ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၅)
သူတို့ သိလိုက်ပါပြီ။ ဒေါ်ငြိမ်းအေး ဆိုတဲ့ ဆရာမက သူတို့ခြောက်ယောက်ကို တစ်ခုခု လုပ်ခိုင်းတော့မှာဆိုတာကို။ တစ်ယေ.ာက်မျက်နှာတစ်ယောက်ကြည့်ရင်း ဒေါ်ငြိမ်းအေးကိုလည်း ကြည့်မိလိုက်ကြတယ်။
“လာဦး ဟိုမှာတွေ့လား အမှိုက်တွေ ကြည့်စမ်း စည်းကမ်းကိုမရှိကြဘူး…သွား အမှိုက်ခြင်းယူပြီး အမှိုက်လိုက်ကောက်ကြဦး အမှိုက်တွေကိုဖွေးနေတာပဲ..”
သူတို့ မလွန်ဆန်ရဲပါဘူး။ သူတို့မှ မဟုတ်ပါဘူး။ တစ်ကျောင်းလုံးမှာရှိတဲ့ကျောင်းသားတွေ ဘယ်သူမှ ဒေါ်ငြိမ်းအေးကို မလွန်ဆန်ရဲပါဘူး။ အသံဩဇာပြည့်ဝတဲ့ ဆရာမ။ စည်းကမ်းကြီးတဲ့ဆရာမကြီးရယ်လို့ ဒေါ်ငြိမ်းအေးက နာမည်ကြီးတယ်။ အမြဲတမ်း ဆယ့်နှစ်ခေါက်ချိုးမျက်နှာကြီးမို့ ကလေးတွေတော်တော်များများကလည်း ကြောက်ကြပါတယ်။ ခပ်တည်တည်နေတတ်တဲ့ ဆရာမကြီးမို့ ကျောင်းက ဆရာမတော်တော်များများကလည်း မကြည်ကြဘူး။ ဒေါ်ငြိမ်းအေးရဲ့ရှေ့မှာတော့ အားလုံးက ရိုသေလေးစားကြပေမယ့် ကွယ်ရာမှာတော့ ကဲ့ရဲ့ပြစ်တင်ကြတယ်။ သူတို့အတန်းတွေထဲမှာတောင် ဆရာတွေ ဗြောင်တင်ပြောကြတာကို ကြားဖူးပါတယ်။ ဆရာမတွေက ကလေးတွေပါပဲလို့ သတ်မှတ်ပြီးပြောနေပေမယ့် သူကတော့ သိတယ်။ ဘာကြောင့်ဆို လူကြီးတွေပြောကြတဲ့စကားတွေကို သူက စိတ်ဝင်စားတတ်လို့ပါပဲ။
လောလောဆယ်တော့ သူတို့ရဲ့ ရည်ရွယ်ချက်ကလေး ပျက်သွားတယ်။ ရှေ့ဆက်လို့မရတော့လို့ အမှိုက်ခြင်းကလေးတွေ ကိုင်ပြီး ဆရာများနားနေဆောင်တစ်ဝိုက်က အမှိုက်တွေကို လိုက်ကောက်ရတာပေါ့။ သူတို့အမှိုက်ကောက်နေတာကို ကောင်မလေးက ပြတင်းပေါက်ကနေကြည့်နေတယ်။ သူတို့နားလာမယ်လို့ လက်ဟန်နဲ့ပြောပြတယ်။ သူခေါင်းငြိမ့်ပြလိုက်တယ်။ ကောင်မလေး အပြေးတစ်ပိုင်းထွက်လာတာကို မြင်လိုက်တယ်။
“ဟိတ် နင်တို့ အမှိုက်ကောက်နေကြတာလား ငါလဲ လိုက်ကောက်ကူမယ်လေ”
” နင့်လက်တွေ ညစ်ပတ်ကုန်မှာပေါ့..ဟ”
“လက်ညစ်ပတ်တာများ ရေဆေးပြောင်ပါတယ် အိမ်မှာဆို အမြဲသန့်ရှင်းရေးလုပ်ရတာ”
“အန်တီဆရာမက နင့်ကို အဲဒါတွေ လုပ်ခိုင်းတယ်”
“ဒါပေါ့..ဟ အိမ်မှာ စာကျက်စရာကျက်ပြီးရင် အမှိုက်ကောက် တံမြက်လှဲ ပန်းကန်ဆေး အကုန်လုပ်ရတယ်…ပြောပြရရင် နင်တို့ရယ်ဦးမယ်”
“ပြောပါဟယ် ငါတို့မရယ်ပါဘူး”
မိမိက ဝင်မေးတယ်။ မိမိရဲ့မျက်လုံးလေးတွေက သိချင်စိတ်ကြောင့်ထင်ရဲ့ အရောင်တွေတောက်နေတယ်။ ကောင်မလေးကလည်း သူ့အကြောင်းကို သူတို့ဝိုင်းမေးနေလို့ ဇာတ်လမ်းတစ်ပုဒ်ကိုပြန်ပြောပြရမယ့် ပုံပြောသူ ဆရာမရဲ့ အိုင်တင်နဲ့ ။
“အိမ်မှာကလေ အမေက စာကျက်ချိန်ကျရင် စာကျက်ခိုင်းတယ်။ အတင်း စာမကျက်ခိုင်းဘူး။ စာကျက်ပျင်းလာရင် တီဗွီကြည့်ခွင့်ပေးတယ်။ ဒါတောင် အချိန်နဲ့ဟ တစ်နာရီကျော်ကျော်လောက်ရှိရင် ပြန်ကျက်ခိုင်းကြည့်တယ်။ ငါက စာကျက်တာ စိတ်မပါတော့ဘူးဆိုရင် ဘာလုပ်လဲ သိလား….။
သန့်ရှင်းတွေလုပ်ခိုင်းတာပဲ။ မြက်နုတ်၊ တံမြက်လှဲ၊ ပန်းကန်ဆေး၊ မီးဖိုချောင်ကူပေါ့ဟာ…အဲဒါတွေ လုပ်ရတာကိုု ငါက မလုပ်ချင်တော့ဘူးဆိုရင် စာကျက်မလား ၊ သန့်ရှင်းရေးလုပ်မလား အဲလိုရွေးခိုင်းတာ…”
“ဟင် အဲဒါဆို နင်က ဇိမ်ကျကျလေး မနေရဘူးပေါ့နော် နင်က ပိုက်ဆံရှိတယ ်ဆို အဲဒါတွေလုပ်စရာလိုလို့လား။”
မီကျော်ရဲ့အမေးပါ။
“လိုတာပေါ့..ဟ ။ အဖေကပြောတယ် ပိုက်ဆံရှိလို့ ဘာမှမလုပ်ဘူးဆိုရင်….နောင်တစ်ချိန်လူကြီးဖြစ်ရင် ဘာသိမှာလဲတဲ့။ သူများကို ခိုင်းစရာရှိရင်တောင် ကိုယ်ကမသိရင် ဘယ်လိုခိုင်းမလဲတဲ့။ ဥပမာလေးနဲ့တောင် ပြောပြသေးတာ။”
“ဘာ ဥပမာလဲ ဟင်”
“လွယ်လွယ်လေးပါ …..အကျီလေးတစ်ထည်ကိုလျှော်ခိုင်းရင်တောင်..ကိုယ်ကမသိရင် ချေးမစင်ဘူးတဲ့။ အဝတ်လျှော်သည်က လျှော်ပေးလိုက်တာကို ကိုယ်ကမလျှော်ဖူးခဲ့ရင် ချိုင်းမှာ ချေးစင်ရဲ့လား ။ လည်ပင်းကော်လာမှာချေးစင်ရဲ့လားတောင်သိမှာမဟုတ်ဘူးတဲ့။”
ကောင်မလေးပြောပြတောကို မိမိနဲ့မီကျော်က စိတ်ဝင်တစားနားထောင်ကြတယ်။ ကောင်မလေးက ဆရာမရဲ့ သမီးမို့လားမသိဘူး ။ သေသေချာချာကို ရှင်းပြနေတယ်။ သူတို့က အမှိုက်ကောက်ရင်းနားထောင်နေရတယ်။
“အဲဒါကြောင့် မသိတာမရှိရအောင် အကုန်လုပ်ရတယ်။ ငါကလည်း တစ်ခါတစ်ရံပျင်းတာကလွဲလို့ အကုန်လုပ်တာပဲ…။ အမေက ညကျရင် စာသင်ပေးတယ်။ အဖေက ကျောင်းပိတ်ရက်တွေမှာ ပြင်ပ ဗဟုသုတတွေ သင်ပေးတယ်။ နင်တို့ကိုရော နင်တို့ အဖေနဲ့အမေက မသင်ပေးဘူးလား”
ကောင်မလေးရဲ့ေ မးခွန်းကို ဘယ်သူမျ ပြန်မဖြေပါဘူး။ သူတို့တွေရဲ့မိဘတွေ ဘယ်လို အခြေအနေမျိုးရှိတယ်ဆိုတာ ကောင်မလေးမှ မသိတာပဲ။
“ဟဲ့ သမီးက ဒေါ်ကြည်ဖြူရဲ့ သမီးလေးမလား အမှိုက်ကောက်ကူနေတာလား ။”
“ဟုတ်ကဲ့ ဆရာမ”
“အေး သမီးအမေလိုက်ရှာနေတယ် သွားသွား လက်ဆေးလိုက်ဦး။ ဆပ်ပြာနဲ့တိုက်ဆေးနော် သမီး။”
“ဟုတ်ကဲ့ ဆရာမ”
“ဟဲ့ ငါသွားလိုက်ဦးမယ်နော်”
ကောင်မလေးက သူတို့ကို ပြောပြီး ပြေးထွက်သွားတယ်။ဒေါ်ငြိမ်းအေးက-
“ရပြီ သွားတော့ ခုနတုန်းက ဘယ်ကိုသွားမလို့လဲ…မင်းတို့ခြောက်ယောက်က”
“ဆရာမ ဒေါ်ကြည်ဖြူစိုးဆီကိုပါ ဆရာမ”
“ဘာလုပ်မလို့လဲ”
“ဟိုလေ….ဟို……”
မိမိက အရေးအကြောင်းဆိုရင် စကားကထစ်နေတယ်။ မီကျော်က စိတ်မရှည်လို့နဲ့တူတယ်။ ဝင်ဖြေလိုက်တယ်။
” အချိန်ပိုကြေး မပေးနိုင်သေးလို့ သွားပြောပြမလို့ပါ ဆရာမ”
“အချိန်ပိုကြေး ခုထိမပေးရသေးဘူးလား…..ဘာဖြစ်လို့လဲ”
“အိမ်က အဆင်မပြေလို့ပါဆရာမ..”
“ဪ”
ဒေါ်ငြိမ်းအေး ငြိမ်ကျသွားတယ်။ သူတို့လည်း ဆရာများ နားနေဆောင်ကို ခြေဦးလှည့်လိုက်တော့ အချိန်မမှီတော့ပါဘူး။ မုန့်စားဆင်းချိန်က အချိန်ပြည့်သွားပြီလေ…။
××××××××××××××××
ညက မှောင်မည်းနေတယ်။ ဒီည မီးပျက်နေတာပေါ့။ သူတို့ရပ်ကွက်ကလေးလဲ မီးပျက်ညမှာ တိတ်ဆိတ်လို့။ ဖယောင်းတိုင်မီးလေးနဲ့ သူက သင်္ချာပုဒ်စာတွေတွက်ကျင့်နေတယ်။ အမေက ဆန်ပါးလုံးကောက်လို့။ အဖေကတော့ အိမ်ရှေ့ ပလက်ကုလားထိုင်လေးပေါ်မှာ ဆေးပြင်းလိပ်ကိုရဲခနဲဖွာလိုက် တရုတ်ဖြစ် ရေဒီယိုကလေးကို လှည့်လိုက်နဲ့ မူးမူးနဲ့ထွေနေတယ်ထင်ပါရဲ့။ ညတိုင်းအမေက ဆန်ပါးလုံးကောက်နေကျ.။ ဈေးကအပြန်မှာ ထမင်းနဲ့ဟင်းကို ဖုတ်ပူမီးတိုက်ချက်ပြီးမှ သူတို့စားကြရတာ။ ခုတော့ အမေ နည်းနည်း သက်သာလာပါပြီ။ ဘာကြောင့်လဲဆို သူ ထမင်းချက်တတ်ပြီလေ.။ နောက်ဆိုရင် ဟင်းပါချက်တတ်အောင် သူသင်မယ်။ ထမင်းချက်တတ်တယ်ဆိုတာလည်း သူက လိုက်ကြည့်လို့တာပါ။ ကြည့်တတ်ရင် ပညာပဲလို့ အဖေ့သူငယ်ချင်း ဦးလေးဆွေကပြောဖူးတ.ယ်။ အမေ ဘာလုပ်လဲဆိုတာ သူအမြဲကြည့်ခဲ့တာပေါ့။ အမေက ဈေးကပြန်လာလို့ ထမင်းဟင်းချက်ရရင် အရမ်း ပါးစပ်က ဗျစ်တောက်ဗျစ်တောက်ပြောတတ်တာ။ ထမင်းလည်း ချက်ကျွေးရ ဟင်းလည်းချက်ကျွေးရနဲ့ဆိုပြီးပြောရင် အဖေနဲ့ကရန်ဖြစ်ရော။ သူ အဲဒီ စကားများသံတွေ မကြားချင်ပါဘူး။
ဦးလေးဆွေကပြောဖူးတယ်..။
“ချာလီ သား…ယောကျာ်းလေးဆိုပြီး တစ်ချို့မိန်းကလေးလုပ်ရမယ့်ဟာတွေကို မသိတာပဲကောင်းတယ်လို့ မထင်မှတ်နဲ့သား..။ ဥပမာ သားအမေကိုကြည့် ဘယ်လောက်ပင်ပန်းသလဲ။ ဈေးသွား၊ ဈေးရောင်း။ အိမ်ပြန်မိုးချုပ်။ ထမင်းချက်နောက်ကျ။ ဟင်းချက်နောက်ကျ။ သားအမေ ဘယ်လောက် စိတ်မောမလဲ။ သားကသာ ထမင်းလေးချက်ကူမယ်။ဟင်းလေးချက်ကူမယ.်ဆိုရင် သားအမေ ဈေးကပြန်လာရင် အမောဖြေ ရေချိုးပြီး လက်ဆေး ထမင်းခူးခပ်စားရုံပဲ။ သားအမေ ဘယ်လောက် စိတ်ချမ်းသာလိုက်မလဲ”
“သားမှ မချက်တတ်တာ……”
“ဒီလိုပဲပေါ့ သားရယ် ဘယ်သူက မွေးကတည်း ဘာတတ်လို့လဲ ။ အကုန်လုံး သင်ယူခဲ့ရတာချည်းပဲ။ သားအမေက မသင်ပေးနိုင်ဘူးဆိုရင်။ သားဘာသာ သားသင်ယူရမယ်”
“ဘယ်လို သင်ယူရမှာလဲ ဦးဆွေရဲ့”
“သားမှာ မွေးကတည်းက လက်နှစ်ဖက် ၊ခြေနှစ်ဖက်၊ နားတစ်စုံ၊ မျက်စိတစ်စုံ ပါတယ်လေ။ ကြားတတ်ရမယ်။ ကြည့်တတ်ရမယ်။ လိုက်လုပ်တတ်ရမယ်။ သားအမေ လုပ်တာကိုင်တာကိုကြည့် လိုက်မှတ် လိုက်လုပ်ကြည့်။ တဖြေးဖြေးတတ်လာလိမ့်မယ်”
အဲဒီလိုနဲ့ သူဟာ အမေလုပ်သမျှကိုကြည့်ြ့ပီးသင်ယူခဲ့တယ်။ ခုဆို ထမင်းကိုကောင်းကောင်းချက်တတ်နေပြီ။ အဝတ်လည်းလျှော်တတ်ပြီ။ အပင်တွေစိုက်တတ်ပြီ။ မြက်ရှင်းတတ်ပြီ။ ပန်းကန်ဆေးတတ်ပြီ။ အမေ ဈေးကပြန်လာရင် ဟင်းချက်ရုံပဲ။ ဟင်းချက်တာလည်း သူတတ်နေပါပြီ။ တစ်ခါတစ်လေ ဆားက ငန်တတ်ပြီ..။ တစ်ခါတစ်ခါ ဆီကများတတ်တာလေးကလွဲရင်ပေါ့။
အဖေက စည်းစနစ်ကြီးသလို အမေလဲ စနစ်ကျလှတယ်။ ဆီကို ဘယ်တော့မှ မများစေနဲ့တဲ့။ ဆန်ဆိုရင်လည်း အိမ်ရှိလူကုန်စားလို့ပို့လို့ ဝက်စာထဲထည့်ရတဲ့နေ့ဟာ သူ့တင်ပါး အလျှိုးရာထင်တဲ့နေ့ပါပဲ။ အဲဒီလိုဖြစ်ရင် ထမင်းဘယ်ကရတာလဲ သိလို့လားဆိုတာက နားဝမှာ စွဲနေအောင်ကြားရတတ်တယ်။
“မင်းတို့ကိုမေးလိုက်ရင် ထမင်းဘယ်ကရ ဆန်အိုးထဲရ လို့ပဲ ဖြေမှာ ထမင်းကိုတန်ဖိုးထားမှာ ထမင်းမငတ်မှာ သိလား”ဆိုတဲ့ စကားတွေကို မူးမူးနဲ့ အပ်ကြောင်းထပ်အောင် အဖေကပြောတတ်တယ်။
ထမင်းစားရင်း ထမင်းလုံး စားပွဲပေါ်တင်လို့ကတော့ သူ့ခေါင်းပေါ်ကို အဖေနဲ့အမေရဲ့လက်က စည်းဝါးကိုက်ထားသလို့ ဒေါက်ခနဲမြည်အောင် အားရှိပါးရှိခေါက်တတ်တယ်။ သူ့ခေါင်းတစ်ခုလုံး ထူပူနေအောင်ခံစားလိုက်ရတယ်။ စားပွဲပေါ်ကျသွားတဲ့ ထမင်းလုံးကို ပြန်ကောက်စားခိုင်းတာပဲ။ တစ်ခါတစ်ရံမှာ ထမင်းစားရင်းဗိုက်ပြည့်သွားလို့ အဖေနဲ့အမေ့ရှေ့မှာ ဝက်စာအိုးထဲမသွန်ရဲဘူး။ အလစ်ချောင်းပြီးမှ သွန်ရဲတာ။ ထမင်းပန်းကန်ထဲလိုသလောက်ပဲထည့်။ လိုမှ ထပ်ထည့်စား။ အဲဒီလို။ သူတို့ရဲထမင်းဝိုင်းကိုကြည့်လိုက်ရင် ဟင်းက ငပိရည်ကျို၊ အတို့အမြုပ်၊ ကြက်ဥ ဒါပဲ။ ကြက်ဥဆိုတာကလည်း တစ်ခါတစ်လေမှ သူတို့ဆီအလည်လာတာ။ အများဆုံးက ကန်စွန်းရွက်ကြော်၊ ချဉ်ပေါင်ကြော်ပဲ။ ဒါတောင်အမေက ဈေးရောင်းပြန်လာလို့ကျန်လာတဲ့အရွက်တွေကို ကြော်တာ။ ကြက်သားတို့ ဝက်သားတို့ ငါးတို့ဆိုတာ အိမ်ကို ဧည့်သည်လာမှ မြင်ခွင့်ရတာ။ တစ်ခါတစ်ခါ စိတ်ကူးပေါက်ရင်တော့ အမေက ဈေးကနေ ကြက်ရိုးတွေ ဝယ်လာတတ်ပါရဲ့။ အဲဒီကြက်ရိုးဆိုတာလည်း ဂွေးတောက်ရွက်နဲ့ နာနာပြုတ်ပြီး ရေ ဗုံဗြောလအောနဲ့စားရတာ။
အမေ ဆန်ရွေးလို့ပြီးသွားပြီ။ သူအဲဒီအချိန်ကိုစောင့်နေတာ။
“အမေ”
“ဘာလဲ ဘာတောင်းဦးမလို့လဲ”
“ဟိုလေ အချိန်ပိုကြေး “
” နင်က တစ်မှောင့် ရော့”
အမေ့ရဲ့ရင်ဘတ်ကြားက နိုက်ထုတ်ပေးတဲ့ ၁၅ဝကို သူစာအုပ်ကြားထဲ သေသေချာချာလေး ညှပ်ထားလိုက်တယ်။ မနက်ဖြန်ဆိုရင် သူ ပေးနိုင်ပြီပေါ့။ ဟိုကောင်တွေရော ပေးနိုင်ပါ့မလား။ သူလိုကိုယ်လို မိသားစုကချည်းဆိုတော့ …သူ စိတ်မကောင်းဖြစ်မိတယ်။ ဘာကြောင့်များ မပြည့်စုံခြင်းဆိုတာကို သူတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ တွေ့ကြုံခံစားနေရပါလိမ့်။ ဘာပဲဖြစ်ဖြစ် သူ စာကိုကြိုးစားရမယ်ဆိုတာကို သိနေတယ်။ သူ အဖေလို့ အလုပ်အကိုင်မဲ့မဖြစ်ချင်ဘူး။ နေပူထဲမှာ အလုပ်မလုပ်ချင်ဘူး။ မဆင်းရဲချင်ဘူး။ အမေ့ကို ချမ်းသာစေချင်တယ်။ အေးအေးလူလူဖြစ်စေချင်တယ်။ သူ့ရဲ့ စိတ်ကူးယဉ်တွေထဲမှာ သူပဲ သူရဲကောင်းဖြစ်နေတာ ကြာလှပေါ့။
“မညိုရေ…မညို’
မှောင်နဲ့မည်းမည်းထဲမှာ အမေ့ကို ခေါ်သံကြားလိုက်ရတယ်။ သူ့အတွေးတွေလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ်။
“ဟဲ့ အရှေ့က ဘယ်သူလဲ ဟဲ့ ကြည်ဌေးလား”
“မဟုတ်ဘူး ကျမပါ….စိန်ကြည်”
ဟင်…ဒေါ်လေး ဒေါ်စိန်ကြည်။ မိမိရဲ့အမေ။ ဒီအချိန်ကြီးကျမှ ဘာလာလုပ်ပါလိမ့်။ သူလည်း အမေ့နောက်ကနေ လိုက်ဆင်းသွားလိုက်တယ်။
“စိန်ကြည် ဘာကိစ္စ”
“မညို မိမိလေး ချာလီဆီလာသလားလို့ လာရှာတာ”
“မလာပါဘူး စိန်ကြည်ရဲ့ မိမိက ဘယ်သွားလို့တုန်းက ခုချိန်မှာလာရှာရတာ ကြည့်လဲလုပ်ပါဦး…ဟယ် မှောင်ကမှောင်နဲ့ မီးပျက်နေရတဲ့အထဲ ညည်းတို့က”
အမေက စိတ်ပူလို့ ဒေါ်လေးစိန်ကြည်ကို အပြစ်တွေတင်နေတယ်။
“လုပ်ပါဦး အညိုရယ် သား ချာလီ မင်းသူငယ်ချင်း မိမိ ညနေကတည်းက ပျောက်နေတာ. ဒေါ်လေးလည်း စိတ်ပေါက်ပေါက်နဲ့ ရိုက်ပြီးမှ စိတ်ပြေသွားတော့ မင်းသူငယ်ချင်းကိုခေါ်ကြည့်တာ မရှိဘူး”
“ညည်းက ဘာလို့ရိုက်တာလဲ..”
” အချိန်ပိုကြေားတဲ့တော်….မပေးနိုင်တာ ခြောက်ယောက်ပဲကျန်တယ်တဲ့ မနက်ဖြန်ပေးပါတဲ့…ငါမလဲဟယ် ပေးချင်ပါတယ် ကိုယ့်သားသမီးမျက်နှာငယ်မှာတော့ ဘယ်အဖြစ်ခံနိုင်မလဲ…ဒီနေ့မှ ငါကလည်း စိတ်က ခပ်ပေါက်ပေါက်နဲ့ နားပူနားဆာလုပ်လို့ရိုက်လိုက်မိတယ်။ မင်းသူငယ်ချင်းပြောပုံကိုကြည့်ဦး ကျောင်းက တောင်းသမျှ မပေးနိုင်ရင်လည်း ကျောင်းဘာကြောင့်ထားနေသေးလဲတဲ့..ပြောစရာလား ပညာတတ်ဖြစ်စေချင်လို့ မိဘကကျောင်းထားတာပေါ့။ အဲဒီကောင်မက အပတေကိုပါတယ်။ ကြည့်စမ်းခု ငါ့ကို ဒုက္ခပေးတာ မိုးချုပ်နေပြီ ဘယ်ပျောက်နေတာလဲမသိဘူး။ စိတ်ကထက်ထက်နဲ့တော့ ဘုရား ဘုရား လုပ်ပါဦး မညိုရယ် ရှာကူကြပါဦး…”
သူလည်း စိတ်ပူသွားမိတယ်။ အမေလည်း မနေနိုင်တော့ဘူး။
“ညည်း ဘယ်တွေရှာပြီးပြီလဲ ဆော့တတ်တဲ့နေရာတွေ၊ သွားနေကျနေရာတွေ ရှာပြီးပြီလား”
“အကုန်နှံ့ခဲ့ပါ့တော် မီမီကျော်တို့အိမ် ဟို သုံးကောင်အိမ် ခု ညည်း သားဆီများလာမလားလို့လိုက်လာတာ …မိမိသာ မပါလာရင် အိမ်က ဟာက သတ်မှာရှင့် သူ့အသည်းစွဲလေ… သေချင်းဆိုးမလေး တွေ့ရင်တော့လား”
“ညည်းကလည်း ကိုယ့်သမီးကို..ကဲကဲ အဲဒါထား အရင်ဆုံးရပ်ကွက်ရုံးမှာ အကြောင်းကြားထားရင်ပိုကောင်းမယ် သား
ဓါတ်မီးယူခဲ့..အိမ်ထဲက ကိုယ်တော်ရေ ကျမ စိန်ကြည်နဲ့လိုက်သွားလိုက်ဦးမယ်…တကတည်း မီးလောင်နေတာကို ရေခဲတုံးခုထိုင်ပြီး နားထောင်နေရပ်တယ်”
သူလည်း ဓါတ်မီးလေးကို ကိုင်ဆွဲပြီ အပြေးတစ်ပိုင်း အမေနဲ့ ဒေါ်လေး ဒေါ်စိန်ကြည်နောက်က လိုက်ခဲ့ရတော့တယ်။
“မိမိ နင်ဘယ်တွေ သွားနေတာလဲ..ဟာ”
ဆက်ရန်
သော်ဇင်(လွိုင်ကော်)
19th-Sep-2011
တောင်းပန်းချက်။ ။ကျနော်ရေးသားနေသော “ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ”အခန်းဆက်ဝတ္ထုကို စောင့်မျှော်ဖတ်ရှူနေသော ဂေဇက်မှ စာဖတ်ပရိတ်သတ်ကို ကျေးဇူးတင်ပါသည်။ အခန်းတစ်ပိုင်းနှင့်တစ်ပိုင်း အချိန်ကြာနေရသည့်အတွက်လည်း အထူး အနူးအညွှတ်တောင်းပန်ပါသည်။ ကျနော် နေ့စဉ် Postမတင်နိုင်ခြင်းမှာ အင်တာနက်သုံးရန်အဆင်မပြေဖြစ်နေသောကြောင့်ဖြစ်ပါသည်။ ဖားကန့်မြို့တွင် အင်တာနက်ဆိုင်ရှိသည်မှာ နှစ်ဆိုင်တည်းသာဖြစ်ပါသည်။ ကျနော်အလုပ်တည်ရှိရာ ကုမ္ပဏီသည် ဖားကန့်မြို့နှင့်ဝေးလှပါသည်။ ထို့ကြောင့် ဖားကန့်ထိအောင်သွားပြီး Postမတင်နိုင်ပါ။ ကုမ္ပဏီတွင်ရှိသော ရုံးသုံးအင်တာနက်မှတဆင့် တင်ရခြင်းဖြစ်ပါသည်။ အလုပ်ချိန်ပြင်ပတွင်မှ တင်ရခြင်းဖြစ်သောကြောင့် အချို့ရက်များတွင် မအားလပ်ပါက မတင်နိုင်ဖြစ်ရပါသည်။ ရာသီဥတုကြောင့်ဖြစ်စေ၊ အလုပ်ချိန်တွင်ဖြစ်စေ အင်တာနက်သုံးရန်အခက်အခဲဖြစ်ရပါသည်။ ထိုကြောင့် အပိုင်းတစ်ပိုင်းနှင့်တစ်ပိုင်း ရက်ခြားရသည့်အတွက် ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။ အပိုင်းတိုလေးများ ဖြစ်ရသည်မှာလည် း အချိန်မလုံလောက်မှုကြောင့်ဖြစ်ပါသည်။ သို့ပါသောကြောင့် သည်းခံခွင့်လွှတ်ရင်းဖြင့် ဆက်လက်ဖတ်ရှူကြပါရန် အနူး အညွှန် ထပ်လောင်းတောင်းပန်အပ်ပါသည်.။
5 comments
မီးမီး သော်
September 20, 2011 at 12:04 am
စောင့်ရ ကျိုးနပ်ပါတယ် ကိုသော်ဇင်ရေ….ကျေးဇူးတင်ပါတယ်။ဆက်စောင့်ပါမယ်။စိတ်ဝင်စားခန်းလေးမှာ ရပ်နိုင်တာတော့ တော်ပါပေတယ်။
manawphyulay
September 20, 2011 at 10:10 am
ဒါဆိုလည်း ကိုသော်ဇင်ရယ် အခန်းကို များများရေးတင်ပေါ့ရှင်။ နောက်တစ်ချက်က အင်တာနက်ဆိုင်ရောက်မှထက် ကွန်ပျူတာရှိတယ်ဆိုရင် ကြိုရိုက်ထားလို့လည်း အဆင်ပြေပါတယ်။ အင်း ဒါဆိုလည်း ရန်ကုန်မှာ လာသုံးပါလား… 😛
Shwe Ei
September 20, 2011 at 10:48 am
ကိုတော်ဇင် ရဲ့တောင်းပန်ချက်က ပိုစ့်နီးနီးရှည်တယ်။ အဲဒိနေရာမှာ ပို့စ်ထဲကစာလေးတွေ ဆက်ရိုက်လိုက်ရင် ပိုတောင်ဖတ်လို့ကောင်းအုံးမှာ။ :p
နီလေး
September 20, 2011 at 11:01 am
ဖားကန့်နဲ့မြစ်ကြီးနားက နီးနီးလေးပဲ မြစ်ကြီးနားမှာ လာသုံးကြည့်ပါလား လိုင်းကလဲကောင်းမှကောင်း မေးလ်ပို့ရင် loading ဆိုပြီးတနေကုန်တက်မလာတော့ဘူး ဂျီတော့ဆိုလဲ signing inဆိုပြီး တနေကုန်ပြီသာမှတ် အဲလောက်ကိုကောင်းတာ
မိမိက သူငယ်ချင်းအသစ်အိမ် ရောက်နေတာဖြစ်လောက်ပါတယ် ရှာရင်မောနေမှာစိုးလို့ပါ
chitsu
September 20, 2011 at 11:24 am
အော်
မိမိတစ်ယောက်ဘယ်ပျောက်နေတာလည်းခက်ပါတယ်
အေးလေသူလည်းစိ်တ်ညစ်တော.ဘယ်တွေသွံားနေလည်းမသိဘူး
ကြာပန်းလေးတွေအကြောင်းဖတ်ရတာကြိုက်ပါတယ်
အားပေးနေပါတယ်:)