ထင်သလိုမဟုတ်သော ဘဝများ
ထင်သလိုမဟုတ်သော ဘဝများ
ထင်သလိုမဟုတ်သော ဘဝများ(၁)
မီးရထား ရပ်ထားတာကြာပြီ။ မနက်ဝေလီဝေလင်းမို့ထင်ရဲ့ ရေရောင်းသူများရဲ့”ရေရမယ်…ရေ”ဆိုတဲ့အသံတွေက ဘူတာရုံလေးထဲမှာ ညံလို့။ ဘေးဘီဝဲယာက သူငယ်ချင်းတွေကတော့ မနိုးသေး။ ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်တော့ ရေအိုးလေးတွေရွက်သူကရွက်၊ ရေပုံးလေးတွေ ထမ်းသူကထမ်းနဲ့ ရေရောင်းသူများ ပျားပန်းခပ်သလို စည်ကားနေတယ်။ ဪ ဝမ်းရေးကြောင့်ပေါ့လေ…။
ကလေးလေးတွေပါသလို။ အရွယ်ရောက်ပြီး လူပျို၊ အပျိုပေါက် အရွယ်တွေ အစ….ဈေးဗန်းကိုယ်စီ…ဈေးတောင်း ကိုယ်စီ ထမ်းလို့ ရွက်လို့..။ သူ့ သူငယ်ချင်းတစ်ယောက်ကနိုးလာတယ်…။ နှစ်ဦးသားတိုင်ပင်ပြီး မျက်နှာသစ်ရအောင် ရေသည်လေးကိုခေါ်လိုက်တယ်…။ တစ်ခွက်ပြီး တစ်ခွက် ခပ်ယူ မျက်နှာသစ်ရင်း ပြီးသွားတော့ သူငယ်ချင်းက ရေသည်လေးကိုမေးလိုက်တယ်..။
“ဘယ်လောက်ပေးရမလဲ….”
“စေတနာရှိသလောက်ပါ အစ်ကို”
သူငယ်ချင်းက ပိုက်ဆီအိတ်ထဲမှာ အကြွေများရှိမလားလို့ ရှာနေတယ်…။ သူက ငါးရာထုတ်ပေးလိုက်တယ်…။
“ရော့.. ငါးရာ နည်းလား ညီမ”
“ရပါတယ် အစ်ကို…”
ရေသည်ကလေးပြန်သွားတော့…သူငယ်ချင်းက သူတို့အုပ်စု သောက်ထားတဲ့ ရေသန့်ဗူးခွံတွေကို စုနေတယ်။ သူငယ်ချင်း ဘာလုပ်မလဲဆိုတာ သိတာပေါ့။ ဘူတာရုံမှာ ရေသန့်ဗူးလိုက်ကောက်၊ လိုက်တောင်းနေတဲ့ ကလေးတွေကို ပေးမလို့ထင်ပါရဲ့။ အားလုံးစုလိုက်တော့ ရေသန့်ဗူးခွံက ၁ဝဗူးကျော်ရတယ်…။ သူငယ်ချင်းက ပြတင်းပေါက်ကနေ ရေသည်ကလေးတွေကို ရှာကြည့်တယ်..။ တွေ့ပါပြီ…ရေသည်ကလေးတစ်ယောက်…။
အသံတစာစာနဲ့ အော်ရင်း သူတို့ရဲ့ ပြတင်းပေါက်နားရောက်လာတယ်..။ သူငယ်ချင်းက-
“ဟေ့….ညီလေး…..”ဆိုတော့ သူတို့ပြတင်းပေါက်အောက်နားမှာရပ်သွားတယ်..။
“ရေယူဦးမလားအစ်ကို..”
“မဟုတ်ဘူး…..ရေသန့်ဗူးခွံတွေပေးမလို့ ရော့လေ”
ရေသည်ကလေးက မယူပါဘူး..။ သူ မျှော်လင့်ထားတာက သူ့ဆီက ရေဝယ်မယ့် သူတွေကိုများလား…။ ခေါင်းခါပြတယ်..။
“မယူဘူး အစ်ကို”ဆိုပြီး ထွက်သွားတယ်။ သူငယ်ချင်းက အံ့ဩလို့။တစ်ချို့ကလေးများရဲ့ စိတ်ထဲမှာ ရေသန့်ဗူးခွံထက် ရေဝယ်မယ့်လူကိုပဲ မျှော်လင့်နေကြတယ်ထင်ပါရဲ့…။ ဘူတာရုံတော်တော်များများမှာ “ရေသန့်ဗူးလေး ပစ်ချပါဗျို့”ဆိုပြီး အော်ဟစ်နေတာ ကလေးတိုင်းမဟုတ်ဘူး။ ကလေးတိုင်းကလည်း ရေသန့်ဗူးခွံလိုက်မတောင်းပါဘူး…။ ဒါပေမယ့် ဘူတာရုံတွေမှာတော့ ရေသည်ကလေးတွေ ရှိနေဦးမှာပါ..။
ထင်သလို မဟုတ်သော ဘဝများ(၂)
ရှေ့က ကောင်လေးကို သဘောကျနေမိတယ်..။ ဘေးလွယ်အိတ်ကလေးထဲကနေ ပိုက်ဆံတွေ ထုတ်ပြီး ဝယ်နေလိုက်တာများ ဟောတစ်ထည် ဟောတစ်ထည်..။ ကောင်တာမှာ ငွေလာရှင်းလိုက်….အထည်တန်းတွေကြားထဲ ပြန်သွားရွေးလိုက်နဲ့။ ကောင်လေး လက်ထဲမှာလည်း ဝယ်ထားတဲ့ အထည်ထုတ်လေးတွေ သုံးလေးထုတ်ရှိနေပြီ။လူရည်ခပ်သန့်သန့်နဲ့ စီးပွားရေချောင်လည်တဲ့ မိသားစုကနေ ပေါက်ဖွားလာမှန်း သိသာထင်ရှားနေတယ်။ ဘာအပူအပင်မှမရှိတဲ့ပုံစံမျိုး..။ တစ်ချက်တစ်ချက် ကောင်လေးမေးတဲ့ မေးခွန်းတွေကိုလည်း ဖြေရသေးတယ်.။ ဟိုတံဆိပ်မရှိဘူးလား။ ဒီတံဆိပ်မရှိဘူးလား။
သူ့မှာတော့ ကောင်လေးဝယ်ခြမ်းထားတဲ့ အကျီ…ဘောင်းဘီဆိုတာ မြင်ရုံသွားရည်ကျရုံ။ အရောင်းဝန်ထမ်းတစ်ယောက်ရဲ့ ယူနီဖောင်းကလေးကို ကုမ္ပဏီကပေးလို့သာ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ဖြစ်နေတာ။ ပြင်ပ အဝတ်တာ ဝတ်လိုက်လို့ကတော့ အခြေခံလူတန်းစားထဲကမှန်း မမေးပဲနဲ့သိလောက်ပါတယ်။ ကောင်လေးက ဘေးလွယ်အိတ်ကလေးထဲကထုတ်လိုက်တဲ့ ငွေတွေဟာ အနည်းဆုံး လေး ငါးသောင်းမကရှိမှာပေါ့။ အဲဒီငွေဆိုတာ သူရဲ့ လခတစ်လစာလောက်ရှိတယ်။ စိတ်ကူးယဉ် အဝတ်အစား ၊ ဖိနပ်ဝယ်ဖို့မတွေးလိုက်နဲ့ လက်ထဲ နွေးအောင်တောင်မကိုင်နိုင်ပါဘူး။ ရတဲ့လစာက အိမ်ရောက်တာနဲ့ အမေ့လက်ထဲ ပက်ခနဲပေးလိုက်ရတာ။ ပြန်လမ်းတောင်မရှိဘူး။ လူငယ်ပီပီ ဆေးလိပ်လေးဝယ်သောက်ချင်တာတောင် မနည်းတောင်းယူရတယ်။ လက်ဘက်ရည်ဆိုင်ဆို ဝေလာဝေး။ သူငယ်ချင်းတွေ တိုက်မှ သူက သောက်ဖြစ်တာ။ ဒါတောင် သူက ပြန်မတိုက်နိုင်လို့ ဝေးဝေးက ရှောင်နေရတာများတယ်။
တစ်နေ့တစ်နေ့ မနက်လင်းရင် ရေချိုး ထမင်းစား၊ ယူနီဖောင်းဝတ်ပြီးရင် သူက အလုပ်ကို ထွက်ဖို့ အဆင်သင့်ဖြစ်ပြီ။ ဘတ်စ်ကားခ အသွားအပြန်(၄၀၀)၊ အမေ ဆူဆူအောင့်အောင့်ပြန်ပေးတဲ့ လက်ဖက်ရည်ဖိုး (၂၅၀)ရယ်၊ ထမင်းချိုင့်ကိုဆွဲပြီး အလုပ်ကိုထွက်ရတာ။ အိမ်ပြန်ရောက်ချိန်က ည (၈)နာရီက အစောဆုံး။ ဘဝတွေပေါ့..။ ရတဲ့လစာကို အသွားအပြန်စရိတ်နဲ့ ပြန်တွက်ကြည့်လိုက်ရင် အူစိုရုံလေး။ စောစောကကောင်လေး ဘဝကတော့ အချိန်တန် သင်တန်းပြေးလိုက်၊ ကျောင်းတက်လိုက်၊ လျှောက်လည်ရင်း လိုချင်တာလေးတွေ ဝယ်လိုက်နဲ့ အားကျစရာ ကောင်းလိုက်တာ။
သူက ဘွဲ့ကို အဝေးသင်နဲ့ကျေနပ်။ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်။ ပျော်စရာဆိုတာ ဘာမှန်းမသိလိုက်ဘူး။ တကယ့်ကို စိတ်ချမ်းသာမယ့်အချိန်ဟာ ဘယ.်တော့များလဲလို့ သူက မျှော်နေမိတာ..။အနားကို သူငယ်ချင်းတစ်ယောက် ရောက်လာတယ်..။
“ငေးလှချည်လားကွ ဘာလဲ အားကျနေတာလား”
သူကြည့်နေတဲ့ ကောင်လေးကို ကြည့်ပြီး သူငယ်ချင်းက ပြောတယ်.။။
“အင်းဆိုပါတော့…..”
“သိပ်ပြီး အားကျမနေနဲ့ အဲဒီကောင်က …………..ကုမ္ပဏီမှာလုပ်တာ ရတဲ့လခ အိမ်ကို တစ်ပြားမှ ပြန်အပ်တာမဟုတ်ဘူး။ သူ့အိမ်မှာက တစ်နေ့ရတစ်နေ့စား၊ကြည့်လိုက်ရင်တော့ သူဌေးသားလိုလို..နဲ့ နေတာက မြို့စွံမှာ.အိမ်မှာ စားစရာတောင်ရှိရဲ့လားမသိဘူး လူပုံက…ကျော့နေတာပဲကွ..”
“ဪ” အံ့ဩခြင်းများနဲ့ သူက ဘာမှမပြောနိုင်…..။ဒီလိုပဲ…လား ဘဝတွေက…။
ထင်သလို မဟုတ်သော ဘဝများ(၃)
“အန်တီ ဆီကို ဒီကောင်ဖုန်းမဆက်ဘူးလား”
“ဆက်ပါတယ် လကုန်ရင် ပိုက်ဆံလွဲလိုက်မယ်တဲ့ “သူဝမ်းသာပါတယ်။ သူ့သူငယ်ချင်းက ဒီလိုဆိုတော့ အိမ်ကို သိတတ်သား။ ခုတော့လည်း ဒီကောင်ဖြစ်ချင်တဲ့ ဘဝကိုရောက်ပြီပေါ့။ ဒါပေမယ့် သူ နည်းနည်း နားလည်ရခက်နေတယ်။ ဘာကြောင့်ဆို ရပ်ကွက်ထဲမှာပြောနေကြတာတွေက တစ်ခုမှ မကောင်းဘူး။ အိမ်ကဆို-
“နင့် သူငယ်ချင်း မကောင်းဘူး အိမ်ကို ဖုန်းမဆက် အကြောင်းမကြား ပိုက်ဆံမလွဲတာကြာပြီ….သူတို့အိမ်မှာလည်း အကြွေးတွေ လည်ပင်းမြုပ်တော့မယ်….ကြည့်လိုက်ရင်တော့ ဟန်ကိုယ်ဖို့ပဲ..တကယ်တမ်း အဆံမရှိတော့ဘူး အခွံပဲ ကျန်တော့တာ အဲဒါလည်း နင့် သူငယ်ချင်းဆီကိုပို့ရလို့ ကုန်သွားတာ….ကြားတာတော့ အိမ်တောင်ပေါင်ထားတယ်တဲ့”
သူက အခြေအနေမှန်ဆိုတာကို သိချင်တာ။ ကြည့်လိုက်ရင်တော့လည်း သိသာပါတယ်။ ဒါပေမယ့် နည်းနည်းမှမလျှော့တဲ့ လေသံတွေကိုတော့ သူလည်းမ ကြားချင်မှ အဆုံး..။ အရင်တုန်းကတော့ ရပ်ကွက်ထဲကလူတွေ အားကျရတဲ့ လူတွေထဲမှာ သူငယ်ချင်းမိသားစုက ထိပ်ဆုံးက…။ လူတိုင်းရဲ့ အကြည့်တွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ တုံ့ပြန်နိုင်တဲ့ မိသားစု…။
သူငယ်ချင်းပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ပြန်အမှတ်ရမိတယ်..။ အဲဒီအတိုင်းဖြစ်မလာတာတော့ ပြောခဲ့ဖူးသူက မေ့တတ်လွန်းသလား….ပြန်တွေးရတယ်။
“ ငါဖြစ်ချင်တာဖြစ်ရပြီဆိုရင်တော့ အိမ်ကိုပြန်ကြည့်မှာပါ ငါ့အတွက်နဲ့ အိမ်က ဘယ်လောက်ပင်ပန်း ၊ ဘယ်လောက် ကုန်ကျသလဲဆိုတာ ငါသိပါတယ်…။ “
အိမ်က သူငယ်ချင်းမိသားစုက ပြန်လည်အဖက်ဆယ်နေရတဲ့ အရှက်တွေကို မုသားနဲ့ ပြန်ကာနေရတယ်။ အခွံချည်းသက်သက်ကျန်တဲ့ အိမ်ကို သူငယ်ချင်းပြန်မကြည့်တော့ဘူးတဲ့လား။ စည်ကားဝေဖြာခဲ့တဲ့ သူငယ်ချင်းရဲ့အိမ်ကို ပြန်လည် အမှတ်မရတော့ဘူးတဲ့လား။ ဂုဏ်ဆိုတာ လိုချင်တပ်မက်နေသူအတွက် ရွှေဖြစ်နေပေမယ့်….၊ ဘာမှမလိုအပ်တဲ့ သူတွေအတွက်တော့ ဂုဏ်ဆိုတာ ဇီးရွက်ကလေးလောက်တောင် အသုံးမဝင်တတ်ဘူး။
အထင်ကြီးလေးစားခြင်းခံနေရတဲ့ မိသားစု ဘဝကနေ ရုတ်တရက် ဆင်းသက်သွားရတဲ့ ဘဝ ခါးတယ်ဆိုရင် အပြစ်က သူငယ်ချင်းလား။ ဘေးကြည့် ပရိတ်သတ်အနေနဲ့…ဖြစ်ချင်တာများပြီး…ဖြစ်သင့်တာ မတွေးတတ်တဲ့ သူငယ်ချင်းကိုတွေ့ရင် ပြောစရာစကားတွေ ရင်ထဲမှာ အပြည့်ရှိတယ်..။
နောက်တစ်ခေါက် သူငယ်ချင်းရဲ့ အိမ်ကိုရောက်ရင် ပြန်လည် နှစ်သိမ့်ပေးရမယ့် စကားလုံးတွေကို ကြိုတင် စာစီပြီး သူက အားပေးဖို့အသင့်။ ရည်မှန်းချက်ဆိုတာ ဖြစ်နိုင်တဲ့အကွာအဝေးကနေလွန်ရင် လူကို ဒုက္ခပေးတတ်သတဲ့..။ အိမ်က သားတော်မောင်ပြန်လာ၊ အကြောင်းမကြားလို့ လူထူထူရပ်ကွက်ထဲ မျက်နှာ မပြဝင့်တဲ့ မိဘတွေ….ဘယ်လို အသက်ရှူနေတယ်ဆိုတာ ပညာတတ် သူငယ်ချင်းကြီး တစ်ယောက်မတွေးမိဘူးလား။
ဒီတစ်ခါလည်း သူ့ဘက်က ဘာမှမမေးမိဖို့ သတိထားရပါဦးမယ်။ သူပြောခါမှ ပြန်လည်တွေးမိပြီ….စိတ်ဆင်းရဲနေမှဖြင့် ခက်နေပါဦးမယ်…။ မြေတောင်မြောက်ပေးသူ မိဘတွေရဲ့မျှော်လင့်ချက်ဟာ အမြင်အရပြောရရင် မရှိဘူးလို့ပြောလို့ရပေမယ် တကယ်တမ်း ပြန်လည် သိတတ်ရမယ့် သားသမီးတွေရဲ့ အသိစိတ်ထဲမှာ မိဘဆိုတာများ ရှိစေချင်နေတယ်…။ ဪ ဖြစ်ရတယ်လို့ သူတွေးရင်း ရင်လေးနေရပြန်တယ်။
ထင်သလို မဟုတ်သော ဘဝများ(၄)
စာမျက်နှာ (၂၀၀)ပါ လယ်ဂျာ ပြောင်စာအုပ်ကလေးကိုင်ရင်း မိချောတို့ ရပ်ကွက်ထဲ လှည့်ပြီ။ ဒီနေ့ အတွက် နေ့ပြန်တိုးကို မိချော ပြန်ကောက်ရဦးမယ်လေ။တစ်ရက်တစ်လေများ နေထိုင်မကောင်းဖြစ်ရင်တောင် အိပ်ယာထဲမလဲရဲဘူး။ အရပ်ထဲက ဟာတွေက မိချောကိုမြင်လိုက်ရပါမှ တစ်နေ့စာအတိုးကို အမောတကောရှာကြတာ။ အဲဒါကြောင့် မိချောက မနက်တစ်ခါ နေ့လည်တစ်ခါ အတိုးယူထားတဲ့ ဟာတွေကို မျက်နှာပြရတယ်။ ဒါဆိုရင် အရပ်ထဲက ဟာတွေက တစ်နေ့စာ တစ်နေ့မပေးရင် မိချော ပါးစပ်ကြောမှာ မြောမှာကိုတော့ ကြောက်ကြတယ်။ မိချောတို့ ရပ်ကွက်က လူစုံတယ်။
ကျောင်းဈေးသယ်၊ မုန့်ဟင်းခါးသယ်၊ ကုန်စိမ်းသယ်၊ ပဲပြုတ်သယ် စတဲ့ လူတန်းစား ဈေးသယ်တွေ ပါသလို…စက်ဘီးပြင်သမား၊ကားသမား၊ အို လက်လုပ်လက်စားတွေရောစုံလို့။ လူဆိုးလည်းရှိတယ်၊ သူခိုးလည်းရှိတယ်။
အခြေခံလူတန်းစားစုံတဲ့ မိချောတို့ ရပ်ကွက်ထဲမှာ မိချောက ဘုရင်မ။အတိုးအဌားချေးစားတဲ့နေရာမှာ မိချောတို့က နာမည်ကြီးတယ်..။ မိချောဆိုရင် လန့်လည်းလန့်တယ်။ မဆက်ဆံလို့လည်းမရဘူး။ မိချောကို ရပ်ကွက်ကဟာတွေက ကင်းအောင်မနေနိုင်ပါဘူး။ လူဆိုး၊သူခိုး၊အရက်သမားတွေတောင် မိချောနဲ့မကင်းသေးတာ။ ကျန်တာတော့မပြောတော့နဲ့။ အဲဒီလိုပြောလိုက်လို့ မိချောကို အပေါစားလို့တော့မထင်လိုက်နဲ့။ လူတိုင်းကို မင်မောင်းကောင်းကောင်းနဲ့ ရိုက်စားလုပ်ရတာ လွယ်တာမှတ်လို့။ လူမစွမ်း နတ်မ ဆိုတဲ့စကားကို ကြားဖူးကြမှာပေါ့။ လူတွေက အပင်မြင့်တာကိုပဲသိတာ။ မိချောတို့ မြေနှိမ့်တုန်း လှံစိုက်ခံရတဲ့ ဘဝကိုတော့ မေ့ထားတတ်ကြတယ်။ အဲဒီတုန်းကများ လူရာဝင်ထည့်သွင်းဆက်ဆံကြတဲ့ သူတွေ မိချောတို့ မိသားစု ဝန်းကျင်မှာ ဘယ်သူတွေက ရှိလို့လဲ။အပတ်သကုတ်ကြိုးစား ခဲ့ရတဲ့ မိချောတို့ဘဝရဲ့ ရုန်းကန်ဆင်းရဲမှုတွေကို အရင်တုန်းက ဘယ်သူ စာနာနားလည်ပေးခဲ့ဖူးသလဲ။ ကဲ ခု မိချောတို့အလှည့်ရောက်ပြီ။
အားလုံးက မိချောလက်အောက်မှာ ငေါက်လည်းခံ၊ ဆဲလည်းခံ။ ဟိုတုန်းကများ ခုလို ဆူဆဲခံရဖို့ဆိုတာ မိချောတို့ မိသားစုပဲ ဒီအရပ် ထဲမှာရှိတယ်။ ဆန်လေးလုံးလောက် ချေးဌားမိတာကို သူ့ကျွန်တစ်ယောက်လို့ အများရှေ့မှာ ပြောဆိုခဲ့တာတွေကိုလည်း မိချော နာတယ်။ အဖေအရက်သမား အကြွေးသောက်ခဲ့လို့ အပျိုလေးတန်မဲ့ အရက်ဆိုင်ရှင်ကို သွားတောင်းပန်ခဲ့ရတာကိုလည်း မိချောမမေ့ဘူး. အမေ အဝတ်လျှော်ရင်း ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့ရတာကိုလည်း မိချောက ရင်နာနေတုန်းပဲ။ လူတွေများ သူတို့အတွက် အနည်းအကျဉ်းလောက်ကုန်သွားမယ့် ငွေတစ်ရာဟာ မိချောတို့အတွက်တော့ ငပိရည်ကြိုနှစ်နှပ်စာဆိုတာကို သိသိရက်နဲ့ ညစ်ချင် နှိမ်ချင်ကြတာ။ ဟောခုတော့ မိချောတို့ ကြက်သားကို ပိဿာလုံးစားနေပြီ။ မိချောတို့ ဆင်းရဲတုန်းက –
“ငါတို့ အိမ်မှာ ဟင်းကျန်လေးတွေရှိတဲ့ဟဲ့ မိချောရဲ့ တော်တော်ကြာလာယူ နင်လာမယူရင် ခွေးကျွေးပစ်ရတော့မှာ”
“မိချော နင်တို့ အမေအဝတ်လျှော်တုန်းက ငွေ ငါးရာ တွေ့မိလားလို့ နင့်အမေကို မေးပေးဦး တွေ့ရင်လည်း ပြန်ပေးမှပေါ့..”
“မိချော နင့်အဖေ အရက်ဖိုးမရှိရင် ငါ့ဆိုင်မှာပဲလာသောက်လို့ပြောလိုက် ပိုက်ဆံပေးစရာမလိုဘူး…”စတဲ့ စကားတွေဟာ မိချောတို့ကို စော်ကားမော်ကားပြောခဲ့ကြတဲ့ အရင်တုန်းက ပိုက်ဆံရှိသူတွေရဲ့ ဆက်ဆံခဲ့ပုံတွေပေါ့။
သစ်ငုတ်မြင့်တုံ မြက်မြင့်တုံဆိုတဲ့ စကားကို မိချောက သဘောကျတယ်။ အမြဲတမ်းကြီး မဆင်းရဲနိုင်သလို၊ အမြဲတမ်း မချမ်းသာနိုင်ပါဘူး။ ငါ ပိုင်တဲ့ ဥစ္စာ ငါ့ဥစ္စာဆိုတဲ့လူတွေရဲ့ ပစ္စည်းတွေ မိချောတို့ရပ်ကွက် မီးလောင်တုန်းက အတော်များများပါသွားတယ်။ မီးကြီးလောင်တုန်းကများ မိချောတို့ မိသားစု ကအေးအေးပဲ။
ပိုက်ဆံရှိတဲ့သူတွေကတော့ ဟိုပစ္စည်းဆွဲရ ဒီပစ္စည်းဆွဲရနဲ့ အရူးမီးဝိုင်းဖြစ်ခဲ့ရတာ။ မိချောတို့ကတော့ ဘာပစ္စည်းမှ မရှိုလို့ ဘာမှကိုမဖြစ်ခဲ့ဘူး။ တစ်ခုပဲရှိတယ် ပိုက်ဆံကလေးနှစ်ရာကို စိတ်ကူးယဉ်စိတ်ကလေးနဲ့ သူဌေးဖြစ်ရင်တော့လားဆိုတဲ့စိတ်နဲ့ နှမြောစိတ်ကလေးဆွပ်ပြီး ထီထိုးမိလိုက်တာက မိချောကို ရွှေပုံပေါ်ထိုင်ခိုင်းလိုက်တာပဲ။
ခုများတော့ မိချောတို့က အချွေအရံနဲ့ အသင်းအပင်းနဲ့။ မိချောဆိုရင် ရပ်ကွက်ထဲမှာ လူတိုင်းက –
“မမချော”
“မချော”
“ ချောချော”
နားဝင်ကိုချိုလို့။
သော်ဇင်(လွိုင်ကော်)
ထင်သလို မဟုတ်သော ဘဝများ(၅)
တိုက်ကြီးပေါ်မှာနေပြီး ပျော်ရွှင်နေတယ်လို့တော့ မထင်လိုက်ပါနဲ့။ ဘဝဆိုတာ ခါးသီးခြင်းတွေကို ယူဆောင်လာတတ်တယ်ဆိုတာ ခုတော့ ကြီးရွှေ သိပြီ။ ကြည့်ဦးလေ လောလောလတ်လတ် အကောင်းကြီးက နေမြင် ညပျောက်ဆိုတဲ့အတိုင်း ကိုတင်မောင်ကြီးဆုံးသွားတော့ ကြီးရွှေတို့ ရင်ကွဲပက်လက်။ ဒီလင်ရှာကျွေးလာတာကို တစ်သက်လုံး တိုက်ကြီးပေါ်ကနေ မဆင်းတမ်း စားလာခဲ့တာ။ လင်ထားရာနေ လင်စေရာသွားဆိုတာ ကြီးရွှေကမှအစစ်။ စင်စစ် ကြီးရွှေရဲ့ဘဝဟာ ရွှေပေါ်မြတင်ထားတယ်လို့ပြောရင်လည်းရပါရဲ့။ ကြီးရွှေတို့ရပ်ကွက်ထဲမှာ ကြီးရွှေက စတားပဲ။ ကိုတင်မောင်မျက်နှာကလည်း ကြီးလေတော့ ကြီးရွှေဟာ အရပ်ထဲမှာ ရပ်မိရပ်ဖပေါ့။ ကြီးရွှေတို့မှာ သားတစ်ယောက်ရှိတယ်။ တစ်ဦးတည်းသော သားတစ်ယောက်ကို ကိုတင်မောင်ရော ကြီးရွှေကပါ ဖူးဖူးမှုတ်ထားတာကလား။ ဟော ကိုတင်မောင်လည်း ရုတ်တရက်ဆုံးရော ကြီးရွှေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။ တိုင်ပင်စရာ တစ်ဦးတည်းသော သားက ဘယ်ဆီသွားပြီး ဘယ်လို မြန်းနေတယ်မသိ။ အဖေသေလို့ စိတ်ညစ်တယ်ဆိုပြီး မနက်ထွက် ညပြန်လာ။ ပါးစပ်ကတော့ အရက်နံ့ကတော့ တထောင်းထောင်း။
ကိုတင်မောင် ဦးစီးတည်ထောင်ခဲ့တဲ့ ကုန်ကားတွေကို ကြီးရွှေ ဘယ်လို ဆက်လက်စီမံရမှန်း မသိဘူး။ သားတော်မောင်ကို အားကိုးရမလားလို့ ကြီးရွှေပြောကြည့်ပါသေးတယ်။ သားတော်မောင်က ဦးလေးတွေရှိသားပဲ။ ဦးလေးတွေ လက်ထဲအပ်လိုက်တဲ့။ တိုက်ကြီး ဟီးဟီးနဲ့ ထမင်းကို လေအေးပေးစက်ခန်းမှာ ထိုင်စားနေရတဲ့ ကြီးရွှေရဲ့ အပူဟာလည်း နည်းမှတ်လို့လား။ တိုက်ပေါ်က မဆင်းစတမ်း နေလာရတဲ့ ကြီးရွှေဟာ ခုလို လူတောတိုးရမယ့် ကိစ္စတွေရှိလာတော့ အခက်တွေ့ရတယ်။ ကြီးရွှေရဲ့ သားတစ်ယောက်ဟာ အားကိုးလောက်စရာ အကြောင်းမရှိပေမယ့် သုံးဖြုန်းမယ့်နေရာမှာတော့ ထိပ်ဆုံးက အားကိုးရသူပါ။ ကိုတင်မောင် ရက်မလည်မီတစ်ရက်မှာတော့ ကြီးရွှေ ဦးခေါင်းကို သွက်သွက်ခါစေမယ့် အကြောင်းတွေက ပုံကြလာတယ်။ ကြီးရွှေရဲ့ အံ့ဩဝမ်းနည်းခြင်းတွေဆိုတာ ဆည်ကြီး ကျိုးပေါက်သလို ဒလေဟော သွန်ချလာတာကလား။ ခုတော့ ကြီးရွှေလည်း မရှက်နိုင်တော့ဘူးထင်ပါရဲ့။
တိုက်ကြီးရဲ့ ဧည့်ခန်းဆက်တီပေါ်မှာ ကျုံ့ကျုံ့ကလေးထိုင်ပြီး မျက်နှာငယ်လေးနဲ့ အမျိုးသမီးကိုကြည့်ပြီး ကြီးရွှေ စကားမပြောနိုင်ဘူး.။ အဲဒီအမျိုးသမီးရဲ့ဘေးမှာ ငါးနှစ်အရွယ် သမီးတစ်ယောက်ကလည်း ဆိတ်ဆိတ်ကလေးထိုင်လို့။
“အစ်မရယ် ကိုကိုမောင် ဆုံးတယ်ကြားကတည်းက ညီမလိုက်လာတာပါ…လမ်းမှာ ခရီးမတွင်လို့သာ စောစောမရောက်ရတာပါ….ဟောဒါက ကိုကိုမောင်ရဲ့ သမီးလေးပါ…..ဒါကတော့ ကိုကိုမောင်နဲ့ ညီမ လက်ထပ်စာချုပ်ပါ…”
ကိုကိုမောင်တဲ့။ ကြီးရွှေတောင် ကိုတင်မောင်ပဲခေါ်ခဲ့တာ သားတစ်သက်။ လုပ်ရက်လိုက်တာ ကိုတင်မောင်ရယ်။ ဘယ်လိုဖြေရှင်းရမလဲ။ ကိုယ့်လင်သားရဲ့ မယားငယ်တစ်ယောက်ကို လက်ခံတွေ့ဆုံပြီး စကားတွေ အေးအေးလူလူပြောနိုင်တာ လောကမှာ ကြီးရွှေတစ်ယောက်ပဲရှိသလား။
“ညီမတို့ သားအမိကို ကယ်ပါဦး အစ်မရယ်၊ တကယ်တော့ ညီမ မိုက်တာပါ….ကိုကိုမောင်ပြောသမျှတွေ အကုန်ယုံကြည်မိတာ ညီမအမှားပါ အစ်မကြီးကို အားကိုးပါတယ် …ကိုကိုမောင် ထောက်ပံ့သမျှနဲ့ ညီမတို့ ဖူလုံခဲ့တာဆိုတော့ ခု ကိုကိုမောင်မရှိတော့ ညီမတို့သားအမိ ဘယ.်လိုရှေ့ဆက်ရမလဲ အစ်မတွေ့ကြည့်ပါဦးရှင်……ဟင့် ဟင့်”
ဪ အရပ်က လေးစားရတဲ့ သူတော်ကောင်းကြီး၊ ဘုရားလူကြီး။ တစ်မြို့တစ်ရွာမှာ ခြေပုန်းခုတ်သမျှ။ သေခါမှ ဘူးပေါ်သလိုပေါ်လာပါရောလား။ ကြီးရွှေကတော့ တိုက်ပေါ်ကတောင်မဆင်းပဲ ကိုယ့်လင်သားက ချစ်ရှာတာပဲဆိုပြီး သာယာခဲ့သမျှ ခုတော့ မယားငယ်က တိုက်ပေါ်တက်လာပြီရှင့်။ ကိုတင်မောင်သာ အရှင်လတ်လတ်ရှိလို့ကတော့ ကြီးရွှေ ရဲ့ ဆုံးဖြတ်ချက်ဟာ မိုးလောက်ကြီး ကြီးကျယ်သွားနိုင်ပါရဲ့။ခုတော့ ကြီးရွှေရဲ့ ရှေ့မှောက်က သားအမိကို မိန်းမချင်း ကိုယ်ချင်းစာပြီး ကြီးရွှေ စဉ်းစားရတော့မယ်။ ရပ်ကွက်ထဲမှာ ကိုတင်မောင်ရဲ့ အကြောင်းတွေကို လေလှိုင်းကနေတဆင့် ပြောကြဆိုကြဦးမယ်။ ကျုံ့ကျုံ့ကလေးထိုင်နေတဲ့ အမျိုးသမီးရဲ့ ရင်ခွင်ထဲမှာ မျက်စိ သူငယ် နားသူငယ်နဲ့ ထိုင်နေတဲ့ သမီးလေးကိုကြည့်ပြီး ကြီးရွှေ သက်ပြင်းတွေချတယ်။ ကိုတင်မောင်ရဲ့ သမီးလေး…။ ဪ ချစ်သောလင်ရဲ့ မယားငယ်က မွေးတဲ့ သမီးလေး။ မျက်လုံးလေး၊ နှာတံလေးကလည်း တူလိုက်တာ ချွတ်စွပ်။ ကိုတင်မောင်ရဲ့ မျက်နှာကိုများ ချွတ်စွပ်ထားသလားမှတ်ရတယ်..။
လောကမှာ လင်သားရဲ့ မယားငယ်တစ်ယောက်ကို ဘယ် မယားကြီးက ကြည်ကြည်ဖြူဖြူ ဆက်ဆံနေရဦးမှာလည်း။ ကိုယ်ချင်းစာတရားဆိုတာ ကြီးရွှေမသိခဲ့ရင် ရှေ့က သားအမိဟာ ဘယ်လို ဘဝကိုရှေ့ဆက်ရမှာပါလိမ့်။ စိတ်ချမ်းသာခြင်းဆိုတာကို အရသာတစ်ခုလို သတ်မှတ်ပြီး ကြီးရွှေကပျော်ခဲ့တာ။ ချစ်သောလင်ရဲ့ အိုင်တွေ့တိုင်းခြေဆေးလိုက်တဲ့ ရေဟာ ခြေကိုစိုရုံတင်မဟုတ်ပဲ….ပုဆိုးပါ စိုရပြီပေါ့။ ငွေပုံပေါ်ထိုင်ပြီး ပေးသမျှယူ။ ကျွေးသမျှစားခဲ့တဲ့ ကြီးရွှေ…ကိုတင်မောင်ရဲ့ လှည့်ကွက်မှာ လှလှလေးမိခဲ့တာလား။
အမျိုးသမီးရဲ့ ရင်ခွင်ထဲက သမီးလေးကို တွေတွေကြီး စိုက်ကြည့်နေတဲ့ ကြီးရွှေကို အားလုံးကကြည့်နေကြတယ်။ ဘယ်လို ဆုံးဖြတ်မှာပါလိမ့်ပေါ့။ ကြီးရွှေက-
“သမီးလေး ကြီးမေ ဆီလာပါဦးကွယ်”
အမျိုးသမီးရဲ့ ရင်ခွင်ထဲကနေ ကလေးက ထလာတယ်။ ကြီးရွှေက ကလေးရဲ့လက်ကလေးကို ကိုင်ဆွဲပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်…။ပြီးတော့-
“ကံဆိုးလိုက်တဲ့ သမီးလေးရယ်….ကြီးရွှေတို့ဆီမှာပဲနေပါ ညီမလည်း တစ်သက်လုံးနေ….ညီမရော အစ်မရော ကံဆိုးခဲ့ပါတယ် အိမ်တွင်းပုန်းမိန်းမတွေရဲ့ ညံ့ဖျင်းမှုဆိုတာ ဒီလို ကံဆိုးခြင်းတွေကိုပဲ ယူလာတတ်တယ် ထင်ပါရဲ့…အောင်မလေး ချစ်သောလင်ကြီးရဲ့ ကိုတင်မောင်ရဲ့..”ဆိုပြီး ကြီးရွှေ ကြူကြူပါအောင် အော်ဟစ်ငိုပါတော့တယ်..။ ဘယ်သူမှမတားကြပါဘူး။ ဘာကြောင့်ဆို မယားငယ်ကလည်း ကြီးရွှေရဲ့ပခုံးကိုဖက်ပြီး ငိုနေလေပြီလေ..။
ထင်သလို မဟုတ်သော ဘဝများ(၆)
အလှတရားကို မက်မောမိလို့ သူမ ဒီလိုဖြစ်ရတာ မဆန်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူမ က ခုလို ဖူးသစ်စ ပန်းတစ်ပွင့်ဖြစ်နေချိန်မှာ အလှတရားကို မက်မောမိတာ အပြစ်လား။ လောလောဆယ် သူမ ဆံပင်ကောက်ချင်တယ်။ သူမ လက်ထဲမှာ ပိုက်ဆံမရှိဘူး။ အဲဒါဘာဖြစ်လဲ..။ သူမမှာ ချွေစရာ ယောကျာ်းသားတွေမှ အများကြီး။ ဘာမှမဆန်းဘူး။ ဆန်းနေတာက ရပ်ကွက်ထဲက လူတွေ။ ပတ်ဝန်းကျင်ဆိုတာ အပြစ်ပြောဖို့လောက်စောင့်နေကြတာလို့ သူမထင်တယ်။ ခုလည်း သူမ ဘာလုပ်လုပ် သေချာ စောင့်ကြည့်မနေနိုင်တာကလွဲလို့ မျက်လုံးတွေက သူမဆီမှာ သိသိသာရောက်နေကြတာပဲ။ လူဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်တော့ရှိရမယ်မလား။ သူမမှာလည်း လွတ်လပ်ခွင့် အပြည့်ရှိသင့်တယ်လေ။ သူမ ဒီလိုလုပ်လို့ အရပ်က ထမင်းကိုဘယ်သူက သနားလို့ ခေါ်ကျွေးသလဲ။
“ကောင်မလေး ရုပ်ကလေးက လှပါရဲ့ ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ မသိဘူး အရှက်လည်း မရှိတော့ဘူးထင်ပါရဲ့”
ဆိုတာများပြောနေလိုက်တာ လေလိုင်းမှာ ပလူကိုပျံလို့။ သူမဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ။ သူမတို့ မိသားစု အကြောင်းပြောပြရင် ဘယ်လိုကြီးလဲလို့ မေးကြလိမ့်မယ်။ ဘယ်လို့မှမလဲဘူး။ အဲလိုပဲ ဆိုတဲ့ ကြက်ဖရဲ့ သီချင်းစာသားကို ယူသုံးရဦးမယ်။ သူမ အမေက နယ်စပ်မြို့ကလေးမှာ အရောင်းအဝယ်လုပ်တယ်။ သူမရဲ့ အဖေက သူမတို့နဲ့အတူ အိမ်မှာ နေပေးတယ်။ ရှေ့ပိုင်းက အမေရှာသမျှဟာ အဖေ အရက်သောက်ဖို့ရယ်၊ သူမတို့ ကျောင်းစရိတ်ရယ် ဖူလုံရုံဆိုရုံလေး။ တစ်ခါတစ်လေ အရောင်းအဝယ်တွေ နယ်စပ်မှာ မဖြစ်လို့ ငွေပြတ်လပ်တဲ့အခါ အမေက ငွေမပို့နိုင်ဘူး။ သူမက တက္ကသိုလ်တက်နေတာဆိုတော့ ငွေက အမြဲလိုတယ်။ သူမ သူငယ်ချင်းတွေကြားမှာ မျက်နှာမငယ်ချင်ဘူး။ သူမတို့ သူငယ်ချင်းတွေလို လှလှပပလေး ကြော့ကြော့ရှင်းရှင်းလေး နေချင်တယ်။ သုံးချင်တယ်။ ဖြုန်းချင်တယ်။
အဲဒီတော့ သူမရဲ့ ထွက်ပေါက်က ယောကျာ်းလေးတွေဖြစ်လာတယ်။ အဲဒါ ဆန်းသလား။ သူမရဲ့ လှပမှုအောက်မှာ ဝပ်ဆင်းကြတဲ့ ယောကျာ်းသားတွေကလည်း ဖြူစင်တယ်ဆိုတာ မြူတစ်မှုန်မှမရှိဘူးလို့ထင်တယ်။ သူမ ဆီကနေ အချစ်တစ်ခုကို ရအောင်ယူမယ်။ ပြီးရင် ဘဝတစ်ခုကို ယူမယ်။ မြတ်နိုးခြင်း၊ ယုယခြင်း၊ ကြင်နာခြင်းဆိုတာ ချစ်သူနှစ်ဦးအတွက် ဝတ္ထုတွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာ၊ ဇာတ်လမ်းတွေထဲမှာသာ ဖွဲ့နွဲ့တည်ရှိတတ်ကြတာ။ သူမ ကြုံတွေ့ရတဲ့ ချစ်ခြင်းကတော့ တဏှာရမက်တွေပြည့်နေတဲ့ ရယူပိုင်ဆိုင်ခြင်းအောက်မှာသာ ဖြစ်တည်နေတာ။ သူမက ကြင်နာလှပါပြီဆိုပြီး ချဉ်းကပ်လာတဲ့ ယောကျာ်းကိုလည်း အထင်မကြီးဘူး။ ချစ်တယ်ဆိုတာ အပျင်းပြေ ဘိလိယက်ထိုးတာလောက်ပဲ သဘောထားတတ်တဲ့ ယောကျာ်းတွေကြားမှာ သူမဟာ ကျားသစ်မလေးတစ်ကောင်လောက်မှ မလျှင်ရင် သူမ ရပ်တည်မနေဘူး။
တကယ်တော့ သူမရဲ့ နာမည်ပျက် ဘဝက နာမည်သာဆိုးနေတာ။ ကောင်းကောင်းနေ ကောင်းကောင်းစားပြီး လှလှပပလေး လူတွေကြားထဲသွားရတဲ့ အရသာကို ပတ်ဝန်းကျင်ကမသိဘူး။ သူမရဲ့ အလှကိုကြည့်ပြီး သူမရဲ့ သိက္ခာတွေကို တစ်စဆီရိုက်ချိုးပစ်နေမယ်ဆိုတာလည်း သူမသိပါရဲ့။ ဒါပေမယ့် သူမသာလျှင် ဘယ်လို နေထိုင်ရမယ့်ဆိုတာကို သူမ ဆုံးဖြတ်ပြီး လမ်းဆက်လျှောက်ရမှာပဲ မဟုတ်လား။ တကယ်တော့ သူမရဲ့ ဘဝရပ်တည်ချက်ဟာ ပတ်ဝန်းကျင်နဲ့လည်းမဆိုင်ပါဘူး။ သူမ ဘာတွေလုပ်လို့ ဘယ်တွေသွားတယ်ဆိုတာကို ခရေစေ့တွင်းကျ သိချင်လို့ တစ်နေကုန် အလုပ်ပျက်ခံ၊ ထမင်းငတ်ခံပြီး လိုက်ကြည့်နေတဲ့သူ ဘယ်သူရှိသလဲ။ သူမ လမ်းမှားတာကို တည့်မတ်ပေးမယ့်သူဟာ ဟောဒီလောကကြီးမှာ စေတနာသန့်သန့်နဲ့ပါဆိုပြီး သူမ ဘဝထဲကို ဘယ်သူ ဝင်လာရဲသလဲ..။
သူမရဲ့ ဘဝအတွက် လက်တွဲဖော်အဖြစ် အများရှေ့မှာ ဘယ်သူရဲရဲ ရပ်တည်ရဲ့သလဲ။ သူမအတွက် လုံလောက်တဲ့ အဖြေကိုတော့ သေသေချာချာမဖြေနိုင်တဲ့ ယောကျာ်းတွေကို သူမ ဘယ်လို ယုံရမလဲ။ တစ်ခါတစ်လေမှာ လူများရဲ့ တံထွေးခွက်ထဲမှာ မြောနေရတာလည်း ကျေနပ်စရာကောင်းပါတယ်။ သူမရဲ့ အလိုက်အထိုက်နေထိုင်မှုဟာ ပတ်ဝန်းကျင်နဲ့ အသားကျသွားနိုင်ပါတယ်။ အရပ်ထဲက သူမရဲ့ နာမည်တစ်လုံးဟာ အမည်းရောင်ဆို အဲဒီအမည်းရောင်ဟာလည်း တစ်ချိန်က အဖြူထည်လေးပါဆိုတာ ပြန်လည် အမှတ်ရသင့်တယ်ထင်ပါရဲ့။ အမှားတစ်ခုအတွက် သူမ အမှန်ကို မပြင်သေးဘူးလို့ထင်ရင် သူမအတွက် အားကိုးရာမှတ်တိုင်ကြီးကို စိုက်ထူပြီး သူမကို လက်ကမ်းမယ်သူ တစ်ယောက်များ ခုနေရှိရင် ရဲရဲကြီး ရပ်တည်ပေးစမ်းပါ။ ရဲရဲကြီး ရပ်တည်ပေးစမ်းပါ။
ထင်သလို မဟုတ်သော ဘဝများ(၇)
သူများ မယားဖြစ်သွားပြီတဲ့။ သူမယုံပါဘူး။ တကယ်ကို မယုံနိုင်တာပါ။ ပြောကြစတမ်းဆိုရင် သူက ယုံမှတ်လို့ ပုံအပ်ထားတဲ့ ချစ်ခြင်းတွေကို အလွဲသုံးစားလုပ်ရက်ရင်လည်း လုပ်ပေါ့။ ခံပေါ့။ အဲဒီလိုသာဖြစ်နေရင် သူက နားရော မျက်စိရော ကန်းနေတဲ့သူဖြစ်နေမယ်။ ဒါပေမယ့် ဟောဒီတစ်ရပ်လုံးက သိနေတာ၊ ပြောနေကြတာ။ အရပ်ရဲ့ အမြင်မှာ ဒီကောင်လေး ဒီကောင်မလေးနဲ့ ညားမှာသေချာပါတယ်တဲ့။ ကဲ ခုတော့ သေချာလှပါပြီဆိုတဲ့ သူတို့နှစ်ဦးရဲ့ချစ်ခြင်း ဘယ်သူကခွဲလို့ကွဲတာလဲ။ ဖြေကြလေ…။
ရွှေလက်တွဲလို့ ပျော်ခဲ့တယ်ဆိုတာ ရတောင့်ရခဲ။ တစ်ဘဝမှာ တစ်ခါပဲချစ်ကြေးဆိုရင် သူလည်း ဒီဘဝ ဒီမျှနဲ့ ပြီးရတော့မှာလား။ အများထင်သလို ဖြစ်ပျက်နေဖို့ သူ့မှာ ဓနအင်အားမတောင့်တင်းဘူး။ မူးနေအောင်သောက်ပြီး အသည်းကွဲခြင်းဝေဒနာကို စိမ်ပြေနပြေ ခံစားနေလို့လည်း မရဘူး။ သူက ရက်စက်တယ်လို့သွားပြောပြီး အကြောင်းပြချက်တွေ တောင်းနေရအောင်လည်း ယောကျာ်းသိက္ခာကျဦးမယ်။ လူဆိုတာကလည်း ကိုယ်ကသာ အလှည့်စားခံလိုက်ရကြည့် တစ်ဖက်သတ် ခံပြင်းမှုနဲ့ နပန်းလုံးပြီး..ကျေနပ်နေမယ့် လူမျိုးမှ မဟုတ်ကြတာ။ သူလည်း လူပါပဲ။ ဒါပေမယ့်။ ဒါပေမယ့်ပေါ့လေ……။
သူကိုက ခက်တာပါ။ ခုနေများ ချစ်သူက သူ့ယောကျာ်းကို ကွာပြီး သူ့ရင်ခွင်ကို ပြန်ခိုမယ်ဆိုရင် လက်ခံဖို့အသင့်။ ခုနေများ အမှားကိုတောင်းပန်ပြီး သူ့ဆီလှမ်းလာဦးမယ်ဆို…..ကြိုဆိုဖို့အသင့်။ ပြောကြပါတယ်..။ အားမလို အားမရအသံတွေနဲ့…။ ဂရုမစိုက်အားပါဘူး။ အချစ်နဲ့ပတ်သက်ရင် ပျော့ပျောင်းကြသူချည်းပါ။ သူလည်း ကျောက်သားနဲ့ ထုထားတဲ့ လူသားမဟုတ်လေတော့ ကိုယ်ချစ်တဲ့သူက မှားပါပြီမောင်ရယ်လို့ ဝန်ချတောင်းပန်ရင် ရပါတယ်ဆိုတဲ့စကားတစ်ခွန်းနဲ့ ရွှေလက်ပြန်တွဲဖို့အသင့်…။
မလိုချင်လို့မှ ပစ်ပယ်တယ်။ မချစ်လို့မှ ထွက်သွားတယ်လို့ အားလုံးကပြောကြတယ်။ သူ့ရင်ထဲမှာရှိတာက ချစ်သောသူရဲ့ ဖြူစင်တဲ့မျက်နှာလေး။ အဲဒီမျက်နှာလေးကပဲ သူကို အကြောင်းပြချက်တွေပေးတယ်။ မျက်ဝန်းလေးကပဲ မဖြစ်နိုင်တာကိုပြောတယ်။ ငါ့ရည်းစား သူများနဲ့ညားပြီကွယ် ဆိုတဲ့ သီချင်းကို ရပ်ကွက်ကဖွင့်တော့ သူက မဆီမဆိုင် ရပ်ကွက်ကိုရော အဆိုတော်မင်းအောင်ကိုရော စိတ်အချဉ်ပေါက်မိပြန်တယ်။ ကျော်တော့ လေသူကြီးတဲ့။ ညားတော့ လှေထိုးသားတဲ့။ ကောင်းတာတစ်ခုက အရပ်ကပေးတဲ့ လှေသူကြီးဘဝကို သူရထားတာလေးတစ်ခုပါ။ ဂုဏ်ယူစွာနဲ့ ပြန်ပြောင်းပြောပြလို့မရတဲ့အကြောင်းတွေထဲမှာ ချစ်သူလေးရဲ့အကြောင်းလည်း ပါသွားတယ်။ ရင်ထဲမှာ မထားနဲ့ မိန်းမတွေမှ အများကြီးတဲ့။ ပြောကြတယ်။ ခပ်နာနာလေးပြောရရင် မိန်းမတွေ တောင်ပုံ ယာပုံနေပေမယ့် သူ့အတွက်မှာ မဟုတ်တာပဲ။ စိုင်းစိုင်းခမ်းလှိုင်လို့တော့ စောင်မခြုံချင်ပါဘူး။ ကြည့်လေရာရာမှာ သူ့အတွက် အတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေက များတယ်ဆိုပေမယ့် တကယ်တမ်း ပြန်လည်အမှတ်ရနေရသူက သူတစ်ယောက်တည်းဆို တရားပါရဲ့လား။
ချစ်သောလင်နဲ့ ကြည်နူးနေမယ့် ချစ်သူလေးကို အစားထိုးမရတဲ့ နှလုံးသား တစ်ထောင့်တစ်နေရာက မျှော်လင့်တောင့်တနေမိတယ်ဆိုရင် အပြစ်ရှိသလား။ ပြောကြစမ်းပါ။ သူများ မယားဖြစ်နေတဲ့ ချစ်သူကို ပြန်လည်တမ်းတ လွမ်းဆွတ်နေရင် အပြစ်ရှိသလား။ သူ့စိတ်က ပြစ်မှားနေမိတယ်ဆိုရင် အပြစ်ရှိသလား။ ဒါဆိုရင် သူတစ်ယောက်တည်း အပြစ်ရှိတယ်မပြောလိုက်ပါနဲ့..။ ချစ်သူလည်း အပြစ်ရှိတယ်လို့ ရဲရဲကြီးပြောပေးစမ်းပါ…။ ငရဲကြီးခြင်း ကြီးရင် နှစ်ဦးစလုံးကြီးချင်ပါတယ်..။ ဘာကြောင့်ဆိုရင် အဓိကတရားခံက ငါ့ရည်းစား သူများ မိန်းမ သူ့ချစ်သူ ဖြစ်နေလို့မဟုတ်ပါလား…။
ထင်သလို မဟုတ်သော ဘဝများ(၈)
ဆိုင်ကယ်လေးတစ်စီးနဲ့ ဝတ်ကောင်းစားလှနဲ့ ဇော်ဇော် လမ်းသလားနေတယ်။ ဒီရွာထဲမှာ ဇော်ဇော် လှည့်နေတာကြာပြီ။ ဒီလို လွတ်လပ်တဲ့အရသာကိုကြိုက်တယ်။ ရုပ်ရည်ရူပက မိန်းကလေးတွေ ဆွဲလောက်စရာ ပိုင်ဆိုင်ထားသူဆိုတော့ ဒီ ပြင်ပမှာနေရတဲ့ဘဝကို ဇော်ဇော် မက်မောခဲ့တာ ဆန်းသလား။ ကုမ္ပဏီမှာနေစဉ်က ပြင်ပက ရေမဆေးတွေရဲ့ဘဝကို အားကျနေခဲ့တာ။ စည်းနဲ့ ကမ်းနဲ့ ချုပ်နှောင်မှုဘောင်အတွင်းမှာ ဇော်ဇော်နေခဲ့ရစဉ်က ပြင်ပလောကရဲ့ လွတ်လပ်မှုအရသာကို အားသာငမ်းငမ်းဖြစ်နေရတာ။ ဒါကြောင့်ပဲ အားသွန်ခွန်စိုက်ပြီး ကျောက်အကြောင်းကို စေ့စေ့စပ်စပ်သေသေချာချာ လေ့လာပြီး ထမင်းစားကျောက်ကို မျက်စိမှိတ်ရှာနိုင်လောက်တော့မှ ကုမ္ပဏီက ဇော်ဇော်တို့ ထွက်ခွာလာခဲ့တယ်။
တကယ်တမ်း ပြင်ပလောက ရေမဆေးတွေရဲ့ ဘဝကို ဇော်ဇော်တို့ မျက်ဝါးထင်ထင် တွေ့လိုက်ရချိန်မှာတော့ ထင်သလို မဟုတ်တော့ဘူး ။ နေစရာနေရာ ကျဉ်းကျဥ်းလေးမှာ ကြပ်ကြပ်တည်းတည်း ကျောချရုံလောက်နဲ့ ညတွေကို ကုန်ဆုံးရတယ်။ မြေစာပုံတွေ တောင်တွေလို တစ်ပုံပြီးတစ်ပုံ များလှပေမယ့် ထမင်းစားကျောက်ဆိုတာ ကောက်ရိုးပုံထဲကျတဲ့ အပ်ကိုမှ ရှာရတာလွယ်ပါဦးမယ်။ ရေမဆေးကျောက်ရှာသမားတွေကို အရင်က လက်ဘက်ရည်ဆိုင်တိုင်းမှာ အေးအေးလူလူတွေ့ရပြီး အထင်ကြီးစိတ်နဲ့ လွတ်လပ်မှုအရသာကို ဇော်ဇော် တောင့်တလိုချင်ခဲ့တာ မှားနေတယ်။ ကုမ္ပဏီမှာ နေတုန်းကမှ အချိန်တန် အလုပ်ဆင်း ထမင်းစား အေးအေးလူလူ ရှိသေးတယ်။ ကျောက်မရလို့လည်း ထမင်းမငတ်ဘူး။ နေမကောင်းလို့လည်း ဆေးမပြတ်ဘူး။ ပိုက်ဆံမရှိလို့လည်း အချေးမခက်ဘူး။ ခုများ ထမင်းစားကျောက်ကို မရရင် တစ်နေ့စားထမင်းငတ်မယ်ဆိုတာလည်း အရေးထားနေရတယ်။ နေမကောင်းလို့များ ကုန်ရမယ့် ပိုက်ဆံအကြောင်းကိုတွေးလိုက်ရင် ရင်မောနေရတယ်။ ပိုက်ဆံမရှိလို့လည်း အချေးခက်တော့ ကိုယ်ရမှ ကိုယ်လူဇော်ဖြစ်တာကိုလည်း သိရတယ်…။
ရရစားစား ရေမဆေးဘဝမှာ ညဆိုတာကို မှောင်မိုက်နေလို့တာ သိရတယ်။ နေ့နဲ့ညဆိုတာ ကွာခြားမှုသိပ်မရှိလှပါဘူး။ ကုမ္ပဏီမှာတုန်းကတော့ နေ့ဘက်ဆင်း ညဘက် အိပ်..မနက်လင်းမှ အလုပ်ဆင်းရတာ။ အချိန်တန် လကုန်ရင် လစာထုတ်.။ ခုများ မိုးရွာမနား၊ နေပူမရှောင် ကျောက်ဆိုတာ ရဖို့ပဲ လောဘဇောတိုက်နေရတာများတယ်။ သူဌေးဖြစ်ချင်သူ ဇော်ဇော်၊ လွတ်လပ်မှုကို ခုံမင်ခဲ့တဲ့ ဇော်ဇော် တလောက ကံဇာတာတက်လာတယ်။ ကီလို ၂ဝလောက်ရှိတဲ့ ကျောက်ကိုရလိုက်တာ သိန်း တစ်ရာ့ငါးဆယ်လောက်ရလိုက်တယ်။ ဂျော်ကီကြေးပေးရ….ဟိုကြေး ဒီကြေးပေးရနဲ့ ဇော်ဇော့်လက်ထဲ ငါးဆယ်ပျော့ပျော့လောက်ပဲကျန်တယ်။ ဇော်ဇော့်လည်ပင်းမှာအုန်းဆံကြိုး ရွှေဆွဲကြိုးကြီးက ဝင်းဝင်း၊လက်ခလယ်မှာ လက်စွပ်ကြီးက ပြူးပြူးဆိုတော့ အဆင်ပြေနေတယ်ပေါ့။ တရုတ်ဆိုင်ကယ်ကလည်း အသစ်။ လွတ်လပ်မှုအရသာကလည်း ခံတွင်းဝမှာ….။ ဘဝဆိုတာ အနှိမ့်အမြင့်နဲ့ပါ….။ ကံကောင်းတစ်ချက်…ကံမကောင်းရင်တော့ တစ်သက်ပေါ့..။
သော်ဇင်(လွိုင်ကော်)
14th-Sep-2011
7 comments
mr.lone
September 15, 2011 at 11:58 am
ဖတ်လို့အရမ်းကောင်းပါတယ်… ကိုယ်တိုင်ရေးတာလား…နောက်လည်း ဆက်ရေးဦးနော်…
ဒါပေမယ့် မယားငယ်ထားတဲ့ ယောက်ျားတွေအကြောင်းကြားရင် အရမ်းမုန်းတယ်။… ယောက်ျားတွေဘာလို့
မဆင်ခြင်ကြတာလဲမသိဘူး…ကို့မိန်းမသားသမီးတွေကိုမသနားကြဘူးလားမသိဘူး….ချစ်သူရည်းစားတွေ
လည်းဒီအတိုင်းပဲ … ကိုယ့်ချစ်သူအပေါ်သစ္စာရှိရှိနဲ့ ချစ်ကြပါလို့… ရွာထဲမှ ချစ်သူ ၊ ရည်းစား၊ အိမ်ထောင်
သည် အားလုံး တစ်ယောက်ကို တစ်ယောက်သစ္စာရှိရှိနဲ့ သေတပန်သက်တဆုံး ချစ်ခင်လေးစားနိုင်ကြပါစေ
လို့ ဆုတောင်းလိုက်ပါတယ်..
MAUNG
September 15, 2011 at 12:09 pm
အလုံး ကြိုက်တယ် ။ ၁ နဲ့ ၃ အကြိုက် ဆုံးဘဲ ။
yetazar
September 15, 2011 at 1:25 pm
ကောင်းပါတယ်ဗျာ ။ ခေါင်းစဉ်လေးတွေနဲ့လဲလိုက်တယ် ။
windtalker
September 15, 2011 at 1:38 pm
ဘဝ ဆိုတာ အနိမ့် အမြင့် နဲ ့ပါ….
နိမ့်တဲ့ အချိန် မြင့်အောင် အစွမ်းကုန် ကြိုးစားရမယ် လို ့မြင်မိပါတယ်
မြင့်တဲ့ အချိန် ကြ ပိုပိုမြင့်လာအောင် ပုံမှန် ကြိုးစားသွားရုံပေါ့ဗျာ
မောင်ဘလိူင်
September 15, 2011 at 2:16 pm
ကိုသော်ဇင် က စာရေးတော်တော်ကောင်းတာပဲ..
တင်ပြပုံနဲ့ အိုင်ဒီယာကလည်း အင်မတန်ကောင်း..။
နွယ်ပင်
September 15, 2011 at 2:26 pm
ဖတ်ရတာ အရမ်းကောင်းပါတယ် နောက်လဲထပ်ရေးပါဦးနော်
အားပေးနေပါတယ် …
Mgkyaing
September 27, 2011 at 12:14 am
ကိုသော်ဇင် နောက်လဲ ဒီလိုစာလေးတွေရေးပါအုံးလား ကျနော်အမြဲအားပေးမယ်နော်……. ခေါင်းစဉ်လေးကိုလဲကြိုက်တယ်