ
မဆုံးတဲ့သဘောဘဲ
ဪ ……မြတ်စွာဘုရားရှင်က ဘဝဆိုတာ ဒုက္ခဘဲလို့ ဒါ့ကြောင့်ဟောခဲ့တာဘဲ
ထိုမြတ်စွာဘုရားကို ရှိခိုးပါ၏
ထိုမြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သောတရားတော်တို့ကို ရှိခိုးပါ၏
ထိုမြတ်စွာဘုရားရှင်ဟောကြားသော တရားတော်တို့ကို လက်ခံယုံကြည်ကျင့်ကျံကုန်သော
သံဃာတော်တို့ကိုရှိခိုးပါ၏
ဒါက ကျုပ်ယုံကြည်ချိန်လေးမှာ မနည်းကြိုးစားပြီးရှိခိုးရတာ
ကိလေသာနော ခပ်ပေါ့ပေါ့လေးလာမပြောနဲ့
မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကို မသိထားရင် ခုနေကျုပ် သမ္မတကြီးဖြစ်လောက်တယ်
သိထားတယ်ဆိုပြီးတော့လည်း လာတော့မကြွားနဲ့
ထိုမြတ်စွာဘုရားရှင်တော်၏ တရားတော်ကို စာတွေကိုဖတ်လိုက်ယုံနဲ့ နားလည်နိုင်ခဲတယ်
နားလည်တယ်ဆိုပေမယ့် ကျင့်ကြံနိုင်ခဲတယ်
ကျင့်ကြံနိုင်တယ်ဆိုပေမယ့် ကိုယ်တွေ့သိနိုင်ခဲတယ်
ဒါကတော့ ကျုပ်ဘဝရဲ့ ကိလေသာ လိုအင်ဆန္ဒတေတိုင်းဟာ ဘာမှမထူးဘူး ဘာမှမဟုတ်ဘူးဆိုတာ
ထိုမြတ်စွာဘုရား ဟောတဲ့တရားတော်နဲ့ ကျုပ်ရဲ့ ယုံကြည်မှုဘဲ
ကျုပ် ထိုမြတ်စွာဘုရားကို ယုံကြည်တာနဲ့ ကျုပ် အရက်မူးတာဘာမှမဆိုင်ဘူး
ပြောရရင်တော့အများကြီးဘဲ
ဒီတော့ကာ ဘယ်တရားကိုယုံကြည်ပြီးတော့မှ ဘာကိုငြင်းနေကြတာလည်း
ကြောင်ကြီး
September 24, 2011 at 9:06 am
ကိုပုရယ် ဒီလောက်သိပြီးတော့များ ၆နေရသေးတယ်။ 🙁
thit min
September 24, 2011 at 10:37 am
ကျနော်တော့ဟိုးအရင်မဆွရှေးကထဲက ကိုပု ခြောက် တယ်လို မထင်ဘူး
ပြန်ကြည့်လိုက်လေ၊သူပြောတာတွေကမိန်းမစိတ်ပေါက်နေတဲ့
ယောက်ျားတယောက်ရဲ့လေသံကိုဘယ်လိုမှမပေါက်ဘူး။ပြီးတော့ကျနော်သိထားတာက
တကယ်ခြောက်ရင်”သောက်”တာမကြိုက်တော့ဘူးဗျ။
တခုတော့ရှိတယ်၊စော်ထက်ဂေးကိုပိုသဘောကျတယ်ဆိုတာမျိုးဖြစ်ချင်ဖြစ်မယ်။
မှော်ဆရာ
September 23, 2011 at 10:20 pm
ကို အောင်ဘု ရေးထားတယ်
“““ ဘယ်သော မြတ်စွာဘုရားဟောသောတရားတော်ကို ယုံကြည်ပြီး
မြတ်စွာဘုရားကို ယုံကြည်တာလည်း
ဘာဖြစ်လို့ ကျုပ်ကဒီမေးခွန်းကိုမေးရတာလည်းဆိုတော့
ဒီထည်းမှာ ဟိုကျမ်းကိုးဒီကျမ်းကိုးနဲ့ နောက်ဆုံး မြတ်စွာဘုရားကိုမယုံဘူးလို့လိုင်းပြောင်းနေသလိုလို
ကျမ်းကိုပြိုင်နေကြသလို ဖြစ်နေတယ်လို့တော့ ကျုပ်ကထင်တာဘဲ ”””
မှန်တယ် ထောက်ခံတယ်…
ဘုရားဟောတာက ရှင်းရှင်းလေး …. ဘယ်တရားကို မဆို လေ့လာကြည့် ကျင့်သုံးကြည့် ကိုယ်ကိုယ်တိုင် အကျိုးတရား ရတယ်ဆိုရင် ဆက်လုပ်
အကျိုးတရား မရဘူးဆိုရင် ဆက်မလုပ်နဲ့ ရှင်းရှင်းလင်းလင်းကို ဟောထားတယ်
ဘယ်တရားက ဘုရားဟော … ဘယ်တရားက ဘုရားဟော မဟုတ်ဘူး ငြင်းစရာ မလိုဘူး
လိုက်လုပ်ကြည့် ကောင်းကျိုးရတယ်ဆိုရင် ဆက်လုပ် ကောင်းကျိုးမရဘူးဆိုရင် မလုပ်နဲ့
လေ့လာချင်တယ်ဆိုရင်လဲ တခြား မလေ့လာနဲ့ဦး
၃၈ ဖြာ မင်္ဂလာ ရှိတယ် ။ ဘုရားဟော ဟုတ်တာ မဟုတ်တာ နောက်ထား
မြန်မာလို လေ့လာကြည့် လိုက်လုပ်ကြည့် ကောင်းကျိုးရ၏ မရ၏ ကိုယ်ကိုယ်တိုင် သိလာလိမ့်မယ်…။
မှော်ဆရာ
September 23, 2011 at 10:34 pm
ဒီဘဝမှာကို အေးချမ်းအောင် နေနည်းတွေ မင်္ဂလသုတ် (၃၈ဖြာ) မင်္ဂလာ ထဲမှာ အကုန်ရှိတယ်…
ပါဠိတွေ ၊ အဌကထာတွေ ၊ ဝိနည်းတွေ ၊ အဘိဓမ္မာတွေ ဝေးသေးတယ် နောက်ထား
မင်္ဂလသုတ်တစ်ခုထဲကို ဟောခဲ့တာနဲ့တင် ကျွန်တော် ဘုရားကို ယုံကြည်တယ်။
မင်္ဂလာသုတ်ကို ကျွန်တော်သိအောင် ပြန်ဟောခဲ့တာ တစ်ခုတဲနဲ့တင် ကျွန်တော် သံဃာတော်တွေကို ကိုးကွယ်တယ်။
amatmin
September 24, 2011 at 10:21 am
ကိုအောင်ပုရေးထားတဲ့…..”ခုခင်ဗျားတို့က ကိုယ်ယုံကြည်တဲ့ တရားဘက်ကနေ ဖြေရှင်းနေတာလား
ဒါမှမဟုတ် ကာလမသုတ်တော်ကြီးကို ဘန်းပြပြီးလုပ်နေကြတာလား
သို့မဟုတ် မြတ်စွာဘုရားရှင်တော်ဟောခဲ့တယ်ဆိုတာကို ရုတ္တိမရှိဘူး ဒီလိုလား”…နဲ့
နောက်တခါ..True Answer ရဲ့…
“ရိုးသားမှုသည် အမှန်တရားကို သိနားလည်ဖို့ အတွက် အဓိကအကြောင်းတရားဖြစ်သည်”….သဘောကျ.လက်ခံပါသည်။ွှ
Real man အနေနဲ့ ထေရဝါဒရဲ့အားနည်းချက်ကိုရေးပြသလို.ပို့စ်ခေါင်းစဉ်ကအတိုင်း.တကယ့်ထေရဝါဒဗုဒ္ဓဘာသာအကြောင်းကိုလဲကျေလည်အောင်
ရှင်းပြနိုင်မယ်လို့ထင်ပါတယ်…
mggwa
September 30, 2011 at 4:25 pm
realman ရေးမှပဲ ဘာသာရေး သမိုင်းလိမ်လည်မှုတွေ သိရတော့တယ်။ မြန်မာထေရဝါဒတွေက ပဉ္စမသင်္ဂါယနာမှာ ဘုရားဟောတွေကို ကျောက်ထက်အက္ခရာတင်နိုင်တယ်လို့ လုံးထွေးသိနေကြတာ။ အခုတော့ လူလည် တွေ(အဲလေ – – – ရဟန်းလည်တွေ)လုပ်ပြီး ကိုယ်ရေးချင်တာတွေ ကျောက်စာအရင် ထွင်းခိုင်ပြီးမှ ဘုန်ကြီးတွေ ခေါ်ရွက်ခိုင်းတာဆိုတော့ ဒါလား သင်္ဂါယနာ။ ကျောက်စာပေါ်ရှိပြီးသားတွေကို စာရွက်ပေါ်မှာ ပုံနှိပ်တာလောက်ကို တိုင်းပြည်မျက်နှာမှမထောက် (ထိုအချိန်က ဒီထက်အရေးကြီးတာများရှိနေသည်။) ရေးကြီးခွင်ကျယ်နဲ့ ငွေကုန်ကြေးကျများစွာ ဆဋ္ဌသင်္ဂါယနာ လုပ်တာရော ဖြစ်သင့်ရဲ့လား၊ တော်ပြီးဗျာ ဆက်မရေးချင်တောဘူး။ ကြာရင် မကောင်းတော့ဘူး။ သိနေတာကိုး။ အကျဉ်းအကျယ်နေရာလွဲနေကြတယ်လို့ စာရေးဆရာဦးအောင်သင်းပြောသလို ကျယ်ရမှာက မျက်စိ၊ မျက်စိက မကျယ်ပဲ ဟိုဒင်းကြီးက ကျယ်နေတယ် ဆိုသလိုပဲ။