ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၄)

ကောင်မလေးက သိချင်ဇောနဲ့မေးတယ်။

အနှိမ်ခံမျက်လုံးများရဲ့အောက်မှာ သူတို့တွေ ကြံ့ကြံ့ခံနေတတ်ပါပြီ။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းကဆိုရင် အတန်းထဲမှာ ခဲတံပျောက်တာကအစ တင်ကာမကင်းတဲ့ အကြည့်တွေနဲ့ ကြည့်တတ်ကြတယ်။ “မလှရင် စုန်းရိုး၊ မရှိ ခိုးနိုး”ဆိုတဲ့ စကားကို အမေတို့ လူကြီးတွေ ပြောတာ ခဏခဏ ကြားဖူးခဲ့တယ်။ အဲဒီ စကားအတိုင်း မရှိတော့ ခိုးတတ်တယ်လို့ ထင်နေလို့များလား။ အတန်းသားတွေရဲ့ အကြည့်တွေဆိုတာ မိန်းခလေးဆိုရင် မိမိနဲ့ မီကျော်တို့ကို ကွက်ကြည့်ကွက်ကြည့်။ ယောကျာ်းလေးဆိုရင် သူတို့လေးယောက်ကို ကွက်ကြည့်ကွက်ကြည့်. ။ သူတို့ခြောက်ယောက်လုံးမှာ မရှိတာချင်း တူနေတော့ အတူတွဲမိခဲ့ကြတာလည်း မဆန်းဘူး။ အမေနဲ့အဖေကတော့ ကြုံတိုင်းဆုံးမတယ်။ သူမှ မဟုတ်ပါဘူး။ သူ့ သူငယ်ချင်းတွေ အိမ်လာဆော့တိုင်း ပြောပြတယ်။

“သားတို့ သမီးတို့တွေက သူများ သားသမီးတွေလို ပြည့်စုံတာမဟုတ်တော့ “စည်း”တစ်ခုကို သေသေချာချာ စောင့်ထိန်းရမယ်။ သူများ ပစ္စည်းဆိုရင် အပ်တစ်ချောင်းတောင် မသိအောင်မယူပါနဲ့။ မခိုးနဲ့။ လူတွေက ဆင်းရဲရင် ပိုနှိမ်ချင်ကြတယ်။ သားတို့ သမီးတို့ သူများ ပစ္စည်းခိုးရင် အမေတို့ မိဘတွေ အပြစ်ဖြစ်ရမယ်။ မဆုံးမလို့၊ မသွန်သင်လို့ ဆိုပြီး မိဘတွေ ကို မေးငေါ့ကြလိမ့်မယ်။ ကြာ းလား။ ချာလီရဲ့ သူငယ်ချင်း သားတို့ သမီးတို့ဆိုတာ ဒေါ်ဒေါ်ရဲ့ သားသမီးတွေလို သဘောထားလို့ ပြောနေရတာ ဟုတ်ပြီလား။ ဒေါ်ဒေါ်က ခိုးတာမကြိုက်ဘူး။ လိမ်တာမကြိုက်ဘူး။ အဲဒီတော့ သူများတွေ ဘယ်လိုနေနေ သားတို့ သမီးတို့က ကိုယ့်ဘဝကိုယ် သိရမယ်လို့ ဒေါ်ဒေါ်ပြောချင်တယ်”

အမေပြောခဲ့တဲ့ စကားကို သူပြန်အမှတ်ရတယ်။ သူတို့မှာ ဘယ်ကျောင်းသား သစ်နဲ့ပေါင်းပေါင်း မုန့်ကပ်စားချင်လို့ချည်း အများက မြင်ကြတယ်။ ကျောင်းမှာက အတော်ဆုံးကျောင်းသားနဲ့ အဆိုးဆုံးကျောင်းသားတွေလောက်သာ ဆရာ/ဆရာမ တွေက သတိထားမိတတ်ကြတယ်။ သူတို့တွေကိုတော့ ဘယ်ဆရာ၊ ဆရာမကမှ နာမည်နဲ့လူ တွဲမိတာ မဟုတ်ပါဘူး။

“နင်မသိချင်ပါနဲ့ဟာ ငါတို့နဲ့ပေါင်းလာလို့ကြာလာရင် နင်ပိုသိလာမှာပါ”

ကောင်မလေးက သူ့ကို နားမလည်နဲ့အကြည့်နဲ့ကြည့်တယ်။ အဲဒီထက်ပိုပြီး သူမပြောနိုင်သေးပါဘူး။

×××××××××××××××××××××

“အမေ အချိန်ပိုကြေး ၁၅ဝတဲ့”

“အဲဒါ ဘာဖြစ်တုန်း”

အမေက ထမင်းအိုး ငှဲ့နေရင်း မေးတယ်။

“အဲဒါ သားတစ်ယောက်တည်းကျန်တော့တယ် အမေ”

“အင်း လုပ်လာပြီ မင်းသူငယ်ချင်းတွေလည်း ကျန်ဦးမှာပါ အပိုတွေလုပ်မနေနဲ့ နေပါဦး အဲဒီ အချိန်ပိုဆိုတာကြီးက မတက်လို့မရဘူးလား”

“မရဘူး အမေ အားလုံးတက်ရတာ”

အမေက သက်ပြင်းချတယ်။ လူကြီးတွေ သက်ပြင်းခဏခဏချတာကို သူမြင်ဖူးပါတယ်။ ဒါပေမယ့် အမေက သူမြင်ဖူးတဲ့အထဲမှာ သက်ပြင်း ခဏခဏ အချနိုင်ဆုံး သူပဲ။

“အင်း ပြောလို့ရရင် နှစ်ရက်လောက်စောင့်ဦးလို့ ပြောလိုက်၊ဈေးရောင်းမကောင်းလို့ အရင်းပါပြုတ်နေရတဲ့အထဲ နင်တို့ နှစ်ယောက်က တစ်မှောင့်”

အမေရဲ့ မျက်လုံးတွေက သူ့အပြင် အဖေ့ဆီကိုရောက်နေတယ်.။ အဖေက ထုံးစံအတိုင်း အရက်တစ်ပုလင်းနဲ့ ငြိမ့်နေတာ။ ဘာကြောင့် အဖေ အရက်သောက်ရတာလဲလို့ သူမေးဖူးပါတယ်။ အဖေက-

“ပင်ပန်းလွန်းလို့ပါ သားရယ်”ထက်ပို မဖြေဘူး။ လူကြီးတွေ ပင်ပန်းရင် အရက်သောက်တတ်တယ်ဆိုတာတော့ သူသိလိုက်ပါတယ်။

” အညို မင်း သားကိစ္စ ငါနဲ့ မဆိုင်ဘူး ငါ့ဘက်လှည့်မလာနဲ့”

“မဆိုင်လို့ရမလား ရှင်နဲ့ရတဲ့ကလေး ရှင်နဲ့မဆိုင်လို့ ဘယ်သူနဲ့ဆိုင်ရမလဲ တာဝန်မဲ့တဲ့ စကား လာမပြောနဲ့”

“မင်းတို့ မိန်းမတွေ ရတုန်း၊ ရှာကျွေးနိုင်တုန်းကတော့ ငြိမ်စားနေပြီး မရှာနိုင် မဖွေနိုင်တာနဲ့ အပြစ်ကပြောတော့တာ။ ဒီမယ် အညို မင်းသားကိစ္စ မင်းဒုက္ခရှာတာ မနိုင်ဝန်မထမ်းနဲ့လို့ ငါမပြောဘူးလား။ ကျောင်းစရိတ်ဆိုတာ ပေါ့သေးသေး မှတ်လို့မရဘူး။ ဟော ကြည့် စာအုပ်၊ ခဲတံဖိုးအပြင် ခုအချိန်ပိုကြေးဆိုတာကလာပြန်ပြီ၊ ထမင်းအငတ်ခံပြီး မင်းသားကို မင်းပဲ ကျောင်းဆက်ထား”

“ထားရမယ် သိလား ထားရမယ် ကျွန်မသား ဘွဲ့ရ ပညာတတ်ဖြစ်ကို ဖြစ်ရမယ်။ ရှင့် လို ပညာမတတ်တဲ့ သူကိုယူမိလို့ ကျွန်မ မွဲနေတာ….သိရဲ့လား မွဲနေတာ”

“ဟာကွာ အညို တော်ကွာ ညစ်ရတဲ့အထဲ”

အမေနဲ့အဖေ စကားများကြပြီ.။ ညနေတိုင်း အမေနဲ့အဖေက စကားများနေကျ။ စကားများရန်ဖြစ်တိုင်းလည်း သူ့ကျောင်းကိစ္စက အဓိက။ စာအုပ်ဖိုးတောင်းလို့၊ ခဲတံဖိုးတောင်းလို့က စပြီးအမေနဲ့ အဖေ စကားများရတယ်။ အဖေ ပိုပြီး မူးတဲ့နေ့ဆို တစ်ယောက်တစ်ခွန်းနဲ့ နပမ်းတောင်လုံးနေကြသေးတာ။ အစက အမေနဲ့ အဖေ ရန်ဖြစ်စကားများရင် သူငိုတယ်။

ခုတော့ မငိုတတ်တော ့ဘူး။ အမေနဲ့ အဖေက အပြန်ပြန် အလှန်လှန် ပြောတဲ့စကားတွေကို နားထောင်ရင်း သူ့ကြောင့်ဆိုတဲ့ စကားကို သူ စွဲစွဲမြဲမြဲ မှတ်ထားတတ်နေပြီ။

×××××××××××××××

“မင်္ဂလာပါ ဆရာမ”

အန်တီဆရာမက ပြုံးပြတယ်။ ကြည့်ရတာ ကောင်မလေး ကြိုပြောထားလို့လားမသိဘူး။ အန်တီဆရာမရဲ့ မျက်လုံးတွေက သူတို့ဆီမှာပဲ ဝဲနေတယ်။ အန်တီဆရာမက တစ်တန်းလုံးကို ကြည့်ပြီး-

“ကဲ သားတို့ သမီးတို့ အားလုံး မင်္ဂလာပါကွယ်။ ထိုင် ထိုင်။ ဆရာမက သားတို့ သမီးတို့ရဲ့ အတန်းပိုင်အဖြစ်ပြောင်းလာတာ။ ဆရာမနာမည်က ဒေါ်ကြည်ဖြူစိုးလို့ခေါ်တယ်။ သားတို့ သမီးတို့ မှတ်ထားကြ။ ဟုတ်ပြီလား။ ဆရာမ သင်မယ့် ဘာသာက အရင်ဆရာမသင်တဲ့ (………..)ဘာသာပဲ”

လို့ပြောတယ်။ပြီးတော့ အတန်းထဲမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့နာမည်ကို ခေါ်တယ်။သူတို့ နာမည်တွေကို အန်တီဆရာမခေါ်တော့ အားလုံးက တက်တက်ကြွကြွဖြေကြတယ်။ အန်တီဆရာမရဲ့ နှစ်လိုဖွယ် အပြုံးကို မြင်ရတော့ သူပျော်မိတယ်။ ဆရာမ တစ်ယောက်က အရေးတယူနဲ့ သေသေချာချာပြုံးပြတာ သူတို့အတွက်တော့ ဒီနေ့ဟာ ပထမဆုံးနေ့ပဲ။အတန်းသားတွေရဲ့ နာမည်ကိုခေါ်ပြီးတော့ အန်တီဆရာမက လက်ဆွဲခြင်းထဲက စာအုပ်တွေကို ထုတ်လိုက် လှန်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။ တော်တော်လေးကြာတော့မှ-

“သားတို့သမီးတို့ရဲ့ အတန်းပိုင်ဆရာမမ အချိန်ပိုကြေးတွေ ကောက်တာ မပြီးသေးဘူး။ မပေးရသေးလို့ ကျန်နေတဲ့သူတွေရှိတယ်။ မပေးရသေးတဲ့သူတွေ ဆရာမနားကို အကျိုးအကြောင်းလာပြောပြနိုင်တယ်။ ဟုတ်ပြီလား။ မပေးရသေးလို့ ကျန်တော ခြောက်ယောက်တောင်ရှိတယ်။

သူရင်ထိတ်နေတဲ့ အဖြစ်ကလွတ်သွားတယ်။ အရင်ဆရာမလိုဆို မပေးရသေးတဲ့ သူတွေ မတ်တပ်ရပ်တို့၊ လက်ညိုးထောင်တို့လုပ်တာ။ အဲဒီလိုမျိုးဆိုရင် သူတို့ရှက်တယ်။ အားလုံးက ဝိုင်းကြည့်နေတာကိုး။ နောက်ကျတာလည်း သူတို့ပဲ အမြဲလိုလိုဆိုတော့ အားလုံးက မှတ်မိနေပြီ။ မုန့်စားဆင်းချိန်မှာ အန်တီဆရာမကို သွားတွေ့ဖို့ ဟို ငါးယောက်ကို တိုင်ပင်ရဦးမယ်။

အန်တီဆရာမက စာသင်လည်းကောင်းပြန်တယ်။ မပျင်းဘူး။ နောက်တစ်ခုက အတန်းတစ်တန်းလုံးကို ဂရုစိုက်တယ်။ စာသင်ရင်း ပုံတို ပတ်စတွေနဲ့ လိုရင်းကို သူတို့ကျောင်းသားတွေ မပျင်းရအောင် သင်နိုင်တယ်။ ဒီနေ့ ပျော်ရတယ်…။

“ဒေါင်….ဒေါင် …ဒေါင်..ဒေါင်”

မုန့်စားဆင်းချိန်…။

အန်တီဆရာမက စာအုပ်တွေ လက်ဆွဲခြင်းထဲ ကောက်ထည့်နေတယ်။ ကောင်မလေးက အန်တီဆရာမရဲ့ လက်ဆွဲခြင်းကိုဆွဲပြီး အန်တီဆရာမနဲ့အတူ ထွက်သွားတယ်။ သူတို့ကတော့ ခေါင်းချင်းဆိုင်လို့။ ဒီနေ့မုန့်ဝယ်စားဖြစ်မှာ မဟုတ်တော့ဘူး။ အန်တီဆရာမကို သွားတွေ့ရမယ်လေ။

အန်တီ ဆရာမနဲ့တွေ့ရင် ဘယ်ကစပြောရမလဲလို့ သူတို့တွေရဲ့ အတွေးတွေ ပြေးလွှားနေတယ်။ သူတို့ခြောက်ယောက် တစ်ယောက်နဲ့တစ်ယောက် လက်ချင်းဆွဲပြီး ဆရာ၊ ဆရာမများ နားနေဆောင်ကို ရောက်လာကြတယ်။

“ရှေ့ က ခြောက်ယောက် ဒီကိုလာဦး”

ဆိုတဲ့အသံကိုကြားလိုက်ရတော့ မျက်လုံးပြုူးသွားတယ်။

“ဒေါ်ငြိမ်းအေး”လို့ ပြိုင်တူအော်ပြီး နောက်လှည့်ကြည့်တဲ့..ခဏ……။

ဆက်ရန်

သော်ဇင်(လွိုင်ကော်)

17th-Sep-2011

4 comments

  • manawphyulay

    September 18, 2011 at 11:06 am

    ဟဲ့ ဪ ဖတ်ရတာ ဆန့်တငင့်ငင့်နဲ့ နည်းနည်း ရှည်ရှည်ရေးပါဦး ဦးသော်ဇင်ရယ်… ဒီမှာ ဖတ်လို့အရှိန်ရတုန်း ဆက်ရန်ကို ဖတ်မိတာ အဲလိုလုပ်ပါနဲ့ ကိုရီးယားကားတောင်မကြည့်ဘူးနော်။ ဆက်ရန်ကြောက်လို့….

  • မီးမီး သော်

    September 18, 2011 at 12:47 pm

    အယ် ဖတ်ကောင်းနေမှ နော်။ဆရာမအသစ်က ဘာပြောပြော စာချည်းသင်သူမဟုတ်တော့ပျော်စရာကြီး။အကြောင်းစုံမသိဘဲ အတင်းမတ်တပ်ရပ် ခိုင်းတဲ့ ဆရာ တွေကို မုန်းတယ်။

  • chitsu

    September 19, 2011 at 4:00 pm

    အော်
    ဆန်.ငင်ဆန်.ငင်နဲ.ကွယ်
    စာဖတ်ရတာကလည်း

  • Shwe Ei

    September 19, 2011 at 5:31 pm

    ကျောင်းတွေမှာတော့ ဘာကြေးညာကြေးလျောက်ကောက်ပီး မပေးနိုင်ရင် လက်ညှိုးထောင်ခိုင်း မတ်တပ်ရပ်ခိုင်းတာ ဆရာမတွေအကျင့်ဖြစ်နေပါဘီ။ ကလေးတွေကို အရှက်ခွဲသလိုဖြစ်နေမလားလို့လဲ အများစုသောဆရာမတွေကတော့ မတွေးမိကြပါဘူး။ အလှူငွေကအစ လူတိုင်းစေ့ဆီက ရဖို့လောက်ဦးစားပေးကြတာကိုး။ ဇာတ်ကတော့ ပိုပိုနာလာမလားဘဲ။ စောင့်မျှော်အားပေးပါမယ်။ ပို့စ်တခုနဲ့ တခု အရမ်းကြီးတော့ မခြားနဲ့ပေါ့ဗျာ။

Leave a Reply